လီယဟိုနာ
ဧဝံဂေလိအသက်တာ၏ အဓွန့်ရှည်သောဝမ်းမြောက်ခြင်း
ဖေဖော်ဝါရီ ၂၀၂၄


“ဧဝံဂေလိအသက်တာ၏ အဓွန့်ရှည်သောဝမ်းမြောက်ခြင်း၊” လီယဟိုနာ၊ ဖေဖော်ဝါရီ ၂၀၂၄။

လစဉ် လီယဟိုနာ အမှာစကား၊ ဖေဖော်ဝါရီ ၂၀၂၄

ဧဝံဂေလိအသက်တာ ၏ အဓွန့်ရှည်သောဝမ်းမြောက်ခြင်း

ယေရှုခရစ်တော်၏ ဧဝံဂေလိတရားတော်ထဲတွင် တည်ကြည်ပြီး တစ်ပါးသူများကိုလည်း အလားတူပြုလုပ်ဖို့ ကူညီပေးခြင်းအားဖြင့် တည်ကြည်သောဝမ်းမြောက်ခြင်းကို ရရှိနိုင်ပါသည်။

ရုပ်ပုံ
ဧဒင်ဥယျာဉ်နောက်ခံဖြင့် အာဒံနှင့်ဧဝ

ဂရန့် ရော်မနီ ကလောဆွန်၏ ဧဒင်ဥယျာဉ် ၊ ဂျိုးဇက် ဘရစ်ကီ၏ ဧဒင်ဥယျာဉ်အား စွန့်ခွာခြင်း

ကျွန်ုပ်တို့ အသက်တာရည်ရွယ်ချက်၏ အကျဉ်းချုံးဖော်ပြချက်ကို လေဟိပရောဖက်ပြုသင်ကြားခဲ့သော မြေကြီးပေါ်ရှိ လူသားများ၏အသက်တာ အစပြုခြင်းတွင် တွေ့နိုင်ပါသည်။ ဧဒင်ဥယျာဉ်ထဲ၌ အာဒံနှင့်ဧဝတို့သည် အပြစ်ကင်းစင်စွာဖြင့် နေထိုင်ခဲ့ကြပါသည်။ သူတို့သည် ထိုအခြေအနေ၌ ဆက်ရှိနေခဲ့မည်ဆိုပါက၊ “ဝမ်းမြောက်ခြင်းမရှိလေကြ၊ အကြောင်းမူကား သူတို့သည် ဝမ်းနည်းပူဆွေးခြင်းကို မသိကြ။ မကောင်းသည့်အရာကိုမပြုလေကြ၊ အကြောင်းမူကား သူတို့သည် အပြစ်ကို မသိကြ” (၂ နီဖိုင်း ၂း၂၃)။ သို့ဖြစ်၍၊ လေဟိရှင်းပြခဲ့သည့်အတိုင်း၊“လူသားများဖြစ်တည်နိုင်ကြစေခြင်းငှာ၊ အာဒံလဲကျ၏။ လူသားများသည် ဝမ်းမြောက်နိုင်ခြင်းရှိနိုင်ကြစေကြောင်း ဖြစ်တည်ကြ၏”(၂ နီဖိုင်း ၂း၂၅မောရှေ ၅း၁၀-၁၁)ကိုလည်းကြည့်ပါ။

ကျွန်ုပ်တို့သည် ကျဆုံးလေပြီးသောကမ္ဘာ၌ ရှင်သန်ကြရသောအခါ၊ ကျွန်ုပ်တို့သင်ကြားခံရသည့်အရာများနှင့်တွေ့ကြုံခဲ့ရသည့်အရာများအားဖြင့် ကောင်းမှုနှင့်ဒုစရိုက်ကြားမှ ခြားနားချက်ကို လေ့လာနိုင်ပါသည်။ ကျွန်ုပ်တို့သည် “ကောင်းမှုအားတန်ဖိုးထားတတ်စေခြင်းငှာ မကောင်းမှုကိုမြည်းစမ်းကြရသည်”(မောရှေ ၆း၅၅)။ ကျွန်ုပ်တို့သည် မကောင်းမှုကိုငြင်းဆန်ပြီး ကောင်းမှုအားတန်ဖိုးထားလျက် ခိုင်မြဲစွာကိုင်စွဲခြင်းအားဖြင့် ဝမ်းမြောက်ခြင်းသည် ရောက်ရှိလာပါလိမ့်မည်။

