၂၀၂၀
အသင်းတော်လှုပ်ရှားမှုများမှ တစ်ဆင့်အမှုတော်ဆောင်ခြင်း
ဇူလိုင် ၂၀၂၀


“အသင်းတော်လှုပ်ရှားမှုများမှ တစ်ဆင့်အမှုတော်ဆောင်ခြင်း၊” Liahona, ဇူလိုင် ၂၀၂၀

ရုပ်ပုံ
အမှုတော်ဆောင်ခြင်း

ဘဒ်ကော့ကင်၏ တဲဆောက်နေသော လူငယ်အမျိုးသားဓာတ်ပုံ။ ရှယ်ရီ ပရိုက်စ် မက်ဖာလန်၏ စားပွဲပြင်နေသောမိန်းကလေး ဓာတ်ပုံ။ ဂက်တီပုံရိပ်နောက်ခံ။

အမှုတော်ဆောင်ခြင်းအခြေခံသဘောတရားများ၊ ဇူလိုင် ၂၀၂၀

အသင်းတော်လှုပ်ရှားမှုများမှတစ်ဆင့်အမှုတော်ဆောင်ခြင်း

တည်းဖြတ်သူ၏မှတ်ချက်၊ ဤဆောင်းပါးသည် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ မတိုင်မီရေးထားခြင်းဖြစ်ပါသည်။ အောက်ဖော်ပြပါအကြံပြုချက်များမှ အချို့မှာ လူခွဲနေထိုင်ခြင်းကာလအတွင်း၌ သင့်လျော်မည်မဟုတ်သော်လည်း အသင်းတော်အစည်းအဝေးများနှင့် လှုပ်ရှားမှုများကို ပြန်လည်လုပ်ဆောင်သည့်အခါ သင့်လျော်လာပါလိမ့်မည်။ လိုအပ်လျှင်၊ ဤအကြံပြုချက်များကို လက်ရှိအသင်းတော်နှင့် အစိုးရလမ်းညွှန်ချက်များအတိုင်း ကျေးဇူးပြု၍ ညှိနှိုင်းပြင်ဆင်ပါ။

ကျွန်တော်တို့၏အပေါင်းအဖော် အသင်းတော်စုအသင်းသားများ၊ အိမ်နီးချင်းများနှင့် မိတ်ဆွေများကို အမှုတော်ဆောင်နိုင်သည့် နည်းလမ်းတစ်ခုမှာ အသင်းတော်လှုပ်ရှားမှုများမှ တစ်ဆင့် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ သင်သည် လှုပ်ရှားမှုတစ်ခုကို သင်အမှုတော်ဆောင်သည့် သူတစ်စုံတစ်ဦး၏ လိုအပ်ချက်များ သို့မဟုတ် စိတ်ဝင်စားမှုများအလိုက်စီစဉ်သည်ဖြစ်စေ၊ အခြားသူများအတွက်လှုပ်ရှားမှုများ သို့မဟုတ် အစေခံခြင်းအခွင့်အလမ်းများ၊ အသင်းတော်စု၊ပန္နက် ၊သို့မဟုတ် ပန္နက်ပေါင်းစုံ လှုပ်ရှားမှုများ၌ ပါဝင်ရန် သူတို့ကို ဖိတ်ခေါ်သည်ဖြစ်စေ စည်းလုံးခြင်းကို ထိန်းသိမ်းရန်နှင့် အသင်းသားများကို ခွန်အားဖြည့်ပေးရန် အဓိပ္ပာယ်ရှိသော၊ စိတ်ဝင်စားစရာကောင်းသောနည်းများကို ပံ့ပိုးပေးနိုင်ပါတယ်။

အသင်းတော်လှုပ်ရှားမှုများက အမှုတော်ဆောင်ရန် အခွင့်အလမ်းများစွာအတွက် တံခါးကိုလည်း ဖွင့်ပေးနိုင်ပါတယ်။ ဥပမာအနေဖြင့်၊ အခြားသူများကို ကောင်းချီးပေး၍၊ လူ့အဖွဲ့အစည်း၌ ကောင်းသောဆက်ဆံရေးကို တည်ဆောက်သည့် အစေခံခြင်းစီမံကိန်းများ၌ ပါဝင်ရန်အခွင့်အလမ်းများကို အသင်းတော်လှုပ်ရှားမှုများက ပံ့ပိုးပေးနိုင်ပါတယ်။ အသင်းတော်လှုပ်ရှားမှုများဟာ အသင်းတော်၌ တက်ကြွမှုနည်းသော အသင်းသားများသို့လည်းကောင်း၊ အခြားဘာသာမှ မိတ်ဆွေများ သို့ဟုတ် ဘာသာရေးနှီးနွှယ်မှုမရှိသောမိတ်ဆွေများသို့လည်းကောင်း ဖြန့်ကျက်ရန် အခွင့်အလမ်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်။

