၂၀၂၀
သူ့ကိုကြားနာလော့
၂၀၂၀ ခုနှစ်မေလ


ရုပ်ပုံ
အမှုတော်ထမ်းဆောင်ခြင်း

ဓာတ်ပုံ မာဆင် ကိုဘာလီ

ပထမဥက္ကဌအဖွဲ့အမှာစကား၊ မေ ၂၀၂၀

သူ့ကိုကြားနာလော့

ကျွန်တော်တို့ မသေချာမှု၊ ကြောက်ရွံ့မှုတို့နှင့် ဝိုင်းရံခံရသည့်အချိန်၌ ကျွန်တော်တို့ကို အကောင်းဆုံးကူညီမည့်အရာမှာ သူ့သားတော်ကို နားထောင်ရန် ဖြစ်ကြောင်းကို ကျွန်တော်တို့၏အဘ သိပါသည်။

ကျွန်တော်၏ချစ်သော ညီအစ်ကိုမောင်နှမများခင်ဗျာ၊ နည်းပညာအသုံးပြုခြင်းအားဖြင့် ဒီတနင်္ဂနွေနေ့မနက်မှာ ကျွန်တော်တို့ အတူတကွတွေ့ဆုံပြီး ကိုးကွယ်နိုင်ခဲ့တာကို ကျွန်တော်အင်မတန်ကျေးဇူးတင်ရှိပါသည်။ ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို မြေကြီးပေါ်သို့ ပြန်လည်ဆောင်ယူထားပြီးပြီဆိုတာကို သိရခြင်းသည် ကျွန်တော်တို့ကောင်းချီးခံစားရခြင်းဖြစ်ပါသည်။

လွန်ခဲ့သောသီတင်းပတ်များစွာ၌၊ ကျွန်တော်တို့အများစုသည် ဘဝမှာ ဖရိုဖရဲဖြစ်ခြင်းတွေကို တွေ့ကြုံခဲ့ကြရပါသည်။ ငလျင်ဘေး၊ မီးဘေး၊ ရေဘေး၊ ကပ်ရောဂါဘေးများနှင့် ၎င်းတို့၏ အကျိုးဆက်များသည် ပုံမှန်လည်ပတ်မှုများကို နှောင့်ယှက်ခဲ့ပြီး၊ အစားအစာ၊ အဓိကကုန်စည်များနှင့် သိုလှောင်မှု ပြတ်တောက်မှုများ ကိုဖြစ်စေခဲ့ပါသည်။

ဤအရာအားလုံးကြား၌၊ သင်တို့ကို ကျွန်တော်တို့ မှာကြား၍၊ ဤကသောင်းကနင်းကာလ၌ အထွေထွေညီလာခံမှာ ကျွန်တော်တို့နှင့် ပူးပေါင်းခြင်းအားဖြင့် ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်ကို နားထောင်ရန် ရွေးချယ်ခြင်းအတွက် သင်တို့ကို ကျေးဇူးတင်ပါသည်။ အတိဒုက္ခနှင့်အတူ တွဲပြီးပါလာသည့် တိုးနေသော မှောင်မိုက်ခြင်းသည် ယေရှုခရစ်တော်၏ အလင်းကို သာ၍ပင်တောက်ပစေပါသည်။ ဤတစ်ကမ္ဘာလုံးဆိုင်ရာ ဝရုန်းသုန်းကား အပြောင်းအလဲ ကာလအတွင်း၌ ကျွန်တော်တို့အယောက်တိုင်း ပြုလုပ်နိုင်တဲ့ ကောင်းမှု အကြောင်းကိုသာ စဉ်းစားကြည့်ပါ။ ကယ်တင်ရှင်၌ သင်တို့၏ချစ်ခြင်းနှင့် ယုံကြည်ခြင်းတို့သည် တစ်စုံတစ်ယောက်အတွက် ယေရှုခရစ်တော်၏ ပြန်လည်ဆောင်ယူထားသော ဧဝံဂေလိတရားတော်အပြည့်အစုံကို ရှာဖွေရန် ဓာတ်ကူပစ္စည်းကောင်းကောင်းဖြစ်နိုင်ပါသည်။

