၂၀၂၂
ဝိညာဉ်ပကတိအဟုန်တန်ခိုး
မေ ၂၀၂၂


လစဉ် Liahona အမှာစကား၊ မေ ၂၀၂၂

ဝိညာဉ်ပကတိအဟုန်တန်ခိုး

ကျွန်တော်တို့ကို အကောင်းဝိညာဉ်ပကတိအဟုန်မှာ ဆက်ရှိစေရန်ကူညီဖို့ ကျွန်တော်တို့လုပ်နိုင်တဲ့ အထူးလုပ်ဆောင်ချက် ငါးခုကို ကျွန်တော်အကြံပြုလိုပါတယ်။

ချစ်သောညီအစ်ကိုမောင်နှများခင်ဗျာ၊ သင်တို့ကို ကျွန်တော်ချစ်ပါတယ်။ ဒီနေ့သင်တို့နဲ့စကားပြောရတဲ့ဒီအခွင့်အရေးကို ကျွန်တော်မြတ်နိုးပါတယ်။ သင်တို့တတွေ ဘေးဒုက္ခရဲ့ ပြင်းထန်သောတိုက်ခိုက်မှုမှာ အကာအကွယ်ရဖို့နဲ့ သင်တို့ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုမှန်သမျှကို ကျော်လွှားပြီး ရှေ့ကို ဆက်ကြိုးစားဖို့ ခွန်အား ရရှိနိုင်ဖို့ ကျွန်တော်နေ့စဉ်ဆုတောင်းပါတယ်။

အချို့ဒုက္ခတွေဟာ အခြားဘယ်သူမှ မမြင်နိုင်တဲ့ ပုဂ္ဂလိကဝန်ထုပ်ဝန်ပိုးတွေဖြစ်ပါတယ်။ အခြားအရာတွေက ကမ္ဘာသိဖြစ်ကြပါတယ်။ ဥရောပအရှေ့ပိုင်း လက်နက်ကိုင်ပဋိပက္ခဟာဒီလိုအရာမျိုးတွေထဲကပါ။ ယူကရိန်းနဲ့ ရုရှားကိုကျွန်တော်အကြိမ်များစွာရောက်ဖူးပါတယ်။ အဲဒီနယ်မြေတွေ၊ လူမျိုးတွေနဲ့ သူတို့ရဲ့ဘာသာစကားတွေကို ကျွန်တော်ချစ်ပါတယ်။ ဒီပဋိပက္ခကြောင့်ထိခိုက်တဲ့သူတွေအားလုံးအတွက် ကျွန်တော်ငိုကြွေး၊ ဆုတောင်းပါတယ်။ ခံစားနေကြရတဲ့၊ အသက်ရှင်ဖို့ ရုန်းကန်နေကြရတဲ့ သူတွေကို ကူညီဖို့ ကျွန်တော်တို့လုပ်နိုင်သမျှကို အသင်းတော်တစ်ခုအနေနဲ့ ကျွန်တော်တို့လုပ်ဆောင်နေကြပါတယ်။ ဒီကပ်ဘေးကြောင့် ထိခိုက်နေကြသူအားလုံးအတွက် ဆက်ပြီးအစာရှောင်၊ ဆုတောင်းကြဖို့ လူတိုင်းကို ကျွန်တော်တို့ဖိတ်ခေါ်ပါတယ်။ စစ်ပွဲတိုင်းဟာ ကိုယ်တော်ရှင်ယေရှုခရစ်တော်ကိုယ်စားပြုသွန်သင်ပေးတဲ့ အရာတိုင်းအတွက် ကြောက်စရာချိုးဖောက်မှုတစ်ခုဖြစ်ပါတယ်။

ကျွန်တော်တို့အထဲက ဘယ်သူမှ နိုင်ငံတွေ၊ သို့မဟုတ် အခြားသူတွေရဲ့အပြုအမူတွေ၊ သို့မဟုတ် ကျွန်တော်တို့ကိုယ်ပိုင်မိသားစုဝင်တွေရဲ့အပြုအမူတွေကိုတောင် မထိန်းချုပ်နိုင်ကြပါဘူး။ ဒါပေမယ့်ကျွန်တော်တို့တတွေ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ကြပါတယ်။ ဒီနေ့ကျွန်တော်တောင်းဆိုချင်တာကတော့၊ ချစ်သောညီအစ်ကို မောင်နှမများခင်ဗျာ၊ သင်တို့ရဲ့စိတ်နှလုံးမှာ၊ သင်တို့ရဲ့ အိမ်မှာ၊ သင်တို့ရဲ့ ဘဝမှာ တက်လာနေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်စေဖို့ဖြစ်ပါတယ်။ ဒေါသပဲဖြစ်ဖြစ်၊ ခက်ထန်တဲ့နှုတ်ပဲဖြစ်ဖြစ်၊ သင့်ကို နာကျင်စေခဲ့သူတစ်ယောက်အပေါ် မကျေမချမ်းမှုပဲဖြစ်ဖြစ်— အခြားသူတွေကို နာကျင်စေမယ့် အလေ့အကျင့်မှန်သမျှကို မေ့ပစ်ကြပါ။ ကယ်တင်ရှင်က ကျွန်တော်တို့ကို မိန့်တော်မူခဲ့ပါတယ်၊ အခြားပါးတစ်ဖက်ကို လှည့်ပေးဖို့၊၊ ကျွန်တော်တို့ရဲ့ရန်သူတွေကို ချစ်ဖို့၊ ကျွန်တော်တို့ကို နှောင့်ယှက်ညှဉ်းဆဲတဲ့သူတွေကို ချစ်ဖို့ ပဲဖြစ်ပါတယ်။

ကိုယ်မှတ်တယ်လို့ထင်တဲ့ ဒေါသကို ဖြေလျှော့ပေးဖို့ဆိုတာ နာကျင်စွာခက်ခဲနိုင်ပါတယ်။ အပြစ်ကင်းတဲ့သူတွေကို ဖျက်ဆီးတဲ့သူတွေရဲ့ အပြုအမူတွေကို ခွင့်လွှတ်ဖို့ဆိုတာဖြစ်နိုင်ဖွယ်မရှိပါဘူး။ သို့ပေမယ့်၊ ကယ်တင်ရှင်က ကျွန်တော်တို့ကို “လူသားအားလုံးကို ခွင့်လွှတ်” ဖို့ ဆုံးမထားတော်မူခဲ့ပါတယ်။

