လီယဟိုနာ
မကြာခဏဆုတောင်းခြင်းဖြင့် သင်၏စိတ်ကို အားဖြည့်ပါ
ဧပြီ ၂၀၂၄


“မကြာခဏဆုတောင်းခြင်းဖြင့် သင်၏စိတ်ကို အားဖြည့်ပါ၊” လီယဟိုနာ၊ ဧပြီ၊ ၂၀၂၄

လစဉ် လီယဟိုနာ အမှာစကား၊ ဧပြီ ၂၀၂၄

မကြာခဏ ဆုတောင်းခြင်းဖြင့် သင်၏စိတ်ကိုအားဖြည့်ပါ

ကျွန်တော်တို့က ကောင်းကင်ဘုံရှင်အဖနဲ့ဆက်သွယ်ပြီး ဝိညာဉ်ရေးရာအားဖြည့်ဖို့ လိုအပ်ပါတယ်၊ အဲဒါက ကျွန်တော်တို့ နေရာတိုင်းမှာ အမြဲတမ်းရနေတဲ့ ကောင်းချီးတစ်ခုလည်းဖြစ်ပါတယ်။

ရုပ်ပုံ
ဆုတောင်းနေသောဧနုတ်

မတ်ဒ် ရိုင်ယား၏ ဧနုတ် သရုပ်ဆောင်ဓာတ်ပုံ

ကျွန်တော်တို့အားလုံး အရင်က ဆာလောင်မွတ်သိပ်ခဲ့ဖူးပါတယ်။ ဆာလောင်မွတ်သိပ်ခြင်းဝေဒနာဆိုတာ အာဟာရလိုအပ်ကြောင်း ခန္ဓာကိုယ်က ကျွန်တော်တို့ကို ပြောပြနေတဲ့နည်းလမ်းတစ်ခုပါပဲ။ ပြီးတော့ ကျွန်တော်တို့ ဆာလောင်မွတ်သိပ်တဲ့အခါမှာ၊ ဘာလုပ်ရမလဲဆိုတာသိကြပါတယ်—စားရမယ်ဆိုတာပါပဲ။

ကျွန်တော်တို့ရဲ့ ဝိညာဉ်တွေမှာလည်း ဝိညာဉ်ရေးရာအာဟာရလိုအပ်တဲ့အခါ ကျွန်တော်တို့ကို ပြောပြတဲ့နည်းလမ်းတွေရှိပါတယ်။ ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာဆာလောင်မွတ်သိပ်မှုထက် ဝိညာဉ်ရေးရာဆာလောင်မွတ်သိပ်မှုကို ဒီအတိုင်း လျစ်လျူရှုဖို့ ပိုလွယ်ကူကြပုံပေါ်ပါတယ်။

ကျွန်တော်တို့ ဆာလောင်မွတ်သိပ်တဲ့အခါ စားလို့ရတဲ့ စားစရာအမျိုးမျိုးရှိသလိုပဲ၊ ကျွန်တော်တို့ရဲ့ ဝိညာဉ်ရေးရာဆာလောင်မွတ်သိပ်မှုကို အားဖြည့်ဖို့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ ဥပမာအားဖြင့်၊ ကျမ်းစာတွေနဲ့ ပရောဖက်တွေရဲ့ စကားတွေကနေတဆင့် ကျွန်တော်တို့ဟာ “ခရစ်တော်၏​နှုတ်ကပတ်တော်တို့ကို ပွဲခံပျော်မွေ့” (၂ နီဖိုင်း ၃၂း၃)နိုင်ပါတယ်။ ကျွန်တော်တို့ဟာ ဘုရားကျောင်းပုံမှန်တက်ပြီး ပွဲတော်မင်္ဂလာသုံးဆောင်နိုင်ပါတယ် (ရှု ဩဝါဒနှင့်ပဋိညာဉ်များ ၅၉း၉)။ ကျွန်တော်တို့ဟာ ဘုရားသခင်နဲ့ သူ့ရဲ့သားသမီးတွေကို အစေခံနိုင်ပါတယ် (ရှု မောဇိယ ၂း၁၇)။