လွန်ခဲ့သောနှစ်နှစ်တွင်၊ ညီအစ်မနယ်လဆင်နှင့် ကျွန်တော်သည် ကမ္ဘာတစ်ဝန်းမှ ထောင်ပေါင်းများစွာသောသင်တို့နှင့် တွေ့ဆုံခဲ့ပါသည်။ ကျွန်တော်တို့သည် သင်တို့ကို အပြင်ကွင်းများနှင့် ဟိုတယ်ခန်းမများ၌ တွေ့ဆုံရန်ဖိတ်ခေါ်ခဲ့ကြပါသည်။ နေရာတစ်ခုချင်းစီ၌၊ ကျွန်တော်သည် ကိုယ်တော်ရှင်၏ရွေးကောက်ထားသောသူများ၏ မျက်မှောက်မှာရောက်နေကြောင်းနှင့် ဣသရေလအမျိုးသားတို့စုဝေးခြင်းကို ကျွန်တော့မျက်စိရှေ့မှာ မြင်နေရကြောင်း ခံစားမိခဲ့ပါသည်။

“ကျွန်တော်တို့၏ ဘိုးဘေးတို့ စိတ်အားထက်သန်သောမျှော်လင့်ခြင်းဖြင့် စောင့်ခဲ့ကြလေသည့်” နေ့ရက်၌ ကျွန်တော်တို့နေကြပါသည်။ “ဘုရားသခင့်သိုးသငယ်၏တန်ခိုးတော်” သည် မြေကြီးမျက်နှာပြင်ပေါ်၌ ကွဲပြားပြန့်ကျဲကြလေသည့် ကိုယ်တော်ရှင်၏ ပဋိညာဉ်ခံလူမျိုးတို့အပေါ် သက်ရောက်တော်မူလိမ့်မည်။ သူတို့သည် ဖြောင့်မတ်ခြင်းနှင့်လည်းကောင်း၊ ကြီးစွာသောဘုန်းတော်ရှိသည့် ဘုရားသခင်၏ဘုန်းတော်နှင့်လည်းကောင်း စွဲကိုင်ထားကြ၏ ဟူသော ရူပါရုံဖြင့်သာ၊ ပရောဖက်နီဖိုင်းမြင်ခဲ့သည့်အရာကို သက်သေခံရန်အသက်ရှင်ဖို့ ကျွန်တော်တို့ရှေ့တန်း၌ ရှိကြပါသည်။

သင်တို့၊ ကျွန်တော်၏ညီအစ်ကိုမောင်နှမများသည် နီဖိုင်းမြင်ခဲ့သည့် ထိုယောက်ျား၊ မိန်းမနှင့် ကလေးများကြား၌ ရှိကြပါသည်။ ထိုအကြောင်းကို စဉ်းစားကြည့်ပါ။

သင်တို့မည်သည့်နေရာ၌ နေသည်ဖြစ်စေ၊ သို့မဟုတ် သင်တို့၏အခြေအနေများ မည်သို့ရှိသည်ဖြစ်စေ၊ ကိုယ်တော်ရှင်ယေရှုခရစ်တော်သည် သင်တို့၏ ကယ်တင်ရှင်ဖြစ်ပါသည် ၊ ဘုရားသခင်၏ပရောဖက် ဂျိုးဇက်စမစ်သည် သင်တို့၏ပရောဖက် ဖြစ်ပါသည်။ သူသည် သန့်ရှင်းသူတို့ထံမှ “အဘယ်အရာကိုမျှ မဆီးတားမည့်” အချိန်၊ ဤနောက်ဆုံးသာသနာအတွက် ပရောဖက်တစ်ပါးအဖြစ် မြေကြီးအုတ်မြစ်မချမီက ကြိုတင်ခန့်ထားခံခဲ့ရပါသည်။ ဤဆက်၍ဖြစ်နေသော ပြန်လည်ဆောင်ယူခြင်းလုပ်ငန်းစဉ်ကာလအတွင်း၌ ဗျာဒိတ်တော်သည် ကိုယ်တော်ရှင်ထံမှ ဆက်၍လာစီးဆင်းလာနေပါသည်။

ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို မြေကြီးသို့ ပြန်လည်ဆောင်ယူထားသည်ဆိုသည်မှာ သင်တို့အတွက် မည်သို့ ဆိုလိုပါသနည်း။

ထိုအရာမှာ သင်နှင့်သင်၏မိသားစု ကာလအစဉ်အဆက်အတူတကွတံဆိပ်ခတ်နိုင်သည်ဟု ဆိုလိုပါသည်။ ထိုအရာမှာ သင်တို့သည် ယေရှုခရစ်တော်ထံမှ အခွင့်အာဏာရှိသူအားဖြင့် ဗတ္တိဇံခံ၍၊ သူ့အသင်းတော်၏ အသင်းသားတစ်ဦးအဖြစ် အတည်ပြုခံထားရသောကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ ပုံမှန်အဖော်ပြုခြင်းဖြင့် မွေ့လျော်နိုင်ပါသည်။ သူသည် သင်တို့ကို လမ်းညွှန်၍ ကာကွယ်ပါလိမ့်မည်။ ထိုအရာမှာ သင်တို့သည် သက်သာခြင်းမရှိဘဲ၊ သို့မဟုတ် သင်တို့ကို ကူညီဖို့ ဘုရားသခင်၏တန်ခိုးတော်သို့ အခွင့်အလမ်းမရှိဘဲ အဘယ်တော့မျှမနေရစ်ရဟု ဆိုလိုပါသည်။ ထိုအရာမှာ သင်တို့သည် မရှိမဖြစ်လိုအပ်သော ဘိသိက်မင်္ဂလာများကို ရရှိပြီး၊ ဘုရားသခင်နှင့် ပဋိညာဉ်များပြု၍ စောင့်ထိန်းကြသမျှ၊ ယဇ်ပုရောဟိတ်အခွင့်တန်ခိုးက သင်တို့ကို ကောင်းချီးပေးနိုင်သည်ဟု ဆိုလိုပါသည်။ အထူးသဖြင့် မိုးသက်မုန်တိုင်းထန်နေသည့် ဤကာလများအတွင်း၌ ကျွန်တော်တို့၏ စိတ်ဝိညာဉ်များအဖို့ မှီခိုအားထားရာတစ်ခုဖြစ်ပါသည်။

မော်မုန်ကျမ်းသည် အဓိကယဉ်ကျေးမှုနှစ်ခု၏ စံပြုထိုက်သော အတက်အကျကို မော်ကွန်းတင်ပါသည်။ လူမျိုးအများစုတို့ ဘုရားသခင်ကို မေ့လျော့ရန်၊ ကိုယ်တော်ရှင်၏ပရောဖက်များ၏ သတိပေးချက်များကို ငြင်းပယ်ရန်၊ အာဏာ၊ ကျော်ကြားမှုနှင့် ဇာတိကိုယ်ခန္ဓာ၏သာယာမှုများကို ရှာရန် အဘယ်မျှလွယ်ကူကြောင်းကို သူတို့၏သမိုင်းက သရုပ်ဖော်ပြပါသည်။ ထပ်ခါထပ်ခါပင်၊ ရှေးပရောဖက်များက “လူမျိုးတို့ထံသို့ သူတို့မယုံကြည်သည့် ကြီးမြတ်ပြီး အံ့ဩဖွယ်ကောင်းသည့်အရာတို့ကို” ဟောကြားခဲ့ပါသည်။

