လီယဟိုနာ
ကိုယ်တော်ရှင်၏ ကြီးမြတ်သောအမှုနှင့် ကျွန်ုပ်တို့၏ ကြီးမြတ်သောအခွင့်အရေး
ဇူလိုင် ၂၀၂၄


“ကိုယ်တော်ရှင်၏ကြီးမြတ်သောအမှုနှင့် ကျွန်ုပ်တို့၏ကြီးမြတ်သောအခွင့်အရေး” လီယဟိုနာ, ဇူလိုင်၂၀၂၄။

လစဉ် လီယဟိုနာ အမှာစကား၊ ဇူလိုင် ၂၀၂၄

ကိုယ်တော်ရှင်၏ကြီးမြတ်သောအမှု နှင့် ကျွန်ုပ်တို့၏ကြီးမြတ်သောအခွင့်အရေး

ကျွန်တော်တို့က ချစ်တဲ့အခါ၊ ဝေငှတဲ့အခါနဲ့၊ ဖိတ်ခေါ်တဲ့အခါမှာ၊ ကိုယ်တော့်ဆီကို အဖိုးတန်တဲ့ဝိညာဉ်တိုင်းလာဖို့ ကူညီပေးတာဖြစ်ပါတယ်။

ရုပ်ပုံ
လမ်းလျှောက်ပြီးစကားပြောနေကြသောအမျိုးသမီးနှစ်ဦး

ဤနောက်ဆုံးသာသနာကြီးမားစွာထွန်းကားချိန်မှာ၊ ပရောဖက်တိုင်းက ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ရဲ့အသင်းသားများကို ယေရှုခရစ်တော်ရဲ့ဧဝံဂေလိကို ဝေငှဖို့ သွန်သင်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့အသက်တာထဲက၊များစွာသော ပုံဥပမာတွေစိတ်ထဲမှာပေါ်လာခဲ့ပါတယ်၊

ကျွန်တော် ငယ်ရွယ်စဉ်က ပရောဖက်ဖြစ်တဲ့၊ ဥက္ကဋ္ဌ ဒေးဗစ် အို၊ မက်ခေး (၁၈၇၃-၁၉၇၀)က၊ “အသင်းသားတိုင်းက သာသနာပြုဖြစ်တယ်“လို့ကြေညာခဲ့ပါတယ်။

ဥက္ကဋ္ဌ စပန်ဆာ ဒက်ဗလျူ၊ ကင်ဘောလ် (၁၈၉၅-၁၉၈၅) က ၊ “ဧဝံဂေလိကို သာ၍များသောအရပ်ရပ်နဲ့လူများဆီကို သယ်ဆောင်တဲ့နေ့က ဒီနေရာနဲ့ဒီနေ့ပဲဖြစ်ပါတယ်၊“ ဧဝံဂေလိကို သူတစ်ပါးဆီ ဝေငှတဲ့နေရာမှာ “ကျွန်တော်တို့က ခြေလှမ်းကြီးကြီးလှမ်းရပါမယ်“ လို့ သွန်သင်ခဲ့ပါတယ်။

ဥက္ကဋ္ဌ ဂေါ်ဒွန် ဘီ၊ဟင်ကလေ (၁၉၁၀-၂၀၀၈)က၊ “သွန်သင်ပေးဖို့ လူတွေကို ရှာဖွေတဲ့ ကျွန်တော်တို့ရဲ့ အလုပ်က ကြီးမြတ်ပြီး၊ ကျွန်တော်တို့ရဲ့ တာဝန်က ကြီးမားပါတယ်“ လို့ပြောခဲ့ပါတယ်။ သက်ရှိမှန်သမျှကို ဧဝံဂေလိသင်ကြားပေးဖို့ ကိုယ်တော်ရှင်က ကျွန်တော်တို့အပေါ်မှာ တိကျစွာပြဌာန်းခဲ့ပါတယ်။ အဲဒီအတွက် [ကျွန်တော်တို့] အကောင်းဆုံးကြိုးစားအားထုတ်ရပါမယ်။”

