၂၀၂၁
ယဇ်ပုရောဟိတ်အခွင့်သည် ဘုရားသခင်၏တန်ခိုးဖြစ်သည်
သြဂုတ် ၂၀၂၁


“ယဇ်ပုရောဟိတ်အခွင့်သည် ဘုရားသခင်၏တန်ခိုးဖြစ်သည်၊” Liahona, ဩဂုတ် ၂၀၂၁

လစဉ် Liahona အမှာစကား၊ ဩဂုတ် ၂၀၂၁

ယဇ်ပုရောဟိတ်အခွင့်သည် ဘုရားသခင်၏တန်ခိုးဖြစ်သည်

ဘုရားသခင်က ကျွန်ုပ်တို့ကို ယဇ်ပုရောဟိတ်အခွင့်တန်ခိုးအားဖြင့် ကောင်းချီးပေးပါတယ်။ ယဇ်ပုရောဟိတ်အခွင့်ကောင်းချီးမင်္ဂလာတွေကို လူတိုင်းအတွက်ရရှိနိုင်ပါတယ်။

ယဇ်ပုရောဟိတ်အခွင့်သည် ဘုရားသခင်၏တန်ခိုးဖြစ်သည်။ သူက သူ့သားသမီးအားလုံးကို ကောင်းချီးပေးဖို့နဲ့ သူတို့ကို သူဆီပြန်လာပြီး သူနဲ့အတူနေရန် ကူညီဖို့ ဒီတန်ခိုးကိုအသုံးပြုပါတယ်။ ဘုရားသခင်က မြေကြီးပေါ်ရှိ သူ့သားသမီးတွေကို ယဇ်ပုရောဟိတ်အခွင့်တန်ခိုးကို ပေးခဲ့ပါတယ်။ ဒီတန်ခိုးအားဖြင့်၊ ယဇ်ပုရောဟိတ်အခွင့်ခေါင်းဆောင်တွေအသင်းတော်ကို ဦးဆောင်နိုင်ပါတယ်၊ ပြီးတော့ ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူတွေဟာ ကျွန်ုပ်တို့ကို ဘုရားသခင်နဲ့ ပိုနီးလာစေဖို့ကူညီတဲ့ ဗတ္တိဇံကဲ့သို့သော၊ သန့်ရှင်းမွန်မြတ်တဲ့ ဘိသိက်မင်္ဂလာတွေကို ဆောင်ရွက်နိုင်ပါတယ်။ ယဇ်ပုရောဟိတ်အခွင့်ဘိသိက်မင်္ဂလာတွေကို ထိုက်တန်စွာရရှိပြီး၊ ပဋိညာဉ်တွေ(သန့်ရှင်းမွန်မြတ်တဲ့ကတိတွေ)ကို စောင့်ထိန်းတဲ့ အမျိုးသားတိုင်း၊ အမျိုးသမီးတိုင်းဟာ ဘုရားသခင်ရဲ့ တန်ခိုးဆီကို ရောက်ရှိနိုင်ကြပါတယ်။