ဒါပေမယ့် ကျွန်တော်တို့ အသက်တာရဲ့ အခိုက်အတန့်တိုင်းမှာ၊ ဘယ်လိုအခြေအနေပဲဖြစ်ပါစေ၊ ဝိညာဉ်ရေးရာအာဟာရကို အချိန်တိုင်းရနိုင်တဲ့ တခြားအထောက်အပံ့တစ်ခုလည်းရှိပါသေးတယ်။ ကျွန်တော်တို့ဟာ ဆုတောင်းခြင်းအားဖြင့် ကောင်းကင်ဘုံရှင်အဖနဲ့ အမြဲတမ်းဆက်သွယ်နိုင်ပါတယ်။

“ငါ့ဝိညာဉ်သည် မွတ်သိပ်၏”

ပရောဖက် ဧနုတ်က တောထဲမှာ သားရဲတွေကို အမဲလိုက်တဲ့အခါ၊ “ထာဝရ​အသက်နှင့် သန့်ရှင်းသူတို့၏​ဝမ်းမြောက်ခြင်း​အကြောင်း [သူ၏] အဘ​ပြော၍ အကြိမ်ကြိမ်​ကြားခဲ့ပြီး​လေသော စကားများ”အကြောင်းကို တွေးခဲ့ပါတယ် အဲဒီစကားလုံးတွေက “[သူ့ရဲ့] စိတ်နှလုံးထဲသို့ နက်စွာ​နစ်ဝင်ခဲ့ပါတယ်” (ဧနုတ် ၁း၃)။

ဧနုတ်ဟာ အဲလိုစိတ်အခြေအနေဖြစ်နေပြီး၊ ပြင်းပြင်းထန်ထန်လိုအပ်တာကို ခံစားမိတဲ့အတွက်“ငါ့ဝိညာဉ်သည် မွတ်သိပ်၏၊” လို့ပြောခဲ့ပါတယ်။ (ဧနုတ် ၁း၄။ အထူးပြုထားသည်)။

ဝိညာဉ်ရေးရာ အာဟာရလိုအပ်မှုဖြစ်တဲ့၊ ဆာလောင်မွတ်သိပ်မှုကို ခံစားရတဲ့အခါ ဧနုတ်က ဘာလုပ်ခဲ့ပါသလဲ? “ငါ့ကို​ဖန်ဆင်း​တော်မူသော​အရှင်၏​ရှေ့တွင် ဒူးထောက်၍၊ ငါ့ဝိညာဉ်​အတွက်၊ အားကြီးသော​ဆုတောင်းခြင်းနှင့် ပဌနာပြုခြင်းတို့ဖြင့်၊ ငါတောင်း​လျှောက်ခဲ့၏” လို့သူပြောခဲ့ပါတယ်(ဧနုတ် ၁း၄)။

ဧနုတ်ရဲ့ ဝိညာဉ်ရေးရာဆာလောင်မွတ်သိပ်ခြင်း အင်မတန်အားကြီးတဲ့အတွက် သူက “တစ်နေ့လုံးတောင်းလျှောက်ခဲ့ပြီး … ညဉ့်အချိန် ကျရောက်လာသောအခါ [သူ]၏အသံကို မြင့်တက်စေ၍၊ ကောင်းကင်ဘုံသို့ရောက်၏” (ဧနုတ် ၁း၄)။ နောက်ဆုံးမှာတော့၊ ဘုရားသခင်က သူ့ရဲ့ဆုတောင်းခြင်းကို ဖြေခဲ့ပြီး သူ့ရဲ့အပြစ်တွေကို လွှတ်ပေးခဲ့ပါတယ်။ ဧနုတ်က သူ့ရဲ့အပြစ်တွေ ပယ်ရှားခံလိုက်ရပြီဆိုတာ သိခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ဝိညာဉ်ရေးရာအာဟာရဖြည့်တင်းမှုက အဲဒီမှာတင်မပြီးဆုံးသေးပါဘူး။