အသင်းတော်လှုပ်ရှားမှုများ၌ လူများစွာပါဝင်ခြင်းဟာ ကိုယ်တော်ရှင်အဖို့ ကျွန်တော်တို့၏အသင်းတော်စုများနှင့် အသင်းတော်ခွဲများ၊ ကျွန်တော်တို့၏ပတ်ဝန်းကျင်နှင့် ကျွန်တော်တို့၏လူ့အဖွဲ့အစည်းကို ကောင်းချီးပေး၍ ခွန်အားဖြည့်ပေးရန် အခွင့်အလမ်းတစ်ခုကို ဖြစ်စေပါတယ်။

ကောင်းသောဆက်ဆံရေးများတည်ဆောက်ခြင်း

ဆောင်းရာသီရောက်လုပြီ၊ ဒေးဗစ်ဒစ်ဆင်သည် သူ့မိသားစုကို နွေးထွေးစေရန် မည်သို့ပြုရမည်မသိသေး။

ဒေးဗစ်၊ သူ့ဇနီး နှင့် သမီးနှစ်ယောက်ဟာ ဖရက်ဒိုနီရာ၊ အရီဇိုနား၊ ယူအက်စ်အေရှိ ထူးကဲသော ကျောက်ကမ်းပါးနီများ၊ ချုံများ၊ အမြဲစိမ်းတောများနှင့် ဝိုင်းရံထားတဲ့ အမြင့်ကန္တာရတောမြို့သို့ ရွှေ့ပြောင်းလာခါစဖြစ်ပါတယ်။

ဒစ်ဆင်မိသားစုငှားနေတဲ့ အိမ်မှာ ထင်းမီးဖိုကို အဓိကအပူပေးပစ္စည်းအဖြစ် မှီခိုအားထား ရပါတယ်။ ဖရက်ဒိုနီရာဆောင်းရာသီတို့၌ နှင်းနှင့် ရေခဲများလွန်းသောကြောင့် ထင်းခွေခြင်းဟာ လိုအပ်သော ကျွမ်းကျင်မှုတစ်ခုဖြစ်ကြောင်း ဒေးဗစ် ချက်ချင်းသိခဲ့ရပါသည်။

“ကျွန်တော့မှာ ထင်းလည်း တစ်ချောင်းမှမရှိ၊ လွှစက်လည်းမရှိ၊ လွှစက်ကို ဘယ်လိုသုံးရမလဲဆိုတာတောင် မသိဘူး”လို့ ဒေးဗစ်ကပြောပါတယ်။ “ကျွန်တော် ဘာလုပ်ရမယ်ဆိုတာကို မသိဘူး။”

အသင်းတော်စုအသင်းသားအချို့က ဒေးဗစ်ကို သူ့မိသားစုမှာ ဆောင်းရာသီတစ်ခုလုံးအတွက် ထင်းအလုံအလောက်ရှိမရှိ မေးခဲ့ကြပါတယ်။ “ကျွန်တော့မှာ မရှိကြောင်း သူတို့သတိပြုမိဖို့ရာ သိပ်မကြာလိုက်ပါဘူး၊”လို့ ဒေးဗစ်ကပြောပါတယ်။ “အသင်းလူကြီးအဖွဲ့က မကြာမီမှာပဲ ထင်းခွေရာမှာ ကျွန်တော့ကို ကူညီဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အလွန်ကျေးဇူးတင်စွာနဲ့ပဲ၊ သူတို့ရဲ့ကမ်းလှမ်းချက်ကို ကျွန်တော်လက်ခံခဲ့ပါတယ်။”