ပြီးတော့ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လဆင်က၊ “သာသနာပြုအလုပ်က ဣသရေလစုရုံးခြင်းအတွက် မရှိမဖြစ်အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်တယ် လို့ သွန်သင်ခဲ့ပါတယ်။ အဲဒီစုဝေးခြင်းက ယနေ့မြေကြီးပေါ်မှာ ဖြစ်ပျက်နေတဲ့ အရေးအကြီးဆုံးအမှုဖြစ်ပါတယ်။ ဘယ်အရာကမှ အတိုင်းအတာချင်း ယှဉ်လို့မရပါဘူး။ ဘယ်အရာကမှ အရေးပါပုံချင်း ယှဉ်လို့မရပါဘူး။ ကိုယ်တော်ရှင်ရဲ့သာသနာပြုတွေဖြစ်တဲ့ သူ့ရဲ့တပည့်တော်တွေက ယနေ့မြေကြီးပေါ်မှာ အကြီးမားဆုံးစိန်ခေါ်မှု၊ အကြီးမားဆုံးအရေးကိစ္စနဲ့ အကြီးမားဆုံးအမှုတို့ကို ထမ်းရွက်နေရပါတယ်။”

အဲဒါကို ဗြိတိန်သာသနာပြုအလုပ်မှာ ငယ်ရွယ်တဲ့သာသနာပြုတစ်ယောက်အနေနဲ့ ကိုယ်တိုင်နားလည်ခဲ့ပါတယ်။ ကျွန်‌တော် အဲဒါကို ဒီနေ့မှာ ပိုပြီးသေချာသိသွားခဲ့ပါတယ်။ သခင်ယေရှုခရစ်တော်ရဲ့ တမန်တော်တစ်ယောက်အနေနဲ့၊ ကျွန်တော် သက်သေခံချင်တာကတော့ ကျွန်တော်တို့ရဲ့ ချစ်ခြင်းမေတ္တာကိုပြသခြင်း၊ ယုံကြည်မှုကိုဝေငှခြင်းနဲ့ ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိမှဝမ်းမြောက်ခြင်းကို ခံစားဖို့ ဖိတ်ခေါ်ခြင်းအားဖြင့် တစ်ပါးသူများကို ယေရှုခရစ်တော်ထံလာဖို့ ကူညီနိုင်တဲ့အခွင့်အရေးတွေ နေရာတိုင်း မှာရှိပါတယ်။

အမှုတော်ဟာ ရှေ့ဆက်သွားနေမှာဖြစ်ပါတယ်

ငါ၏ဧဝံဂေလိတရားတော်ကိုဟောပြောလော့ ပထမအကြိမ်ထုတ်ဝေမှုကို ၂၀၀၄ ခုနှစ်မှာ မိတ်ဆက်ခဲ့ပြီး၊ ဒုတိယအကြိမ်ထုတ်ဝေမှုကို ၂၀၂၃ခုနှစ်မှာ ထပ်မံဖြန့်ချီတဲ့အခါ ၊ ကျွန်တော်က အသင်းတော်ရဲ့ သာသနာပြုဌာနမှာ တာဝန်ကျနေခဲ့တဲ့အတွက် ဂုဏ်ယူခဲ့ပါတယ်။ ငါ၏ဧဝံဂေလိတရားတော်ကိုဟောပြောလော့ လမ်းညွှန်က သာသနာပြုအလုပ်ကို ကြီးမြတ်စွာ ကောင်းချီးပေးတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

ငါ၏ဧဝံဂေလိတရားတော်ကိုဟောပြောလော့ သတင်းစကားအသစ်မှာ ကျွန်တော်တို့ ၂၀၀၄ ခုနှစ်ကတည်းက သင်ကြားခဲ့ရတဲ့အရာမှန်သမျှ ပါဝင်ပါတယ်၊ ပထမဥက္ကဋ္ဌအဖွဲနဲ့ တမန်တော်တစ်ဆယ့်နှစ်ပါးအဖွဲ့မှ အဖွဲ့ဝင်တိုင်းရဲ့ နှိုးဆော်လမ်းညွှန်မှုတွေနဲ့၊ ဒစ်ဂျစ်တယ်ခေတ်မှာ ဧဝံဂေလိကိုဝေငှဖို့အတွက် ပြောင်းလဲမှုတွေပါဝင်ပါတယ်။ အဲဒီပြောင်းလဲမှုတွေထဲကအချို့က ထင်ရှားတဲ့အောင်မြင်မှု ရလာဒ်ကို ရစေပါတယ်။

