၂၀၂၁
ခရစ်တော်ထမြောက်ပြီ၊ သူ့ကိုယုံကြည်ခြင်းသည် တောင်တို့ကို ရွှေ့လိမ့်မည်
မေ ၂၀၂၁


လစဉ် Liahona အမှာစကား၊ မေ ၂၀၂၁

ခရစ်တော်ထမြောက်ပြီ၊ သူ့ကိုယုံကြည်ခြင်းသည် တောင်တို့ကို ရွှေ့လိမ့်မည်

ယေရှုခရစ်တော်၌ ယုံကြည်ခြင်းဟာ ကျွန်တော်တို့အဖို့ ဒီဘဝမှာရရှိနိုင်တဲ့ အကြီးဆုံးတန်ခိုးဖြစ်ပါတယ်။ ယုံကြည်သူတို့အဖို့ အရာခပ်သိမ်းဟာ ဖြစ်နိုင်ပါတယ်။

ကျွန်တော့်ချစ်သောညီအစ်ကို မောင်နှမများခင်ဗျာ၊ ဒီအီစတာနင်္ဂနွေနေ့မှာ သင်တို့နဲ့စကားပြောရတဲ့ အထူးအခွင့်အရေးအတွက် ကျွန်တော်ကျေးဇူးတင်ကျေနပ်မိပါတယ်။ ယေရှုခရစ်တော်ရဲ့ အပြစ်ဖြေခြင်းယဇ်နဲ့ ရှင်ပြန်ထမြောက်ခြင်းက ကျွန်တော်တို့တတွေရဲ့ ဘဝတွေကို အစဉ်ပြောင်းလဲခဲ့ပါတယ်။ ကျွန်တော်တို့ သူ့ကိုချစ်ပါတယ်၊ သူနဲ့ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘကို ကျေးဇူးတင်စွာနဲ့ ကိုးကွယ်ကြပါတယ်။

လွန်ခဲ့တဲ့ခြောက်လအတွင်းမှာ၊ ကျွန်တော်တို့ကမ္ဘာ့ကပ်ရောဂါနဲ့ နပန်းလုံးခဲ့ရပါတယ်။ ဖျားနာမှု၊ ဆုံးရှုံးမှုနဲ့ ကွဲကွာမှုတွေရဲ့ မျက်မှောက်မှာ သင်တို့ရဲ့ ရုန်းကန်သတ္တိနဲ့ ဝိညာဉ်ပကတိခွန်အားတွေကို ကျွန်တော်အံ့ဩပါတယ်။ အဲဒါတွေအားလုံးကိုကျော်ဖြတ်ပြီး၊ သင်တို့အဖို့ ကိုယ်တော်ရှင်ရဲ့ မကုန်ခန်းနိုင်တဲ့ချစ်ခြင်းကို သင်တို့ခံစားရမယ့်အကြောင်း ကျွန်တော်ပုံမှန်ဆုတောင်းပါတယ်။ သင်တို့ဟာ သင်တို့ရဲ့ ဒုက္ခတွေကို ပိုပြီးခိုင်မာတဲ့တပည့်တော်ဖြစ်ခြင်းနဲ့ တုန့်ပြန်ခဲ့မယ်ဆိုလျှင်၊ ဒီလွန်ခဲ့တဲ့နှစ်ဟာ အချည်းနှီးဖြစ်ခဲ့မှာမဟုတ်ပါဘူး။

ဒီမနက်မှာ၊ ကမ္ဘာလူဦးရေထူထပ်တဲ့တိုက်မှန်သမျှမှ လာခဲ့သူ အသင်းတော်ခေါင်းဆောင်တွေဆီကနေ ကျွန်တော်တို့ကြားခဲ့ကြရပါတယ်။ အမှန်ပါပဲ၊ ဧဝံဂေလိတရားတော်ရဲ့ ကောင်းချီးမင်္ဂလာတွေဟာ မျိုးနွယ်၊ ဘာသာစကားနဲ့ လူမျိုး တိုင်း အတွက်ဖြစ်ပါတယ်။ ယေရှုခရစ်တော်ရဲ့အသင်းတော်ဟာ တစ်ကမ္ဘာလုံးဆိုင်ရာ အသင်းတော်ဖြစ်ပါတယ်။ ယေရှုခရစ်တော်ဟာ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။