ဝမ်းမြောက်ခြင်းအား ရှာဖွေပါ။

ကျွန်ုပ်တို့အပေါ်တွင်ထားရှိသည့် သူ၏စုံလင်သောချစ်ခြင်းမေတ္တာကြောင့်၊ ကောင်းကင်ဘုံရှင်အဖသည် သူ၏စုံလင်သောဝမ်းမြောက်ခြင်းကို ယခု၌သော်လည်းကောင်း ထာဝရ၌သော်လည်းကောင်း ကျွန်ုပ်တို့နှင့်ဝေမျှရန် ထက်သန်မှုရှိပါသည်။ ထိုအခြင်းအရာသည် သူ၏ကြီးမြတ်သောပျော်ရွှင်ခြင်းအစီအစဉ်နှင့် ကျွန်ုပ်တို့အားရွေးနှုတ်ရန် တစ်ဦးတည်းသောသားတော်၏ပေးဆပ်ခြင်းအပါအဝင် အရာမှန်သမျှ၌ ကနဦးကတည်းကပင် သူ၏စေ့ဆော်မှုဖြစ်ခဲ့ပါသည်။

ဘုရားသခင်သည် ကျွန်ုပ်တို့အပေါ်၌ ဝမ်းမြောက်ခြင်း သို့ ပျော်ရွှင်ခြင်းကို ဆောင်ကြဉ်းရန် မကြိုးပမ်းပါ၊ သို့ရာတွင် ၎င်းကိုမည်ကဲ့သို့ရှာရန် ကျွန်ုပ်တို့အား သွန်သင်ပါသည်။ ဝမ်းမြောက်ခြင်းကို မရှာတွေ့နိုင်သောနေရာကိုလည်း သူသည် ကျွန်ုပ်တို့အား ပြောခဲ့ပါသည်—“ဆိုးညစ်ခြင်းသည် အဘယ်သောအခါကမျှ ပျော်ရွှင်ခြင်းမဖြစ်ခဲ့စဖူး” (အယ်လမာ၄၁း၁၀)။ ကောင်းကင်ဘုံရှင်အဖသည် သူ၏ ပညတ်တော်များအားဖြင့် ကျွန်ုပ်တို့အား ဝမ်းမြောက်ခြင်းသို့ သွားရာလမ်းကို ပြသတော်မူခဲ့ပါသည်။

ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်က ထိုအရာကို ဤသို့ဖော်ပြခဲ့ပါသည်၊

“ဤနေရာ၌ ခမ်းနားသော သမ္မာတရားရှိပါသည်၊ အင်အား၊ ဥစ္စာဓန၊ ထင်ပေါ်မှု၊ ခန္ဓာ၏ သာယာမှုများသည် ပျော်ရွှင်မှုကို ဖြစ်စေကြောင်း လောကသည် အခိုင်အမာဆိုသော်ငြား၊ မဖြစ်စေပါ။ မဖြစ်စေနိုင်ပါ။ ၎င်းတို့ ဖြစ်စေသောအရာကား ဘာမျှမရှိပါ သို့ရာတွင် ‘ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းသူသော[သူ]တို့၏ ကောင်းချီးခံစား၍၊ ပျော်ရွှင်သောအခြေအနေ’ ၏ အနှစ်မဲ့သောအစားထိုးခြင်းတစ်ခုကိုသာ ဖြစ်စေပါသည် [မောဇိယ ၂း၄၁]။

“အမှန်သည်ကား ပျော်ရွှင်မှုကို ဘယ်သောအခါမျှ ရှာမတွေ့နိုင်သောနေရာ၌ ပျော်ရွင်မှုကို ရှာဖွေခြင်းသည် အဆများစွာ ပို၍ ခြေကုန်လက်ပန်း ကျစေပါသည်။ သို့ရာတွင်၊ သင်သည် သင်ကိုယ်တိုင်အား ယေရှုခရစ်တော်လက်သို့ အပ်နှံပြီး လောကကိုအောင်နိုင်ရန် လိုအပ်သည့် ဝိညာဉ်ရေးရာအလုပ်ကို လုပ်ဆောင်ပါက၊ သူနှင့်သူတစ်ပါးတည်းသာလျှင်၊ လောက၏ဆွဲငင်အားကိုကျော်လွန်၍ သင့်ကိုမြှောက်ချီနိုင်‌သော စွမ်းအား အမှန်ပင်ရှိပါလိမ့်မည်။”

