၂၀၂၂
လောကကိုအောင်နိုင်၍ချမ်းသာခြင်းကိုရှာလော့
နိုဝင်ဘာ ၂၀၂၂


လစဉ် လီယဟိုနာ အမှာစကား၊ နိုဝင်ဘာ ၂၀၂၂

လောကကိုအောင်နိုင်၍ချမ်းသာခြင်းကိုရှာလော့

ဘုရားသခင်နဲ့ပြုတဲ့သင်တို့ရဲ့ ပဋိညာဉ်များနှင့် လောကကိုအောင်နိုင်ခြင်းအားဖြင့် ဒီလောကရဲ့ ပြင်းထန်မှု၊ မသေချာမှု၊ ပြင်းစွာသောဝေဒနာတွေကြားမှ ချမ်းသာခြင်းကို ရှာပါ။

ကျွန်တော့်ချစ်သောညီအစ်ကို မောင်နှမများခင်ဗျာ၊ ဒီအသရေရှိတဲ့ဥပုသ်နေ့မနက်ခင်းမှာ သင်တို့ကို နှုတ်ဆက်ရတာကျေးဇူးတင်ကျေနပ်မိပါတယ်။ သင်တို့ဟာ ကျွန်တော့်စိတ်ထဲမှာအမြဲရှိပါတယ်။ အခြားသူတွေလိုအပ်နေတဲ့အချိန်တိုင်းမှာ သင်တို့လျင်လျင်မြန်မြန်ဆောင်ရွက်ပုံကို ကျွန်တော်အံ့ဩချီးကျူးပါတယ်။ သင်တို့ထပ်ခါထပ်ခါဖော်ပြတဲ့ ယုံကြည်ခြင်းနဲ့ သက်သေခံချက်ကို ကျွန်တော်အံ့ဩပါတယ်။ သင်တို့ရဲ့ နှလုံးသားနာကျင်မှု၊ စိတ်ပျက်မှုနဲ့ စိုးရိမ်မှုတွေအတွက် ကျွန်တော်ငိုကြွေးရပါတယ်။ သင်တို့ကို ကျွန်တော်ချစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘနဲ့ သူ့ချစ်သားတော်၊ ယေရှုခရစ်တော်တို့က သင်တို့ကိုချစ်တယ်ဆိုတာ ကျွန်တော်အာမခံပါတယ်။ သူတို့က သင်တို့ရဲ့ အခြေအနေတွေ၊ သင်တို့ရဲ့ ကောင်းမြတ်ခြင်း၊ သင်တို့ရဲ့လိုအပ်ချက်တွေ၊ အကူအညီအတွက်သင်တို့ရဲ့ ဆုတောင်းခြင်းတွေကို အတွင်းကျကျ သတိထားမိကြပါတယ်။ သင်တို့အတွက် သူတို့ရဲ့ ချစ်ခြင်းကို သင်တို့ခံစားကြဖို့ ကျွန်တော်ထပ်ခါထပ်ခါ၊ ဆုတောင်းပါတယ်။

သူတို့ရဲ့ချစ်ခြင်းကို တွေ့ကြုံခြင်းဟာ အလွန်အရေးကြီးပါတယ်၊ ကျွန်တော်တို့နေ့စဉ်ပဲ အပြင်းအထန်တိုက်ခိုက်မှုတစ်ခုရဲ့ မြှူဆွယ်ခြင်းကို ခံစားနေကြရသလိုဖြစ်နေလို့ပါပဲ။ သင်တို့ဟာ ညဝတ်အင်္ကျီလေးကောက်ဝတ်၊ လက်ကလေးပိုက်နေပြီး၊ အခက်အခဲတွေပြီးသွားခါမှ နှိုးပါလို့ တစ်ယောက်ယောက်ကို ခိုင်းချင်တဲ့နေ့မျိုးတွေ ရှိကောင်းရှိခဲ့ကြပြီးလောက်ပါပြီ။

ဒါပေမယ့်၊ ကျွန်တော့်ချစ်သော ညီအစ်ကိုမောင်နှများခင်ဗျာ၊ အလွန်ကောင်းမွန်သောအရာတွေရှေ့မှာအများကြီးရှိပါတယ်။ လာမယ့်နေ့တွေမှာ၊ လောကမှာ တွေ့ဖူးတဲ့ ကယ်တင်ရှင်ရဲ့ကြီးစွာသော တန်ခိုးတော်ကို ကျွန်တော်တို့ မြင်ရပါလိမ့်မယ်။ ယခုအချိန်နဲ့ ကိုယ်တော် “ကြီးစွာသောဘုန်းတော်ကိုဆောင်လျက်” ပြန်ကြွလာတော်မူမယ့်အချိန်ကြားမှာ၊ ကိုယ်တော်ဟာ သစ္စာရှိသူတွေအပေါ်မှာ မရေတွက်နိုင်တဲ့ အထူးအခွင့်အရေးတွေ၊ ကောင်းချီးမင်္ဂလာတွေနဲ့ အလွန်တရာအံ့ဩဖွယ်တွေကို သွန်းလောင်းတော်မူပါလိမ့်မယ်။