ကျေးဇူးတင်စွာဖြင့်၊ ကပ်ရောဂါကတောင် သူ့သမ္မာတရားရဲ့ ရှေ့သို့ချီတက်မှုကို နှေးကွေးစေနိုင်စွမ်းမရှိခဲ့ပါဘူး။ ယေရှုခရစ်တော်ရဲ့ဧဝံဂေလိတရားတော်ဟာ ဒီရှုပ်ထွေးတဲ့၊ အငြင်းပွားတဲ့၊ ပြီးတော့ ပင်ပန်းတဲ့လောကမှာ လိုအပ်တဲ့အရာ အမှန်ပဲဖြစ်ပါတယ်။

ဘုရားသခင်ရဲ့ သားသမီးတိုင်းဟာ ယေရှုခရစ်တော်ရဲ့ အနာငြိမ်းစေတဲ့၊ ရွေးနှုတ်တဲ့ သတင်းစကားကို ကြားနာဖို့နဲ့ လက်ခံဖို့ အခွင့်အရေးနဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုအတွက် အခြားဘယ်သတင်းစကားကမျှ—ယခုနဲ့ ကာလအစဉ်အဆက် ပိုပြီးအရေးမကြီးပါဘူး။ အခြားဘယ်သတင်းစကားကမျှ မျှော်လင့်ခြင်းနဲ့ ပိုမပြည့်ပါဘူး။ အခြားဘယ်သတင်းစကားကမျှ ကျွန်တော်တို့လူ့အသိုင်းအဝိုင်းမှာ အငြင်းပွားမှုကို မပယ်ရှားနိုင်ပါဘူး။

ယေရှုခရစ်တော်၌ ယုံကြည်ခြင်းဟာ ယုံကြည်ခြင်းအားလုံးရဲ့ အုတ်မြစ်၊ မြင့်မြတ်သောတန်ခိုးရဲ့ နည်းလမ်းဖြစ်ပါတယ်။ တမန်တော်ပေါလုက ပြောခဲ့ပါတယ်၊ “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့် မတွေ့နိုင်၊ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သောသူသည် သူရှိတော်မူသည်ကို လည်းကောင်း၊ သူ့ကိုရှာသောသူအား အကျိုးပေးတော်မူသည်ကိုလည်းကောင်း ယုံကြည်ရမည်။”

ဘဝမှာ ကောင်းတဲ့အရာမှန်သမျှ—ထာဝရအရေးပါခြင်းရဲ့ အလားအလာရှိကောင်းချီးမင်္ဂလာတိုင်း—ဟာ ယုံကြည်ခြင်းနဲ့စပါတယ်။ ကျွန်တော်တို့ဘဝတွေမှာ ဘုရားသခင်အနိုင်ရစေဖို့ အခွင့်ပေးခြင်းဟာ ကျွန်တော်တို့ကို သူလမ်းညွှန်ဖို့ လိုလိုလားလားရှိတယ်ဆိုတဲ့ ယုံကြည်ခြင်းနဲ့စပါတယ်။ မှန်သောနောင်တရခြင်းဟာ ယေရှုခရစ်တော်မှာ ကျွန်တော်တို့ကို သန့်ရှင်းစေ၊ အနာကင်းစေ၊ ပြီးတော့ ခွန်အားဖြည့်ပေးတဲ့ တန်ခိုးရှိတယ်ဆိုတဲ့ ယုံကြည်ခြင်းနဲ့စပါတယ်။

“ဘုရားသခင်၏တန်ခိုးကို ငြင်းဆိုခြင်းမပြုနှင့်၊” လို့ ပရောဖက်မော်ရော်နိုင်းက ကြေညာခဲ့ပါတယ်၊ “အကြောင်းမူကား၊ သူသည် လူသားတို့၏ယုံကြည်ခြင်းအတိုင်း၊ တန်ခိုးတော်အားဖြင့် ပြုတော်မူ၏။” ကျွန်တော်တို့ရဲ့ ဘဝတွေမှာ ဘုရားသခင်ရဲ့တန်ခိုးကို ဖွင့်ပေးတဲ့အရာဟာ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းဖြစ်ပါတယ်။

