၂၀၂၀
ဘုရားသခင်အနိုင်ရပါစေ
နိုဝင်ဘာ ၂၀၂၀


ဘုရားသခင်အနိုင်ရပါစေ

သင်၏ဘဝ၌ ဘုရားသခင်အနိုင်ရစေရန် အခွင့်ပေးဖို့ လိုလိုလားလားရှိပါသလား။ သင်၏ဘဝ၌ ဘုရားသခင်ကို အရေးအကြီးဆုံးလွှမ်းမိုးမှုဖြစ်စေဖို့ လိုလိုလားလားရှိပါသလား။

ကျွန်တော့်ချစ်သောညီအစ်ကိုမောင်နှမများခင်ဗျာ၊ ဒီညီလာခံရဲ့ အံ့ဖွယ်အမှာစကားများကြောင့်၊ ပြီးတော့ ယခုသင်တို့နဲ့စကားပြောခွင့်ရတဲ့ အထူးအခွင့်အရေးကြောင့် ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်။

တမန်တော်တစ်ပါးအဖြစ် ကျွန်တော်ဟာ ၃၆ နှစ်ကျော်ခဲ့ပါပြီ၊ ဣသရေလအမျိုးသားတွေကို စုဝေးခြင်းဩဝါဒဟာ ကျွန်တော့်အာရုံကို ဖမ်းစားခဲ့ပါတယ်။ အဲဒါရဲ့ အကြောင်းအရာ တိုင်းက ကျွန်တော့်ကို အတော်စိတ်ဝင်စားစေခဲ့ပါတယ်၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ရဲ့ အမှုတော်ဆောင်ခြင်းတွေနဲ့ အမည်များသူတို့ရဲ့ဘဝတွေ၊ ဇနီးတွေ၊ ဘုရားသခင်က သူတို့နဲ့ ပြုခဲ့ပြီး သူတို့မျိုးရိုးတစ်လျှောက်တိုးချဲ့ခဲ့တဲ့ပဋိညာဉ်၊ ကွဲပြားသောအမျိုးတစ်ဆယ်နှစ်ပါး၊ ပြီးတော့ ကျွန်တော်တို့ခေတ်ရဲ့ စုဝေးခြင်းအကြောင်း မြောက်မြားစွာသော ပရောဖက်ပြုဟောချက်တွေလည်း ပါဝင်ပါတယ်။

စုဝေးခြင်းကို ကျွန်တော်လေ့လာခဲ့ပါတယ်၊ အဲဒါနဲ့ပတ်သက်လို့ဆုတောင်းခဲ့ပါတယ်၊ ဆက်စပ်တဲ့ကျမ်းစာမှန်သမျှကို ပွဲခံပျော်မွေ့ခဲ့ပါတယ်၊ ကျွန်တော့်ရဲ့နားလည်ခြင်းတိုးလာဖို့ ကိုယ်တော်ရှင်ကိုလည်း မေးလျှောက်ခဲ့ပါတယ်။

ဒါကြောင့်၊ မကြာသေးမီက အမြင်သစ်တစ်ခုဆီပို့ဆောင်ခံရစဉ်က ကျွန်တော့်ကြည်နူးမှုကို တွေးကြည့်ပါ။ ကျွန်တော်ဟာ ဟေဗြဲပညာရှင်နှစ်ဦးရဲ့ အကူအညီနဲ့၊ ဣသရေလ ဆိုတဲ့စကားလုံးရဲ့ ဟေဗြဲအဓိပ္ပာယ်တွေထဲကနေ သိခဲ့ရတာကတော့ “ဘုရားသခင်အနိုင်ရပါစေ” ဖြစ်ပါတယ်။ အဲဒါက၊ ဣသရေလရဲ့ အမည်မှန်၊ မိမိဘဝမှာ ဘုရားသခင်အနိုင်ရစေရန် အခွင့်ပေးဖို့ လိုလိုလားလားရှိတဲ့လူတစ်ဦးကို ရည်ညွှန်းပါတယ်။ အဲဒီသဘောတရားက ကျွန်တော့စိတ်ဝိညာဉ်ကို အခိုင်အမာလှုံ့ဆော်ပါတယ်။

လိုလိုလားလားရှိသော ဆိုတဲ့စကားလုံးက ဣသရေလရဲ့ ဒီအနက်ဖွင့်ခြင်းမှာ အလွန်အင်မတန် အရေးကြီးပါတယ်။ ကျွန်တော်တို့အားလုံးမှာ ကိုယ်ပိုင်ရွေးချယ်ပြုမူနိုင်ခွင့်ရှိကြပါတယ်။ ကျွန်တော်တို့ဟာ ဣသရေလအမျိုးဖြစ်ချင်လား၊ မဖြစ်ချင်ဘူးလား ရွေးချယ်နိုင်ကြပါတယ်။ ကျွန်တော်တို့ဘဝမှာ ဘုရားသခင်အနိုင်ရစေဖို့ အခွင့်ပေးမလား၊ မပေးဘူးလား ရွေးချယ်နိုင်ကြပါတယ်။ ကျွန်တော်တို့ဘဝမှာ ဘုရားသခင်ကို အားအကြီးဆုံးလွမ်းမိုးမှုဖြစ်ဖို့ အခွင့်ပေးမလား၊ မပေးဘူးလား ရွေးချယ်နိုင်ကြပါတယ်။

အာဗြဟံရဲ့မြေးဖြစ်တဲ့၊ ယာကုပ်ရဲ့ အသက်တာမှာ အလွန်အင်မတန်အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခုကို ခဏလောက် ပြန်တွေ့ကြည့်ရအောင်။ ပေညေလ (“ဘုရားသခင်၏မျက်နှာတော်”လို့ အဓိပ္ပာယ်ရတဲ့) လို့ ယာကုပ်ခေါ်ခဲ့တဲ့နေရာမှာ ယာကုပ်ဟာ ပြင်းထန်တဲ့စိန်ခေါ်မှုနဲ့ ပြိုင်ဆိုင်တိုက်လှန်ခဲ့ရပါတယ်။ သူ့ရဲ့ ရွေးချယ်ပြုမူနိုင်ခွင့်ကို အစမ်းသပ်ခံခဲ့ရပါတယ်။ ဒီပြိုင်ဆိုင်တိုက်လှန်ခြင်းအားဖြင့်၊ ယာကုပ်ဟာ သူ့အတွက် အရေးအကြီးဆုံးအရာကို သက်သေပြခဲ့ပါတယ်။ သူ့ဘဝမှာ ဘုရားသခင်အနိုင်ရစေရန် အခွင့်ပေးဖို့လိုလိုလားလားရှိကြောင်းသရုပ်ဖော်ပြခဲ့ပါတယ်။ တုန့်ပြန်မှုအနေနဲ့၊ ဘုရားသခင်က ယာကုပ်ရဲ့အမည်ကို ဣသရေလ လို့ပြောင်းခဲ့ပါတယ်၊ အဓိပ္ပာယ်ကတော့ “ဘုရားသခင်အနိုင်ရပါစေ။” အဲဒီနောက်မှာ ဣသရေလကို ဘုရားသခင်ကတိထားတော်မူခဲ့တာကတော့ အာဗြဟံကို ပေးခဲ့တဲ့ ခပ်သိမ်းသောကောင်းချီးမင်္ဂလာတွေဟာ သူ့အတွက်လည်း ဖြစ်လိမ့်မယ် ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။