ထိုအရာမှာ ကျွန်တော်တို့ခေတ်နှင့် ခြားနားခြင်းမရှိပါ။ နှစ်များစွာတစ်လျှောက်မှာ၊ ကြီးမြတ်ပြီး အံ့ဩဖွယ်ကောင်းသည့်အရာတို့ကို ကမ္ဘာတစ်ဝန်းရှိ ဆက်ကပ်ထားသောတရားဟောစင်များမှ ကြားခဲ့ကြရပြီးပါပြီ။ သို့သော်လည်း၊ လူအများစုက အမှန်တရားတွေကို ထွေးပွေ့ကြပါဘူး—ဘယ်နေရာမှာ ရှာရမယ်ဆိုတာ မသိသောကြောင့် သို့မဟုတ် ပြည့်စုံသောအမှန်တရားမရှိသူများကို နားထောင်နေသောကြောင့် သို့မဟုတ် လောကီအရာတွေနောက်ကိုလိုက်ခြင်း၌ ဦးစားပေး၍ အမှန်တရားကို ငြင်းပယ်ခြင်းကြောင့်ဖြစ်ပါသည်။

မာရ်နတ်သည် ပါးနပ်ပါသည်။ နှစ်ထောင်ပေါင်းများစွာကပင်၊ သူသည် အကောင်းကို အဆိုးထင်စေရန်နှင့် အဆိုးကို အကောင်းထင်စေရန်ပြုလုပ်နေခဲ့ပါသည်။ သူ၏သတင်းစကားများမှာ ကျယ်လောင်တတ်၊ ရဲတင်းတတ်၊ ဝါကြွားတတ်ပါသည်။

သို့သော်လည်း၊ ကောင်းကင်ဘုံရှင်အဘထံမှ သတင်းစကားများမှာ သိသာထင်ရှားစွာကွဲပြားခြားနားပါသည်။ သူက ရိုးရှင်းစွာ၊ တိတ်ဆိတ်စွာ၊ ထို့အတူ သူ့ကို ကျွန်တော်တို့ နားလည်မှုမလွဲနိုင်သည့် အလွန်လှပသောရှင်းလင်းခြင်းဖြင့် မြွက်ဆိုတော်မူပါသည်။

ဥပမာအားဖြင့်၊ သူ၏တစ်ပါးတည်းသောသားတော်ကို မြေကြီးပေါ်၌ လူ့ဇာတိသားတို့နှင့် တွေ့ဆုံပေးသည့်အခါတိုင်းတွင် သူသည် အလွန်မှတ်သားလောက်သောစကားအနည်းငယ်ဖြင့်သာ မိန့်တော်မူခဲ့ပါသည်။ ပြောင်းလဲခြင်းတောင်ပေါ်၌ ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့အား ဘုရားသခင်က၊ “ဤသူသည် ငါ၏ချစ်သားဖြစ်၏၊ သူ့ကို ကြားနာလော့” ဟု မိန့်တော်မူခဲ့ပါသည်။ ရှေးအလျှံပယ်ပြည်ရှိ နီဖိုင်းအမျိုးသားများသို့ သူ၏စကားများမှာ ၁၀”ငါအလွန် နှစ်သက်တော်မူရာ၊ ငါ၏နာမတော်ကို ငါချီးမြှောက်တော်မူရာ ငါ၏ချစ်သားကို ကြည့်ရှုဆင်ခြင်ကြလော့—သူ့ကို သင်တို့ကြားနာကြလော့” ဟု ဖြစ်ပါသည်။ ဂျိုးဇက်စမစ်ကိုလည်း၊ ဤသာသနာကို ဖွင့်လှစ်သည့် အလွန်လေးနက်သောဟောကြားခြင်း၌၊ ဘုရားသခင် ရိုးရှင်းစွာ မိန့်တော်မူခဲ့သည်မှာ၊ “ဤသူသည် ငါ၏ချစ်သားဖြစ်၏။ သူ့ကို ကြားနာလော့၁၁ဟု ဖြစ်ပါသည်။

ယခုမှာ ကျွန်တော်၏ချစ်သောညီအစ်ကို မောင်နှများခင်ဗျာ၊ မကြာသေးမီက ဖော်ပြခဲ့တဲ့ ဤဝါကျသုံးကြောင်းထဲမှာရှိသည့် အကြောင်းအရာကို စဉ်းစားကြည့်ပါ၊ ခမည်းတော်က သားတော်ကို မိတ်ဆက်မပေးမီတခဏတွင်၊ ထိုနေရာရှိလူတို့မှာ ကြောက်ရွံ့ခြင်းအခြေအနေ၊ အတော်အတန်စိတ်ပျက်ခြင်း၌ ရှိနေကြပါသည်။