ဒါပေမယ့်၊ ယုံကြည်ခြင်းကို ကျင့်သုံးခြင်းဟာ မွန်းကျပ်သယောင်ရှိနိုင်ပါတယ်။ ကျွန်တော်တို့အလွန်ပြင်းပြင်းထန်ထန်လိုအပ်တဲ့ ကောင်းချီးမင်္ဂလာတွေကို ရရှိဖို့ လုံလောက်သောယုံကြည်ခြင်းကို ကျွန်တော်တို့စုများစုနိုင်ပါ့မလားလို့ ကျွန်တော်တို့တစ်ခါတစ်ရံတွေးကောင်းတွေးမိကြပါတယ်။ ဒါပေမယ့်၊ ကိုယ်တော်ရှင်က မော်မုန်ကျမ်းပရောဖက် အယ်လမာရဲ့ စကားတို့အားဖြင့် ကျွန်တော်တို့ရဲ့ အကြောက်တရားကို ရပ်တန့်စေပါတယ်။

ရုပ်ပုံ
မုန်ညင်းစေ့

အယ်လမာက ကျွန်တော်တို့ကို စကားကို စမ်းသပ်ဖို့နဲ့၊ “ထိုမှတစ်ပါး၊ [ကျွန်တော်တို့] ယုံကြည်လိုခြင်းထက်မပိုနိုင်သော်လည်း၊ အနည်းငယ်မျှသောယုံကြည်မှုကို ပြုကြဖို့” ရိုးရှင်းစွာတောင်းဆိုပါတယ်။ “အနည်းငယ်မျှသောယုံကြည်မှု”ဆိုတဲ့စကားစုက ကျွန်တော်တို့မှာ “မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိမည်”ဆိုလျှင်၊ ကျွန်တော်တို့ဟာ “ဒီတောင်ကို နေရာမှရွေ့လော့ဟု ဆိုနိုင်၍၊ နေရာမှရွေ့လိမ့်မည်၊ [ကျွန်တော်တို့အဖို့] မတတ်နိုင်တာမရှိတဲ့အကြောင်း”ကျွန်တော့်ကို ကိုယ်တော်ရှင်ရဲ့ သမ္မာကျမ်းလာကတိအကြောင်း သတိပေးပါတယ်။

ရုပ်ပုံ
မုန်ညင်းစေ့များကြားမှငှက်

ကိုယ်တော်ရှင်က ကျွန်တော်တို့ရဲ့လူ့ဇာတိအားနည်းချက်ကို နားလည်ပါတယ်။ ကျွန်တော်တို့အားလုံးတစ်ခါတစ်ရံယိမ်းယိုင်ကြပါတယ်။ ဒါပေမယ့်သူက ကျွန်တော်တို့ရဲ့ ကြီးစွာသောအလားအလာကိုလည်းသိပါတယ်။ မုန်ညင်းစေ့ဟာ သေးသေးလေးကစပေမယ့် အကိုင်းအခက်တွေကြားမှာ ငှက်တွေအသိုက်ဖွဲ့လောက်အောင်ကြီးတဲ့သစ်ပင်တစ်ပင်အထိကြီးထွားပါတယ်။ မုန်ညင်းစေ့က သေးပေမယ့်ကြီးထွားသောယုံကြည်ခြင်းကို ကိုယ်စားပြုပါတယ်။

ကိုယ်တော်ရှင်က ကျွန်တော်တို့ကို သူ့ရဲ့ စုံလင်တဲ့ တန်ခိုးဆီကို ရောက်ရှိစေဖို့ စုံလင်တဲ့ ယုံကြည်ခြင်း မလိုအပ်ပါဘူး။ ဒါပေမယ့် သူက ကျွန်တော်တို့ကို ယုံကြည်ဖို့ တောင်းဆိုပါတယ်။

ကျွန်တော့ချစ်သောညီအစ်ကိုမောင်နှမများခင်ဗျာ၊ သင်တို့ဆီ ကျွန်တော့်တောင်းဆိုချက်က၊ ဒီအီစတာနံနက်ဟာ သင်တို့ရဲ့ယုံကြည်ခြင်းကို တိုးမြှင့်ဖို့ ဒီနေ့စတင်ဖို့ပဲဖြစ်ပါတယ်။ သင်တို့ရဲ့ ပုဂ္ဂလစိန်ခေါ်မှုတွေဟာ ဧဝရက်တောင်တမျှကြီးနိုင်သော်လည်းပဲ သင်တို့ရဲ့ယုံကြည်ခြင်းအားဖြင့်၊ ယေရှုခရစ်တော်က သင်တို့ရဲ့ဘဝမှာ တောင်တွေကိုရွေ့စေဖို့ သင်တို့ရဲ့စွမ်းရည်ကို မြှင့်တင်ပေးပါလိမ့်မယ်။