သူက ယေရှုခရစ်တော်ကို ယုံကြည်ခြင်းရဲ့ တန်ခိုးကို သင်ယူခဲ့ပြီး၊ သူ့ရဲ့စိတ်ဝိညာဉ်တစ်ခုလုံးကို သူ့လူမျိုးတွေကိုယ်စားသွန်းလောင်းခဲ့ပါတယ်—သူ့ရန်သူတွေအတွက်တောင်ပါခဲ့ပါတယ်။ သူက ကိုယ်တော်ရှင်နဲ့ ပဋိညာဉ်တွေပြုလုပ်ပြီး သူ့ဆီကနေ ကတိတွေတောင်းခဲ့ပါတယ်။ ဧနုတ်က အားကြီးတဲ့ ဆုတောင်းခြင်းကို ပြုပြီးနောက်မှာ၊ သူမြင်လေခဲ့၊ ကြားလေခဲ့တဲ့အရာတွေကို သူ့လူတွေကြားမှာ ပရောဖက်ပြုပြီး ဟောပြောခဲ့ပါတယ်။ (ရှု ဧနုတ် ၁း၅-၁၉။)

ဆုတောင်းခြင်းတိုင်းက အဲလိုမျိုး ပြဇာတ်ဆန်ဆန် အဖြေရမှာတော့မဟုတ်ပါဘူး၊ ဒါပေမယ့် ဆုတောင်းခြင်းနဲ့ပတ်သတ်တဲ့ ကျွန်တော်တို့ရဲ့အတွေ့အကြုံတွေက အဓိပ္ပါယ်ရှိပြီး အသက်တာကိုပြောင်းလဲစေနိုင်ပါတယ်။ ကျွန်တော်တို့ဟာ ဧနုတ်ရဲ့ဆုတောင်းခြင်းအတွေ့အကြုံကနေတဆင့် အရေးကြီးတဲ့သင်ခန်းစာတချို့ကို သင်ယူနိုင်ပါတယ်။ ဥပမာအားဖြင့်၊

  • ဧဝံဂေလိအတိုင်း နေထိုင်ဖို့ကြိုးပမ်းခြင်းက ကျွန်တော်တို့ရဲ့ ဝိညာဉ်ရေးရာဆာလောင်မွတ်သိပ်မှုကို အာရုံခံနိုင်ပါတယ်။

  • ကျွန်တော်တို့ရဲ့ ဝိညာဉ်ရေးရာ ဆာလောင်မွတ်သိပ်မှုက ကောင်းကင်ဘုံရှင်အဖရဲ့အကူအညီကို တောင်းခံဖို့ ကျွန်တော်တို့ကို ဒူးထောက်စေပါတယ်။

  • ကောင်းကင်ဘုံရှင်အဖကို ဆုတောင်းမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဝိညာဉ်ရေးရာဆာလောင်မွတ်သိပ်မှုကို ပြေပျောက်စေပါတယ်—ပြီးတော့တချို့အရာတွေကိုလည်း ကျေနပ်စေပါတယ်။

  • ကျွန်တော်တို့ဟာ ဘယ်အချိန်၊ ဘယ်နေရာမဆို ဆုတောင်းနိုင်ပါတယ်။

  • ဆုတောင်းခြင်းက ကျွန်တော်တို့ကို နောင်တရစေပါတယ်။

  • ဆုတောင်းခြင်းက ယေရှုခရစ်တော်၌ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ခိုင်မာစေပါတယ်။

  • ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဖက ကျွန်တော်တို့ကို ကြားပြီး သတိပြုမိတယ်ဆိုတဲ့ ကိုယ်ပိုင်သက်သေခံချက်ကို လက်ခံရရှိနိုင်ပါတယ်။