ဝမ်းနည်းစွာပါပဲ၊ ဣသရေလရဲ့ အမျိုးအနွယ်တွေဟာ ဘုရားသခင်နဲ့ပြုခဲ့တဲ့ သူတို့ရဲ့ပဋိညာဉ်တွေကို ချိုးဖောက်ခဲ့ကြပါတယ်။ သူတို့ဟာ ပရောဖက်တွေကို ကျောက်ခဲနဲ့ပစ်ခဲ့ကြတယ်၊ သူတို့ဘဝတွေမှာ ဘုရားသခင်အနိုင်ရစေရန် အခွင့်ပေးဖို့ လိုလိုလားလား ရှိခဲ့ကြပါဘူး။ နောက်ပိုင်းမှာ၊ ဘုရားသခင်က သူတို့ကို မြေကြီးလေးမျက်နှာဆီသို့ ကွဲပြားပြန့်ကျဲစေခဲ့ပါတယ်။ ကရုဏာကြီးစွာဖြင့်၊ နောက်ပိုင်းမှာ သူတို့ကို စုဝေးမယ့်အကြောင်း ကတိထားတော်မူခဲ့ပါတယ်၊ ဟေရှာယ မှတ်တမ်းတင်ထားတာက “သင့်[ဣသရေလ]ကို ခဏသာငါစွန့်သည်ဖြစ်၍၊ များစွာသောကရုဏာနှင့် ငါသိမ်းဆည်းဦးမည်။”၁၀

စိတ်ထဲမှာ ဣသရေလရဲ့ ဟေဗြဲအဓိပ္ပာယ်ဖြင့်၊ ဣသရေလအမျိုးသားတို့စုဝေးခြင်းမှာ ထပ်ပြီး ထည့်ထားတဲ့ အဓိပ္ပာယ်ရှိကြောင်းကို ကျွန်တော်တို့တွေ့ရပါတယ်။ ကိုယ်တော်ရှင်ဟာ မိမိတို့ဘဝတွေမှာ ဘုရားသခင်အနိုင်ရစေရန် အခွင့်ပေးဖို့ လိုလိုလားလားရှိကြသူတွေကို စုဝေးနေပါတယ်။ ကိုယ်တော်ရှင်ဟာ မိမိတို့ဘဝတွေမှာ ဘုရားသခင်ကို အရေးအကြီးဆုံးလွှမ်းမိုးမှု ဖြစ်စေရန် အခွင့်ပေးဖို့ ရွေးချယ်မယ့်သူတွေကို စုဝေးနေပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာကတည်းက၊ ဤစုဝေးခြင်း ၁၁ကို ပရောဖက်တွေက ကြိုတင် ဟောပြောခဲ့ပါတယ် အဲဒါက အခုဖြစ်နေပါပြီ။ ဒုတိယအကြိမ်ကြွလာတော်မူခြင်းရဲ့ မရှိမဖြစ်လိုအပ်တဲ့ရှေ့ပြေးတစ်ခုအဖြစ်၊ အဲဒါက လောကမှာ အရေးအကြီး ဆုံး အလုပ်ဖြစ်ပါတယ်။

ဒီထောင်စုနှစ်အကြို စုဝေးဖြင်းဟာ လူသန်းပေါင်းများစွာအတွက် ယုံကြည်ခြင်းနဲ့ ဝိညာဉ်ပကတိသတ္တိတိုးပွားခြင်းနဲ့ပတ်သက်လို့ တစ်ဦးခြင်းစွန့်စားခန်းတစ်ခုဖြစ်ပါတယ်။ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော် အသင်းသားများ၊ သို့မဟုတ် နောက်ပိုင်းကာလပဋိညာဉ်ခံ ဣသရေလအမျိုးသားများ၁၂အနေဖြင့် ကိုယ်တော်ရှင်ရဲ့ ဒီအချက်အချာကျတဲ့ အမှုတော်မှာ ကူညီဖို့ ကျွန်တော်တို့ကို တာဝန်ပေးထားပါတယ်။၁၃

ကျွန်တော်တို့ဟာ ကန့်လန့်ကာရဲ့ နှစ်ဖက်စလုံး၌ စုဝေးခြင်းအကြောင်းကို ပြောကြတဲ့အခါ၊ သာသနာပြုခြင်း၊ ဗိမာန်တော်၊ ပြီးတော့ မိသားစုသမိုင်းအလုပ်တွေကို ရည်ညွှန်းကြတာအမှန်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့ အတူနေ၊ အလုပ်လုပ်၊ ပြီးတော့ အစေခံကြတဲ့သူတို့ရဲ့ နှလုံးသားမှာ ယုံခြင်းခြင်းနဲ့ သက်သေခံချက်တည်ဆောက်ခြင်းကိုလည်း ရည်ညွှန်းနေကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တစ်စုံတစ်ယောက်ကို—ကန့်လန့်ကာရဲ့ တစ်ဖက်ဖက်မှာ—ဘုရားသခင်နဲ့ ပဋိညာဉ်တွေပြုဖို့နဲ့ စောင့်ထိန်းစေဖို့ ကူညီတဲ့အရာတစ်ခုခုကို လုပ်တဲ့အခါတိုင်းမှာ ဣသရေလအမျိုးသားတွေကို စုဝေးဖို့ ကူညီနေကြခြင်းဖြစ်ပါတယ်။