သင်တို့ရဲ့တောင်တွေဆိုတာ အထီးကျန်ခြင်း၊ ယုံမှားခြင်း၊ ဖျားနာခြင်း၊ သို့မဟုတ် ပုဂ္ဂလပြဿနာတွေဖြစ်ကောင်းဖြစ်ပါမယ်။ သင်တို့ရဲ့တောင်တွေဟာ အမျိုးမျိုးရှိမှာပါ၊ သို့သော်လည်း သင်တို့တစ်ယောက်ချင်းစီရဲ့ စိန်ခေါ်မှုတွေအတွက် အဖြေကတော့ သင်တို့ရဲ့ယုံကြည်ခြင်းကို တိုးမြှင့်ဖို့ပဲဖြစ်ပါတယ်။ အဲဒါက အလုပ်လုပ်ဖို့လိုပါတယ်။ ပျင်းတဲ့သင်ယူသူတွေနဲ့ လျော့ရဲတဲ့တပည့်တော်တွေဟာ အနည်းငယ်မျှသောယုံကြည်ခြင်းကိုတောင်စုဖို့ရာ အမြဲရုန်းကန်ကြရပါလိမ့်မယ်။

ဘာကိုပဲဖြစ်ဖြစ် ကောင်းကောင်းလုပ်ဖို့ဆိုလျှင် အားထုတ်မှုလိုအပ်ပါတယ်။ ယေရှုခရစ်တော်ရဲ့ စစ်မှန်သောတပည့်တော်ဖြစ်လာခြင်းမှာ ခြွင်းချက်မရှိပါဘူး။ သင်တို့ရဲ့ယုံကြည်ခြင်းကို တိုးမြှင့်ခြင်းနဲ့ သူ့ကို ယုံကြည်စိတ်ချခြင်းမှာ အားထုတ်မှုလိုပါတယ်။ အဲဒီယုံကြည်ခြင်းနဲ့ ယုံကြည်စိတ်ချခြင်းတိုးပွားရန်သင်တို့ကို ကူညီဖို့ အကြံပြုချက်ငါးခု ကျွန်တော်ပေးပါရစေ။

ပထမ၊ လေ့လာပါ။ တက်တက်ကြွကြွလေ့ကျင့်သောသင်ယူသူတစ်ယောက်ဖြစ်လာပါစေ။ ခရစ်တော်ရဲ့ သာသနာနဲ့ အမှုတော်ဆောင်ခြင်းကို ပို၍နားလည်ရန် သင့်ကိုယ်သင် ကျမ်းစာတွေနဲ့ အကျွမ်းဝင်စေပါ။ သင့်ဘဝအတွက် ခရစ်တော်ရဲ့ ဩဝါဒတန်ခိုးကို သင်နားလည်နိုင်စေဖို့ အဲဒီဩဝါဒကို သိပါ။ ခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာသင့်အပေါ် သက်ရောက်မှုရှိတဲ့သမ္မာတရားကို ပင်ကိုယ်သဘာဝဖြစ်လာပါစေ။ သူက သင်တို့ရဲ့ဝမ်းနည်းပူဆွေးမှု၊ သင်တို့ရဲ့ အမှားတွေ၊ သင်တို့ရဲ့အားနည်းချက်နဲ့ သင်တို့ရဲ့အပြစ်တွေကို သူ့ကိုယ်ပေါ်မှာခံယူပါတယ်။ သူကသင်တို့ရင်ဆိုင်မယ့်တောင် တိုင်းကို ရွေ့စေဖို့ သင်တို့အတွက် အစားထိုးတန်ဖိုးကို ပေးခဲ့၊ တန်ခိုးကိုလည်းပံ့ပိုးခဲ့ပါတယ်။ သင်တို့ဟာ အဲဒီတန်ခိုးကို သင်တို့ရဲ့ သူ့နောက်ကိုလိုက်လျှောက်ဖို့ ယုံကြည်ခြင်း၊ စိတ်ချခြင်းနဲ့ လိုလိုလားလားရှိခြင်းတို့အားဖြင့် ရရှိကြပါတယ်။