ရုပ်ပုံ
ပွဲတော်

ယဇ်ပုရောဟိတ်အခွင့် တန်ခိုးကို ဂျိုးဇက်စမစ်ကို ပေးခဲ့ပါတယ်။

ယေရှုခရစ်တော်ဟာ မြေကြီးပေါ်မှာရှိစဉ်က၊ သူ့အသင်းတော်ကို ယဇ်ပုရောဟိတ်အခွင့်တန်ခိုးနဲ့ဦးဆောင်ခဲ့ပါတယ်။ သူက ဒီတန်ခိုးကို သူ့တမန်တော်တွေကိုလည်း ပေးခဲ့ပါတယ်။ သူတို့သေပြီးရာစုနှစ်များစွာကြာတဲ့အခါ၊ အသင်းသားများစွာတို့ဟာ အသင်းတော်မှ ထွက်သွားခဲ့ကြပါတယ်။ အဲဒီလူတွေဟာ ဧဝံဂေလိတရားတော်နဲ့ အသင်းတော်လုပ်ဆောင်ပုံကို မှားယွင်းစွာပြောင်းလဲခဲ့ကြပါတယ်။ ဘုရားသခင်ရဲ့ ယဇ်ပုရောဟိတ်အခွင့်ဟာ မြေကြီးပေါ်မှာမရှိခဲ့တော့ပါဘူး။ ၁၈၂၉ ခုနှစ်မှာ၊ ယေရှုက ဂျိုးဇက်စမစ်ကို ယဇ်ပုရောဟိတ်အခွင့် ပေးဖို့ ဗတ္တိဇံဆရာယောဟန်နဲ့ တမန်တော်များဖြစ်တဲ့ ပေတရု၊ ယာကုပ်နဲ့ ယောဟန်တို့ကို စေလွှတ်ခဲ့ပါတယ်။ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ဟာ ဘုရားသခင်ဆီက ဒီအခွင့်အာဏာရှိတဲ့ မြေကြီးပေါ်ရှိတစ်ခုတည်းသောအဖွဲ့အစည်းဖြစ်ပါတယ်။

ရုပ်ပုံ
မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့် ပြန်လည်ဆောင်ယူခြင်း

လင်ဒါ ကာလီခရစ္စတင်းနှင့် မိုက်ကယ် တီ၊ မာလမ်တို့၏ ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့၏အသံ

ယဇ်ပုရောဟိတ်အခွင့် သော့များ

ယဇ်ပုရောဟိတ်အခွင့်သော့များဟာ၊ ဘိသိက်မင်္ဂလာများ ဆောင်ရွက်ရန် ခွင့်ပြုချက်ပေးခြင်းကဲ့သို့သော ယဇ်ပုရောဟိတ်အခွင့်အသုံးပြုခြင်းကို ညွှန်ကြားဖို့ အခွင့်အာဏာဖြစ်ပါတယ်။ ယေရှုခရစ်တော်က ယဇ်ပုရောဟိတ်အခွင့်သော့များအားလုံးကို ကိုင်ဆောင်ပါတယ်။ အသင်းတော်ဥက္ကဋ္ဌဟာ အသင်းတော်တစ်ခုလုံးကို ညွှန်ကြားရန် ယဇ်ပုရောဟိတ်အခွင့်သော့တွေကို အသုံးပြုနိုင်တဲ့ မြေကြီးပေါ်မှာရှိတဲ့တစ်ဦးတည်းသောသူဖြစ်ပါတယ်။ သူ့လမ်းညွှန်မှုအောက်မှာ၊ အခြားသူတွေဟာ ဘုရားသခင့်အမှုတော်ကို ဆောင်ရွက်ရန် အချိုသောသော့တွေကို အသုံးပြုနိုင်ပါတယ်။ သင်းအုပ်များနဲ့ ပန္နက်ဥက္ကဋ္ဌများကဲ့သို့သောခေါင်းဆောင်တွေဟာ မိမိတို့ရဲ့ အသင်းတော်စုတွေနဲ့ ပန္နက်တွေမှာ ဦးဆောင်ဖို့ ယဇ်ပုရောဟိတ်အခွင့်ကို အသုံးပြုကြပါတယ်။ ထမ်းဆောင်ဖို့ အမှုတော်ဆောင်တာဝန်တွေဟာ ယဇ်ပုရောဟိတ်အခွင့်သော့များရှိတဲ့ခေါင်းဆောင်တွေဆီကနေ လာတာမိုလို့၊ အမှုတော်ဆောင်တာဝန်တွေမှာ ထမ်းဆောင်ကြတဲ့ အမျိုးသားအမျိုးသမီးတွေဟာ မိမိတို့တာဝန်တွေကို လုပ်ဆောင်တဲ့အခါ ယဇ်ပုရောဟိတ်အခွင့်အာဏာကို ကျင့်သုံးကြပါတယ်။

မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်နှင့် အာရုန်ယဇ်ပုရောဟိတ်အခွင့်