သို့သော်လည်း၊ ကျွန်တော်တို့ဟာ လက်ရှိမှတေ့ာ ကမ္ဘာ့သမိုင်းမှာ အရှုပ်ထွေးဆုံးအချိန်မှာ နေထိုင်ကြပါတယ်။ ရှုပ်ထွေးခြင်းနဲ့ စိန်ခေါ်မှုတွေက လူများစွာတို့ကို မွန်းကျပ်ပင်ပန်းမှုကို ခံစားစေပါတယ်။ ဒါပေမယ့်၊ သင်တို့နဲ့ကျွန်တော်ချမ်းသာခြင်းကို ရှာတွေ့နိုင်စေမယ့် အလင်းကိုပေးတဲ့ မကြာသေးမီက အတွေ့အကြုံတစ်ခုကို စဉ်းစားကြည့်ပါ။

မကြာသေးမီက ဝါရှင်တန်ဒီစီ ဗိမာန်တော်ဖွင့်ပွဲမှာ၊ ဖွင့်ပွဲကော်မတီဝင်တစ်ဦးဟာ ထင်ရှားတဲ့ သတင်းထောက်အချို့ကို ဗိမန်တော်ထဲမှာ လိုက်ပို့ရင်း အမြင်ကျယ်တဲ့ ဖလှယ်မှုတစ်ခုကို တွေ့ခဲ့ရပါတယ်။ မိသားစုငယ်တစ်ခုဟာ ဒီသတင်းခရီးမှာ တွဲပြီးပါလာခဲ့ပါတယ်။ သတင်းထောက်တစ်ဦးဟာ ဗိမာန်တော်ထဲမှာ လျှောက်သွားရင်း ဗိမန်တော်နာယကတစ်ယောက်ရဲ့ “ခရီး“အကြောင်းကို ဆက်တိုက်မေးနေခဲ့ပါတယ်။ သူက ဗိမာန်တော်ခရီးဟာ လူတစ်ယောက်ရဲ့ ဘဝခရီးမှ စိန်ခေါ်မှုတွေရဲ့ သင်္ကေတပြုခြင်းဟုတ်မဟုတ် သိချင်ခဲ့ပါတယ်။

မိသားစုထဲက လူငယ်ကောင်လေးတစ်ယောက်ဟာ စကားတွေကို သတိထားမိသွားပါတယ်။ ခရီးအဖွဲ့ ဝိညာဉ်ပကတိအပ်နှင်းခြင်းအခန်းကို ဝင်ရောက်တဲ့အခါ၊ လူတွေဒူးထောက်ပြီး ဘုရားသခင်နဲ့ ပဋိညာဉ်ပြုတဲ့ ယဇ်ပလ္လင်ကို ညွှန်ပြပြီး၊ ပြောပါတယ်၊ “အဲဒါ ကောင်းတယ်။ ဒီမှာ လူတွေ ဗိမာန်တော်ခရီးမှာ ချမ်းသာစရာနေရာတစ်ခုပဲ။”

ကောင်လေး၊ သူ့တွေ့ရှိချက် ဘယ်လောက်လေးနက်တယ်ဆိုတာ သိလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ဗိမာန်တော်ထဲမှာ ဘုရားသခင်နဲ့ ပဋိညဉ်ပြုခြင်းနဲ့ ကယ်တင်ရှင်ရဲ့ အံ့မခန်းကတိတော်ကြားက တိုက်ရိုက်ဆယ်သွယ်ချက်နဲ့ပတ်သက်လို့ သူဘာမှ သိပုံမရှိပါဘူး။

“ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့၊ ငါသည် သင်တို့ကို ချမ်းသာပေးမည်။

“ငါ့ထမ်းဘိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ …သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။

“အကြောင်းမူကား၊ ငါ့ထမ်းဘိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏။“

ရုပ်ပုံ
အထွေထွေညီလာခံ ပရိတ်သတ်

ချစ်သောညီအစ်ကို မောင်နှမများခင်ဗျာ၊ အသင်းသားဖြစ်ခြင်းက တောင်းဆိုချက်တွေများလွန်းတယ်လို့ခံစားရလို့ အသင်းတော်ကို စွန့်ခွာသွားသူတွေအတွက် ကျွန်တော်ဝမ်းနည်းပူဆွေးရပါတယ်။ ပဋိညာဉ်တွေပြုခြင်းနဲ့ စောင့်ထိန်းခြင်းဟာ တကယ်တမ်းကျတော့ ဘဝကို ပိုပြီးလွယ်ကူစေတယ်ဆိုတာ သူတို့မတွေ့ခဲ့ကြသေးပါဘူး။ ဗတ္တိဇံကန်တွေမှာ၊ ဗိမာန်တော်တွေမှာ ပဋိညာဉ်တွေပြုတဲ့၊ စောင့်ထိန်းတဲ့ သူတိုင်းဟာ ယေရှုခရစ်တော်ရဲ့ တန်ခိုးတော်ဆီရောက်ရာလမ်း တိုးတက်ကြပါတယ်။ အဲဒီလေးနက်တဲ့ သမ္မာတရားကို ကျေးဇူးပြု၍ ဆင်ခြင်ပါ။

