လူငယ်တို့အတွက် ခွန်အား
စွမ်းအားကြီးမားသည့်ဆက်ဆံရေး
သြဂုတ် ၂၀၂၄


လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ဩဂုတ် ၂၀၂၄

စွမ်းအားကြီးမားသည့် ဆက်ဆံရေး

ပဋိညာဉ်ဆိုတာ စာချုပ်တစ်ခုထက်ပိုပါတယ်၊ အဲဒါက ဆက်ဆံရေးတစ်ခုဖြစ်ပါတယ်။

ရုပ်ပုံ
အစိမ်းရောင်ထိုင်ခုံများ

အာဂျင်တီးနားက ကျွန်မတို့ရဲ့အိမ်မှာ ကျွန်မမိသားစုကို သင်တုန်းက အသင်းလူကြီး ပီစတုန်းနဲ့ အသင်းလူကြီး မိုရာစကိုတို့ ထိုင်ခဲ့တဲ့ အစိမ်းရောင်ထိုင်ခုံတွေရဲ့ ပုံတစ်ပုံ ကျွန်မမှာ ရှိပါသေးတယ်။ သူတို့တွေက ဝိညာဉ်စွမ်းအားအများကြီးနဲ့သင်ကြလို့ ကျွန်မရဲ့ ၁၀နှစ်အရွယ်အစ်မနဲ့ ၉နှစ်အရွယ်ကျွန်မက သူတို့ပြန်သွားတိုင်း ထိုင်ခုံတွေကိုထိဖို့ ပြေးသွားကြပါတယ်၊ အဲဒီစွမ်းအားတွေက ကျွန်မတို့ဆီ ပွတ်တိုက်သွားလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။

မကြာခင်မှာ ကျွန်မသင်ယူခဲ့ရတာကတော့ အဲဒီစွမ်းအားတွေက ထိုင်ခုံတွေဆီကလာတာမဟုတ်ဘဲ ဘုရားသခင်နဲ့ယေရှုခရစ်တော်တို့နဲ့ပြုထားတဲ့ ပဋိညာဉ်ဆက်ဆံရေးကနေလာတာဖြစ်ပါတယ်။

ကျွန်မရဲ့ ဗတ္တိဇံခံခြင်းအတွေ့အကြုံ

ကျွန်မရဲ့ ပထမဆုံးပဋိညာဉ်ကို နိုဝင်ဘာ ၁၃ရက်၊ ၁၉၇၇ ခုနှစ်မှာ ပြုလုပ်ခဲ့ပါတယ်။ ကျွန်မရဲ့ ဗတ္တိဇံခံခြင်းအကြောင်းကို သိပ်မမှတ်မိပါဘူး၊ ဒါပေမယ့် အသင်းလူကြီး ပီစတုန်းက ကျွန်မကို ရေထဲရောက်အောင်ကူညီခဲ့ပြီး ကျွန်မဆံပင်တွေစိုနေတုန်းမှာ အသင်းလူကြီး မိုရာစကိုက ကျွန်မကို အတည်ပြုခဲ့တာကိုတော့ သေချာမှတ်မိပါတယ်။ အသင်းတော်စုအသစ်က သူငယ်ချင်းတွေက အာဂျင်တိုင်းသားတွေရဲ့ ပုံစံအတိုင်း ဖက်ကြနမ်းကြတဲ့အခါ ကျွန်မခံစားခဲ့ရတဲ့ ပျော်ရွှင်မှုနဲ့ ကောင်းကင်ဘုံရှင်အဘရဲ့ သစ္စာရှိသမီးတစ်ယောက်ဖြစ်ဖို့ ခိုင်မာတဲ့စိတ်ဆန္ဒကိုလည်း ကျွန်မသေချာမှတ်မိပါတယ်။

ရုပ်ပုံ
ဗတ္တိဇံခံခြင်းအခမ်းအနား၌ မိသားစု

ငယ်ရွယ်သည့် ညီအစ်မ စပန်းနောင့်စ်(အလယ်)နှင့် သူမ၏မိဘများ(ဘယ်)၊ သူမ၏အစ်မ ဆေဗီနာ( ညာဘက်အစွန်)၊နှင့် အသင်းလူကြီး မိုရာစကို