သင်တို့ရဲ့တောင်တွေကို ရွေ့စေခြင်းဟာ အလွန်တရာအံ့ဩဖွယ်အမှုတစ်ခုလိုအပ်နိုင်ပါတယ်။ အလွန်တရာအံ့ဩဖွယ်အမှုတွေအကြောင်းကို သင်ယူပါ။ အလွန်တရာအံ့ဩဖွယ်အမှုတွေ သင်တို့ရဲ့ကိုယ်တော်ရှင်၌ ယုံကြည်ခြင်းအတိုင်း ရောက်လာပါတယ်။ ယုံကြည်ခြင်းရဲ့ အဓိကအချက်ကတော့ သင်တို့အလိုရှိတဲ့ အလွန်တရာအံ့ဩဖွယ်အကူအညီနဲ့ သင်တို့ကို သူဘယ်လိုနည်းနဲ့ ဘယ်အချိန်မှာ ကောင်းချီးပေးမယ်—ဆိုတဲ့ သူ့အလိုတော်နဲ့ အချိန်ဇယားကို စိတ်ချခြင်းပဲဖြစ်ပါတယ်။ သင်တို့ရဲ့ ယုံကြည်ခြင်းကသာ သင်တို့ဘဝမှာ တောင်တွေကို ရွေ့စေဖို့ အလွန်တရာအံ့ဩဖွယ်အမှုတွေနဲ့ သင်တို့ကို ဘုရားသခင်ကောင်းချီးပေးခြင်းကနေ တားဆီးပါတယ်။၁၀

သင်တို့ဟာ ကယ်တင်ရှင်အကြောင်းကို ပိုပြီးသင်ယူလေ၊ သူ့ကရုဏာ၊ သူ့ရဲ့ အနှိုင်းမဲ့ချစ်ခြင်း၊ ပြီးတော့ သူ့ရဲ့ ခွန်အားဖြည့်ပေးခြင်း၊ အနာငြိမ်းစေခြင်းနဲ့ ရွေးနှုတ်ခြင်းတန်ခိုးတို့အပေါ် စိတ်ချဖို့ ပိုပြီးလွယ်ကူလေဖြစ်ပါတယ်။ ကယ်တင်ရှင်ဟာ သင်တို့ ယုံကြည်ခြင်းနဲ့ တောင်ကို ရင်ဆိုင်နေတဲ့ သို့မဟုတ် တက်နေတဲ့အချိန်တွေမှာထက် တခြားဘယ်အချိန်မှာမျှ သင်တို့နဲ့ ပိုနီးကပ်တာမဟုတ်ပါဘူး။

ဒုတိယ၊ ယေရှုခရစ်တော်၌ ယုံကြည်ဖို့ ရွေးချယ်ပါ။ သင်တို့ဟာ အဘဘုရားသခင်နဲ့ သူ့တစ်ပါးတည်းသောသားတော်အကြောင်း သို့မဟုတ် ပြန်လည်ဆောင်ယူခြင်းရဲ့ တရားဝင်မှုအကြောင်း၊ သို့မဟုတ် ပရောဖက်တစ်ပါးအဖြစ် ဂျိုးဇက်စမစ်ရဲ့ မြင့်မြတ်သောအမှုတော်ဆောင်တာဝန်အကြောင်းတို့မှာ သံသယတွေရှိလျှင်၊ ယုံကြည်ဖို့နဲ့ ရွေးချယ်ပါ ၁၁ ဆက်ပြီးသစ္စာရှိပါ။ သင့်မေးခွန်းတွေကို ကိုယ်တော်ရှင်ဆီနဲ့ အခြားသစ္စာရှိသော အင်အားစုတွေဆီကို ဆောင်ယူသွားပါ။ သင်ဟာ ပရောဖက်ရဲ့ဘဝမှာကိုယ်ထည်မှာ အပြစ်အနာအဆာ သို့မဟုတ် ကျမ်းစာတွေမှာ ရှေ့နောက်မညီမှုကို တွေ့နိုင်ဖို့ဆိုတဲ့ မျှော်လင့်ခြင်းနဲ့ လေ့လာမယ့်အစား ယုံကြည်ဖို့ဆန္ဒနဲ့ လေ့လာပါ။ သင်၏သံသယတွေကို အခြားသံသယရှိသူတွေနဲ့ ထပ်တလဲလဲပြောဆိုခြင်းအားဖြင့် တိုးပွားခြင်းကို ရပ်တန့်ပါ။ သင့်ရဲ့ ဝိညာဉ်ပကတိရှာဖွေခြင်းခရီးမှာ သင့်ကို ကိုယ်တော်ရှင်ပို့ဆောင်စေဖို့ အခွင့်ပေးပါ။