ကျွန်တော်တို့ဟာ ငြိမ်းချမ်းခြင်း အရှင်ရဲ့နောက်လိုက်တွေဖြစ်ကြပါတယ်။ ယခုဆိုလျှင်၊ ကျွန်တော်တို့ဟာ ကိုယ်တော်သာဆောင်ယူလာနိုင်တဲ့ ငြိမ်းချမ်းခြင်းကို အရင်တုန်းကထက်ပိုပြီးလိုအပ်ကြပါတယ်။ ကျွန်တော်တို့ဟာ ငြိမ်းချမ်းခြင်းနဲ့ ဟန်ချက်ညီခြင်းကို တစ်ဦးချင်း မရှာပဲနေကြတဲ့အချိန်မှာ လောကကြီးမှာငြိမ်းချမ်းခြင်းရှိဖို့ ဘယ်လိုများမျှော်လင့်နိုင်ကြမှာလည်းခင်ဗျာ။ ညီအစ်ကို မောင်နှမများခင်ဗျာ၊ ကျွန်တော်အကြံပြုနေတဲ့အရာက မလွယ်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့်၊ ယေရှုခရစ်တော်ရဲ့နောက်လိုက်တွေဟာ လောကတစ်ခုလုံးလိုက်လျှောက်ဖို့ရာ ပုံသက်သေအဖြစ်ရှိကြရမှာဖြစ်ပါတယ်။ ယခုလက်ရှိ သင်တို့စိတ်နှလုံးနဲ့ သင်တို့ဘဝတွေမှာ တက်လာနေတဲ့ ပုဂ္ဂလပဋိပက္ခတွေကို အဆုံးသတ်ဖို့ သင်တို့တတ်နိုင်သမျှ လုပ်ဆောင်ကြဖို့ ကျွန်တော်တောင်းဆိုပါတယ်။

ကျွန်တော်မကြာသေးမီက ဘတ်စကက်ဘောပွဲကြည့်နေတုန်း သတိပေးခံခဲ့ရတဲ့ သဘောတရားတစ်ခုကို ဆွေးနွေးခြင်းဖြင့် ဒီတောင်းဆိုမှုကို လက်တွေ့လုပ်ဆောင်ကြဖို့ ကျွန်တော်အလေးပေးပြောပါရစေ။

အဲဒီပွဲမှာ၊ ပထမပိုင်းဟာ ရှုံးလိုက်နိုင်လိုက်၊ ရှေ့ရောက်လိုက်၊ နောက်ရောက်လိုက် ပြိုင်ပွဲတစ်ခုပါ။ အဲဒီနောက်၊ ပထမပိုင်းရဲ့ နောက်ဆုံးငါးစက္ကန့်မှာ၊ အသင်းတစ်သင်းရဲ့ဂိုးသွင်းသမားဟာ၊ အမှတ်သုံးမှတ်ရတဲ့ ဂိုးကို လှလှပပလေးသွင်းပစ်လိုက်ပါတယ်။ တစ်စက္ကန့်ပဲကျန်တော့တဲ့အချိန်မှာ သူ့ကစားဖက်ဟာ ဘောလုံးကို ရုတ်တရက်ယူပြီး၊ နောက်ထပ်တစ်ဂိုးထပ်သွင်းလိုက်ပြန်ပါတယ်။ အဲဒီအသင်းဟာ သိသာတဲ့အဟုန်ကြောင့် လေးမှတ်အသာရပြီး၊ အဝတ်စားလဲခန်းကို ဝင်သွားခဲ့ကြပါတယ်။ သူတို့ဟာ အဲဒီအဟုန်ကို ဒုတိယပိုင်းအထိထိန်းထားနိုင်ခဲ့ကြပြီး ပြိုင်ပွဲကို နိုင်ခဲ့ကြပါတယ်။

အဟုန်ဆိုတာ အားကောင်းတဲ့သဘောတရားတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးတစ်နည်းနည်းနဲ့တွေ့ကြုံခဲ့ပြီးကြပါပြီ—ဥပမာအားဖြင့်၊ အရှိန်မြှင့်တဲ့ယာဉ်တစ်စီးထဲမှာ၊ သို့မဟုတ် ငြင်းခုံမှုတစ်ခုအဖြစ်သို့ ရုတ်တရက်ပြောင်းသွားတဲ့ သဘောမတူညီမှုတစ်ခုလိုဟာမျိုးတွေမှာပါ။

ဒါကြောင့်၊ ကျွန်တော်မေးချင်ပါတယ်၊ ဝိညာဉ်ပကတိအဟုန်ကို ဘယ်အရာက ထွန်းတောက်စေနိုင်ပါသလဲ။ ကျွန်တော်တို့တတွေ၊ အကောင်းနဲ့အဆိုး အဟုန်နှစ်မျိုးစလုံးရဲ့ ဥပမာတွေကို တွေ့မြင်ခဲ့ပြီးကြပါပြီ။ ပြောင်းလဲပြီး၊ ယုံကြည်ခြင်းတိုးလာခဲ့ကြတဲ့ ယေရှုခရစ်တော်ရဲ့နောက်လိုက်တွေကို ကျွန်တော်တို့ သိကြပါတယ်။ ဒါပေမယ့် တစ်ချိန်ကကတိကဝတ်ပြုခဲ့ပြီး၊ လျော့ပါးသွားခဲ့ကြသူတွေကိုလည်း ကျွန်တော်တို့သိကြပါတယ်။ အဟုန်က တစ်ဖက်ဖက်ကို လွှဲသွားနိုင်ပါတယ်။