တမန်တော်တို့သည် ယေရှုခရစ်တော်အား ပြောင်းလဲခြင်းတောင်ပေါ်၌ တိမ်များဝိုင်းလျက်ရှိသည်ကို မြင်ရသောအခါ ကြောက်ရွံ့ကြပါသည်။

နီဖိုင်းအမျိုးသားတို့သည် ပျက်စီးခြင်းနှင့် မှောင်မိုက်၌ နေ့ပေါင်းများစွာ ကျော်ဖြတ်ခဲ့ကြရသောကြောင့် ကြောက်လန့်ကြပါသည်။

ဂျိုးဇက်စမစ်သည် ကောင်းကင်မပွင့်မီတခဏတွင် မှောင်မိုက်၏ချုပ်ကိုင်ခြင်း၌ ရှိခဲ့ပါသည်။

ကျွန်တော်တို့ မသေချာမှု၊ ကြောက်ရွံ့မှုတို့နှင့် ဝိုင်းရံခံရသည့်အချိန်၌ ကျွန်တော်တို့ကို အကောင်းဆုံးကူညီမည့်အရာမှာ သူ့သားတော်ကို နားထောင်ရန် ဖြစ်ကြောင်းကို ကျွန်တော်တို့၏အဘ သိပါသည်။

ကျွန်တော်တို့ကြားနာရန်ကြိုးစားကြသည့်အခါ၊ သူ့သားတော်ကို—အမှန်ကြားနာ—ကြသောကြောင့်၊ ကျွန်တော်တို့သည် အခြေအနေမှန်သမျှ၌ မည်သို့ဆောင်ရွက်ရမည်ကို လမ်းညွှန်ခံကြရပါမည်။

ဩဝါဒနှင့် ပဋိညာဉ်များကျမ်း၌ ပထမဆုံးစကားလုံးမှာ နားထောင်လော့၁၂ဟုဖြစ်ပါသည်။ ဆိုလိုသည်မှာ “လိုက်နာလိုသောရည်ရွယ်ချက်ဖြင့်နားထောင်ရန် ဖြစ်ပါသည်။”13 နားထောင်ဖို့ ဆိုသည်မှာ “သူ့ကိုကြားနာလော့” ဖြစ်ပါသည်—ကယ်တင်ရှင်မိန့်တော်မူသည့်အရာကို ကြားနာ ရန်နှင့် ထို့နောက် သူ၏သွန်သင်ခြင်းကို အာရုံစိုက် ဖို့ ဖြစ်ပါသည်။ ထိုစကားနှစ်လုံး—“သူ့ကိုကြားနာလော့”—၌ ဘုရားသခင်သည် ကျွန်တော်တို့အား ဤဘဝ၌ အောင်မြင်ခြင်း၊ ပျော်ရွှင်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့၏ ပုံစံကို ပေးတော်မူပါသည်။ ကျွန်တော်တို့သည် ကိုယ်တော်ရှင်၏စကားများကို ကြားနာ ကြရပါမည်၊ ထိုစကားများကို နားထောင် ကြရပါမည်၊ ကျွန်တော်တို့ကို သူပြောသည့်အရာကိုလည်း အာရုံစိုက် ကြရပါမည်။

ကျွန်တော်တို့သည် ယေရှုခရစ်တော်၏တပည့်တော်များဖြစ်ရန် ကြိုးစားကြသည်နှင့်အမျှ၊ သူ့ကိုကြားနာ ရန် ကျွန်တော်တို့၏ကြိုပမ်းမှုများမှာ ပို၍ပင်ရည်ရွယ်ချက်ရှိရှိဖြစ်ဖို့ လိုပါသည်။ ကျွန်တော်တို့၏နေ့စဉ်ဘဝများကို သူ၏စကားများ၊ သူ၏သွန်သင်မှုများ၊ သူ၏သမ္မာတရားများနှင့် ဖြည့်ရန် အသိစိတ်ရှိရှိနှင့် ပုံမှန်အားထုတ်မှုလိုအပ်ပါသည်။