သိပ်မကြာသေးခင်တုန်းက၊ ကျွန်တော်တို့ရဲ့ မြေးတွေထဲက တစ်ယောက်ရဲ့ ဇနီးဟာ ဝိညာဉ်ပကတိနဲ့ပတ်သက်လို့ ရုန်းကန်နေခဲ့ရပါတယ်။ သူမကို “ဂျေလ်” လို့ကျွန်တော်ခေါ်ပါမယ်။ အစာရှောင်ခြင်း၊ ဆုတောင်းခြင်းနဲ့ ယဇ်ပုရောဟိတ်အခွင့် ကောင်းချီးမင်္ဂလာတွေရှိသော်ငြားလည်း၊ ဂျေလ်ရဲ့ အဖဟာ သေတော့မလိုဖြစ်နေပါတယ်။ သူမဟာ သူမရဲ့ အဖေနဲ့ သက်သေခံချက် နှစ်ခုစလုံးဆုံးရှုံးရမှာကို အင်မတန်ကြောက်ရွံ့နေပါတယ်။

ညနေစောင်းတစ်ခုမှာ၊ ကျွန်တော့်ဇနီး၊ ညီအစ်မ ဝင်ဒီနယ်လဆင်က၊ ဂျေလ်ရဲ့ အခြေအနေကို ကျွန်တော့်ကို ပြောပြခဲ့ပါတယ်။ နောက်နေ့မနက်မှာ ဝင်ဒီဟာ ဂျေလ်ရဲ့ဝိညာဉ်ပကတိပြိုင်ဆိုင်တိုက်လှန်ခြင်းအတွက် ကျွန်တော့်ရဲ့ အဖြေက စကားလုံးတစ်လုံးဖြစ်တဲ့အကြောင်း သူမကို ပြောပြဖို့ တွေးမိခဲ့ပါတယ်။ အဲဒီစကားလုံးကတော့ အဝေးမှုန် ပဲဖြစ်ပါတယ်။

ဂျေလ်က အစမှာ ကျွန်တော့်အဖြေကြောင့် ဝမ်းနည်းပက်လက်ဖြစ်ခဲ့ရကြောင်း နောက်တော့မှ ဝင်ဒီဆီကို ဝန်ခံခဲ့ပါတယ်။ သူကပြောခဲ့တယ်၊ “ကျွန်မက အဘိုးကို ကျွန်မအဖေအတွက် အလွန်တရာအံ့ဩဖွယ်တစ်ခု ကတိပေးဖို့ မျှော်လင့်နေခဲ့တာ။ အဝေးမှုန်ဆိုတဲ့စကားလုံးက သူပြောဖို့ အနိုင်ပြုခံရတဲ့စကားလုံးဖြစ်တာလဲလို့ ကျွန်မဆက်တိုက် တွေးနေခဲ့ပါတယ်။”

ဂျေလ်ရဲ့အဖေကွယ်လွန်ပြီးတဲ့နောက်၊အဝေးမှုန် ဆိုတဲ့စကားလုံးက သူမစိတ်ထဲကို ဆက်တိုက်လာနေခဲ့ပါတယ်။ သူမဟာ အဝေးမှုန်ဆိုတာ အနီးကိုသာမြင်သော လို့ဆိုလိုကြောင်း ပိုပြီးလေးလေးနက်နက်နားလည်ဖို့ သူမစိတ်နှလုံးကို ဖွင့်ခဲ့ပါတယ်။ သူမရဲ့ စဉ်းစားပုံလည်း စပြီးပြောင်းလဲလာခဲ့ပါတယ်။ အဲဒီနောက် ဂျေလ်က ပြောပါတယ်၊ အဝေးမှုန်က ကျွန်မကို ရပ်စေ၊ စဉ်းစားစေ၊ ပြီးတော့ အနာငြိမ်းစေပါတယ်။ အဲဒီစကားလုံးက အခုဆိုရင် ကျွန်မကို ငြိမ်းချမ်းမှုနဲ့ပြည့်စေပါတယ်။ အဲဒါက ကျွန်မရဲ့ ရှုမြင်မှုကို တိုးချဲ့ဖို့နဲ့ ထာဝရကာလကို ရှာဖို့ ကျွန်မကို သတိပေးပါတယ်။ မြင့်မြတ်သောအစီအစဉ်တစ်ခုရှိကြောင်း၊ ပြီးတော့ ကျွန်မအဖေအသက်ရှင်လျက်၊ ကျွန်မကို ချစ်လျက်၊ ကြည့်ရှုစောင့်ရှောက်လျက်ရှိကြောင်း အဲဒီစကားလုံးက ကျွန်မကို သတိပေးပါတယ်။အဝေးမှုန်က ကျွန်မကို ဘုရားသခင်ဆီကို ပို့ဆောင်ခဲ့ပါတယ်။”

ကျွန်မတို့ရဲ့ အဖိုးထိုက်တဲ့ အဘိုးယောက္ခမအတွက် ကျွန်မအလွန်ဂုဏ်ယူပါတယ်။ ချစ်စွာသောဂျေလ်ဟာ သူမရဲ့ ဒီစိတ်နှလုံးကြေကွဲချိန်ကာလအတွင်းမှာ၊ သူမရဲ့အဖေအတွက် ဘုရားသခင်ရဲ့အလိုတော်ကို၊ သူမကိုယ်တိုင်ရဲ့ ဘဝအတွက် ထာဝရရှုမြင်မှုတစ်ခုနဲ့အတူ ထွေးပွေ့ဖို့ သင်ယူနေပါတယ်။ ဘုရားသခင်အနိုင်ရစေရန် အခွင့်ပေးဖို့ ရွေးချယ်ခြင်းအားဖြင့် သူမဟာ ငြိမ်းချမ်းမှုကို ရှာနေပါပြီ။