ရုပ်ပုံ
လူငယ်အမျိုးသမီး

ကျွန်တော်တို့ဟာ နတ်ဆိုးနဲ့ အမှောင်ပိုများတဲ့ ကာလတွေ မြှင့်တင်နေတဲ့အရှိန်ကို ခုခံတိုက်ခိုက်ဖို့ ယခုလိုအပ်နေတာထက်အကောင်း ဝိညာဉ်ပကတိအဟုန်ကို ဘယ်တုန်းကမှ မလိုအပ်ခဲ့ဖူးပါဘူး။ ကပ်ရောဂါတွေ၊ ဆာနာမီတွေ၊ ပြင်းထန်တဲ့ပေါက်ကွဲမှုတွေနဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေကြောင့် ဖြစ်တဲ့ အကြောက်တရားနဲ့ မသေချာမှုတွေကြားမှာ အကောင်းဝိညာဉ်ပကတိအဟုန်ကကျွန်တော်တို့ကို ရှေ့ကိုဆက်သွားစေပါတယ်။ မာရ်နတ်ရဲ့ ညှာတာမှုကင်းတဲ့၊ ဆိုးညစ်တဲ့ တိုက်ခိုက်မှုတွေကို ခုခံဖို့၊ ပြီးတော့ ကျွန်တော်တို့ရဲ့ ဝိညာဉ်ပကတိအုတ်မြစ်ကို တိုက်စားစေတဲ့ သူရဲ့အားထုတ်မှုတွေကို တားဆီးဖို့၊ ဝိညာဉ်ပကတိအဟုန်က ကျွန်တော်တို့ကို ကူညီနိုင်ပါတယ်။

များစွာသောလုပ်ဆောင်မှုတွေဟာ အကောင်းဝိညာဉ်ပကတိအဟုတ်ကို ထွန်းတောက်စေနိုင်ပါတယ်။ နာခံခြင်း၊ အချစ်ခြင်း၊ နှိမ့်ချခြင်း၊ ‌အစေခံခြင်းနဲ့ ကျေးဇူးတရား တွေဟာအချို့သောအရာတွေဖြစ်ပါတယ်။

ကျွန်တော်တို့ကို အကောင်းဝိညာဉ်ပကတိအဟုန်ကိုထိန်းထားရာမှာ ကျွန်တော်တို့ကို ကူညီဖို့ ကျွန်တော်တို့လုပ်ဆောင်နိုင်တဲ့ အထူးလုပ်ဆောင်ချက် ငါးခုကို ကျွန်တော်ဒီနေ့အကြံပြုလိုပါတယ်။

ပထမပဋိညာဉ်လမ်းကြောင်းပေါ်ကိုတက်ပြီး အဲဒီမှာနေပါ။

သိပ်မကြာသေးခင်တုန်းက ကျွန်တော်ထင်ထင်ရှားရှားအိပ်မက်တစ်ခုမက်ခဲ့ပါတယ်၊ အဲဒီမှာ လူအုပ်ကြီးတစ်အုပ်ကို ကျွန်တော်တွေ့ခဲ့ပါတယ်။ သူတို့က ကျွန်တော်ကို မေးခွန်းတွေ အများကြီးမေးပါတယ်၊ အများဆုံးထပ်တလဲလဲမေးတာကတော့၊ ပဋိညာဉ်လမ်းကြောင်းနဲ့ အဲဒါက ဘာကြောင့်အလွန်အရေးကြီးသလဲဆိုတာပါပဲ။

ကျွန်တော့်အိပ်မက်ထဲမှာ၊ ကျွန်တော်ရှင်းပြခဲ့ပါတယ်၊ ကျွန်တော်တို့ ဗတ္တိဇံခံခြင်း၊ ဘုရားသခင်နဲ့ ကျွန်တော်တို့ရဲ့ ပဋိညာဉ်တွေကို ပြုခြင်းအားဖြင့် ပဋိညာဉ်လမ်းကြောင်းထဲကိုဝင်ခဲ့တယ် ဆိုတာပါပဲ။ ကျွန်တော်တို့ဟာ ပွဲတော်သုံးဆောင်တဲ့အခါတိုင်းကျွန်တော်တို့အပေါ်မှာ ကယ်တင်ရှင်ရဲ့နာမတော်ကို ခံယူဖို့၊ သူကိုသတိရဖို့၊ သူပညတ်တော်တွေကို စောင့်ထိန်းဖို့ တစ်ဖန် ကတိပြုကြပါတယ်။ အပြန်အလှန်အားဖြင့်၊ ဘုရားသခင်က ကျွန်တော်တို့ကို ကိုယ်တော်ရှင်ရဲ့ ဝိညာဉ်တော် ကျွန်တော်တို့နဲ့အတူ အမြဲ ရှိမယ့်အကြောင်း အာမခံပါတယ်။

နောက်ပိုင်းမှာ၊ ကျွန်တော်တို့ဟာ ဗိမာန်တော်ထဲမှာ၊ နောက်ထပ်ပဋိညာဉ်တွေကို ပြုကြပါတယ်၊ အဲဒီမှာ ကျွန်တော်တို့ဟာ ပိုကြီးမြတ်တဲ့ကတိတွေကို ရရှိကြပါတယ်။ ဘိသိက်မင်္ဂလာတွေနဲ့ ပဋိညာဉ်တွေက ကျွန်တော်တို့ကို ဘုရားတန်ခိုးဆီကို ရောက်ဖို့ လမ်းကိုပေးပါတယ်။ ပဋိညာဉ်လမ်းကြောင်းဟာ ချီးမြှောက်ခြင်းနဲ့ ထာဝရအသက်ဆီကို ပို့ဆောင်တဲ့တစ်ခုတည်းသောလမ်းဖြစ်ပါတယ်။

ကျွန်တော့်အိပ်မက်ထဲမှာ၊ အမျိုးသမီးတစ်ယောက်ကမေးပါတယ်၊ မိမိပဋိညာဉ်ကို ချိုးဖောက်ခဲ့သူတစ်ယောက် လမ်းကြောင်းပေါ်ကို ဘယ်လိုပြန်ရောက်နိုင်သလဲဆိုတာကိုပါ။ သူမရဲ့မေးခွန်းအတွက်၊ ကျွန်တော့်အဖြေက ကျွန်တော့်ဒုတိယအကြံပြုချက်ဆီကို ဦးတည်ပါတယ်၊