  • ဆုတောင်းခြင်းကနေရရှိတဲ့ သက်သေခံချက်နဲ့ခွန်အားက တခြားသူတွေကို အစေခံဖို့နဲ့ ခွန်အားပေးဖို့ ကျွန်တော်တို့ကို ကူညီပေးနိုင်ပါတယ်။

ရုပ်ပုံ
ကလေးငယ်တစ်ဦးအနေဖြင့် အသင်းလူကြီး ဆောရက်စ်

ဆုတောင်းခြင်းတန်ခိုးနဲ့ဆိုင်တဲ့ ကျွန်တော့်ရဲ့အတွေ့အကြုံ

ဧနုတ်လိုပဲ၊ ကျွန်တော်လည်း ကိုယ်ပိုင်အတွေ့အကြုံကနေတဆင့် ဒီတူညီတဲ့သင်ခန်းစာတွေထဲက တချို့ကိုသင်ယူခဲ့ပါတယ်။ ကျွန်တော်ကလေးအရွယ်မှာ ကျွန်တော့်ရဲ့ မိဘတွေက ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ကို ဝင်ရောက်ခဲ့ပါတယ်၊ ကျွန်တော် အသက်ရှစ်နှစ်မှာ ဗတ္တိဇံခံခဲ့ပါတယ်။ ကျွန်တော့်ဆီမှာ ကောင်းကင်ဘုံရှင်အဖ၊ ယေရှုခရစ်တော်၊ ပြန်လည်ဆောင်ယူထားတဲ့ဧဝံဂေလိ၊ အသင်းတော်တို့နဲ့ပတ်သက်ပြီး အမြဲတမ်းကောင်းမွန်နွေးထွေးတဲ့ ခံစားချက်တစ်ခုရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် ဒီအရာတွေရဲ့ မှန်ကန်ခြင်းကို သိဖို့ ၁၆နှစ်နားကပ်လာတဲ့အခါ ဆုတောင်းကြည့်တတ်လာပါတယ်။

ကျွန်တော် လေးစားရတဲ့ သင်းအုပ်ဆရာက ကျွန်တော့်ကို လူငယ်တနင်္ဂနွေဓမ္မကျောင်းအတန်းကို သင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ကျွန်တော်က ဆုတောင်းခြင်းကနေ ဧဝံဂေလိအကြောင်းသက်သေခံချက်ကို ဘယ်လိုရနိုင်တယ်ဆိုတဲ့ သင်ခန်းစာကို သင်ပေးရမှာပါ။ ကျွန်တော်ရဲ့ သင်းအုပ်ဆရာကပေးတဲ့ ဒီတာဝန်က ကျွန်တော့်ရဲ့ ကိုယ်ပိုင်သက်သေခံချက်အကြောင်းကို ပိုပြီး လေးလေးနက်နက်တွေးတောစေခဲ့ပါတယ်။ ကျွန်တော်က မော်မုန်ကျမ်းကို လေ့လာဖို့ အချိန်ပေးခဲ့ပြီး အသင်းတော်ဟာ မှန်ကန်တယ်ဆိုတာ အမြဲခံစားခဲ့ရပါတယ်။ ကျွန်တော်က ကယ်တင်ရှင်ယေရှုခရစ်တော်ကို အမြဲတမ်း ယုံကြည်ခဲ့ပါတယ်၊ ဒါပေမယ့် မော်ရော်နိုင်း ၁၀း၄-၅မှာတွေ့ခဲ့ရတဲ့ မော်ရော်နိုင်းရဲ့ ကတိကို ဘယ်တော့မှ နှလုံးမသွင်းခဲ့ပါဘူး။ ကျွန်တော်က ဧဝံဂေလိရဲ့ မှန်ကန်ခြင်းအကြောင်းကို ဘယ်တုန်းကမှ မဆုတောင်းခဲ့ပါဘူး။