ကျွန်တော်တို့ဟာ အဲဒါကို အခွင့်ပေးမယ်ဆိုလျှင်၊ ဣသရေလရဲ့ ဒီဟေဗြဲအနက်ဖွင့်ခြင်းက ကျွန်တော်တို့ကို ကူညီနိုင်တဲ့နည်းလမ်းများစွာရှိပါတယ်။ ကျွန်တော်တို့ရဲ့ သာသနာပြုများအတွက် ကျွန်တော်တို့ရဲ့ ဆုတောင်းခြင်းများ—ပြီးတော့ ဣသရေလအမျိုးသားတို့ကို စုဝေးရန် ကျွန်တော်တို့ကိုယ်တိုင်ရဲ့ အားထုတ်မှုများ—က စိတ်ထဲမှာရှိတဲ့ ဒီသဘောတရားကို ဘယ်လောက်ပြောင်းလဲနိုင်သလဲဆိုတာ တွေးကြည့်ပါ။ ကျွန်တော်တို့နဲ့ သာသနာပြုများဟာ ယေရှုခရစ်တော်ရဲ့ ပြန်လည်ဆောင်ယူထားတဲ့ ဧဝံဂေလိတရားတော်ရဲ့ သမ္မာတရားတွေကို လက်ခံရန် ပြင်ဆင်ထားတဲ့သူတွေဆီကို ပို့ဆောင်ခံရစေဖို့ မကြာမကြာဆုတောင်းကြပါတယ်။ ကျွန်တော်တို့ဟာ မိမိတို့ဘဝမှာ ဘုရားသခင်အနိုင်ရစေရန် အခွင့်ပေးဖို့ လိုလိုလားလားရှိကြသူတွေကို ရှာဖွေဖို့ တောင်းလျှောက်ကြတဲ့အခါ ဘယ်သူ့ဆီကို ပို့ဆောင်ခံရမလဲလို့ ကျွန်တော်တွေးမိပါတယ်။

ဘုရားသခင်ကို သို့မဟုတ် ယေရှုခရစ်တော်ကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ဖူးကြသော်လည်း ယခုအခါမှာ သူတို့နဲ့ သူတို့ရဲ့ ပျော်ရွှင်ခြင်းအစီအစဉ်အကြောင်း သင်ယူဖို့ပြင်းပြနေကြသူတွေဆီကို ကျွန်တော်တို့ပို့ဆောင်ခံရနိုင်ပါတယ်။ အခြားသူတွေဟာ “ပဋိညာဉ်နဲ့မွေးခဲ့”၁၄ကြသော်လည်း ပဋိညာဉ်လမ်းကြောင်းမှ သွေဖီနိုင်ကောင်းသွေဖီကြပါလိမ့်မယ်။ သူတို့ဟာ အခုဆိုရင် နောင်တရဖို့၊ ပြန်လာဖို့၊ ပြီးတော့ ဘုရားသခင်အနိုင်ရစေရန် အခွင့်ပေးဖို့ အဆင်သင့်ဖြစ်ကောင်း ဖြစ်နေကြပါပြီ။ ကျွန်တော်တို့ဟာ သူတို့ကို ဖွင့်ထားတဲ့ လက်များ၊ နှလုံးသားများနဲ့ ကြိုဆိုခြင်းအားဖြင့် ကူညီနိုင် ကြပါတယ်။ ကျွန်တော်တို့ ပို့ဆောင်ကောင်း ပို့ဆောင်ခံရနိုင်တဲ့သူ အချို့ဟာ သူတို့ဘဝမှာ တစ်စုံတစ်ခု ပျောက်ဆုံးနေတယ်လို့ အမြဲခံစားရကောင်း ခံစားနေရနိုင်ပါတယ်။ သူတို့ဟာလည်း မိမိတို့ဘဝမှာ ဘုရားသခင်အနိုင်ရစေရန် အခွင့်ပေးဖို့ လိုလိုလားလားရှိကြသူတွေဆီကို ရောက်လာတဲ့ အနာငြိမ်းခြင်းနဲ့ ဝမ်းမြောက်မှုတွေကို တမ်းတနေကြပါတယ်။

ကွဲပြားပြန့်ကျဲနေတဲ့ ဣသရေလအမျိုးသားတွေကို စုဝေးဖို့ ပိုက်ကွန်က ဈေးကြီးပါတယ်။ ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိတရားတော်ကို လုံးဝထွေးပွေ့ကြမယ့်သူတိုင်းအတွက် နေရာရှိပါတယ်။ ပြောင်းလဲသူတိုင်းဟာ မွေးဖွား၍ဖြစ်စေ၊ မွေးစား၍ဖြစ်စေ ဘုရားသခင်ရဲ့ ပဋိညာဉ်ခံ သားသမီးတွေထဲက တစ်ယောက်ဖြစ်လာပါတယ်။၁၅ အယောက်တိုင်းဟာ သစ္စာရှိသောဣသရေလအမျိုးသားတွေဆီကို ဘုရားသခင် ကတိထားတော်မူခဲ့တဲ့အရာအားလုံးကို အပြည့်အဝအမွေခံသူ ဖြစ်လာကြပါတယ်။၁၆

ကျွန်တော်တို့အယောက်တိုင်းဟာ ဘုရားသခင်ရဲ့ ကလေးဖြစ်တာကြောင့်၊ မြင့်မြတ်သော အလားအလာ ရှိကြပါတယ်။ အယောက်တိုင်းဟာ သူ့မျက်စိထဲမှာ အတူတူပဲဖြစ်ပါတယ်။ ဒီသမ္မာတရားရဲ့ပတ်သက်မှုဟာ အလွန်လေးနက်ပါတယ်။ ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကျွန်တော်ပြောတော့မယ့်အရာကို ကျေးဇူးပြု၍ ဂရုတစိုက် နားထောင် ပေးကြပါ။ ဘုရားသခင်က မျိုးနွယ်တစ်ခုကို တခြားမျိုးနွယ်တစ်ခုထက် ပိုမချစ်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ သူ့ဩဝါဒက ရှင်းလင်းပါတယ်။ သူကအားလုံးကို သူ့ထံသို့လာဖို့ ဖိတ်ခေါ်ပါတယ်၊ “မည်းသောသူနှင့် ဖြူသောသူ၊ ကျွန်နှင့်လူလွတ်၊ ယောက်ျားနှင့် မိန်းမ”၁၇အားလုံးပါပဲ။

ဘုရားသခင်ရှေ့၌ သင်၏ရပ်တည်ခြင်းဟာ သင့်အသားအရေ အရောင်နဲ့ ဆုံးဖြတ်တာမဟုတ်ဘူးဆိုတာ ကျွန်တော်အာမခံပါတယ်။ ဘုရားသခင်နှစ်သက်တယ်၊ မနှစ်သက်ဘူးဆိုတာ ဘုရားသခင်နဲ့ သူ့ရဲ့ပညတ်တော်တွေဆီ သင်၏ဆက်ကပ်မှုအပေါ်မှာ မူတည်ပါတယ်၊ သင့်အသားအရေ အရောင်ပေါ်မှာမဟုတ်ပါဘူး။