နောက်တော့ ကျွန်မသဘောပေါက်လာတာက ကျွန်မခံစားခဲ့ရတဲ့ ပျော်ရွှင်မှုက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဆုကျေးဇူးကနေလာတယ်ဆိုတာပါပဲ။ ကျွန်မက ဘုရားသခင်နဲ့ပြုထားတဲ့ ပဋိညာဉ်တွေကို သစ္စာရှိရှိစောင့်ထိန်းခဲ့မယ်ဆိုရင်၊ ဝိညာဉ်တော်က ကျွန်မနဲ့အတူရှိလိမ့်မယ်ဆိုတာ သင်ယူခဲ့ရပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်က ဘုရားသခင်နဲ့ယေရှုခရစ်တော်တို့နဲ့ပြုထားတဲ့ ပဋိညာဉ်ဆက်ဆံရေးကနေလာတဲ့ စွမ်းအားကြီးမားတဲ့ကောင်းချီးတွေထဲက တစ်ခုဖြစ်ပါတယ်။

အခုဆိုရင်၊ ကျွန်မရဲ့ ရည်ရွယ်ချက်တွေ၊ အတွေးတွေနဲ့အလုပ်တွေ ပျက်ယွင်းသွားရင်တောင်မှ၊ ကျွန်မမှာ ဆက်လက်ကြိုးစားဖို့ မျှော်လင့်ချက်ရှိနေပါသေးတယ်။ ဘာကြောင့်ပါလဲ။ ဘာလို့လဲဆိုတော့ ပွဲတော်မင်္ဂလာစားသုံးခြင်းက အပတ်တိုင်း ကျွန်မရဲ့ပဋိညာဉ်တွေကို အသစ်ပြန်ဖြစ်အောင်ကူညီပေးပြီး ပဋိညာဉ်အသစ်တွေ ထပ်ပြုနိုင်အောင် ကူညီပေးလို့ပါပဲ။ အဲဒီကောင်းချီးမင်္ဂလာအတွက် ကျွန်မ‌ ကျေးဇူးများစွာတင်ရှိပါတယ်။

နွေးထွေးသော၊ ပဋိညာဉ်ဆက်ဆံရေး

ပဋိညာဉ်တွေက ကျွန်မတို့နဲ့ဘုရားသခင်ကြားမှာ အသွားအပြန်ကတိတွေလို့ ကျွန်မတို့ မကြာခဏ ကြားဖူးပါတယ်။ အဲဒါကမှန်ပေမယ့်၊ အကုန်လုံးတော့မဟုတ်ပါဘူး။ လက်တွေ့မှာတော့၊ “ပဋိညာဉ်စောင့်ထိန်းခြင်းက အေးစက်တဲ့စီးပွားရေးအပေးအယူတစ်ခုမဟုတ်ဘဲ နွေးထွေးတဲ့ ဆက်ဆံရေးတစ်ခုဖြစ်ပါတယ်။”

အဲဒါဆိုရင် ကောင်းကင်ဘုံရှင်အဘနဲ့ ကယ်တင်ရှင်တို့နဲ့ ပဋိညာဉ်ဆက်ဆံရေးတစ်ခုကို ဘယ်လိုဖန်တီးမှာပါလဲ။ သူတို့တွေက သင့်ကို စုံလင်စွာချစ်ပြီးသားဖြစ်ပြီး သင့်ကိုကောင်းချီးပေးလိုပါတယ် (ရှု ၃ နီဖိုင်း ၁၄း၁၁)။ ဒါပေမယ့် အသွားအပြန်ဆက်ဆံရေးဆိုတာ နှစ်ဖက်စလုံးက အချိန်နဲ့ချစ်ခြင်းမေတ္တာကို လိုအပ်ပါတယ်။