အကယ်၍ ကျွန်တော်က လူငယ်တွေကို ဆုတောင်းခြင်းကနေတဆင့် သက်သေခံချက် ဘယ်လိုရကြောင်း သင်ပေးရမယ်ဆိုရင်၊ ကျွန်တော်ကိုယ်တိုင် သက်သေခံချက်တစ်ခုအတွက် ဆုတောင်းသင့်တယ်လို့ ကျွန်တော့်နှလုံးသားက ခံစားမိတာကို သတိရပါတယ်။ ကျွန်တော့်ရဲ့ ဝိညာဉ်ဟာ မွတ်သိပ်လာပါတယ်—ဧနုတ်နဲ့တော့ ကွာခြားချင်ကွာခြားနိုင်ပါတယ်၊ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဝိညာဉ်ရေးရာမှာ လိုအပ်နေတာကို ခံစားမိခဲ့ပါတယ်။

ကျွန်တော် သင်ခန်းစာကို ပြင်ဆင်တဲ့အခါ၊ ကျွန်တော့်စိတ်ထဲမှာ ခံစားမိတဲ့ မှန်ကန်ခြင်းကို အတည်ပြုဖို့ ကောင်းကင်ဘုံရှင်အဖကို ဒူးထောက်ပြီး ကျွန်တော့်နှလုံးသားရဲ့လိုအင်ဆန္ဒကို ပေးအပ်ခဲ့ပါတယ်။ ကျွန်တော်က ကြီးကြီးကျယ်ကျယ် ကိုယ်ထင်ပြတာမျိုးကို မျှော်လင့်ခဲ့တာမျိုးမရှိပါဘူး။ ဒါပေယ့် ဧဝံဂေလိက မှန်ကန်ရဲ့လားဆိုတာ ကိုယ်တော်ရှင်ကို မေးတဲ့အခါ၊ ကျွန်တော့်ရဲ့ နှလုံးသားထဲကို အင်မတန် ချိုမြိန်တဲ့ ခံစားချက်တစ်ခု ဝင်ရောက်လာပါတယ်—အဲဒါကတော့ တည်ငြိမ်ပြီးတိုးညှင်းတဲ့ အသံတစ်ခုက အဲဒါဟာ မှန်ကန်ကြောင်းနဲ့ ကျွန်တော်လုပ်နေတဲ့အရာကို ဆက်လုပ်သင့်ကြောင်း အတည်ပြုချက်ပေးတာပါပဲ။

အဲဒီခံစားချက်က အရမ်းအားကြီးတဲ့အတွက် ကျွန်တော်က အဖြေကို လျစ်လျူရှုပြီး မသိဘူးလို့ ဘယ်တော့မှ ပြောလို့မရပါဘူး။ ကျွန်တော် တစ်နေကုန် အရမ်းပျော်ရွှင်နေခဲ့တာပါ။ ကျွန်တော့်ရဲ့ နှလုံးသားထဲက လှပတဲ့ခံစားချက်ကို အာရုံပြုရင်းနဲ့ ကျွန်တော့်ရဲ့ စိတ်က ကောင်းကင်ဘုံမှာရှိနေခဲ့ပါတယ်။

နောက်တစ်နေ့ တနင်္ဂနွေမှာတော့၊ ကျွန်တော့်ထက်ငယ်ရွယ်ကြတဲ့၊ အတန်းဖော် သုံးလေးယောက်ရှေ့မှာ မတ်တပ်ရပ်ခဲ့ပါတယ်။ သူတို့မှာ ယုံကြည်ခြင်းရှိရင် ကောင်းကင်ဘုံရှင်အဖက သူတို့ရဲ့ဆုတောင်းကို အဖြေပေးလိမ့်မယ်လို့ ကျွန်တော် သက်သေခံခဲ့ပါတယ်။