နေ့စဉ်နောင်တရခြင်းရဲ့ ဝမ်းမြောက်မှုကို ရှာဖွေပါ။

နောင်တရခြင်းက ဘယ်လိုအရေးကြီးပါသလဲ။ အယ်လမာကသွန်သင်ခဲ့ပါတယ်၊ ကျွန်တော်တို့တတွေ “နောင်တရခြင်းနှင့် ကိုယ်တော်ရှင်အပေါ်ယုံကြည်ခြင်းတို့မှတစ်ပါး၊ အဘယ်အရာကိုမျှ မဟောပြောရစေကြောင်း” သွန်သင်ခဲ့ပါတယ်။ ထာဝရဘုန်းအသရေကို အလိုရှိတဲ့ တာဝန်ရှိသူတိုင်းအတွက် နောင်တရခြင်းလိုအပ်ပါတယ်။ ချွင်းချက်တွေမရှိပါဘူး။ ပရောဖက်ဂျိုးဇက်စမစ်ကို ပေးတဲ့ဗျာဒိတ်တော်ထဲမှာ၊ ကိုယ်တော်ရှင်က အစောပိုင်းအသင်းတော်ကို မိမိတို့သားသမီးတွေကို ဧဝံဂေလိတရားတော်မသွန်သင်ပေးတဲ့အတွက် ဆုံးမခဲ့ပါတယ်။ နောင်တရခြင်းဟာ တိုးတက်ခြင်းအတွက် သော့ချက်ဖြစ်ပါတယ်။ စင်ကြယ်တဲ့ယုံကြည်ခြင်းက ကျွန်တော်တို့ကို ပဋိညာဉ်လမ်းကြောင်းပေါ်မှာ ရှေ့ကိုဆက်သွားစေပါတယ်။

ကျေးဇူးပြု၍၊ နောင်တရခြင်းကို မကြောက်ပါနဲ့၊ မနှောင့်နှေးကြပါနဲ့။ စာတန်က သင်တို့ရဲ့ ဝမ်းနည်းပူဆွေးမှုကို နှစ်ခြိုက်ပါတယ်။ အဲဒါကို ရပ်ပစ်ပါ။ သူ့လွှမ်းမိုးမှုကို သင်တို့ဘဝထဲက နှင်ထုတ်ပစ်ပါ။ ဇာတိပကတိလူကို ချွတ်ပယ်ခြင်း၁၀ရဲ့ ဝမ်းမြောက်မှုကို တွေ့ကြုံဖို့ ဒီနေ့စတင်ပါ။ ကယ်တင်ရှင်က ကျွန်တော်တို့ကို အမြဲချစ်ပါတယ်၊ ဒါပေမယ့် အထူးသဖြင့် ကျွန်တော်တို့ နောင်တရတဲ့အခါမှာပါ။ ကိုယ်တော်က ကတိထားတော်မူခဲ့ပါတယ်၊ “တောင်ကြီးတို့သည် ရွေ့၍၊ တောင်ငယ်တို့သည် လှုပ်ရှားသော်လည်း၊ငါ၏ကြင်နာခြင်းသည်သင်မှ မရွေ့ရ။”၁၁

သင်ဟာ ပဋိညာဉ်လမ်းကြောင်းကနေ ဝေးလွန်းစွာ၊ ကြာလွန်းစွာ လွဲခဲ့ပြီး၊ ပြန်သွားဖို့ လမ်းမရှိဘူးလို့ ခံစားမိလျှင်၊ အဲဒါက လုံးဝမမှန်ပါဘူး။ ၁၂ သင်၏သင်းအုပ် သို့မဟုတ် အသင်းတော်ခွဲ ဥက္ကဋ္ဌကို ဆက်သွယ်ပါ။ သူက ကိုယ်တော်ရှင်ရဲ့ ကိုယ်စားလှယ်ဖြစ်ပြီးတော့၊ နောင်တရခြင်းရဲ့ ဝမ်းမြောက်မှုနဲ့ သက်သာမှုကို တွေ့ကြုံစေဖို့ သင့်ကို ကူညီပါလိမ့်မယ်။

ယခု၊ တစ်ခုသတိထားပါ၊ ပဋိညာဉ်လမ်းကြောင်းကို ပြန်သွားခြင်းဆိုတာ ဘဝက လွယ်ကူလိမ့်မယ်လို့ ဆိုလိုပါဘူး။ ဒီလမ်းကြောင်းက ပြင်းထန်ပါတယ်၊ တစ်ချို့အချိန်တွေမှာ မတ်စောက်တဲ့အတက်တစ်ခုလို့ ခံစားရပါလိမ့်မယ်။ ၁၃ ဒီအတက်ဟာ၊ ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ကို စမ်းသပ်ဖို့၊ သွန်သင်ဖို့၊ ကျွန်တော်တို့သဘာဝတွေကို သန့်စင်စေဖို့၊ ကျွန်တော်တို့ကို သန့်ရှင်းသူတွေဖြစ်လာစေရန် ကူညီဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ အဲဒါက ချီးမြှောက်ခြင်းဆီကို ပို့ဆောင်တဲ့ တစ်ခုတည်းသော လမ်းကြောင်း ဖြစ်ပါတယ်။ ပရောဖက်တစ်ပါးက ၁၄ ဘုရားသခင်ရဲ့ ပညတ်တော်တွေကို စောင့်ထိန်းကြသူတို့ရဲ့ ကောင်းချီးခံစား၍၊ ပျော်ရွှင်သောအခြေအနေကို ဖော်ပြခဲ့ပါတယ်။ အကြောင်းမူကား၊ ရှုလော့၊ သူတို့သည် အရာရာ၌ ဇာတိပကတိနှင့် ဝိညာဉ်ပကတိနှစ်ခုစလုံးတွင် ကောင်းချီးခံစားရကြ၏။ ထို့အတူ သူတို့သည် အဆုံးတိုင်အောင် ဆက်၍သစ္စာရှိလျှင်၊ ကောင်းကင်ဘုံထဲသို့ ဝင်ခွင့်ရ၍၊ ထိုသို့အားဖြင့်၊ အဘယ်တော့မျှအဆုံးမရှိသော ပျော်ရွှင်ခြင်းအခြေအနေ၌ ဘုရားသခင်နှင့် အတူနေထိုင်နိုင်ကြပါတယ်။၁၅