“ချစ်ခင်ခြင်း၊ ဝေငှခြင်း နဲ့ ဖိတ်ခေါ်ခြင်း”ဆိုတဲ့ သဘောတရားတွေအားဖြင့် ရိုးရှင်းပြီး ပုံမှန်သဘာဝကျတဲ့နည်းလမ်းတွေနဲ့ ဧဝံဂေလိကို ဝေငှခြင်းက နိုင်ငံတော်ကိုကြီးမားစွာ ကောင်းချီးပေးတယ်ဆိုတာ ကျွန်တော်တို့တွေ့ရှိခဲ့ပါတယ်။ ယေရှုခရစ်တော်က မြေကြီးပေါ်မှာနေထိုင်ခဲ့စဉ်က ဒီနည်းလမ်းနဲ့ပဲ ဧဝံဂေလိကို ဝေငှခဲ့ပါတယ်။ သူက သူ့ရဲ့အသက်တာ၊ သူ့ရဲ့ချစ်ခြင်းကို ဝေငှခဲ့ပြီး သူ့ထံကိုလာဖို့ လူခပ်သိမ်းကို ဖိတ်ခေါ်ခဲ့ပါတယ် (ရှု ရှင်မဿဲခရစ်ဝင် ၁၁း၂၈)။ သူလုပ်ခဲ့သလို ချစ်ခင်ဖို့၊ ဝေငှဖို့၊ နဲ့ ဖိတ်ခေါ်ဖို့က အသင်းတော်က အသင်းသားတိုင်းရဲ့ အထူးကောင်းချီးနဲ့တာဝန်တစ်ခုဖြစ်ပါတယ်။

ချစ်ခြင်းနဲ့စတင်လိုက်ပါ

ဂေသရှေမန်ဥယျာဉ်နဲ့လက်ဝါးကပ်တိုင်ပေါ်မှာ၊ ယေရှုခရစ်တော်က လောကရဲ့အပြစ်တွေကို သူ့အပေါ်မှာခံယူခဲ့ပြီး အလုံးစုံသော ဝမ်းနည်းမှုများ “နာကျင်မှုများ၊ ဆင်းရဲဒုက္ခများ နှင့် စုံစမ်းခြင်းအမျိုးမျိုး”ကို ခံစားခဲ့ပါတယ် (အယ်လမာ၇း၁၁)။ ထိုအရာသည် “ခပ်သိမ်းသောသူတို့ထက်၊ အကြီးမြတ်ဆုံးဖြစ်သူကိုပင်၊ နာကျင်မှုကြောင့်တုန်စေ၊ ချွေးပေါက်မှန်သမျှမှ အသွေးတော်ထွက်စေ”သည် (ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၉း၁၈)။ သူ့ရဲ့အပြစ်ဖြေခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းအားဖြင့်၊ ယေရှုခရစ်တော်က လူခပ်သိမ်းအတွက် ကယ်တင်ခြင်းနဲ့ချီးမြှောက်ခြင်းကို အထမြောက်စေခဲ့ပါတယ်။