တတိယ၊ ယုံကြည်ခြင်းနဲ့ ဆောင်ရွက်ပါ။ သင့်မှာ ယုံကြည်ခြင်း ပိုရှိလျှင် မည်သည့်အရာကို လုပ်ဆောင်မည်လဲ။ အဲဒါကို စဉ်းစားပါ။ အဲဒီအကြောင်းကို ရေးပါ။ အဲဒီနောက် ယုံကြည်ခြင်း ပိုလိုအပ်တဲ့ တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်းအားဖြင့် ယုံကြည်ခြင်း ပို၍ရရှိပါ။

စတုတ္ထ၊ သန့်ရှင်းမွန်မြတ်တဲ့ဘိသိက်မင်္ဂလာတွေသုံးဆောင်ခြင်းကို ထိုက်တန်စွာ ပြုပါ။ ဘိသိက်မင်္ဂလာတွေက သင့်ဘဝအတွက် ဘုရားသခင်ရဲ့ တန်ခိုးကို ဖွင့်ပေးပါတယ်။၁၂

ပဉ္စမ၊ အကူအညီအတွက် သင်၏ကောင်းကင်ဘုံရှင်အဘဆီကို ယေရှုခရစ်တော်၏နာမတော်ဖြင့် ဆုတောင်းပါ။

ယုံကြည်ခြင်းမှာ အလုပ်လိုပါတယ်။ ဗျာဒိတ်တော်ရရှိခြင်းမှာ အလုပ်လိုပါတယ်။ ဒါပေမယ့်“တောင်းသောသူမည်သည်ကားရ၏။ ရှာသောသူလည်းတွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်၏။”၁၃ ဘုရားသခင်က သင့်ယုံကြည်ခြင်းတိုးပွားဖို့ ဘယ်အရာကကူညီမယ်ဆိုတာကို သိပါတယ်။ တောင်းပါ၊ ပြီးတော့ထပ်ပြီးတောင်းပါ။

ယုံကြည်ခြင်းဆိုတာ အားနည်းသူတွေအတွက်လို့ မယုံကြည်သူတွေကပြောကောင်းပြောနိုင်ပါတယ်။ ဒါပေမယ့် ဒီအဆိုက ယုံကြည်ခြင်းရဲ့ တန်ခိုးကို ထည့်မတွက်တာဖြစ်ပါတယ်။ ကယ်တင်ရှင်ရဲ့တမန်တော်တွေဟာ၊ သူ့ကို သံသယရှိခဲ့မယ်ဆိုလျှင်၊ သူသေပြီးနောက်၊ သူ့ဩဝါဒကို သူတို့ဘဝတွေဘေးတွေ့မှာကို စွန့်စားပြီးတော့ ဆက်ပြီးသွန်သင်ပေးခဲ့ကြမှာပါလား။၁၄ ဂျိုးဇက်နဲ့ ဟီရယ်စမစ်တို့ဟာ ကိုယ်တော်ရှင်ရဲ့အသင်းတော်ပြန်လည်ဆောင်ယူခြင်းဟာ မှန်ကန်တယ်ဆိုတဲ့သေချာသောသက်သေမရှိခဲ့လျှင်၊ အဲဒါကို ကာကွယ်ရင်း အသက်စတေးပြီးသေခြင်းကို ခံစားခဲ့ကြမှာပါလား။ သန့်ရှင်းသူ ၂,၀၀၀ တို့ဟာ ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိတရားတော်ပြန်လည်ဆောင်ယူထားတယ်ဆိုတဲ့အကြောင်း ယုံကြည်ခြင်းမရှိကြလျှင်၊ သူတို့ဟာ ကနဦးခြေလျင်ခရီးလျှောက်မှာ၁၅သေခဲ့ကြမှာပါလား။ အမှန်ပါပဲ၊ ယုံကြည်ခြင်းဆိုတာ၊ ပြီးမြောက်ဖို့ ဖြစ်နိုင်ဖွယ်မရှိတဲ့ မဖြစ်နိုင်တဲ့အရာတွေကို စွမ်းဆောင်နိုင်စေတဲ့ တန်ခိုးဖြစ်ပါတယ်။