နေ့စဉ်နောင်တရခြင်းနဲ့အတူယှဉ်တွဲပြီး ပဋိညာဉ်လမ်းကြောင်းမှာလျှောက်ခြင်းက၊ အကောင်းဝိညာဉ်ပကတိအဟုန်ကို အားဖြည့်ပေးပါတယ်။

ရုပ်ပုံ
ညီလာခံကို ကြည့်နေသည့်အမျိုးသမီး

ဥရုဂွေး

ကျွန်တော့်ရဲ့ တတိယအကြံပြုချက်ကတော့၊ ဘုရားသခင်အကြောင်းနဲ့ သူဘယ်လိုအလုပ်လုပ်တဲ့အကြောင်းသင်ယူဖို့ဖြစ်ပါတယ်။

ယနေ့ခေတ်မှာ ကျွန်တော်တို့ရဲ့ အကြီးဆုံးစိန်ခေါ်မှုတစ်ခုကတော့၊ ဘုရားသခင်ရဲ့ သမ္မာတရားတွေနဲ့ စာတန်ရဲ့ အတုအယောင်တွေအကြား ခွဲခြားခြင်းဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ကိုယ်တော်ရှင်က ကျွန်တော်တို့ စာတန်ကို အောင်နိုင်ဖို့၊ ပြီးတော့၊ “စာတန်နဲ့ သူ့ကို ထောက်ခံတဲ့ သူ့ကျွန်တွေရဲ့ လက်ကနေလွတ်မြောက်ဖို့ အမြဲဆုတောင်းဖို့” ၁၆ ကိုယ်တော်ရှင်က ကျွန်တော်တို့ကို သတိပေးခဲ့ပါတယ်။

ဘုရားသခင်နဲ့ စာတန်ကြား ဘယ်လိုပိုင်းခြားသိဖို့ မောရှေက ပုံသက်သေတစ်ခုကို ပေးခဲ့ပါတယ်။ စာတန်က မောရှေကို သွေးဆောင်ဖို့ လာခဲ့တဲ့အခါ၊ မောရှေဟာ ဘုရားသခင်နဲ့မျက်နှာချင်းဆိုင်စကားပြောပြီးခါစဖြစ်လို့ လှည့်ဖြားမှုကို စုံစမ်းတွေ့ရှိခဲ့ပါတယ်။ မောရှေဟာ စာတန်ဘယ်သူဖြစ်တယ်ဆိုတာကို မြန်မြန်သတိပြုမိခဲ့ပြီး၊ ထွက်သွားဖို့ အမိန့်ပေးခဲ့ပါတယ်။ ၁၇ စာတန်လက်မလျှော့တဲ့အခါ၊ မောရှေဟာ နောက်ထပ်အကူအညီရဖို့ ဘုရားသခင်ဆီဘယ်လို ပဋ္ဌနာပြုရမယ်ဆိုတာသိခဲ့ပါတယ်။ မောရှေဟာ ဘုရားခွန်အားကို ရရှိခဲ့ပြီး၊ နတ်ဆိုးကို တစ်ဖန်ပြောပါတယ်၊ “ငါ့ဆီက ထွက်သွားလော့၊ စာတန်၊ အကြောင်းမူကား၊ ဤဘုရားသခင်တစ်ပါးတည်းကိုသာ ငါကိုးကွယ်မည်။”၁၈

ကျွန်တော်တို့ အဲဒီပုံသက်သေကို လိုက်လျှောက်သင့်ပါတယ်။ စာတန်ရဲ့ လွှမ်းမိုးမှုကို သင်တို့ဘဝထဲက ထုတ်ပစ်လိုက်ပါ။ “ဝမ်းနည်းပူဆွေးခြင်းချောက်နှင့် အဆုံးမရှိသည့်အမင်္ဂလာများထံသို့”၁၉ ကျေးဇူးပြု၍၊ လိုက်မသွားပါနှင့်။

“ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အားဖြင့်”၂၀ နေ့စဉ်ခွန်အားဖြည့်မခံရတဲ့ သက်သေခံချက်ဟာ ကြောက်စရာကောင်းလောက်အောင်မြန်မြန်ပြိုကွဲသွားနိုင်ပါတယ်။ ဤနည်းအားဖြင့်၊ စာတန်ရဲ့အကြံအစည်အတွက် ဖြေဆေးဟာ ရှင်းပါတယ်၊ ကျွန်တော်တို့ဟာ ကိုယ်တော်ရှင်ကို ကိုးကွယ်ခြင်းနဲ့ သူ့ဧဝံဂေလိတရားတော်ကို လေ့လာခြင်းနေ့စဉ်အတွေ့အကြုံတွေလိုအပ်ပါတယ်။ သင်တို့ဘဝမှာ ဘုရားသခင်အနိုင်ရစေဖို့ အခွင့်ပေးဖို့ရာ သင်တို့ကို ကျွန်တော်တောင်းဆိုပါတယ်။ သူ့ကို သင့်ရဲ့ အချိန်အလုံအလောက်ပေးပါ။ သင်အဲလိုလုပ်ဆောင်တာနဲ့အမျှ၊ သင့်ရဲ့ အကောင်းဝိညာဉ်ပကတိအဟုန် ဘာဖြစ်လာသလဲဆိုတာ သင်သတိပြုမိပါလိမ့်မယ်။

အကြံပြုချက် နံပါတ် ၄ ကတော့၊ အလွန်တရာအံ့ဩဖွယ်အမှုတွေကို ရှာပါ၊ မျှော်လင့်ပါ

“ဘုရားသခင်ဟာ အလွန်တရာအံ့ဩဖွယ်အမှုတို့ရဲ့ ဘုရားသခင်အဖြစ်မှ မရပ်တန့်”၂၁ ပါဘူးလို့ ကျွန်တော်တို့ကို အာမခံထားပါတယ်။ ကိုယ်တော်ရှင်က သူ့ကိုယုံကြည်သူတွေရဲ့ဘဝတွေမှာ ဝင်ရောက်ဆောင်ရွက်ပေးဖို့ ဘယ်လောက်စေတနာရှိသလဲဆိုတာကျမ်းစာအုပ် တိုင်းက သရုပ်ဖော်ပြပါတယ်။ ၂၂ ကိုယ်တော်က မောရှေအတွက်ဧဒုံပင်လယ်ကို ကွဲစေခဲ့၊ နီဖိုင်းကို ကြေးပုရပိုက်ပြားတွေပြန်ရယူဖို့ ကူညီခဲ့၊ ပြီးတော့ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် သူ့အသင်းတော်ကို ပြန်လည်ဆောင်ယူခဲ့ပါတယ်။ ဒီအလွန်တရာအံ့ဩဖွယ်အမှုတစ်ခုချင်းစီတိုင်းဟာ အချိန်ယူရပြီး၊ ကိုယ်တော်ရှင်ဆီကနေ အဲဒီသူတွေတစ်ဦးချင်းတောင်းဆိုခဲ့တဲ့အရာနဲ့ တစ်ထပ်တည်း တူချင်မှတူပါလိမ့်မယ်။