ကမ္ဘာတစ်ဝန်းမှာ ကျွန်တော်တို့ရဲ့ လူမည်းညီအစ်ကိုမောင်နှမတွေ လူမျိုးခွဲခြားခြင်းနဲ့ ဘက်လိုက်ခြင်းတို့ကြောင့် ခံစားရတဲ့နာကျင်မှုတွေအတွက် ကျွန်တော်ဝမ်းနည်းပါတယ်။ ဒီနေ့မှာ၊ နေရာတိုင်းမှာရှိတဲ့ ကျွန်တော်တို့အသင်းသားများကို ဘက်လိုက်ခြင်း စိတ်ထားနဲ့ အပြုအမူတွေကို စွန့်ခွာခြင်းမှာ ဦးဆောင်ကြဖို့ ကျွန်တော်တောင်းဆိုပါတယ်။ ဘုရားသခင်ရဲ့ သားသမီးအားလုံးအပေါ် လေးစားမှုကို တိုးမြှင့်ကြဖို့ သင်တို့ကို ကျွန်တော်တောင်းပန်ပါတယ်။

ဘယ်လူမျိုးဖြစ်ဖြစ်၊ ကျွန်တော်တို့အယောက်တိုင်းအတွက် မေးခွန်းက အတူတူပဲဖြစ်ပါတယ်။ သင်ဟာ သင့်ရဲ့ဘဝမှာ ဘုရားသခင်အနိုင်ရစေရန် အခွင့်ပေးဖို့ လိုလိုလားလားရှိပါသလား။ သင်ဟာ သင့်ရဲ့ဘဝမှာ ဘုရားသခင်ကို အရေးအကြီးဆုံးလွှမ်းမိုးမှုဖြစ်စေရန် အခွင့်ပေးဖို့ လိုလိုလားလား ရှိပါသလား။ နေ့တိုင်း သင်ပြုတဲ့အရာမှာ သူ့နှုတ်ကပတ်တော်တွေ၊ သူ့ပညတ်တော်တွေ၊ ပြီးတော့ သူ့ပဋိညာဉ်တွေကို လွှမ်းမိုးစေရန် သင်အခွင့်ပေးမှာလား။ သူ့အသံကို အခြားအရာတွေအားလုံးထက် ဦးစားပေးဖို့ သင်အခွင့်ပေးမှာလား။ သင်ပြုလုပ်စေဖို့ သူလိုအပ်တဲ့အရာမှန်သမျှကို အခြားရည်ရွက်ချက်မှန်သမျှထက် ပိုပြီး အရေးတယူလုပ်ဖို့ သင် လိုလိုလားလား ရှိပါသလား။ သင့်ရဲ့အလိုကို သူ့အလိုတော်အားဖြင့် လွှမ်းခြုံခံရစေရန်၁၈ သင် လိုလိုလားလားရှိပါသလား။

အဲဒီလိုမျိုး လိုလိုလားလားရှိခြင်းက သင့်ကို ဘယ်လိုကောင်းချီးပေးနိုင်တယ်ဆိုတာ စဉ်းစားကြည့်ပါ။ သင်ဟာ အိမ်ထောင်မပြုရသေးလို့ ထာဝရလက်တွဲဖော်တစ်ယောက်ကို ရှာနေတယ်ဆိုရင်၊ “ဣသရေလအမျိုးရဲ့” တစ်စိတ်တစ်ပိုင်း ဖြစ်လိုတဲ့ သင့်ဆန္ဒက ဘယ်သူနဲ့ ဘယ်လို ချိန်းတွေ့ရမယ် ဆိုတာကို ကူညီပါလိမ့်မယ်။

သင်ဟာ ကိုယ့်ပဋိညာဉ်တွေကို ချိုးဖောက်ထားတဲ့ လက်တွဲဖော်တစ်ယောက်နဲ့ အိမ်ထောင်ပြုထားတာဆိုရင်၊ သင့်ဘဝမှာ ဘုရားသခင်အနိုင်ရစေရန် အခွင့်ပေးဖို့ သင့်ရဲ့ လိုလိုလားလားရှိခြင်းက ဘုရားသခင်နဲ့ ပြုထားတဲ့ သင့်ရဲ့ပဋိညာဉ်တွေကို ထိခိုက်ပျက်စီးခြင်းမရှိစေဘဲ ဆက်ရှိနေစေဖို့ အခွင့်ပေးပါလိမ့်မယ်။ ကယ်တင်ရှင်က သင့်ရဲ့ ကျိုးပဲ့တဲ့နှလုံးသားကို အနာငြိမ်းစေပါလိမ့်မယ်။ သင်ရှေ့ကို ဆက်သွားတတ်ဖို့ ရှာတာနဲ့အမျှ ကောင်းကင်တွေပွင့်ပါလိမ့်မယ်။ သင်မျက်စိလည်စရာ၊ အံ့ဩစရာလည်း မလိုပါဘူး။

သင့်မှာ ဧဝံဂေလိတရားတော် သို့မဟုတ် အသင်းတော်အကြောင်း ရိုးသားသောမေးခွန်းတွေရှိလျှင်၊ သင်ဟာ ဘုရားသခင်အနိုင်ရစေရန် အခွင့်ပေးတာနဲ့အမျှ၊ သင့်ဘဝကို လမ်းညွှန်မယ့်၊ သင့်ကို ပဋိညာဉ်လမ်းကြောင်းပေါ်မှာ မြဲမြံစွာရှိစေရန်ကူညီမယ့်၊ အကြွင်းမဲ့၊ ထာဝရသမ္မာတရားတွေကို ရှာဖွေရန်နဲ့ နားလည်ရန် ပို့ဆောင်ခံရမှာဖြစ်ပါတယ်။

သင်ဟာ သွေးဆောင်ခြင်းနဲ့ ရင်ဆိုင်ရတဲ့အခါ—သင်ပင်ပန်းနွမ်းနယ်တဲ့အခါ သို့မဟုတ် အထီးကျန်မှုကို ခံစားနေရတဲ့အခါ သို့မဟုတ် နားလည်မှုအလွဲခံရတဲ့အခါ သွေးဆောင်ခြင်းက ရောက်လာတယ်ဆိုလျှင်တောင်မှ—သင့်ဘဝမှာ ဘုရားသခင်ကို အနိုင်ရစေရန် အခွင့်ပေးဖို့ ရွေးချယ်တာနဲ့အမျှ၊ သင့်ကို ခွန်အားဖြည့်ပေးဖို့ သူ့ဆီအသနားခံတာနဲ့အမျှ သင်ဟာ အလွန်သတ္တိရှိလာနိုင်တယ်ဆိုတာကို တွေးကြည့်ပါ။