သင့်မှာရှိပြီးသာားဖြစ်တဲ့ ယုံကြည်ခြင်းကို သေးငယ်မသွားပါစေနှင့်။ အသင်းတော်ကိုဝင်ဖို့နဲ့ ဆက်ပြီးသစ္စာရှိဖို့ ယုံကြည်ခြင်းလိုအပ်ပါတယ်။ ပညာရှင်တွေနဲ့ ကျော်ကြားတဲ့ အယူအဆနောက်ကို လိုက်လျှောက်တာထက် ပရောဖက်နောက်ကိုလိုက်လျှောက်ဖို့ ယုံကြည်ခြင်းလိုပါတယ်။ ကပ်ရောဂါကာလအတွင်းမှာ သာသနာပြုအမှုတော်ဆောင်ဖို့ ယုံကြည်ခြင်းလိုပါတယ်။ ဘုရားသခင်ကာမအပြစ်ကင်းစင်ခြင်းဥပဒေကို ယခု ခေတ်နောက်ကျနေပြီလို့ ကမ္ဘာက ဟစ်အော်နေတဲ့အချိန်မှာ ကာမအပြစ်ကင်းစင်တဲ့ဘဝနဲ့ရှင်သန်ဖို့ ယုံကြည်ခြင်းလိုပါတယ်။ လောကီကမ္ဘာမှာ ကလေးတွေကို ဧဝံဂေလိတရားတော်သင်ပေးဖို့ ယုံကြည်ခြင်းလိုအပ်ပါတယ်။ ကိုယ်ချစ်တဲ့သူရဲ့အသက်အတွက် အသနားခံတောင်းဖို့ ယုံကြည်ခြင်းလိုအပ်ပါတယ်၊ စိတ်ပျက်စရာအဖြေကို လက်ခံဖို့ ပိုပြီးတော့တောင်ယုံကြည်ခြင်းလိုအပ်ပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်တုန်းက၊ ညီအစ်မနယ်လဆင်နဲ့ ကျွန်တော် ဆမိုးဝါး၊ တုန်ဂါ၊ ဖီဂျီနဲ့ တဟိတီတို့ကို အလည်အပတ်သွားခဲ့ကြပါတယ်။ အဲဒီကျွန်းနိုင်ငံတိုင်းဟာ နေ့ပေါင်းများစွာ မိုးသည်းတာတွေကြုံခဲ့ကြရပါတယ်။ အသင်းသားတွေဟာ သူတို့ရဲ့ အပြင်ဘက်အစည်းအဝေးတွေကို မိုးကနေ အကာအကွယ်ရဖို့ အစာရှောင်ခဲ့၊ ဆုတောင်းခဲ့ကြပါတဘ်။

ဆမိုးဝါး၊ ဖီဂျီနဲ့ တဟီတီတို့မှာ အစည်းအဝေးတွေစတင် တာနဲ့၊ မိုးတိတ်သွားခဲ့ပါတယ်။ တုန်ဂါမှာတော့၊ မိုးက တိတ်ခဲ့ပါဘူး။ ဒါပေမယ့်၊ သစ္စာရှိစောင့်ထိန်းသူ ၁၃,၀၀၀ တို့ဟာ ထိုင်ခုံနေရာရဖို့ နာရီများစွာ စောလာခဲ့ကြပြီး၊ မိုးသည်းအောက်မှာ စိတ်ရှည်စွာစောင့်ခဲ့ကြပါတယ်၊ အဲဒီနောက် အလွန်စိုစွတ်တဲ့ နှစ်နာရီကြာအစည်းအဝေးတလျှောက်ထိုင်ခဲ့ကြပါတယ်။

ရုပ်ပုံ
မိုးထဲမှ တုန်ဂါသန့်ရှင်းသူများ

အဲဒီကျွန်းသူကျွန်းသားတွေထဲမှာ အလုပ်လုပ်တဲ့ စိတ်လှုပ်ရှားဖွယ်ယုံကြည်ခြင်း—မိုးတိတ်စေဖို့ လုံလောက်တဲ့ယုံကြည်ခြင်းနဲ့ မိုးမတိတ်တဲ့အခါ ဇွဲကောင်းဖို့ယုံကြည်ခြင်းတို့ကို ကျွန်တော်တို့တွေ့ခဲ့ကြပါတယ်။

ကျွန်တော်တို့ဘဝတွေထဲက တောင်တွေဟာ ကျွန်တော်တို့ဖြစ်စေချင်တဲ့ပုံစံနဲ့ ကျွန်တော်တို့ဖြစ်စေချင်တဲ့အချိန်မှာ အမြဲမရွေ့ပါဘူး။ ဒါပေမယ့်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းက ကျွန်တော်တို့ကို ရှေ့သို့အမြဲတွန်းပို့ပါလိမ့်မယ်။ ယုံကြည်ခြင်းက ကျွန်တော်တို့ရဲ့ ဘုရားအလိုတော်နဲ့ညီတဲ့တန်ခိုးဆီသို့ ရောက်ရာလမ်းကို အမြဲတိုးတက်စေပါတယ်။