သို့ဖြစ်၍၊ အဓွန့်ရှည်သောဝမ်းမြောက်ခြင်းကို ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းခြင်းဖြင့် တွေ့ရှိနိုင်ပြီး၊ ဘုရားသခင်၏ပညတ်တော်များကိုမူ ယေရှုခရစ်တော်၏ ဧဝံဂေလိတရားတော်တွင် တွေ့ရှိနိုင်ပါလိမ့်မည်။ သို့သော် ထိုအရာသည် ကျွန်ုပ်တို့၏ ရွေးချယ်မှုဖြစ်ပါသည်။ ကျွန်ုပ်တို့၏ပျော့ညံ့မှုကြောင့် ပညတ်တော်များကို စောင့်ထိန်းရန် အချိန်တစ်ခုပျက်ကွက်ခဲ့ပါက၊ ကျွန်ုပ်တို့သည် နောက်ပြန်လှည့်ပြီး၊ မကောင်းမှုကို ငြင်းပယ်ကာ ကောင်းမှုကို နောက်တစ်ကြိမ်လက်ကိုင်ပြုနိုင်ပါသည်။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် အပြစ်များကို မခွင့်လွှတ်ပေးပါ—ထိုအရာသည် တရားမျှတမှုကိုလုယူသောကရုဏာသာဖြစ်ပါလိမ့်မည်—သို့ရာတွင် ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းသည် အပြစ်များမှ ရွေးနှုတ်နိုင်ပါလိမ့်မည်၊

“ကိုယ်တော်ရှင် ဧကန်အမှန်ကြွလာတော်မူမည်ဖြစ်ကြောင်း၊ သို့ရာတွင် သူ၏လူမျိုးတို့ကို သူတို့၏အပြစ်များ၌ ရွေးနှုတ်တော်မူရန်မဟုတ်၊ သူတို့၏ အပြစ်များ မှ ရွေးနှုတ်တော်မူရန်သာ ကြွလာတော်မူမည်ဖြစ်ကြောင်း … အာမြူးလက်က … ပြောခဲ့၏။

“နောင်တရခြင်းကြောင့်၊ သူတို့၏အပြစ်များမှ သူတို့ကိုရွေးနှုတ်တော်မူခြင်းငှာ၊ ခမည်းတော်ထံမှပေးထားတော်မူသည့် တန်ခိုးလည်း သူ့၌ရှိ၏၊ ထို့ကြောင့်၊ သူတို့၏စိတ်ဝိညာဉ်များ ကယ်တင်ခြင်းသို့ ရောက်ခြင်းအတွက်၊ ရွေးနှုတ်ရှင်၏တန်ခိုးကိုဖြစ်စေသော၊ နောင်တရခြင်း၏အခွင့်များ၏သတင်းကို ဟောကြားစေခြင်းငှာ သူသည် မိမိကောင်းကင်တမန်တို့ကို စေလွှတ်တော်မူလေ၏” (ဟေလမန် ၅း၁၀-၁၁၊ အလေးပေးဖော်ပြထားသည်)။

ယေရှု မိန့်တော်မူခဲ့ပါသည်၊

“ငါသည် ငါ့ခမည်းတော်၏ပညတ်တို့ကို စောင့်ရှောက်၍၊ ခမည်းတော်၏မေတ္တာ၌ တည်နေသကဲ့သို့၊ သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည်နေကြလိမ့်မည်။

“သင်တို့၌ ငါဝမ်းမြောက်စရာအကြောင်း တည်စေခြင်းငှာ၎င်း၊ သင်တို့ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှာ၎င်း၊ ဤစကားကို သင်တို့အား ငါဟောပြော၏” (ရှင်ယောဟန်ခရစ်ဝင် ၁၅း၁၀-၁၁)။