သင့်ရဲ့အကြီးဆုံးဆန္ဒက ဘုရားသခင်အနိုင်ရစေရန် အခွင့်ပေးဖို့၊ ဣသရေအမျိုးသားတို့ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ဖြစ်တဲ့အခါ၊ အလွန်များစွာသောဆုံးဖြတ်ချက်တွေဟာ ပိုပြီး လွယ်ကူလာ ပါလိမ့်မယ်။ အလွန်များစွာသောပြဿနာတွေဟာ ပြဿနာမဟုတ်ဘဲ ဖြစ်လာပါလိမ့်မယ်။ သင့်ကိုယ်သင် ဘယ်လိုအကောင်းဆုံးပြင်ဆင်ရမယ်ဆိုတာ သင်သိပါတယ်။ ဘာကိုကြည့်ရမယ်၊ ဘာကိုဖတ်ရမယ်၊ သင့်အချိန်ကို ဘယ်နေရာမှာသုံးရမယ်၊ ဘယ်သူနဲ့ပေါင်းဖော်ရမယ်ဆိုတာကို သင်သိပါတယ်။ သင်ဘာကို ပြီးမြောက်လိုတယ်ဆိုတာကို သင်သိပါတယ်။ သင်တကယ်ဖြစ်လိုတဲ့လူ ပုံစံမျိုးကို သင်သိပါတယ်။

ယခုဆိုလျှင်၊ ကျွန်တော့်ချစ်သောညီအစ်ကိုမောင်နှမများခင်ဗျာ၊ ဘုရားသခင်အနိုင်ရစေရန် အခွင့်ပေးဖို့ ယုံကြည်ခြင်းနဲ့ သတ္တိနှစ်ခုစလုံးလိုပါတယ်။ နောင်တာရဖို့နဲ့၊ ယေရှုခရစ်တော်ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့် ဇာတိပကတိလူ၏ ကိုယ်ကို ချွတ်ပယ်ဖို့၊ ဇွဲနဲ့ တိကျသောဝိညာဉ်ပကတိအလုပ် လိုအပ်ပါတယ်။၁၉ ဧဝံဂေလိတရားတော်လေ့လာဖို့၊ ကောင်းကင်ဘုံရှင်အဘနဲ့ ယေရှုခရစ်တော်အကြောင်း သင်ယူဖို့၊ ပြီးတော့ ကိုယ်ပိုင်ဗျာဒိတ်တော်ကို ရှာဖို့နဲ့ တုန့်ပြန်ဖို့ ကိုယ်ပိုင် အကျင့်တွေပြုလုပ်ရန် ပုံမှန်၊ နေ့စဉ်အားထုတ်မှု လိုအပ်ပါတယ်။

တမန်တော်ပေါလုပရောဖက်ပြုဟောခဲ့တဲ့ ဒီဘေးသင့်ဖွယ် ကာလအတွင်းမှာ၂၀စာတန်ဟာ ဘုရားသခင်အပေါ် သူ့ရဲ့တိုက်ခိုက်မှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားခြင်းတောင် ရှိမှာမဟုတ်တော့ပါဘူး။ မကောင်းမှုအမြောက်အမြားထင်ရှားကျော်ကြားနေပါတယ်။ ဒါကြောင့်၊ ဝိညာဉ်ပကတိအားဖြင့် ရှင်သန်ဖို့တစ်ခုတည်းသောနည်းလမ်းကတော့ ကျွန်တော်တို့ဘဝတွေမှာ ဘုရားသခင်အနိုင်ရစေရန် အခွင့်ပေးဖို့၊ သူ့အသံကို ကြားနာရန် သင်ယူဖို့၊ ပြီးတော့ ကျွန်တော်တို့ရဲ့အင်အားကို ဣသရေလအမျိုးသားတွေကို စုဝေးရာမှာ အသုံးပြုဖို့ သန္နိဌာန်ချဖို့ပဲဖြစ်ပါတယ်။

ယခုဆိုလျှင်၊ ကိုယ်တော်ရှင်ဟာ ဘုရားသခင်အနိုင်ရစေရန် အခွင့်ပေးကြမယ့်သူတွေနဲ့ပတ်သက်လို့ ဘယ်လို ခံစားရပါသလဲ။ နီဖိုင်းက ကောင်းကောင်းအကျဉ်းချုပ်ပြထားပါတယ်၊ “[ကိုယ်တော်ရှင်]သည် သူ့ကို သူတို့၏ ဘုရားသခင်အရာ၌ ထားရှိကြမည့်သူများကို ချစ်တော်မူ၏။ ရှုလော့၊ ငါတို့၏ဘိုးဘေးတို့ကို ချစ်တော်မူပြီး၊ သူတို့နှင့် အထူးသဖြင့် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်ပင် ပဋိညာဉ်ပြုတော်မူခဲ့၏။ သူသည် ပြုခဲ့ [လေ]သည့် ပဋိညာဉ်များကိုလည်း အောက်မေ့[တော်မူ]၏။”၂၁

ကိုယ်တော်ရှင်က ဣသရေလအမျိုးသားတို့အတွက် ပြုလုပ်ရန် လိုလိုလားလားရှိသည့်အရာက ဘာလဲ။ ကိုယ်တော်ရှင်က သူဟာ “[ကျွန်တော်တို့ရဲ့ ]တိုက်ပွဲများ၊ ထို့အတူ [ကျွန်တော်တို့ရဲ့ ]သားသမီးတို့၏တိုက်ပွဲများ၊ ထို့အတူ ကျွန်တော်တို့ရဲ့ သားသမီးတို့၏ သားသမီးများ၏[တိုက်ပွဲများ]ကို…တတိယနှင့် စတုတ္ထမျိုးဆက်တိုင်အောင် တိုက်”၂၂မည်လို့ကတိထားခဲ့ပါတယ်။

နောက်ခြောက်လမှာ သင်တို့ရဲ့ကျမ်းစာတွေကို လေ့လာတဲ့အခါ၊ ပဋိညာဉ်ခံ ဣသရေလအမျိုးသားတို့ အတွက် ကိုယ်တော်ရှင်လုပ်ဆောင်ပေးမယ်လို့ကတိထားခဲ့တဲ့အရာအားလုံးရဲ့ စာရင်းတစ်ခုကို ပြုလုပ်ကြဖို့ သင်တို့ကို ကျွန်တော်တိုက်တွန်းပါတယ်။ သင်တို့အံ့အားသင့်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ ဒီကတိတော်တွေကို မှတ်ကျုံး၍စဉ်းစားပါ။ အဲဒါတွေအကြောင်းကို သင့်မိသားစု၊ မိတ်ဆွေတွေနဲ့ဆွေးနွေးပါ။ အဲဒီနောက်၊ သင်ကိုယ်တိုင်ရဲ့ဘဝမှာ ဒီကတိတော်တွေပြည့်စုံစေမှာကို စောင့်ကြည့်ပါ။