ထိုနည်းတူစွာပဲ၊ ကိုယ်တော်ရှင်ကသင် သူ့ကို “သံသယဖြစ်ခြင်းမရှိဘဲ” ၂၃ ယုံကြည်လျှင် သင့်ကို အလွန်တရာအံ့ဩဖွယ်အမှုတွေနဲ့ ကောင်းချီးပေးပါလိမ့်မယ်။ အလွန်တရာအံ့ဩဖွယ်အမှုတွေကို ရှာဖို့ ဝိညာဉ်ပကတိအမှုတွေကို လုပ်ဆောင်ပါ။ သင့်ကို အဲဒီလိုယုံကြည်မှုမျိုးကို ကျင့်သုံးရန်ကူညီဖို့ ဘုရားသခင်ကို ဆုတောင်းခြင်းထက်သန်စွာနဲ့ ဆုတောင်းပါ။ အားနည်းသူတွေကို ယေရှုခရစ်တော်က “စွမ်းအားပေး၊ စွမ်းအင်မရှိသူတွေကို ခွန်အားပေး” ၂၄တယ်ဆိုတာ သင်ကိုယ်တိုင် တွေ့ကြုံနိုင်တဲ့အကြောင်း ကျွန်တော်ကတိပေးပါတယ်။ သင့်ဘဝမှာ တောင်တလုံးကိုရွေ့စေဖို့ သင့်ကို ကိုယ်တော်ရှင် ကူညီနေတယ်ဆိုတာကို သတိပြုမိနိုင်တာထက်ပိုပြီး၊ အနည်းငယ်သောအရာတွေက သင့်ရဲ့ ဝိညာဉ်ပကတိအဟုန်ကို အရှိန်မြှင့်ပေးပါလိမ့်မယ်။

ရုပ်ပုံ
ညီလာခံကိုကြည့်နေ့သည့်မိသားစု

ထိုင်ဝမ်

အကြံပြုချက် နံပါတ် ၅ ကတော့၊ သင့်ပုဂ္ဂလိကဘဝမှာ ပဋိပက္ခကို အဆုံးသတ်ပါ။

သင့်ဘဝမှာ ပဋိပက္ခတွေကို အဆုံးသတ်ဖို့ ကျွန်တော့်တောင်းဆိုချက်ကို ကျွန်တော်ထပ်ပြောပါတယ်။ နှိမ့်ချခြင်း၊ သတ္တိကို ကျင့်သုံးပါ၊ ခွင့်လွှတ်ဖို့နဲ့ ခွင့်လွှတ်ခြင်းကို တောင်းခံဖို့ နှစ်ခုစလုံးမှာ ခွန်အားလိုအပ်ပါတယ်။ “[ကျွန်တော်တို့] လူသားတွေကို သူတို့ရဲ့ လွန်ကျူးမှုတွေကို ခွင့်လွှတ်လျှင်၊ [ကျွန်တော်တို့ရဲ့]ကောင်းကင်ဘုံရှင်အဘကလည်း [ကျွန်တော်တို့ကို] ခွင့်လွှတ်လိမ့်မယ်ဆိုတာ” ၂၅ ကိုယ်တော်ရှင်က ကတိပေးထားပါတယ်။

ဒီနေ့ကနေ နှစ်ပတ်ကြာလျှင်၊ ကျွန်တော်တို့ အီစတာပွဲကို ဆင်နွှဲကြမှာဖြစ်ပါတယ်။ ယခုကနေ အဲဒီအချိန်ကြားမှာ၊ ကျွန်တော် သင်တို့ကို ဖိတ်ခေါ်ပါတယ်၊ သင်တို့ကို ဝန်လေးစေတဲ့ ပုဂ္ဂလိကပဋိပက္ခတစ်ခုကို ရှာပြီးအဆုံးသတ်စေဖို့ပဲဖြစ်ပါတယ်။ ယေရှုခရစ်တော်ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာအတွက် သူ့ဆီကို ကျေးဇူးတရားဖော်ပြခြင်းနဲ့ ပိုပြီးကိုက်ညီတဲ့ အပြုအမူတစ်ခု ရှိနိုင်ပါသလားခင်ဗျာ။ ခွင့်လွှတ်ခြင်းဆိုတာက လက်ရှိမှာ ဖြစ်နိုင်ဖွယ်မရှိဘူးဆိုလျှင်၊ သင့်ကိုကူညီဖို့ ယေရှုခရစ်တော်ရဲ့ အပြစ်ဖြေခြင်းအသွေးအားဖြင့် စွမ်းအားကို တောင်းပါ။ သင်အဲသလိုလုပ်ဆောင်တာနဲ့အမျှ၊ ပုဂ္ဂလိကငြိမ်းချမ်းမှုနဲ့ ဝိညာဉ်ပကတိအဟုန်တိုးတက်မှုကို ကျွန်တော်ကတိပေးပါတယ်။

ကယ်တင်ရှင်က လူသားအားလုံးအတွက် အပြစ်ဖြေခဲ့တဲ့အခါ၊ သူ့နောက်ကို လိုက်လျှောက်သူတွေ သူ့ရဲ့ အနာငြိမ်းစေခြင်း၊ ခွန်အားဖြည့်ပေးခြင်းနဲ့ ရွေးနှုတ်ခြင်းစွမ်းအားဆီကို ရောက်ရှိစေရာ လမ်းတစ်ခုကို ဖွင့်ပေးခဲ့ပါတယ်။ ဒီဝိညာဉ်ပကတိအထူးအခွင့်အရေးတွေဟာ သူ့ကိုနားထောင်ပြီး သူ့နောက်ကိုလိုက်လျှောက်သူအားလုံးအတွက် ရရှိနိုင်ပါတယ်။