ထိုအရာသည် လေဟိ အသက်ပင်၏အသီးကို မြည်းစမ်းခဲ့စဉ်က သူ၏အိပ်မက်ထဲတွင် ခံစားမိခဲ့သည့်အရာဖြစ်သည်—၎င်းသည် ဘုရားသခင်၏ချစ်ခြင်းကို ကိုယ်စားပြု၏။ “ထိုအပင်၏အသီးကို ငါသုံးဆောင်စဉ်တွင်၊ ထိုအသီးသည် ငါ့ဝိညာဉ်ကို အလွန်ကြီးစွာသောဝမ်းမြောက်ခြင်းနှင့်ပြည့်စေ၏” ဟုသူဆိုခဲ့သည် (၁နီဖိုင်း ၈း၁၂၊ ၁၁း၂၁-၂၃ ကိုလည်းကြည့်ပါ)။

လေဟိသည် “သို့ဖြစ်၍၊ ငါ့မိသားစုကိုလည်း [ထိုအသီး]ကိုသုံးဆောင်စေလိုသောစိတ် ငါ့၌ဖြစ်ပေါ်စပြု၏” ဟုဆိုကာ ကျွန်ုပ်တို့၏အသက်တာထဲသို့ ဝမ်းမြောက်ခြင်းကို ဆောင်ယူနိုင်မည့် ဒုတိယနည်းလမ်းကို ပြသခဲ့သည် (၁ နီဖိုင်း ၈း၁၂)။

ရုပ်ပုံ
သစ်ပင်ကိုနောက်ခံထား၍၊ အသီးကို တစ်ဦးလက်မှ နောက်တစ်ဦးလက်သို့ ကမ်းစဉ်

ခါဇူတို အိုတာ၏ အသက်ပင်

တစ်ပါးသူများကို ဝမ်းမြောက်ခြင်းရှာတွေ့ရန် ကူညီခြင်း

ဗင်္ယာမိန်မင်းကြီး၏လူမျိုးများကဲ့သို့၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အပြစ်များမှလွှတ်ခြင်းကို ရရှိကြသောအခါ “ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံပြီး” “ငြိမ်းချမ်းသောအသိစိတ်”ကိုခံစားကြရပါသည် (မောဇိယ ၄း၃)။ ကျွန်ုပ်တို့သည် အပြင်ဘက်သို့ လှမ်းမျှော်ကြည့်ပြီး မိသားစုဝင်များနှင့် တစ်ပါးသူများကို တူညီသောဝမ်းမြောက်ခြင်းနှင့်ငြိမ်းချမ်းခြင်းကို ခံစားရန်ကူညီပေးသောအခါ ထိုအခြင်းအရာကို နောက်တဖန်ခံစားမိကြပါလိမ့်မည်။

ငယ်ရွယ်သောအမျိုးသားတစ်ဦးအနေဖြင့်၊ အယ်လမာသည် ယေရှုခရစ်တော်၏ ဧဝံဂေလိနှင့်ဆန့်ကျင်သော အရာမှန်သမျှ၌ ပျော်ရွှင်ခြင်းကို ရှာဖွေခဲ့ပါသည်။ ကောင်းကင်တမန်တစ်ပါး၏ ကြိမ်းမောင်းခြင်းကိုခံရပြီးနောက်၊ သူသည် “သေလုနီးပါး” နောင်တရခြင်း နှင့် ကယ်တင်ရှင်၏ကြွယ်ဝသောကျေးဇူးတော်အားဖြင့် “မကောင်းမှု” မှ “ကောင်းမှု” (မောဇိယ ၂၇:၂၈) သို့ပြောင်းလဲလာခဲ့ပါသည်။ နှစ်ပေါင်းများစွာကြာသောအခါ၊ အယ်လမာသည် သူ၏သား ဟေလမန်အား ဝမ်းသာအားရ မိန့်မှာခဲ့ပါသည်၊

“အို ဝမ်းမြောက်​ပေစွတကား၊ ငါမြင်ရသည့်​အလင်းသည် အံ့ဩဖွယ်​ကောင်းပေစွတကား၊ ထိုမှတစ်ပါး၊ ငါ၏​စိတ်ဝိညာဉ်သည် ငါ၏​နာကျင်မှုနှင့် လွန်စွာ​ပြည့်သကဲ့သို့ပင် ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံ​ပေစွတကား။