ရုပ်ပုံ
အသင်းလူကြီး ဆောရက်စ်

ငယ်ရွယ်တဲ့အမျိုးသားတစ်ယောက်အနေနဲ့ အသင်းလူကြီး ဆောရက်စ် လက်ခံရရှိခဲ့တဲ့ ဆုတောင်းခြင်းအဖြေက သူ့ကို သာသနာပြုတစ်ယောက်အနေနဲ့၊ ဖခင်တစ်ယောက်အနေနဲ့၊ ခင်ပွန်းတစ်ယောက်အနေနဲ့၊ တမန်တော်တစ်ပါးအနေနဲ့ သက်သေခံစေပါတယ်—အဲဒါကတော့ ယုံကြည်ခြင်းနဲ့ဆုတောင်းရင် ကောင်းကင်ဘုံရှင်အဖကအဖြေပေးတယ်ဆိုတာပါပဲ။

အဲဒီအချိန်ကနေစပြီး၊ အဲဒီသက်သေခံချက်က ကျွန်တော်နဲ့ အတူတူရှိနေခဲ့ပါတယ်။ အဲဒါက ကျွန်တော်ကို ဆုံးဖြတ်ချက်တွေချတဲ့နေရာမှာ ကူညီပေးပါတယ်၊ အထူးသဖြင့် ကျွန်တော် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အခါမျိုးတွေမှာပေါ့။ အဲဒီနေ့က ဆုတောင်းခြင်း အပါအဝင် နှစ်ပေါင်းများစွာ ကျွန်တော်ရရှိခဲ့တဲ့ ထပ်ဆောင်းသက်သေခံချက်တွေက၊ ကျွန်တော့်ကို ခိုင်မာတဲ့ယုံကြည်ချက်နဲ့ လူတွေကို သက်သေခံစေနိုင်ပါတယ်၊ အဲဒါကတော့ သူတို့က ယုံကြည်ခြင်းနဲ့ဆုတောင်းရင် ကောင်းကင်ဘုံရှင်အဖထံက အဖြေတွေရနိုင်တယ်ဆိုတာပါပဲ။ သာသနာပြုတစ်ယောက်အဖြစ်၊ အသင်းတော်ခေါင်းဆောင်တစ်ယောက်အဖြစ်၊ ဖခင်နဲ့ ခင်ပွန်းတစ်ယောက်အဖြစ်၊ ဒီနေ့မှာဆိုရင် တမန်တော်တစ်ပါးအဖြစ် ဒီအရာက မှန်ကန်ကြောင်း ကျွန်တော်သက်သေခံခဲ့ပါတယ်။

ဘယ်အချိန် နဲ့ ဘာအတွက် ဆုတောင်းမှာလဲ

သေချာတာကတော့၊ ကျွန်တော်တို့ဟာ အားကြီးတဲ့ ဝိညာဉ်ရေးရာပိုင်း လိုအပ်မှုကို ခံစားမိမှသာ ဆုတောင်းရမှာမဟုတ်ပါဘူး။ ဒါဆို၊ ကျွန်‌တော်တို့ ဘယ်အချိန် ဆုတောင်းသင့်လဲ။ ပြီးတော့ ဘာအတွက် ဆုတောင်းသင့်လဲ။ လိုရင်းတိုရှင်းအဖြေကတော့ ဘယ်အချိန်မဆိုနဲ့ ဘာအတွက်မဆို ဖြစ်ပါတယ်။

ဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံရှင်အဖ ဖြစ်ပါတယ်။ အဲဒါကိုသိရင် ကျွန်တော်တို့ရဲ့ ဆုတောင်းပုံ ပြောင်းလဲသွားပါတယ်။ ပရောဖက် ဂျိူးဇက်စမစ် သင်ကြားခဲ့တာကတော့၊ “ဘုရားသခင်ရဲ့အကြောင်းကို သိရင်၊ သူ့ကို ဘယ်လိုချဉ်းကပ်ရမလဲဆိုတာနဲ့ အဖြေရဖို့ ဘယ်လိုတောင်းလျှောက်ရမလဲဆိုတာ စတင်သိရှိလာလိမ့်ပါမယ်။ … ကိုယ်တော်ရှင်ဆီသွားဖို့ ကျွန်တော်တို့အဆင်သင့်ဖြစ်တာနဲ့၊ သူကလည်း ကျွန်တော်တို့ဆီ လာဖို့ အဆင်သင့်ဖြစ်နေမှာပါ။”