ကျွန်တော့်ချစ်သောညီအစ်ကိုမောင်နှမများခင်ဗျာ၊ သင်တို့ရဲ့ဘဝတွေမှာ ဘုရားသခင်အနိုင်ရစေရန် အခွင့်ပေးဖို့ ရွေးချယ်ကြတာနဲ့အမျှ၊ ကျွန်တော်တို့ရဲ့ဘုရားသခင်ဟာ “အလွန်တရာအံ့ဩဖွယ်တို့ရဲ့ ဘုရားသခင်တစ်ပါး”၂၃ဖြစ်တယ်ဆိုတာ သင်တို့ကိုယ်တိုင် ကြုံတွေ့ကြရ ပါလိမ့်မယ်။ လူမျိုးတစ်မျိုးအနေနဲ့၊ ကျွန်တော်တို့ဟာ သူ့ရဲ့ ပဋိညာဉ်ခံသားသမီးတွေဖြစ်ကြပါတယ်၊ ပြီးတော့ သူ့နာမတော်အားဖြင့် အခေါ်ခံကြရမှာဖြစ်ပါတယ်။ ဒီအကြောင်းကို ယေရှုခရစ်တော်၏ သန့်ရှင်းမွန်မြတ်သောနာမတော်အားဖြင့် ကျွန်တော်သက်သေခံပါတယ်၊ အာမင်။

မှတ်စုများ

  1. တမန်တော်တပါးအဖြစ် ကျွန်တော့်ရဲ့ ၃၆ နှစ်ကာလအတွင်းမှာ ကျွန်တော်ပြောခဲ့တဲ့ အမှာစကား ၈၀၀ ကျော်မှာ ဣသရေလအကြောင်းကို အနည်းဆုံး ၃၇၈ ကြိမ်ပြောခဲ့ပါတယ်။

  2. ဟေဗြဲဘာသာမှာ၊ အာဗြံဆိုတာ မြင့်မြတ်သောအမည်တစ်ခုဖြစ်ပြီး “ချီးမြှောက်ခံရသောအဘ” လို့အဓိပ္ပာယ်ရပါတယ်။ ဒါပေမယ့် ဘုရားသခင်က အဲဒီအမည်ကို အာဗြဟံလို့ ပြောင်းတဲ့အခါမှာ အဲဒီအမည်က ပိုပြီးတော့တောင် ကြီးစွာအရေးပါလာခဲ့ပြီး၊ “အလုံးအရင်းတို့ရဲ့ အဘ” လို့ အဓိပ္ပာယ်ရပါတယ်။ အမှန်စင်စစ်၊ အာဗြဟံဟာ “များစွာသောလူမျိုးတို့ရဲ့ အဘ” ဖြစ်ရမှာပါ။ (ကမ္ဘာဦးကျမ်း ၁၇:၅နေဟမိ ၉:၇ တွင်ကြည့်ပါ။)

  3. လောက၏ကယ်တင်ရှင်သည် အာဗြဟံ၏အမျိုးအနွယ်၌ မွေးဖွားမည့်အကြောင်း၊ အချို့ပြည်များကို အမွေခံမည့်အကြောင်း၊ ခပ်သိမ်းသောပြည်သားတို့သည် အာဗြဟံ၏မျိုးရိုး အားဖြင့် ကောင်းချီးခံစားရမည့်အကြောင်း ကိုယ်တော်ရှင်ဘုရားသခင်ယေဟောဝါသည် အာဗြဟံနှင့် ပဋိညာဉ်ပြုခဲ့ပါသည် (သမ္မာကျမ်းအဘိဓာန်၊ “အာဗြဟံ၊ ပဋိညာဉ်၏” တွင်ကြည့်ပါ)။

  4. သမ္မာကျမ်းအဘိဓာန် “ဣသရေလ” တွင်ကြည့်ပါ။

  5. ဣသရေလ စကားလုံးသည် ကျမ်းစာများ၌ အကြိမ်တစ်ထောင်ကျော်ပါရှိပါသည်။ ထိုအရာမှာ ယာကုပ်၏ (ဣသရေလ၏) သား ၁၂ ယောက်၊ နှင့်အတူ သမီးများ ပါသော မိသားစုကို ရည်ညွှန်းပါသည် (ကမ္ဘာဦးကျမ်း ၃၅:၂၃-၂၆၄၆:၇ တွင်ကြည့်ပါ)။ ဒီနေ့မှာ ပထဝီသဘောအရ ကမ္ဘဂြိုဟ်ပေါ်ရှိနေရာတစ်ခုကို ရည်ညွှန်းပါသည်။ ဒါပေမယ့် ဩဝါဒဆိုင်ရာအသုံးပြုမှုမှာ မိမိတို့ဘဝ၌ ဘုရားသခင်အနိုင်ရစေရန် အခွင့်ပေးဖို့ လိုလိုလားလားရှိကြတဲ့လူမျိုးတွေကို ဆိုလိုပါတယ်။

  6. ကမ္ဘာဦးကျမ်း ၃၂:၃၀ကမ္ဘာဦးကျမ်း ၃၂:၃၁ မှာ ပေနွေလ လို့လည်း စာလုံးပေါင်းထားပါတယ်။

  7. ကမ္ဘာဦးကျမ်း ၃၂:၂၈တွင်ကြည့်ပါ။

  8. ကမ္ဘာဦးကျမ်း ၃၅:၁၁-၁၂ တွင်ကြည့်ပါ။

  9. ထပ်တိုး လေ့လာခြင်းအတွက်၊ အရပ်ဒေသလမ်းညွှန်၊ “ဣသရေလ၊ ၏ကွဲပြားပြန့်ကျဲခြင်း။”

  10. ဟေရှာယ ၅၄:၇.