ဒီထင်းခွေခရီးဟာ ကောင်းစွာစီစဉ်ထားတဲ့၊ ကောင်းစွာဖွဲ့စည်းထားတဲ့၊ ပြီးတော့၊ ကောင်းစွာ လုပ်ဆောင်တဲ့ အသင်းတော်လှုပ်ရှားမှုများစွာထဲက စံနမူနာဖြစ်တဲ့အကြောင်း ဒေးဗစ်မကြာမီ သိသွားခဲ့ပါတယ်။ စနေနေ့မနက်ခင်းတစ်ခုမှာ၊ ဒေးဗစ်၊ အသင်းလူကြီးအဖွဲ့နှင့် အခြား အသင်းတော်စု အသင်းသားများဟာ ကုန်တင်ကားများနှင့် နောက်တွဲများဖြင့် ကန္တာရခရီးသည်တစ်စုအဖြစ် တောင်တွေဆီကို ဦးတည်သွားခဲ့ကြပါတယ်။

“နေ့လည်ခင်းတစ်ခုတည်းမှာပဲ၊ သူတို့ရဲ့ လက်နက်များနဲ့ ကျွမ်းကျင်မှုကျေးဇူးကြောင့်၊ အသင်းတော်စုအသင်းသားတွေဟာ ကျွန်တော့မိသားစုအတွက် ဆောင်းရာသီနှစ်ခုစာလောက် ကောင်းကောင်း အသုံးခံမယ့် ထင်းပုံကြီးတစ်ပုံနဲ့ ပံ့ပိုးပေးခဲ့ကြပါတယ်၊”လို့ ဒေးဗစ်ကပြောပါတယ်။ “ပိုပြီးအရေးကြီးတာကတော့၊ ကျွန်တော့ဘာသာကျွန်တော် ထင်းခွေတာနဲ့ပတ်သက်လို့ ကျွန်တော်သိဖို့လိုတဲ့အရာမှန်သမျှကို သွန်သင်ခံခဲ့ရတာပဲဖြစ်ပါတယ်။ ဖရက်ဒိုနီရာကို ကျွန်တော်တို့စွန့်ခွာတဲ့အချိန်မှာ၊ ကျွန်တော် လွှစက်ကို ကိုင်တွယ်တတ်ခဲ့ပါတယ်၊ ပြီးတော့ ကျွန်တော်ရေတွက်နိုင်တာထက်ပိုတဲ့ အသင်းတော်စုထင်းခွေလှုပ်ရှားမှုတွေမှာ ကူညီခဲ့ပါတယ်။”

ထိုကဲ့သို့သော အသင်းတော်စုလှုပ်ရှားမှုတွေဟာ အသင်းတော်ရဲ့ အသင်းသားများကြားမှာ ကောင်းသောဆက်ဆံရေးတွေကို တည်ဆောက်ရုံသာမက လူ့အဖွဲ့အစည်းမှာ ရှိသူတိုင်းနဲ့ ကောင်းသောဆက်ဆံရေးတွေကိုလည်း တည်ဆောက်တာဖြစ်ပါတယ်။

“အသင်းတော်အသင်းသားမဟုတ်တဲ့၊ ရပ်ကွက်မှာလူသစ်ဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ကို ကျွန်တော်မှတ်မိပါတယ်၊” လို့ ဒေးဗစ်ကပြောပါတယ်။ “သူမဟာ အနွေးဓာတ်ရဖို့ သူမအိမ်က ထင်းပုံကို သုံးရင်းနဲ့ လျော့လာခဲ့ပါတယ်။ ကျွန်တော်တို့ဟာ သူမရဲ့အခက်အခဲကို သိရတဲ့အချိန်မှာ၊ သူမမှာ ဆောင်းရာသီတစ်လျှောက် ထင်းအလုံအလောက်ရှိစေဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ သူမဟာ ကျေးဇူးတင်လွန်းလို့ စကားတောင်မပြောနိုင်ခဲ့ပါဘူး။”

ဖရက်ဒိုနီရာရှိ အမှုတော်ဆောင်ခြင်း ကြိုးပမ်းမှုက လူတိုင်းလုံခြုံပြီး၊ ဆောင်းရာသီတစ်လျှောက်နွေးထွေးစေခဲ့ပါတယ်။