“ထိုမှတစ်ပါး၊ ယင်းအချိန်မှ​စ၍ ယခု​အထိ​တိုင်အောင်ပင်၊ ငါသည် မရပ်​မနားဘဲ​အလုပ်လုပ်လေသည်ကား၊ လူတို့ကို နောင်တရခြင်းသို့ ဆောင်ယူနိုင်​စေကြောင်း၊ ငါ​တွေ့ကြုံခဲ့သည့် အလွန်​ဝမ်းမြောက်ခြင်းကို ကြုံစေရန် သူတို့ကိုဆောင်ယူနိုင်​စေကြောင်းပေတည်း။

“ထိုမှတစ်ပါး၊ ယခုမူကား၊ ရှုလော့၊ အို ငါ့သား၊ ကိုယ်တော်ရှင်သည် ငါ့အား ငါ့လုပ်အား၏ အသီး​အပွင့်၌ အလွန်​ကြီးစွာသော​ဝမ်းမြောက်ခြင်းကို ပေးတော်မူ၏၊

“အကြောင်းမူကား၊ ငါ့ကို သူ​ပေးတော်မူခဲ့သော နှုတ်ကပတ်တော်ကြောင့်၊ ရှုလော့၊ များစွာသော​သူတို့ကို ဘုရားသခင်​ဖြစ်ဖွား​စေတော်မူလေပြီ။ ထို့အတူ၊ ငါတွေ့ကြုံလေသည့်​အတိုင်း တွေ့ကြုံ၍၊ ငါ​မြင်လေသည့်​အတိုင်း ကိုယ်တိုင်​မြင်ရကြလေပြီ” (အယ်လမာ ၃၆း၂၀၊ ၂၄-၂၆)။

အယ်လမာသည် နောက်တစ်ကြိမ် သက်သေခံခဲ့ပြန်ပါသည်၊

“ဤ​အမှုသည်ကား၊ တစ်စုံ​တစ်ခုသော​စိတ်ဝိညာဉ်ကို နောင်တရခြင်းသို့​ဆောင်ယူခြင်းငှာ၊ ငါသည် ဘုရားသခင်၏ လက်တော်၌ တန်ဆာ​တစ်ခု​ဖြစ်ကောင်း​ဖြစ်နိုင်​စေကြောင်း၊ ငါ၏​ဂုဏ်ယူ​ဝမ်းမြောက်ခြင်း​ပေတည်း။ ဤအမှုသည် ငါ၏ ဝမ်းမြောက်ခြင်းလည်း ဖြစ်၏။

“ရှုဦးလော့၊ ငါ၏​များစွာသော​ညီအစ်ကိုတို့ အမှန်ပင်​နောင်တရ၍၊ သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်ထံသို့ လာသည်ကို ငါမြင်​ရပြီးနောက်၌၊ ငါ၏​ဝိညာဉ်သည် ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံ၏” (အယ်လမာ ၂၉း၉-၁၀)။

ခရစ်တော်ထံသို့ စိတ်ဝိညာဉ်များ ယူဆောင်ရာ၌ တစ်ပါးသူများ အောင်မြင်ကြသောအခါ အယ်လမာသည် သူခံစားရသည့် ကြီးစွာသောဝမ်းမြောက်ခြင်းကို ဆက်လက်ထုတ်ဖော်ပြောကြားခဲ့ပါသည်၊

“သို့ရာတွင်၊ ငါကိုယ်တိုင်၏​အောင်မြင်မှု​တစ်ခုတည်း၌ ဝမ်းမြောက်သည်​မဟုတ်ဘဲ၊ နီဖိုင်းပြည်သို့ ရောက်သော​ ငါ့ညီအစ်ကိုများ[မောဇိယ၏သားများ]၊၏​ အောင်မြင်မှုကြောင့် ငါ၏​ဝမ်းမြောက်ခြင်းသည် ပို၍ ပြည့်စုံ၏။