လူမှုဆက်သွယ်ရေးကနေရတဲ့ သတင်းအချက်အလက်ပေါ်မှာပဲ ကျွန်တော်တို့အားထားလို့မရနိုင်ပါဘူး။ အွန်လိုင်း၌ လည်းကောင်း၊ မာရ်နတ်၏၊ ဆူညံသော၊ ဆိုးရွားသောအားထုတ်မှုများဖြင့် ပုံမှန်စိမ့်ဝင်နေသည့် ဈေးကွက်ပြည့်လောက၌လည်းကောင်း သန်းထောင်ပေါင်းများစွာသောစကားများရှိနေချိန်မှာ၊ ကျွန်တော်တို့ သူ့ကို ကြားနာဖို့ မည်သည့်နေရာသို့ သွား နိုင် ကြပါသနည်း။

ကျမ်းစာများသို့ ကျွန်တော်တို့ သွားနိုင်ကြပါသည်။ ထိုကျမ်းစာများက ကျွန်တော်တို့ကို ယေရှုခရစ်တော်နှင့် သူ၏ဧဝံဂေလိတရားတော်၊ သူ၏အပြစ်ဖြေခြင်းမင်္ဂလာ၏ အရာရောက်မှု၊ ကျွန်တော်တို့အဘ၏ ကြီးစွာသော ပျော်ရွှင်ခြင်းနှင့်ရွေးနှုတ်ခြင်းအစီအစဉ်တို့အကြောင်းကို သွန်သင်ပေးပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်၌ နေ့စဉ်နှစ်မြှုပ်ခြင်းသည်၊ အထူးသဖြင့် ဝရုန်းသုံးကားအမှုများတိုးပွားနေသော ဤကာလများ၌ ဝိညာဉ်ပကတိရှင်သန်ခြင်းအတွက် အလွန်အရေးကြီးပါသည်။ ကျွန်တော်တို့သည် ခရစ်တော်၏နှုတ်ကပတ်တော်ကို နေ့စဉ် ပွဲခံပျော်မွေ့ကြသည်နှင့်အမျှ၊ ခရစ်တော်၏နှုတ်ကပတ်တော်များသည် ကျွန်တော်တို့ရင်ဆိုင်ရလိမ့်မည်ဟု ဘယ်တုန်းကမျှမတွေးခဲ့မိသော အခက်အခဲများကို ကျွန်တော်တို့ မည့်သို့ တုံ့ပြန်ရမည်ကို ပြောပြပါလိမ့်မည်။

ကျွန်တော်တို့သည် ဗိမာန်တော်ထဲ၌လည်း သူ့ကို ကြားနာ နိုင်ပါသည်။ ကိုယ်တော်ရှင်၏အိမ်တော်သည် သင်ယူခြင်းအိမ်တော်တစ်ခု ဖြစ် ပါသည်။ ထိုနေရာ၌ ကိုယ်တော်ရှင်သည် သူ၏ကိုယ်ပိုင်နည်းလမ်းဖြင့် သွန်သင်ပေးပါသည်။ ထိုနေရာ၌ ဘိသိက်မင်္ဂလာတစ်ခုချင်းစီတိုင်းသည် ကယ်တင်ရှင်အကြောင်းကို သွန်သင်ပေးပါသည်။ ထိုနေရာ၌ ကျွန်တော်တို့ ကန့်လန့်ကာကို ခွဲ၍ ကောင်းကင်ဘုံနှင့် မည်သို့ ပို၍ရှင်းလင်းစွာဆက်သွယ်ရမည်ကို သင်ယူကြပါသည်။ ထိုနေရာ၌ ကျွန်တော်တို့ မာရ်နတ်ကို မည်သို့ အပြစ်တင်၍၊ ကျွန်တော်တို့နှင့် ကျွန်တော်တို့ချစ်သောသူများကို ခွန်အားဖြည့်ပေးရန် ယဇ်ပုရောဟိတ်အခွင့်အာဏာကို မည့်သို့အသုံးချရန် သင်ယူကြပါသည်။ ကျွန်တော်တို့အယောက်တိုင်း အဲဒီနေရာမှာ ခိုလှုံရာကို ရှာဖို့အလွန်စိတ်အားထက်သန်ကြရပါမည်။