အခြားသူများသို့ ဖြန့်ကျက်ခြင်း

ရိုမေးနီးယားမှာ သာသနာပြု အမှုထမ်းစဉ်မှာ၊ မက်ရို့နဲ့ သူမရဲ့ အဖော်တို့ဟာ ဘုရားကျောင်းမတက်တာအတော်ကြာပြီဖြစ်တဲ့ မိသားစုတစ်စု ဆီကို ပုံမှန်လည်ပတ်ခဲ့ပါတယ်။ “စတန်နစ်ကာ မိသားစုဟာ ရိုမေးနီးယားရှိ အသင်းတော်ရဲ့ အဦးဆုံး အသင်းသားတွေထဲက ဖြစ်ပါတယ်၊”လို့ မက်ကပြောပါတယ်၊ “သူတို့ကို ကျွန်မတို့ချစ်ပါတယ်။”

အသင်းတော်ခွဲ လှုပ်ရှားမှုတစ်ခုကို စီစဉ်ရေးဆွဲတဲ့ အချိန် ရောက်လာတဲ့အခါ၊ ခေါင်းဆောင်တွေက၊ အသင်းတော်ခွဲမှာ “ကနဦးည” ပွဲတစ်ပွဲကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါဟာဆိုရင် ဆော့လိတ်တောင်ကြားကို ရောက်ဖို့ အမေရိကန်ပြည်ထောင်စုကို ဖြတ်သွားခဲ့ကြတဲ့ ရဲရင့်သောကနဦးပုဂ္ဂိုလ်များကို ဂုဏ်ပြုကျင်းပတဲ့ ညနေခင်းတစ်ခုဖြစ်မှာပါ။ ရိုမေးနီးယားရှိ အသင်းတော်၏ ကနဦးပုဂ္ဂိုလ်များကို ဂုဏ်ပြုဖို့ အခွင့်အလမ်း တစ်ခုလည်း ဖြစ်မှာပါ။

“အချို့သောအသင်းသားများအတွက် သူတို့ရဲ့ ပြောင်းလဲခြင်းနဲ့ ရိုမေးနီးယားမှာ အသင်းတော်ကြီးထွားလာတာကို သူတို့ဘယ်လိုမြင်ခဲ့ရတယ်ဆိုတဲ့အကြောင်း သက်သေခံဖို့ အံ့ဩဖွယ်နည်းလမ်းတစ်ခုဖြစ်လိမ့်မယ်လို့ ကျွန်မတို့တွေးမိခဲ့ပါတယ်၊”လို့ မက်က ပြောပါတယ်။ “စတန်နစ်ကာမိသားစု ပါဝင်သင့်တယ်လို့ ကျွန်မတို့ချက်ချင်းတွေးမိခဲ့ပါတယ်။ ပါဝင်ဖို့ဆင်နွှကြဖို့ သူတို့ကို ကျွန်မတို့ဖိတ်ခေါ်ခဲ့ပါတယ်၊ သူတို့လည်း စိတ်လှုပ်ရှားခဲ့ကြပါတယ်။”

လှုပ်ရှားမှုညမှာ၊ စတင်တဲ့အချိန်မှာ စတန်နစ်ကာမိသားစု ရောက်မလာခဲ့သေးပါဘူး။

“သူတို့မလာလောက်ဘူးလို့ ကျွန်မတို့စိုးရိမ်ခဲ့ကြပါတယ်၊” လို့ မက်က ပြန်ပြောပြပါတယ်။ “ဒါပေမယ့် အချိန်မီလေးပါပဲ၊ သူတို့ တံခါးပေါက်ကနေဝင်လာခဲ့ကြပါတယ်။ စတန်နစ်ကာမိသားစုက ဧဝံဂေလိတရားတော်နဲ့ အသင်းတော်အကြောင်း ကောင်းသောသက်သေခံချက်တစ်ခုကို သက်သေခံခဲ့ပါတယ်။ သူတို့ဟာ မတွေ့ရတာကြာပြီဖြစ်တဲ့ အခြား အသင်းသားများနဲ့လည်း နှီးနှောခဲ့ကြပါတယ်။”

အသင်းတော်ခွဲမှ အသင်းသားတွေက စတန်နစ်ကာမိသားစုကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်။ နောက်တနင်္ဂနွေနေ့မှာ၊ မက်ဟာ ညီအစ်မစတန်နစ်ကာကို မြင်ရလို့ ကျေနပ်စွာ အံ့ဩခဲ့ရပါတယ်။