“ရှုလော့၊ သူတို့သည် လွန်စွာ​အလုပ်​လုပ်သဖြင့်၊ များစွာသော​အသီးကို သီးကြလေပြီ။ သူတို့၏ အကျိုး​ကျေးဇူးမှာ ကြီးမားလှ​ပေစွတကား။

“ယခုတွင်၊ ငါ့ဤ​ညီအစ်ကိုတို့၏ အောင်မြင်မှု​အကြောင်းကို ငါ​တွေးမိသော​အခါ၊ ငါ၏​ဝိညာဉ်သည် ကိုယ်ခန္ဓာမှ ကွဲကွာခြင်းသို့​တိုင်အောင်ပင် အသွင်​ပြောင်း၍​သွား၏။ ထိုကဲ့သို့ပင် ငါ၏​ဝမ်းမြောက်ခြင်း​သည်လည်း ကြီးမားလှ၏“ (အယ်လမာ ၂၉း၁၄-၁၆)။

ကျွန်ုပ်တို့သည် တစ်ပါးသူများကို “ခရစ်တော်၏စင်ကြယ်သောချစ်ခြင်း”နှင့် lချစ် ကြသောအခါ၊ တူညီသောဝမ်းမြောက်ခြင်းကို ရှာတွေ့နိုင်ပါသည် (မော်ရော်နိုင်း ၇း၄၇ကျမ်းပိုဒ် ၄၈)ကိုလည်းကြည့်ပါ၊ ပြန်လည်ဆောင်ယူထားသော သမ္မာတရားကို သူတို့နှင့် မျှဝေ ပြီး ပဋိညာဉ်ပြုထားသောလူများနှင့်ပေါင်းစည်းရန် သူတို့အား ဖိတ်ခေါ်ပါ

ရုပ်ပုံ
ဂေသရှေမန်အရပ်၌ရှိသော ကယ်တင်ရှင်

ဆိုင်မွန် ဒူဝီ၏ အို ကျွန်ုပ်၏အဖ

အတိဒုက္ခကြားမှ ဝမ်းမြောက်ခြင်း

သေခြင်းရှိရာ၌ မလွဲမသွေကြုံတွေ့ရမည့် စုံစမ်းနှောင့်ယှက်ခြင်းများနှင့်စိန်ခေါ်မှုများသည် ကျွန်ုပ်တို့၏ဝမ်းမြောက်ခြင်းကို တားဆီးခြင်း သို့ ဖျက်ဆီးခြင်းများပြုလုပ်မည်ကို ကျွန်ုပ်တို့ မကြောက်သင့်ပါ။ အယ်လမာသည် တစ်ပါးသူများအတွက် ကိုယ်ကျိုးမဖက်သော အစေခံမှုကိုလုပ်ဆောင်ခဲ့ရာ၌ လွန်စွာထိခိုက်နစ်နာခဲ့ပါသည်။ သူသည် အကျဉ်းချခံရခြင်း၊ ကာလကြာရှည်စွာ အစာနှင့်ရေငတ်မွတ်ခြင်း၊ ရိုက်နှက်ခံရခြင်း၊ သူ၏အသက်ကို ခြိမ်းခြောက်ခြင်း၊ ထပ်ခါတလဲလဲ လှောင်ပြောင်ခြင်းနှင့် ငြင်းပယ်ခြင်းတို့ကို ခံစားခဲ့ရပါသည်။ သို့ရာတွင်၊ ထိုအရာအလုံးစုံတို့သည် “ခရစ်တော်၌ ဝမ်းမြောက်ခြင်းဖြင့် လွှမ်းမိုးခံခဲ့ရသည်” (အယ်လမာ ၃၁း၃၈)။ အယ်လမာ၏ ဆင်းရဲဒုက္ခသည် နောက်ဆက်တွဲဝမ်းမြောက်ခြင်းအား ပို၍ ကြီးမားစေခဲ့ပေလိမ့်မည်။

ဥက္ကဋ္ဌ နယ်လ်ဆင်က ကျွန်ုပ်တို့အားသတိပေးသည်မှာ ပျော်ရွှင်ခြင်းသည် ကယ်တင်ရှင်၏ဆင်းရဲဒုက္ခ၌ အခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်သည်—“ထိုသခင်သည် မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင့် လက်ဝါးကပ်တိုင်၌ ခံခဲ့ပါသည်” ဟေဗြဲဩဝါဒစာ၁၂း၂