ကျွန်တော့်ချစ်သောညီအစ်ကို မောင်နှမများခင်ဗျာ၊ ကျွန်တော့်နှလုံးသားကနေ အစွမ်းကုန်တောင်းဆိုပါတယ်၊ ပဋိညာဉ်လမ်း ကြောင်းပေါ်ကို တက်ဖို့နဲ့ အဲဒီမှာဆက်နေဖို့ သင်တို့ကို ကျွန်တော်တိုက်တွန်းပါတယ်။ နောင်တရခြင်းရဲ့ ဝမ်းမြောက်မှုကို နေ့စဉ်တွေ့ကြုံပါ။ ဘုရားသခင်အကြောင်းနဲ့ သူဘယ်လို အလုပ်လုပ်တော်မူတယ်ဆိုတဲ့အကြောင်းသင်ယူပါ။ အလွန်တရာအံ့ဩဖွယ်အမှုတွေကို ရှာပါ၊ မျှော်လင့်ပါ။ သင့်ဘဝမှာ ပဋိပက္ခကို အဆုံးသတ်ဖို့ ကြိုးစားပါ။

သင်ဟာ ဒီအားထုတ်မှုတွေကို လုပ်ဆောင်တာနဲ့အမျှ၊ သင်ရင်ဆိုင်ရတဲ့ ဘယ်လိုအတားအဆီးမျိုးတွေရှိနေပါစေ၊ တိုးနေတဲ့အဟုန်နဲ့အတူ ပဋိညာဉ်လမ်းကြောင်းပေါ်မှာ ရှေ့ကို ဆက်ပြီးသွားဖို့ စွမ်းရည်ရရှိမဲ့အကြောင်းသင်တို့ကို ကျွန်တော် ကတိပေးပါတယ်။ သွေးဆောင်ခြင်းကို ခုခံဖို့ခွန်အား၊ စိတ်ပိုပြီးငြိမ်းချမ်းခြင်း၊ အကြောက်တရားနဲ့ကင်းလွတ်ခြင်း၊ သင်တို့မိသားစုတွေမှာ ပိုပြီးစည်းလုံးခြင်းတွေနဲ့ သင်တို့ကို ကျွန်တော်ကတိပေးပါတယ်။

ဘုရားသခင်အသက်ရှင်တော်မူပါတယ်။ ယေရှုဟာ ခရစ်တော်ဖြစ်ပါတယ်။ သူအသက်ရှင်တော်မူပါတယ်။ သူကကျွန်တော်တို့ကို ချစ်ပါတယ်၊ ကျွန်တော်တို့ကို ကူညီပါလိမ့်မယ်။ ဒီအကြောင်းကို ကျွန်တော်တို့ရဲ့ ရွေးနှုတ်ရှင် ယေရှုခရစ်တော်၏ သန့်ရှင်းမွန်မြတ်သောနာမတော်အားဖြင့် ကျွန်တော်သက်သေခံပါတယ်၊ အာမင်။

မှတ်စုများ

  1. ရှု ၃ နီဖိုင်း ၁၂း၃၉

  2. ရှု ၃ နီဖိုင်း ၁၂း၄၄

  3. ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၆၄း၁၀၊ လည်းရှု အခန်းငယ် ၉

  4. တမန်တော်ပေါလု ပြောခဲ့သကဲ့သို့ပင်၊ “အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းလော့” ၁ သက်သာလောနိဩဝါဒစာ ၅း၁၈ စိတ်ပျက်ခြင်း၊ အားငယ်ခြင်းနဲ့ ဝိညာဉ်ပကတိ ထိုင်းမှိုင်းခြင်းတို့အတွက် အသေချာဆုံး ဖြေဆေးကတော့ ကျေးဇူးတရားပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းနိုင်တဲ့အရာအချို့က ဘာတွေပါလဲ။ မြေကြီးရဲ့အလှတရားအတွက်၊ ဧဝံဂေလိတရားတော် ပြန်လည်ဆောင်ယူခြင်းအတွက်၊ ဤမြေကြီးပေါ်၌ ကျွန်တော်တို့အတွက် ကိုယ်တော်နဲ့ သားတော်ပြုထားတဲ့၊ စွမ်းအားရရှိနိုင်ရာ မရေတွက်နိုင်တဲ့ နည်းတွေအတွက် ကိုယ်တော်ကို ကျေးဇူးတော် ချီးမွမ်းပါ။ ကျမ်းစာများအတွက်၊ အကူအညီအတွက် ဘုရားသခင်ထံကျွန်တော်တို့ရဲ့ တောင်းလျှောက်ခြင်းတွေကို တုန့်ပြန်တဲ့ ကောင်းကင်တမန်တွေအတွက်၊ ဗျာဒိတ်တော်အတွက်၊ ထာဝရမိသားစုတွေအတွက် ကိုယ်တော်ကို ကျေးဇူးတော်ချီးမွမ်းပါ။ အဲဒါတွေအာလုံးထက်၊ ကိုယ်တော်ရဲ့သားတော်ဆုကျေးဇူးအတွက်၊ ကျွန်တော်တို့ကို စေလွှတ်ခံရတဲ့ မြေကြီးပေါ်မှာ အထူးတာဝန်တွေကို ပြီးပြည့်စုံစေဖို့ ဖြစ်နိုင်စေတဲ့ ယေရှုခရစ်တော်ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာအတွက် ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းပါ။