ကောင်းကင်ဘုံရှင်အဖက ကျွန်တော်တို့ကို နားထောင်ဖို့ အမြဲတမ်း အဆင်သင့်ဖြစ်နေတဲ့အတွက်၊ ကျွန်တော်တို့ သူ့ဆီမှာ ပုံမှန်နဲ့ မကြာခဏ ဆုတောင်းတာကို လိုလားပါတယ်။ ကျွန်တော်တို့ရဲ့ “အမှု​မှန်သမျှ၌ ကိုယ်တော်ရှင်နှင့် တိုင်ပင်” ပြီး (အယ်လမာ ၃၇း၃၇) မနက်၊ နေ့လည်၊ ည ဆုတောင်းသင့်ပါတယ်။ ကျွန်တော်တို့က အိမ်၊ အလုပ်နဲ့ ကျောင်း မှာဆုတောင်းသင့်ပါတယ်—ဘယ်နေရာမဆို၊ဘယ်ကြိုးပမ်းအားထုတ်မှုမဆိုထက် ကျော်လွန်ပြီး ဆုတောင်းရပါမယ်။ (see အယ်လမာ ၃၄း၁၇-၂၆)။

ကျွန်တော်တို့ဟာ ကျွန်တော်တို့မိသားစုတွေအတွက်လည်း ဆုတောင်းသင့်ပါတယ် (ရှု ၃ နီဖိုင်း ၁၈း၂၁)။ ကျွန်တော်တို့ဟာ“အသံထွက်ပြီး ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာ၊ လူမြင်ကွင်း နဲ့ ဆိတ်ကွယ်ရာမှာ” ဆုတောင်းသင့်ပါတယ် (ဩဝါဒနှင့်ပဋိညာဉ်များ ၈၁း၃)။ “[ကျွန်ုပ်တို့]သည် ကိုယ်တော်ရှင်ထံသို့ မတောင်းလျှောက်သော​အခါ၌လည်း [ကျွန်ုပ်တို့]၏ ​စိတ်နှလုံးကို ပြည့်ဝစေ၍၊ [ကျွန်ုပ်တို့]၏​ကောင်းကျိုးနှင့် ထို့အတူ၊ [ကျွန်ုပ်တို့]၏​ပတ်ဝန်းကျင်၌ ရှိသော​သူတို့၏ ကောင်းကျိုး​အတွက် သူ့ထံသို့​ဆုတောင်းခြင်း၌ အစဉ်​မပြတ်အာရုံ​ပြုကြလော့” (အယ်လမာ ၃၄း၂၇)။ ပြီးရင် ယေရှုခရစ်တော်ရဲ့ နာမတော်အားဖြင့် ခမည်းတော်ကို အစဉ်အမြဲဆုတောင်းရပါမယ် (ရှုပ် ၃ နီဖိုင်း ၁၈း၁၉-၂၀)။