“ထိုအကြောင်းကို စဉ်းစားကြည့်ပါ။ မြေကြီးပေါ်တွင် ကြုံဖူးသမျှ အနာကျင်ဆုံးသော အတွေ့အကြုံကို ခံနိုင်ရည်ရှိစေရန်အတွက်၊ ကျွန်ုပ်တို့၏ ကယ်တင်ရှင်သည် ဝမ်းမြောက်ခြင်း ၌ ဗဟိုပြုခဲ့ပါသည်။

“သူ၏ရှေ့၌ ထားသောဝမ်းမြောက်ခြင်းသည်ကား အဘယ်နည်း။ အမှန်ပင် ထိုဝမ်းမြောက်ခြင်း၌ သန့်စင်ခြင်း၊ ကုသခြင်းနှင့် ကျွန်ုပ်တို့အား ခွန်အားပေးခြင်း၊ နောင်တရမည့်သူတိုင်း၏ အပြစ်များအတွက် ပေးဆပ်ရာ၌ ဝမ်းမြောက်ခြင်း၊ ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့၏ မိဘများနှင့် မိသားစုများနှင့်အတူ နေထိုင်ရန်—သန့်ရှင်း၍ ထိုက်တန်သော—အိမ်သို့ သင်နှင့်ကျွန်ုပ်တို့ ပြန်လည်ရောက်ရှိစေနိုင်ခြင်းအတွက် ဝမ်းမြောက်ခြင်းတို့ ပါဝင်ပါသည်။

“ကျွန်ပ်တို့ထံ (သို့) ကျွန်ုပ်တို့ချစ်ရသူများထံသို့ လာသော ဝမ်းမြောက်ခြင်း၌ ကျွန်ုပ်တို့ ဗဟိုပြုကြခြင်းဖြင့် လက်ရှိတွင် ပြင်းထန်သော၊ နာကျင်စရာကောင်းသော၊ ကြောက်မက်ဖွယ်ကောင်းသော၊ မမျှတသော သို့ မဖြစ်နိုင်ဟု ရိုးရှင်းစွာ မှတ်ယူထားသော မည်သည့်အရာများကို ကျွန်ုပ်တို့ခံနိုင်ရည်ရှိမည်နည်း။”

ယေရှုခရစ်တော်၏ ဧဝံဂေလိတရားတော်၌ တည်ကြည်ပြီး တစ်ပါးသူများကိုလည်း အလားတူပြုလုပ်ဖို့ ကူညီပေးခြင်းအားဖြင့် တည်ကြည်သောဝမ်းမြောက်ခြင်းကို ရရှိနိုင်ပါသည်။ အဓွန့်ရှည်သောဝမ်းမြောက်ခြင်းကို ဘုရားသခင်၏ချစ်ခြင်းမေတ္တာ၌ ခိုလှုံခြင်း၊ သူ၏ပညတ်တော်များကိုစောင့်ထိန်းခြင်းနှင့် ကယ်တင်ရှင်၏ကျေးဇူးတော်အားလက်ခံရရှိခြင်းဖြင့် ရရှိနိုင်ပါသည်။ ဧဝံဂေလိလမ်းကြောင်းတွင်၊ ခရီးတစ်လျှောက် ဝမ်းမြောက်ခြင်းရှိသကဲ့သို့ ခရီးဆုံး၌လည်း ဝမ်းမြောက်ခြင်းရှိပါသည်။ ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်သည် နေ့စဉ်ဝမ်းမြောက်ခြင်းရှိရာလမ်းကြောင်းဖြစ်ပါသည်။

မှတ်စုများ

  1. ရပ်ဆဲလ် အမ်၊နယ်လ်ဆင်၊ “လောကကိုအောင်နိုင်၍ချမ်းသာခြင်းကိုရှာလော့၊” လီယဟိုနာ၊ နို၊၂၀၂၂၊ ၉၇။

  2. ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “Joy and Spiritual Survival၊” လီယဟိုနာ၊ နို၊ ၂၀၁၆၊ ၈၃။

ပုံနှိပ်သည်