  11. ဟေရှာယ ၁၁:၁၁-၁၂၂ နီဖိုင်း ၂၁:၁၁-၁၂မောဇိယ ၁၅:၁၁ တွင်ကြည့်ပါ။

  12. Encyclopedia of Mormonism (၁၉၉၂), “Covenant Israel, Latter-Day,” ၁:၃၃၀-၃၁ တွင်ကြည့်ပါ။

  13. ကျွန်တော်တို့တတွေ ဣသရေလအမျိုးသားတို့ကို စုဝေးခြင်းမှာ ပါဝင်ကြတာနဲ့အမျှ၊ စုဝေးပြီးနေတဲ့သူတွေကို ဖော်ပြရာ အံ့ဩဖွယ်နည်းလမ်း ကိုယ်တော်ရှင်မှာရှိပါတယ်။ သူက ကျွန်တော်တို့တစ်စုတစ်ပေါင်းတည်းကို သူ့ရဲ့ “တစ်မူထူးသောဘဏ္ဍာ” အဖြစ်ရည်ညွှန်းပါသည် (ထွက်မြောက်ရာကျမ်း ၁၉:၅ဆာလံကျမ်း ၁၃၅:၄၊ သူ့ “ရတနာများ”အဖြစ် (မာလခိအနာဂတ္တိကျမ်း ၃:၁၇ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၀၁:၃ )၊ သန့်ရှင်းသောလူမျိုး (ထွက်မြောက်ရာကျမ်း ၁၉:၆တရားဟောရာကျမ်း ၁၄:၂၂၆:၁၈ တွင်လည်းကြည့်ပါ)

  14. ဤစကားစုသည် ဘုရားသခင် အာဗြဟံနှင့် ပြုတော်မူခဲ့သည် ပဋိညာဉ်အမှန်ကို ရည်ညွှန်းပါသည်၊ မိန့်တော်မူသည်ကား “သင်၏အမျိုးအနွယ်အားဖြင့် မြေကြီးပေါ်ရှိ အမျိုးစုခပ်သိမ်းတို့ ကောင်းချီးခံစားရကြလိမ့်မည်” (၃ နီဖိုင်း ၂၀:၂၇)။ ပဋိညာဉ်၌မွေးဖွားခြင်း ဆိုသည်မှာ လူတစ်ဦးမမွေးဖွားမီ၊ ထိုလူ၏ အမိနှင့် အဘသည် ဗိမာန်တော်ထဲ၌ တံဆိပ်ခတ်ထားသည်ဟု ဆိုလိုပါသည်။

  15. ထိုကဲ့သို့သောကတိမျိုးကို ဘုရားသခင်က အာဗြဟံကို သွန်သင်ပေးခဲ့ပါသည်၊ “ဤဧဝံဂေလိတရားတော်ကို လက်ခံမည့်သူမှန်သမျှသည် သင်၏အမည်အတိုင်း အခေါ်ခံရလိမ့်မည်၊ သင်၏အမျိုးအနွယ်အဖြစ်လည်း မှတ်ယူခံရလိမ့်မည်၊ သင့်ကိုလည်း သူတို့၏အဘအဖြစ် ထ၍ ကောင်းချီးပေး ကြလိမ့်မည်” (အာဗြဟံ ၂:၁၀ရောမဩဝါဒစာ ၈:၁၄-၁၇ဂလာတိ ဩဝါဒစာ ၃:၂၆-၂၉)။

  16. သစ္စာရှိသောအသင်းသားတိုင်းသည် အမျိုးစုအဘကောင်းချီးမင်္ဂလာကို တောင်းဆိုနိုင်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်၏လမ်းပြလှုံ့ဆော်မှုအားဖြင့်၊ အမျိုးစုအဘကောင်းချီးပေးသူသည် ဣသရေလအမျိုးသားတို့၌ ထိုသူ၏မျိုးရိုးကို ကြေညာပါသည်။ ထိုကြေညာချက်မှာ သူသို့မဟုတ် သူမ၏ မျိုးနွယ်၊ လူမျိုး၊ သို့မဟုတ် မျိုးရိုးဇာတိအကြောင်းထုတ်ပြန်ချက်တစ်ခု ဖြစ်ရန်မလိုပါ။ အမှန်စင်စစ်၊ ကြေညာထားတဲ့မျိုးရိုးက တစ်ဦးချင်းရရှိမယ့် သူသို့မဟုတ် သူမရဲ့ ကောင်းချီးမင်္ဂလာများရရှိရာ ဣသရေလအမျိုးစုကို ခွဲခြားသတ်မှတ်ပေးပါတယ်။

  17. ၂ နီဖိုင်း ၂၆:၃၃

  18. မောဇိယ ၁၅:၇ တွင်ကြည့်ပါ။ ဣသရေလအမျိုးဖြစ်ရခြင်းဟာ စိတ်နှလုံးသတ္တိနည်းခြင်း မဟုတ်ပါဘူး။ အာဗြဟံရဲ့ အမျိုးအနွယ်အတွက် ဘုရားသခင်မှာရှိတဲ့ကောင်းချီးမင်္ဂလာခပ်သိမ်းကို ရရှိဖို့ဖြစ်ပါတယ်၊ ကျွန်တော်တို့အယောက်တိုင်း ကျွန်တော်တို့ကိုယ်တိုင်ရဲ့ တစ်မူထူးတဲ့ “အာဗြဟံနဲ့ဆိုင်သော စမ်းသပ်မှု” ပေးတာကို ခံရဖို့ မျှော်လင့်နိုင်ပါတယ်။ ပရောဖက်ဂျိုးဇက်စမစ်သွန်သင်ခဲ့သလိုပါပဲ၊ ကျွန်တော်တို့ရဲ့ တကယ့်အသည်းညှာကို ဆွဲလိမ်ခြင်းအားဖြင့် ဘုရားသခင်က ကျွန်တော်တို့ကို စမ်းသပ်ပါလိမ့်မယ်။ Teachings of Presidents of the Church: Joseph Smith [၂၀၀၇], ၂၃၁)ရှိ ဂျွန်တေလာ၏ ပြန်လည်စုဆောင်းခြင်း တွင်ကြည့်ပါ။

  19. မောဇိယ ၃:၁၉တွင်ကြည့်ပါ။

  20. တိမောသေဩဝါဒစာ ဒုတိယစောင် ၃:၁-၁၃ တွင်ကြည့်ပါ။

  21. ၁ နီဖိုင်း ၁၇:၄၀၊ အထူးပြုချက် ပေါင်းထည့်ထားသည်။

  22. ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၉၈:၃၇ဆာလံကျမ်း ၃၁:၂၃ဟေရှာယ ၄၉:၂၅ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၀၅:၁၄ တွင်လည်းကြည့်ပါ။

  23. မော်မုန် ၉:၁၁

ပုံနှိပ်သည်