ရုပ်ပုံ
ငယ်ရွယ်သောအမျိုးသား ဂျိုးဇက်စမစ်

ဝေါလ်တာ ဝိန်း ၏ ဂျိုးဇက်စမစ် သရုပ်ဖော်ပုံ၊ ကူးယူခြင်းသည်းခံပါ

ကောင်းကင်ဘုံရှင်အဖကို ချဉ်းကပ်ခြင်း

ကောင်းကင်ဘုံမှာနေတဲ့ ကျွန်တော်တို့အဖက ကျွန်တော်တို့ကို ကောင်းချီးပေးပါလိမ့်မယ်။ ပြီးတော့ သူ့ဆီမှာ တောင်းလျှောက်ရင် —သူကပေးပါလိမ့်မယ်။ ပရောဖက် ဂျိုးဇက်စမစ်က “ကျွန်ုပ်တို့ မတောင်းလျှောက်ဘဲ ဘာကိုမျှရနိုင်မည်မဟုတ်ပါ၊ ထို့ကြောင့်၊ ယုံကြည်ခြင်းနှင့်ဆုတောင်းပါ၊ ဘုရားသခင် သင့်အပေါ်မှာသွန်းလောင်းမယ့် ကောင်းချီးများ လက်ခံရရှိပါလိမ့်မည်။” လို့ သင်ကြားခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ ပုံမှန်မကြာခဏဆုတောင်းခြင်းတွေက ဆာလောင်နေတဲ့ ကျွန်တော်တို့ရဲ့ စိတ်ဝိညာဉ်ကို မျှတစွာ အာဟာရဖြည့်တင်းပေးတဲ့နေရာမှာ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ဆုတောင်းခြင်းကနေတဆင့် ဘုရားသခင်နဲ့ ဆက်သွယ်ခြင်းကို ဘယ်နေရာမှာမဆို အချိန်တိုင်း ပြုလုပ်နိင်ပါတယ်။

ကျွန်တော်အနှစ်သက်ဆုံး ကျမ်းစာတစ်ခုက ကျွန်တော်တို့ ဆုတောင်းဖို့ ဒူးထောက်လိုက်တဲ့အခါမှာ ဘုရားသခင်ကို ဘယ်လိုချဉ်းကပ်သင့်ကြောင်း သင်ကြားပေးပါတယ်“နှိမ့်ချကြလော့၊ ကိုယ်တော်ရှင်ဘုရားသခင်မှ သင်တို့အား သူ၏လက်ဖြင့် လမ်းပြတော်မူမည်၊ သင်တို့၏ ဆုတောင်းခြင်းကို အဖြေပေးတော်မူမည်” (ဩဝါဒနှင့်ပဋိညာဉ်များ ၁၁၂း၁၀)။ ကျွန်တော်တို့က နှိမ့်ချပြီး နာခံမယ်ဆိုရင်၊ ဘုရားသခင်က ကျွန်တော်တို့နဲ့အတူရှိပါလိမ့်မယ်။ ကျွန်တော်တို့ကို သူရဲ့လက်နဲ့ လမ်းပြတော်မူပါလိမ့်မယ်။ ကျွန်တော်တို့ ဘယ်သွားရမယ်၊ ဘာလုပ်ရမယ် ဆိုတာကို သူက နှိုးဆော်ပါလိမ့်မယ်။ ကိုယ်တော် ရှင်ရဲ့ အလိုတော်၊ နည်းလမ်း၊ အချိန် နဲ့ ကျွန်တော်တို့အတွက် ကောင်းကျိုးကိုဖြစ်စေမယ့် အသိဥာဏ်အားဖြင့်၊ ကျွန်တော်တို့ရဲ့ ဆုတောင်းတွေကို ဖြေကြားပေးပါလိမ့်မယ်။

ကျွန်တော်တို့က ဒါကို အောက်မေ့သတိရသင့်ပါတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ပလ္လင်ကို ချဉ်းကပ်ပြီး သူရဲ့လက်တော်က ကောင်းချီးတွေကို လက်ခံနိုင်တဲ့ အခွင့်အရေးတွေကို တန်ဖိုးထားသင့်ပါတယ်။

မှတ်စုများ

  1. Teachings of Presidents of the Church: Joseph Smith (၂၀၁၁)၊ ၄၀၊ ၄၁။

  2. Teachings: Joseph Smith၊ ၁၃၁။

ပုံနှိပ်သည်