ကယ်တင်ရှင်ဆီကိုသွားပြီး သူကျွန်တော်တို့အတွက်လုပ်ခဲ့တဲ့အရာမှန်သမျှကို လေးနက်စွာဆုတောင်းခြင်းက သူ့အတွက်ချစ်ခြင်းနဲ့ပြည့်နေတဲ့ နှလုံးသားတစ်စုံကို ကျွန်တော်တို့ဆီမှာ ဖန်တီးပေးပါတယ်။ အဲဒီနောက်မှာ သူက ကျွန်တော်တို့ရဲ့နှလုံးသားတွေကို တခြားသူတွေဆီသွားခိုင်းပြီး သူတို့ကိုချစ်ဖို့ (ရှု ရှင်ယောဟန်ခရစ်ဝင် ၁၃း၃၄-၃၅) နဲ့ သူ့ရဲ့ဧဝံဂေလိကိုဝေငှဖို့ မိန့်တော်မူပါတယ် (ရှု ရှင်မဿဲခရစ်ဝင်၂၈း၁၉ရှင်မာကုခရစ်ဝင် ၁၆း၁၅)။ ကျွန်တော်တို့က သူတို့ကို စစ်မှန်စွာချစ်ပြီး ဂရုစိုက်တယ်ဆိုတာ ကျွန်တော်တို့ရဲ့အနီးနားကလူတွေက ခံစားမိရင်၊ ကျွန်တော်တို့ရဲ့ သတင်းစကားတွေဆီ သူတို့ရဲ့နှလုံးသားကို ဖွင့်ဟကောင်းဖွင့်ဟလာပါလိမ့်မယ်၊ လာမောနိမင်းကြီးက အမ္မုန်ရဲ့ချစ်ခြင်းမေတ္တာနဲ့အစေခံမှုကြောင့် ဧဝံဂေလိကို လက်ခံဖို့ သူ့ရဲ့နှလုံးသားကို ဖွင့်ဟခဲ့သလိုပါပဲ (ရှု အယ်လမာ ၁၇-၁၉)။

ကျွန်တော်တို့ ဧဝံဂေလိကို ဝေငှတဲ့အခါ၊ ချစ်ခြင်းမေတ္တာနဲ့ပဲ စတင်လိုက်ကြပါစို့။ ကျွန်တော်တို့က တစ်ပါးသူတွေဆီကို ချစ်ခြင်းမေတ္တာနဲ့ဆက်သွယ်တဲ့အခါ—သူတို့က ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေ၊ ညီအစ်မတွေဖြစ်ပြီး ကောင်းကင်ဘုံရှင်အဘရဲ့ ချစ်လှစွာသောသားသမီးတွေဆိုတာကိုသတိရပါ—အဲဒီအခါ ကျွန်တော်တို့ မှန်ကန်တယ်လို့ သိထားတဲ့အရာတွေကို ဝေမျှဖို့ အခွင့်အရေးတွေ ပွင့်လာပါလိမ့်မယ်။

စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်ပြီး ဝေငှပါ

ဧဝံဂေလိကိုဝေငှတဲ့နေရာမှာ ဥက္ကဋ္ဌ အမ်၊ ရပ်ဆဲလ် ဘဲလာ့ဒ် (၁၉၂၈-၂၀၂၃)ထက် ဘယ်သူကမှပိုပြီး နှစ်မြှုပ်မထားနိုင်ပါဘူး။ သူ့ရဲ့ နောက်ဆုံးအထွေထွေညီလာခံမိန့်ခွန်းမှာ၊ သူက သက်သေခံခဲ့ပါတယ်၊ “ဒီလောကထဲက ဘယ်သူမဆိုသိနိုင်တဲ့ ကျက်သရေအရှိဆုံးနဲ့ဝမ်းမြောက်ဖွယ်အကောင်းဆုံးအရာတွေထဲကတစ်ခုကတော့ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘနဲ့ သခင်ယေရှုခရစ်တို့ဟာ ဒီနောက်ပိုင်းကာလမှာ သူတို့ကိုယ်သူတို့ ထုတ်ဖော်ပြသခဲ့ပြီး ယေရှုခရစ်တော်ရဲ့ ထာဝရတည်မြဲတဲ့ ဧဝံဂေလိ အပြည့်အစုံကို ပြန်လည်ဆောင်ယူဖို့ ဂျိုးဇက် [စမစ်]ကို ထွက်ပေါ်စေခဲ့တာပဲဖြစ်ပါတယ်။”