သင်က သူတို့နဲ့ အချိန် ပိုပြီးကုန်ဆုံးချင်ပါသလား။ သူတို့လုပ်တဲ့အရာတွေကို သင်လုပ်တဲ့အခါ၊ သင်ကသူတို့နဲ့အတူ လျှောက်လှမ်းနေတာပါပဲ။ အဲဒါတွေက ခက်ခဲပင်ပန်းတဲ့အချိန်မှာ သူငယ်ချင်းတစ်ယောက်ကို နားထောင်ပေးတာ၊ မွေးချင်းတစ်ယောက် ဒါမှမဟုတ် အပယ်ခံလိုခံစားနေရတဲ့ တစ်ယောက်ယောက်နဲ့ ကစားဖို့ အချိန်ပေးတာလိုမျိုး ရိုးရှင်းပါတယ်။ မကြာသေးခင်က၊ ကျွန်မက အထီးကျန်နေတဲ့ အာဂျင်တီးနားက သူငယ်ချင်းတစ်ဦးဆီကို အသံမက်ဆေ့ချ်နဲ့ စာတွေပို့ခြင်းအားဖြင့် ဘုရားသခင်နဲ့အတူလျှောက်လှမ်းရင်း အချိန်ကုန်ခဲ့ပါတယ်။ ကျွန်မရဲ့ ဗိမာန်တော်ထောက်ခံချက်ကိုလည်း အမြဲတမ်းသုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်၊ အဲဒါမှသာ ကိုယ်တော်ရှင်နဲ့ သူ့ရဲ့မြင့်မြတ်တဲ့အိမ်တော်မှာ အချိန်ကုန်ဆုံးနိုင်မှာဖြစ်ပါတယ်။ ကောင်းကင်ဘုံရှင်အဘနဲ့ သင့်ရဲ့ကယ်တင်ရှင်နဲ့အချိန်ကုန်ဆုံးဖို့ သင့်ကိုကူညီနိုင်မယ့် နည်းလမ်းတွေအတွက် သင်က ဆုတောင်းနိုင်ပါတယ်။

သူတို့ကို သင်ဂရုစိုက်ကြောင်း ပြသချင်ပါသလား။ သင်ပဋိညာဉ်ပြုထားတဲ့ ပညတ်တော်တွေကို စည်းကမ်းစာရင်းတစ်ခုမဟုတ်ဘဲ သင့်ရဲ့ချစ်ခြင်းကို ပြသဖို့ နည်းလမ်းတစ်ခုအဖြစ် အသုံးပြုပါ။ ဥပမာအားဖြင့်၊ ကျန်းမာရေးဥပဒေကိုလိုက်နာဖို့၊ ကျန်းမာတဲ့အစားအသောက်တွေချက်ဖို့ ကျွန်မသင်ယူခဲ့ပါတယ်။ အခု ကျွန်မရဲ့သမီးတွေကိုလည်း အလားတူလုပ်ဖို့ သွန်သင်ပေးနေပါတယ်။ သင်ကဘုရားသခင်ရဲ့ပညတ်တော်တွေကို လိုလိုလားလားစောင့်ထိန်းခဲ့မယ်ဆိုရင်၊ သူနဲ့ကယ်တင်ရှင်အပေါ်မှာထားရှိတဲ့ချစ်ခြင်းက ကြီးထွားလာမှာဖြစ်ပါတယ်။

ကောင်းကင်ဘုံရှင်အဘနဲ့ယေရှုခရစ်တော်တို့နဲ့ပြုထားတဲ့ ကျွန်မတို့ရဲ့ ပဋိညာဉ်ဆက်ဆံရေးတွေက သူတို့ကို ပိုပြီးသိရှိလာဖို့နဲ့ ကျွန်မတို့ရဲ့ ဘဝထဲမှာ သူတို့ရဲ့စွမ်းအားတွေကို ပိုမိုရရှိဖို့ ကူညီပေးပါတယ်၊ အဲဒါက အစိမ်းရောင်ထိုင်ခုံတစ်စုံကပေးနိုင်တဲ့ အရာတွေထက် အဆုံးအစမဲ့များပြားပါတယ်။ ပြီးတော့ အဲဒီစွမ်းအားက ကျွန်မတို့ကို ထာဝရပြောင်းလဲစေပါတယ်။

မှတ်စု

  1. အန် အမ်၊ မက်ဆင်၊ ထရူမန် ဂျီ မက်ဆင် ထဲမှ ၊ The Temple: Where Heaven Meets Earth (၂၀၀၈)၊ ၆၉။

ပုံနှိပ်သည်