  5. ပဋိညာဉ်လမ်းကြောင်းကို နားလည်ဖို့ရာ၊ ပဋိညာဉ်ဆိုတာ ဘုရားသခင်နဲ့ သူ့သားသမီးတွေကြား နှစ်ဖက်ကတိကဝတ် ပါဝင်တယ်ဆိုတာနားလည်ဖို့ အရေးကြီးပါတယ်။ ပဋိညာဉ်တစ်ခုမှာ၊ ဘုရားသခင်က သတ်မှတ်ချက်တွေချထားပါတယ်၊ ကျွန်တော်တို့က အဲဒီသတ်မှတ်ချက်တွေကို သဘောတူပါတယ်။ အလဲအလှယ်အနေနဲ့၊ ဘုရားသခင်က ကျွန်တော်တို့ကို ကတိတွေပေးထားပါတယ်။ ပဋိညာဉ်များစွာဟာ အပြင်ပိုင်းလက္ခဏာများ—သို့မဟုတ် သန့်ရှင်းမွန်မြတ်တဲ့ ဘိသိက်မင်္ဂလာတွေပါရှိပါတယ်—အဲဒီမှာ ကျွန်တော်တို့တတွေ လက်တွေ့သက်သေတွေနဲ့အတူ ကျွန်တော်တို့ ပါဝင်ကြပါတယ်။ ဥပမာအနေနဲ့၊ ဗတ္တိဇံဆိုတာ ဗတ္တိဇံခံထားတဲ့လူဟာ ဘုရားသခင်ရဲ့ပညတ်တော်တွေကို စောင့်ထိန်းဖို့ ပဋိညာဉ်တစ်ခု ပြုထားတဲ့အကြောင်း ကိုယ်တော်ရှင်ဆီသို့ လက္ခဏာတစ်ခုဖြစ်ပါတယ်။

  6. ရှုမော်ရိုနိုင်း ၄:၂-၃၅:၁-၂သြဝါဒနှင့်ပဋိညာဥ်များကျမ်း ၂၀:၇၇-၇၉

  7. မောဇိယ ၁၈း၂၀

  8. ရှုမောရှေ ၆း၅၀၊ ၅၇

  9. ရှုသြဝါဒနှင့်ပဋိညာဉ်များကျမ်း ၉၃း၄၀-၄၈

  10. မောဇိယ ၃:၁၉တွင်ကြည့်ပါ။

  11. ဟေရှာယ ၅၄း၁၀၊ အထူးပြုချက်ပေါင်းထည့်ထားသည်၊ လည်းရှု ၃ နီဖိုင်း ၂၂း၁၀ကြင်နာခြင်းသည် ကြင်နာခြင်း၊ ကရုဏာ၊ ပဋိညာဉ်ချစ်ခြင်းအစရှိသည်တို့နှင့် လွှမ်းခြုံထားသည့် ဟေဗြဲစကား ဟက်ဆက်ဒ် ကို ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

  12. အချို့သောအပြစ်များအတွက် အလျော်အစားပြုရန်ဖြစ်နိုင်သော်လည်း အခြားအရာများအတွက် မဖြစ်နိုင်ပါ။ လူတစ်ဦးသည် အခြားတစ်ဦးကို နှိပ်စက် သို့မဟုတ် ကျူးလွန်လျှင်၊ သို့မဟုတ် တစ်ဦးသည် အခြားတစ်ဦး၏ အသက်ကို ရန်ပြုလျှင် ပြည့်စုံသောအလျော်အစားမလုပ်နိုင်ပါ။ ထိုကဲ့သို့သောကိစ္စများ၌ အပြစ်ပြုသူသည် အတိုင်းအတာတစ်ခုထိသာလုပ်နိုင်ပြီး၊ ကျန်သောအပိုင်းမှာ ပေးဆပ်ရန်ကျန်နေသေးပါသည်။ ပေးဆပ်စရာကျန်နေသေးသည့်အရာကို ခွင့်လွှတ်ရန် ကိုယ်တော်ရှင်၏ လိုလိုလားလားရှိခြင်းကြောင့်၊ ကျွန်တော်တို့ မည်မျှလမ်းလွဲခဲ့ပါစေ ကိုယ်တော်ဆီကို လာနိုင်ကြပါသည်။ ကျွန်တော်တို့ ရိုးသားစွာနောင်တရကြသောအခါ၊ ကိုယ်တော်က ကျွန်တော်တို့ကို ခွင့်လွှတ်ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့အပြစ်တွေနဲ့ ကျွန်တော်တို့ရဲ့ ပြည့်စုံတဲ့အလျော်အစားကို ပြုလုပ်ဖို့ လုပ်နိုင်စွမ်းနှစ်ခုကြား ကျန်နေသေးတဲ့ ပေးဆပ်စရာကို ကရုဏာဆုကျေးဇူးကိုပြုလုပ်နိုင်သူ ယေရှုခရစ်တော်ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာကို အသုံးပြုခြင်း အားဖြင့်သာပေးနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ကျန်နေသေးတဲ့ပေးဆပ်စရာကို ခွင့်လွှတ်တဲ့သူစေတနာဟာ တန်ဖိုးအနှိုင်းမဲ့ဆုကျေးဇူးတစ်ခုဖြစ်ပါတယ်။

  13. ရှု ၂ နီဖိုင်း ၃၁း၁၈.

  14. နီဖိုင်းအမျိုးသားပရောဖက် ဗင်ယာမိန်မင်းကြီး။

  15. မောဇိယ ၂-၄၁

  16. ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၀◌း၅၊ အထူးပြု ထည့်သွင်းထားသည်။

  17. ရှုမောရှေ ၁း၁၆၊ လည်းရှု အခန်းငယ် ၁-၂၀

  18. မောရှေ၁း၂၀

  19. ဟေလမန် ၅:၁၂

  20. မော်ရော်နိုင်း ၆း၄

  21. မော်မုန် ၉း၁၅၊ လည်းရှု အခန်းငယ် ၁၉

  22. “ယေရှုဟာ ခရစ်တော် ဖြစ်တဲ့အကြောင်း ကျွန်တော်တို့ ယုံကြည်ကြစေခြင်းငှာ”ယောဟန် ၂၀◌း၃၁ တမန်တော်ယောဟန်က ကယ်တင်ရှင်ရဲ့ အလွန်တရာအံ့ဩဖွယ်အမှုတွေကို သူမှတ်တမ်းတင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

  23. မော်မုန် ၉:၂၁

  24. ဟေရှာယ ၄၀◌း၂၉.

  25. ရှင်မဿဲခရစ်ဝင် ၆း၁၄

ပုံနှိပ်သည်