ဥက္ကဋ္ဌ ဘဲလာ့ဒ်က သူ့ရဲ့ဘဝတစ်လျှောက်လုံးနဲ့၊ ကမ္ဘာတစ်ဝှမ်းလုံးမှာ၊ ဒီအဖိုးတန်သတင်းစကားကို လူတိုင်းနှင့်ဝေငှဖို့ စိတ်အားထက်သန်စွာ ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။ သူက ကျွန်တော်တို့ကို အလားတူလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ကျွန်တော်တို့က “အိမ်နီးချင်းကောင်းတွေအနေနဲ့ ဂရုစိုက်ခြင်း၊ ချစ်ခြင်းမေတ္တာပြခြင်းအားဖြင့်” ဧဝံဂေလိကိုဝေငှရမယ်လို့ သူကသွန်သင်ခဲ့ပါတယ်။ အဲလိုလုပ်ခြင်းအားဖြင့်၊ “ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ဘဝထဲမှာ ဧဝံဂေလိရဲ့အလင်းကို ဖြန့်ကျက်နိုင်ပြီး [တစ်ပါးသူတွေ]ကိုလည်း ဧဝံဂေလိရဲ့ကောင်းချီးတွေကို ဖြန့်ကျက်ပေးနိုင်ပါတယ်။” ကျွန်တော်တို့က “[ကျွန်တော်တို့] သိ တာတွေ၊ ယုံကြည်တာတွေ နဲ့ ကျွန်တော်တို့ ခံစားရ တာတွေကိုလည်း သက်သေခံကြပါတယ်။” ဥက္ကဋ္ဌ ဘဲလာ့ဒ်က၊ “စင်ကြယ်တဲ့သက်သေခံချက်ကို … သန့်ရှင်းသောဝိညာဉ်တော်ရဲ့တန်ခိုးတော်အားဖြင့် လက်ခံဖို့ဖွင့်ဟထားတဲ့တစ်ပါးသူတွေရဲ့နှလုံးသားတွေထဲကို သယ်ဆောင်သွားနိုင်ပါတယ်လို့ သွန်သင်ခဲ့ပါတယ်။”

ယေရှုခရစ်တော်ရဲ့ ပြန်လည်ဆောင်ယူထားတဲ့ ဧဝံဂေလိကိုဝေငှခြင်းက ဥက္ကဋ္ဌ ဘဲလာ့ဒ် ရဲ့နှလုံးသားထဲက အတောင့်တဆုံးဆန္ဒဖြစ်ပါတယ်။ ဧဝံဂေလိကို နှုတ်နဲ့ဖြစ်စေ အပြုအမူနဲ့ဖြစ်စေ ဝေငှတဲ့အခါ ကျွန်တော်တို့က သူ့လိုပဲ စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်နိုင်ပါတယ်။ ကျွန်တော်တို့တွေထဲမှာ ဧဝံဂေလိရဲ့အလင်းကို ရှာဖွေနေ‌ပေမယ့်လည်း ဘယ်နေရာမှာရှာဖွေရမှန်းမသိတဲ့သူတွေရှိတယ်ဆိုတာ ကျွန်တော်တို့ ဘယ်တော့မှမသိနိုင်ပါဘူး (ရှု ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၂၃း၁၂)။

ရုပ်ပုံ
လှေကားထစ်အချို့ကိုတက်လာနေသောလူနှစ်ဦး

စစ်မှန်လေးနက်တဲ့ ဖိတ်ခေါ်ခြင်းများ ပြုလုပ်ပါ

ခရစ်တော်ထံကိုလာဖို့ တခြားသူတွေကိုကူညီတဲ့အခါ၊ ကယ်တင်ရှင်နဲ့ သူ့ရဲ့ဧဝံဂေလိက သယ်ဆောင်လာတဲ့ ဝမ်းမြောက်ခြင်းကို ခံစားဖို့ ကျွန်တော်တို့က သူတို့ကို ဖိတ်ခေါ်ပါတယ်။ ကျွန်‌တော်တို့က သူတို့ကို ပွဲတစ်ခုလာဖို့၊ မော်မုန်ကျမ်းဖတ်ဖို့နဲ့ သာသနာပြုတွေနဲ့တွေ့ဖို့ ဖိတ်ခေါ်ခြင်းအားဖြင့် အဲဒါကိုပြုလုပ်နိုင်ပါတယ်။ ကျွန်တော်တို့နဲ့အတူ ပွဲတော်မင်္ဂလာသုံးဆောင်ဖို့ စစ်မှန်လေးနက်တဲ့ ဖိတ်ခေါ်ခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။