“လအနည်းငယ်ကြာပြီးနောက် အသင်းတော်ခွဲကို ကျွန်မအလည်အပတ်သွားတဲ့အခါ၊ သူမ လာနေတုန်းပါပဲ၊” လို့ မက်က ပြောပါတယ်။ “သူမရဲ့ သက်သေခံချက်ကို သက်သေခံဖို့နဲ့ အသင်းတော်ခွဲ၌ ပါဝင်ပြီး လိုအပ်ကြောင်းခံစားဖို့ အခွင့်အလမ်းက သူမကို အမှန်ကူညီခဲ့တယ်လို့ ကျွန်မထင်ပါတယ်။”

အသင်းတော်လှုပ်ရှားမှုများမှတစ်ဆင့် အမှုတော်ဆောင်ခြင်းအတွက် အကြံ ၄ ခု

  • လိုအပ်ချက်များကို ပြည့်စုံစေသည့် လှုပ်ရှားမှုများကို စီစဉ်ပါ၊ လှုပ်ရှားမှုများဟာ ကွဲပြားသောလိုအပ်ချက်များစွာကို ပြည့်စုံစေရာ အံ့ဩဖွယ်နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ တစ်ဦးချင်း သို့မဟုတ် အဖွဲ့တစ်ဖွဲ့၏ အထူးလိုအပ်ချက်များကို ပြည့်စုံစေရန် လှုပ်ရှားမှုများကို စီစဉ်နိုင်ပါတယ်။ လိုအပ်ချက်မှာ အချင်းချင်းပို၍ သိကျွမ်းဖို့ဖြစ်စေ၊ ဧဝံဂေလိတရားတော်အကြောင်း ပို၍သင်ယူဖို့ဖြစ်စေ၊ ဝိညာဉ်တော်ကို ခံစားရဖို့ဖြစ်စေ ပါဝင်သူတို့၏ လိုအပ်ချက်များကိုလည်း ပြည့်စုံစေရမှာဖြစ်ပါတယ်။

  • လူတိုင်းကို ဖိတ်ခေါ်ပါ၊ လှုပ်ရှားမှုများကို သင်စီစဉ်သောအခါ၊ ပါဝင်ခြင်းဖြင့် အကျိုးရှိမည့်သူတို့ကို ဖိတ်ခေါ်ရန် အထူးအားထုတ်မှုပြုပါ။ အသင်းသားအသစ်များ၊ တက်ကြွမှုနည်းသောအသင်းသားများ၊ လူငယ်များ၊ အရွယ်ရောက်လူပျိုအပျိုများ၊ မသန်စွမ်းသူများနှင့် အခြားဘာသာမှလူများကို မှတ်ထားပါ။ သူတို့ရဲ့စိတ်အဝင်စားဆုံးအရာများဖြင့် ဖိတ်ခေါ်ခြင်းကို ချဲ့ထွင်ပါ၊ သူတို့လာစေဖို့ကို သင်အဘယ်မျှ အလိုရှိကြောင်းကိုလည်း ဖော်ပြပါ။

  • ပါဝင်ဆင်နွှဲခြင်းကို အားပေးပါ၊ သင်ဖိတ်ခေါ်သောသူများသည် ပါဝင်ဆင်နွှဲရန် အခွင့်အလမ်းကိုရလျှင်၊ လှုပ်ရှားမှုများထံမှ များစွာရရှိမှာ ဖြစ်ပါတယ်။ ပါဝင်ဆင်နွှဲခြင်းကို အားပေးရာနည်းလမ်းတစ်ခုမှာ လူတစ်ဦးချင်းတို့အား လှုပ်ရှားမှုကာလ၌ သူတို့၏ ဆုကျေးဇူးများ၊ ကျွမ်းကျင်မှုများနှင့် ပင်ကိုယ်စွမ်းရည်များကို အသုံးပြုရစေခြင်းဖြစ်ပါတယ်။

  • လူတိုင်းကို ကြိုဆိုပါ၊ လှုပ်ရှားမှု၌ သင်၏မိတ်ဆွေများ တက်ရောက်လျှင်၊ သူတို့ကို ကြိုဆိုမှုခံစားရစေရန် သင်ဆောင်ရွက်နိုင်သမျှဆောင်ရွက်ပါ။ အလားတူ သင်မသိသောသူများကိုသင်တွေ့လျှင်၊ သူတို့ကိုလဲ ခင်မင်ရင်းနှီးစွာကြိုဆိုပါ။

ပုံနှိပ်သည်