ဤ ယာယီ ကိုဗစ်-၁၉ အကန့်အသတ်များမှ လွတ်မြောက်သွားသောအခါ၊ ဗိမာန်တော်ထဲ၌ ဝတ်ပြုရန်နှင့် အစေခံရန် ပုံမှန်အချိန်ကို ကျေးဇူးပြု၍ အစီအစဉ်ရေးဆွဲကြပါ။ ထိုအချိန်မိနစ်တိုင်းသည် သင်တို့နှင့် သင်တို့မိသားစုကို တခြား မည်သည့်အရာက မျှမပေးနိုင်သည့်နည်းမျိုးဖြင့် ကောင်းချီးပေးပါလိမ့်မည်။ ထိုနေရာ၌ သင်တို့ရှိစဉ်က ကြားနာရ၊ ခံစားရသည့်အရာကို နှလုံးသွင်းဆင်ခြင်ရန် အချိန်ယူပါ။ သင်တို့၏ဘဝနှင့် သင်တို့ချစ်သော၊ အစေခံသောသူတို့၏ဘဝများကို ကောင်းချီးပေးဖို့ ကောင်းကင်ကို မည်သို့ဖွင့်လှစ်ဖို့ သင့်ကို သွန်သင်ပေးဖို့ ကိုယ်တော်ရှင်ကို တောင်းလျှောက်ပါ။

လက်ရှိအချိန်တွင် ဗိမာန်တော်ထဲ၌ ဝတ်ပြုခြင်း မဖြစ်နိုင်စဉ်ကာလတွင်၊ မိသားစုသမိုင်း သုတေသနနှင့် အက္ခရာစဉ်ခြင်း အပါအဝင်၊ မိသားစုသမိုင်း၌ သင်တို့၏ ပါဝင်ခြင်းကို တိုးမြှင့်ကြရန် ကျွန်တော်ဖိတ်ခေါ်ပါသည်။ ဗိမာန်တော်နှင့် မိသားစုသမိုင်းအလုပ်၌ သင်တို့၏အချိန်ကို တိုးစေသည်နှင့်အမျှ၊ သင်တို့၏ သူ့ကို ကြားနာနိုင်စွမ်းကို သင်တို့တိုးတက်စေမှာဖြစ်ကြောင်း ကျွန်တော်ကတိပေးပါသည်။

ကျွန်တော်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ တိုးတိုးပြောသံအား အသိအမှတ်ပြုနိုင်စွမ်းကို ကျွန်တော်တို့ သန့်စင်စေသည်နှင့်အမျှ ပို၍ရှင်းလင်းစွာလည်း ကျွန်တော်တို့ သူ့ကို ကြားနာ ကြပါသည်။ သင်တို့ကို ဝိညာဉ်တော်မည်သို့ စကားပြောသည်ကို သိရန်မှာ ယခုအချိန်ထက်၊ အဘယ်တုန်းကမျှ ပိုပြီးအရေးမကြီးဖူးပါ။ ဘုရားဇာတိ၌၊ သန့်ရှင်းသောဝိညာဉ်တော်သည် တမန်တော်ဖြစ်ပါသည်။ သူသည် သင်တို့စိတ်ထဲသို့ ခမည်းတော်နှင့် သားတော်က သင်တို့အား လက်ခံရရှိစေလိုသည့်အတွေးများကို ဆောင်ယူလာပါလိမ့်မည်။ သူသည် နှစ်သိမ့်ရှင်ဖြစ်ပါသည်။ ။ သူသည် သင်တို့စိတ်နှလုံးသို့ ငြိမ်းချမ်းခြင်းခံစားမှုကို ဆောင်ယူလာပါလိမ့်မည်။ သူသည် သမ္မာတရားအကြောင်းကို သက်သေခံ၍၊ ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်ကို သင်တို့ကြားနာပြီးဖတ်ရှုကြသည်နှင့်အမျှ၊ မှန်သည့်အရာကို အတည်ပြုပါလိမ့်မည်။