ကျွန်တော်တို့က “ဘုရားသခင်ကို ဝတ်ပြုဖို့ နဲ့ ယေရှုခရစ်တော်နဲ့သူ့ရဲ့အပြစ်ဖြေခြင်းကို အောက်မေ့သတိရဖို့အတွက် ပွဲတော်မင်္ဂလာကို သုံးဆောင်ဖို့ အပတ်စဉ် ပွဲတော်မင်္ဂလာအစည်းအဝေးကို တက်ရောက်ကြပါတယ်။” အဲဒါက လူတွေအတွက် ဝိညာဉ်တော်ကိုခံစားဖို့ ၊ ကယ်တင်ရှင်ဆီကို နီးကပ်လာဖို့ နဲ့ ကိုယ်တော့်ထံမှာယုံကြည်မှုခိုင်မာစေဖို့ အခွင့်အခါကောင်းပဲဖြစ်ပါတယ်။

ကျွန်တော်တို့က ချစ်ခင်ဖို့၊ ဝေငှဖို့နဲ့ ဖိတ်ခေါ်ဖို့ နည်းလမ်းတွေရှာဖွေတဲ့အခါ၊ ကျွန်တော်တို့ရဲ့ စီစဉ်မှုနဲ့အားထုတ်မှုတွေမှာ လူတွေကို ပွဲတော်မင်္ဂလာအစည်းအဝေးတက်ဖို့ ကူညီတာလည်း ပါဝင်သင့်ပါတယ်။ သူတို့က ကျွန်တော်တို့ရဲ့ ဖိတ်ခေါ်မှုကိုလက်ခံပြီး ပွဲတော်မင်္ဂလာအစည်းအဝေးတက်ရောက်ခဲ့ရင်၊ ဗတ္တိဇံခံခြင်းနဲ့ ပြောင်းလဲခြင်းလမ်းကြောင်းပေါ်ကိုရောက်ဖို့ အလားအလာအများကြီးပိုကောင်းသွားပါလိမ့်မယ်။ ကျွန်တော်တို့က တခြားသူတွေကို ပွဲတော်မင်္ဂလာအစည်းအဝေးတက်ရောက်ဖို့ ဖိတ်ခေါ်ပြီး အဲလိုလုပ်ခြင်းအားဖြင့် ရလာမယ့်ကောင်းချီးတွေကို မှတ်မိအောင်ကူညီမယ်ဆိုရင် ကြီးစွာသောအောင်မြင်မှုရမယ်ဆိုတာ ကျွန်တော့်နှလုံးသားနဲ့အစွမ်းကုန်ယုံကြည်ပါတယ်။

ကိုယ်တော်ရှင်က ကျွန်တော်တို့ကို လမ်းပြပါလိမ့်မယ်

ကျွန်တော်တို့က ချစ်ခင်ခြင်း၊ဝေငှခြင်းနဲ့ ဖိတ်ခေါ်ခြင်းပြုလုပ်မယ်ဆိုရင် ဘယ်လိုအောင်မြင်မှုတွေနဲ့စိန်ခေါ်မှုတွေရှိလာမလဲဆိုတာ ဘယ်တော့မှမသိနိုင်ပါဘူး။ မောဇိယ၏သားတို့သည် “တစ်မြို့မှတစ်မြို့၊ ကိုးကွယ်ရာတစ်အိမ်မှ တခြားတစ်အိမ်သို့၊ … လာမန်အမျိုးသားတို့၌၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဟောပြောရန်နှင့်သွန်သင်ပေးရန် သွားကြ၏၊ ဤသို့အားဖြင့် သူတို့သည် ကြီးစွာသောအောင်မြင်မှုရရှိစပြု၏။” သူတို့၏အားထုတ်မှုအားဖြင့်၊ “ထောင်ပေါင်းများစွာတို့သည် ကိုယ်တော်ရှင်အကြောင်းကို သိခြင်းပညာသို့ ဆောင်ခြင်းကို ခံရကြ” ပြီးများစွာသောသူတို့သည် “ပြောင်းလဲ … [ပြီး]အဘယ်တော့မျှ မရွေ့လျော့ မဖောက်ပြန်ကြ” (အယ်လမာ ၂၃း၄-၆)။