ဒါကို သတိပြုပါ၊ လောကမှာရှိတဲ့ အရာမှန်သမျှနဲ့၊ သင်စိတ်ချရတဲ့အခြားသူမှန်သမျှ ပျက်ကွက်လျှင်တောင်မှ၊ ယေရှုခရစ်တော်နဲ့ သူ့အသင်းတော်က သင့်ကို ဘယ်တော့မျှ ပျက်ကွက်မည်မဟုတ်ပါ။ ကိုယ်တော်ရှင်က ဘယ်တော့မျှ ငိုက်မျည်းခြင်းမရှိ၊ အိပ်ပျော်ခြင်းလည်းမရှိ။၁၆ သူဟာမနေ့၊ ယနေ့နှင့် နက်ဖြန် မပြောင်းမလဲရှိပါတယ်။၁၇သူက သူ့ရဲ့ပဋိညာဉ်တွေ၊ ၁၈သူ့ရဲ့ကတိတော်တွေ၊ သို့မဟုတ် သူ့လူမျိုးတွေအတွက် သူ့ချစ်ခြင်းကို စွန့်ပစ်မှာမဟုတ်ပါဘူး။ သူကဒီနေ့မှာ အလွန်တရာအံ့ဩဖွယ်အမှုတွေကို ပြုတော်မူပါတယ်၊ မနက်ဖြန်မှာလည်း အလွန်တရာအံ့ဩဖွယ်အမှုတွေကို ပြုတော်မူပါတယ်။၁၉

ယေရှုခရစ်တော်၌ ယုံကြည်ခြင်းဟာ ကျွန်တော်တို့အဖို့ ဒီဘဝမှာ ရနိုင်တဲ့ အကြီးမားဆုံးတန်ခိုး ဖြစ်ပါတယ်။ ယုံကြည်သောသူတို့အဖို့ ခပ်သိမ်းသောအရာတို့သည် ဖြစ်နိုင်၏။၂၀

သူ့၌ သင်တို့၏ တိုးတက်နေသောယုံကြည်ခြင်းသည် တောင်တွေ—မြေကြီးကိုလှပစေတဲ့ ကျောက်တောင်တွေမဟုတ်၊ သင်တို့ဘဝတွေထဲက ဝမ်းနည်းပူဆွေးမှုတောင်တွေကို ရွေ့စေပါလိမ့်မယ် သင်တို့ရဲ့ တိုးပွားနေတဲ့ ယုံကြည်ခြင်းက သင်တို့ကို စိန်ခေါ်မှုတွေကို အနှိုင်းမဲ့ ကြီးထွားမှုနဲ့ အခွင့်အရေးအဖြစ် ပြောင်းလဲဖို့ ကူညီပါလိမ့်မယ်။

ဒီအီစတာတနင်္ဂနွေနေ့မှာ၊ ကျွန်တော့်ရဲ့ လေးနက်သောချစ်ခြင်းနဲ့ ကျေးဇူးတင်ခြင်းစိတ်တို့ဖြင့်၊ ယေရှုခရစ်တော်အမှန်ထမြောက်တဲ့အကြောင်း ကျွန်တော့်သက်သေကို ကြေညာပါတယ်။ သူကသူ့အသင်းတော်ကို ဦးဆောင်ဖို့ ထမြောက်ပါပြီ။ သူက ဘုရားသခင့်သားသမီးတွေရဲ့ ဘဝတွေကို၊ သူတို့ဘယ်နေရာမှာနေသည်ဖြစ်စေ ကောင်းချီးပေးဖို့ ထမြောက်ပါပြီ။ သူ့၌ ယုံကြည်ခြင်းဖြင့်၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့ဘဝတွေထဲက တောင်တွေကို ရွေ့စေနိုင်ကြပါတယ်။ ယေရှုခရစ်တော်၏သန့်ရှင်းမွန်မြတ်သော နာမတော်အားဖြင့် ကျွန်တော်သက်သေခံပါတယ်၊ အာမင်။

နေရာချပုံရိပ်စာရင်း

ပုံနှိပ်သည်