ကိုယ်ပိုင်ဗျာဒိတ်တော်ရဖို့ သင်တို့၏ ဝိညာဉ်ပကတိစွမ်းရည်ကို တိုးတက်စေရန် လိုအပ်သည့် အရာမှန်သမျှ ကို ဆောင်ရွက်ကြဖို့ သင်တို့ကို ကျွန်တော်ထပ်ပြီးတောင်းဆိုပါသည်။

ထိုသို့ ဆောင်ရွက်ခြင်းသည် သင်တို့ဘဝ၌ သင်တို့ မည်သို့ ရှေ့ဆက်လျှောက်ရမည်ကို၊ အကျပ်အတည်းကာလများ၌ မည်သို့ဆောင်ရွက်ရမည်ကို၊ ထို့အတူ မာရ်နတ်၏သွေးဆောင်မှုများနှင့် လှည့်စားမှုများကို မည်သို့ ခွဲခြား၍၊ ရှောင်ရှားရမည်ကို သိရန် သင်တို့ကို ကူညီပါလိမ့်မည်။

နောက်ဆုံးအနေဖြင့်၊ ကျွန်တော်တို့သည် ပရောဖက်များ၊ မြင်သောသူများနှင့် ဗျာဒိတ်ဟောသူများ၏စကားများကို အာရုံစိုက်ကြသည်နှင့်အမျှ သူ့ကို ကြားနာ ကြပါသည်။ ယေရှုခရစ်တော်၏ခန့်အပ်ထားသော တမန်တော်များသည် သူ့အကြောင်းကို အစဉ်အမြဲသက်သေခံကြပါသည်။ ကျွန်တော်တို့လူဇာတိအတွေ့အကြုံများ၏ စိတ်နှလုံးထိခိုက်သော ဝင်္ကပါကိုဖြတ်ကျော်ရာမှာသူတို့က လမ်းညွှန်ကြပါသည်။

ကယ်တင်ရှင်မိန့်တော်မူခဲ့သည့်အရာများနှင့် ယခုတွင် သူ၏ပရောဖက်များမှတစ်ဆင့် သူမိန့်တော်မူနေသည့်အရာများကို သင်တို့ ရည်ရွယ်ချက်ရှိရှိ၊ ကြားနာ၊ နားထောင်ပြီး၊ အာရုံစိုက်ကြလျှင် မည်သည့်အရာဖြစ်လာမည်နည်း။ စုံစမ်းနှောင့်ယှက်ခြင်းများ၊ ရုန်းကန်ခြင်းများ၊ အားနည်းချက်တို့ကို ကိုင်တွယ်ဖြေရှင်းရန် ထပ်ဖြည့်အင်အားနှင့် သင်တို့ကောင်းချီးခံစားကြရမည့်အကြောင်း ကျွန်တော်ကတိပေးပါသည်။ သင်တို့၏အိမ်ထောင်၊ မိသားစု၊ ဆွေမျိုးများနှင့် နေ့စဉ်အလုပ်တို့၌ အလွန်တရာအံ့ဩဖွယ်များရှိလိမ့်မည်ကို ကျွန်တော်ကတိပေးပါသည်။ သင်တို့ဘဝ၌ ဝဲဂယက်ကြီးမားလာလျှင်တောင်မှ သင်တို့၏ဝမ်းမြောက်မှုကို ခံစားနိုင်စွမ်းတိုးတက်လာမည့်အကြောင်း ကျွန်တော်ကတိပေးပါသည်။

ပုံနှိပ်သည်