ယဇ်ပုရောဟိတ်အခွင့်မှာ နှစ်ပိုင်းရှိပါတယ်၊ မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်နဲ့ အာရုန်ယဇ်ပုရောဟိတ်အခွင့်တို့ဖြစ်ပါတယ်။ မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်အားဖြင့်၊ အသင်းတော်ခေါင်းဆောင်တွေဟာ၊ သာသနာပြုခြင်းနဲ့ ဗိမာန်တော်အမှုကဲ့သို့သော အသင်းတော်ရဲ့ ဝိညာဉ်ပကတိအမှုအားလုံးကို လမ်းညွှန်ကြပါတယ်။ အာရုန်ယဇ်ပုရောဟိတ်အခွင့်က မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ရဲ့ အခွင့်အာဏာအောက်မှာ လုပ်ဆောင်ပါတယ်။ ဗတ္တိဇံနဲ့ ပွဲတော်ကဲ့သို့သော ဘိသိက်မင်္ဂလာတွေကို ဆောင်ရွက်ရာမှာ အသုံးပြုပါတယ်။

ရုပ်ပုံ
ဗတ္တိဇံ

ယဇ်ပုရောဟိတ်အခွင့်၏ကောင်းချီးမင်္ဂလာများ

ပဋိညာဉ်များနဲ့ ဘိသိက်မင်္ဂလာများအားဖြင့်၊ ဘုရားသခင်က သူ့သားသမီးအားလုံးအတွက် ယဇ်ပုရောဟိတ်အခွင့်ကောင်းချီးမင်္ဂလာတွေကို ရရှိနိုင်စေပါတယ်။ ဒီကောင်းချီးမင်္ဂလာတွေမှာဆိုရင် ဗတ္တိဇံ၊ သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူး၊ ပွဲတော်နဲ့ ဗိမန်တော်ဘိသိက်မင်္ဂလာတွေပါဝင်ပါတယ်။ ဗိမာန်တော်ထဲမှာ ဝိညာဉ်ပကတိအပ်နှင်းခံထားတဲ့ အမျိုးသားအမျိုးသမီးတို့ဟာ မိမိတို့ရဲ့ပဋိညာဉ်များအားဖြင့် ဘုရားသခင်ရဲ့ယဇ်ပုရောဟိတ်အခွင့်တန်ခိုးကို ရရှိကြပါတယ်။ ကျွန်ုပ်တို့လည်း အနာငြိမ်းစေခြင်း၊ နှစ်သိမ့်စေခြင်းနဲ့ လမ်းပြခြင်းယဇ်ပုရောဟိတ်အခွင့်ကောင်းချီးမင်္ဂလာတွေကို ရရှိနိုင်ကြပါတယ်။

ရုပ်ပုံ
ဗိမာန်တော်၌လက်ထပ်ပြီးခါစစုံတွဲများ

ကျမ်းစာများက ယဇ်ပုရောဟိတ်အခွင့်အကြောင်းမည်သည့်အရာကို ဖော်ပြပါသလဲ။

ရှေးကာလများမှာရှိခဲ့တဲ့ ယဇ်ပုရောဟိတ်အခွင့်ဟာ ယခုရှိတဲ့အရာနဲ့ အတူတူပဲဖြစ်ပါတယ် (မောရှေ ၆း၇ ရှု)

ယဇ်ပုရောဟိတ်အခွင့် သော့များက ကျွန်ုပ်တို့ ကိုယ်တော်ရှင်ရဲ့အမှုတော်ကို စနစ်တကျပြီးမြောက်စေဖို့ သေချာစေပါတယ်(ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၄၂း၁၁ ရှု)။

ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်တဲ့အမျိုးသားများဟာ အဲဒီအခွင့်ကို “ဖြောင့်မတ်ခြင်းအခြေခံဩဝါဒများအတိုင်းသာ” အသုံးပြုနိုင်ကြပါတယ်(ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၂၁း၃၆ရှု)။

ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူတွေရဲ့ တာဝန်အချို့ကို ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၂၀း၃၈-၆၇ မှာဖော်ပြထားပါတယ်။

ပုံနှိပ်သည်