ကျွန်တော်တို့က အဲလိုအမြဲတမ်း ကြုံတွေ့ရမှာတော့မဟုတ်ပေမယ့်၊ ဝိညာဉ်တိုင်းက ကိုယ်တော်ရှင်အတွက်တန်ဖိုးရှိတဲ့အတွက် သူကကျွန်တော်တို့နဲ့အတူတကွ အားထုတ်မယ်လို့ ကတိပြုထားပါတယ်။ ကျွန်တော်တို့က ကိုယ်တော်ရှင်ကိုယုံကြည်ပြီး သူ့ရဲ့အစေခံခြင်းအမှုမှာ ပါဝင်ဆောင်ရွက်မယ်ဆိုရင်၊ သူ့ရဲ့ဧဝံဂေလိကို တခြားသူတွေနဲ့ ဘယ်လိုဝေငှရမလဲဆိုတာ ကျွန်တော်တို့ကို လမ်းညွှန်ပါလိမ့်မယ်၊ သူတို့ကိုချစ်ခင်ခြင်းအားဖြင့်၊ ကျွန်တော်တို့ရဲ့ အသက်တာနဲ့သက်သေခံချက်တွေကို ဝေငှခြင်းအားဖြင့်၊ ကိုယ်တော့်နောက်ကိုလိုက်ဖို့အတွက် ကျွန်တော်တို့နဲ့ပူးပေါင်းဖို့ ဖိတ်ခေါ်ခြင်းအားဖြင့်ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့က သခင်ယေရှုခရစ်တော်ကို သူရဲ့ကြီးမြတ်လှတဲ့အမှုတော်ဖြစ်တဲ့ ဝိညာဉ်တွေသူ့ထံဆောင်ယူခြင်းမှာကူညီပေးဖို့ ကျွန်တော်တို့ပတ်ဝန်းကျင်က အခွင့်အရေးတွေကို အသုံးချမယ်ဆိုရင် “[ကျွန်တော်တို့၏] ဝမ်းမြောက်ခြင်းမှာ ကြီးမြတ်ပါလိမ့်မယ်” (ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၈း၁၅)

မှတ်စု

  1. Teachings of Presidents of the Church၊ ဒေးဗစ် အို၊ မက်ခေး (၂၀၀၃)၊၂၂။

  2. Teachings of Presidents of the Church၊ စပန်ဆာ ဒက်ဗလျူ၊ ကင်ဘော (၂၀၀၆)၊၂၆၁၊၂၆၂။

  3. ဂေါ်ဒွန် ဘီ၊ဟင်ကလေ၊ “Find the Lambs, Feed the Sheep,” လီယဟိုနာ၊ဇူလိုင် ၁၉၉၉၊၁၂၁။ ဤမိန့်ခွန်းကို ၁၉၉၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက် ဆော့လိတ်မြို့တဲတော်ရုံရင်ပြင်မှ ဂြိုတ်တုထုတ်လွှင့်မှုအတွင်း ဟောပြောခဲ့ပါသည်။

  4. ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “ထာဝရတည်မြဲသောပဋိညာဉ်၊” လီယဟိုနာ၊ အောက်၊ ၂၀၂၂၊၉။

  5. အမ်၊ ရပ်ဆဲလ် ဘဲလာ့ဒ်၊ “Praise to the Man၊” လီယဟိုနာ၊ နို၊ ၂၀၂၃၊ ၇၄။

  6. အမ်၊ ရပ်ဆဲလ် ဘဲလာ့ဒ်၊ “The Essential Role of Member Missionary Work၊” လီယဟိုနာ၊မေ ၂၀၀၃၊ ၄၀။

  7. အမ်၊ ရပ်ဆဲလ် ဘဲလာ့ဒ်၊ “Remember What Matters Most၊” လီယဟိုနာ၊မေ ၂၀၂၃၊၁၀၇။

  8. ငါ၏ဧဝံဂေလိတရားတော်ကိုဟောပြောလော့၊ ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို ဝေငှရန် လမ်းညွှန်ချက်တစ်ခု (၂၀၂၃)၊ ၈၈။

  9. ရှု ငါ၏ဧဝံဂေလိတရားတော်ကိုဟောပြောလော့l၊ ၁၇၂။

ပုံနှိပ်သည်