ဘုရားသခင်နဲ့ပြုတဲ့ ပဋိညာဉ်တွေကို စောင့်ထိန်းခြင်းရဲ့ ဆုလာဘ်ကတော့ ကောင်းကင်ဘုံရှင်တန်ခိုး—ကျွန်တော်တို့ရဲ့ စုံစမ်းခြင်းတွေ၊ သွေးဆောင်ခြင်းတွေ၊ နှလုံးသားနာကျင်မှုတွေကို ကြံ့ကြံ့ခံနိုင်ဖို့ ကျွန်တော်တို့ကို ခွန်အားဖြည့်ပေးတဲ့တန်ခိုး ဖြစ်ပါတယ်။ ဒီတန်ခိုးက ကျွန်တော်တို့ခရီးကို လွယ်ကူစေပါတယ်။ ယေရှုခရစ်တော်ရဲ့ ပိုပြီးမြင့်မြတ်တဲ့ပညတ်တွေကို ကျင့်သုံးသူတွေဟာ ကိုယ်တော်ရဲ့ ပိုပြီးမြင့်မြတ်တဲ့ တန်ခိုးသို့ ရောက်နိုင်ကြပါတယ်။ ဒီလိုနဲ့၊ ပဋိညာဉ်စောင့်ထိန်းသူတွေဟာ သူတို့ရဲ့ ဘုရားသခင်နဲ့ ပဋိညာဉ်ဆက်ဆံရေး အားဖြင့် သူတို့ဆီ ရောက်လာတဲ့ အထူးချမ်းသာခြင်း မျိုးနဲ့ အကျုံးဝင်ကြပါတယ်။

ကယ်တင်ရှင်ဟာ သူ့ကိုယ်သူ ဂေသရှေမန်နဲ့ ကရာနီမှာ ဒုက္ခဝေဒနာခံစားဖို့ မနာခံမီမှာ သူ့တမန်တော်တွေကို ကြေညာခဲ့ပါတယ်၊ “သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ သို့သော်လည်းမစိုးရိမ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီ။” နောက်ပိုင်းမှာ၊ ယေရှုက “လောကကို သင်တို့ အောင်နိုင်ကြစေကြောင်း ငါအလိုရှိတော်မူ၏။” မိန့်တော်မူရင်းကျွန်တော်တို့အယောက်စီတိုင်း အလားတူပြုကြဖို့ တောင်းဆိုခဲ့ပါတယ်။

ချစ်သောညီအစ်ကို မောင်နှမများခင်ဗျာ၊ ဒီနေ့ သင်တို့အတွက် ကျွန်တော့်အမှာစကားကတော့၊ ယေရှုခရစ်တော်ဟာ ဒီကျရှုံးနေတဲ့လောကကို အောင်နိုင်ခဲ့လို့၊ ကိုယ်တော်က ကျွန်တော်တို့အယောက်တိုင်းအတွက် အပြစ်ဖြေခဲ့တဲ့အတွက်၊ သင်တို့လည်း ဒီအပြစ်နဲ့ပြည့်နေတဲ့၊ အတ္တဗဟိုပြုတဲ့၊ အကြိမ်ကြိမ်နွမ်းလျနေတဲ့ လောကကို အောင်နိုင်တဲ့ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။

ကယ်တင်ရှင်က ကျွန်တော်တို့ကို အားနည်းချက်မှ၊ အမှားတွေနဲ့ အပြစ်မှသူရဲ့ အနှိုင်းမဲ့ အပြစ်ဖြေခြင်းမင်္ဂလာနဲ့ ရွေးနှုတ်ခဲ့လို့၊ ပြီးတော့ သူက သင်တို့မှာရှိခဲ့ဖူးတဲ့ နာကျင်မှု၊ စိုးရိမ်မှုနဲ့ ဝန်လေးမှုမှန်သမျှကို တွေ့ကြုံခဲ့ပြီးလို့၊ သင်တို့ဟာ အမှန်နောင်တရကြတာနဲ့အမျှ ဒီလက်ရှိ မရေရာလှတဲ့ လောကအထက်ကို ရောက်နိုင်ကြပါတယ်။

သင်တို့ဟာ စိတ်ကြီးဝင်ခြင်း၊ မာန၊ ဒေါသ၊ စာရိတ္တပျက်ခြင်း၊ အမုန်းတရား၊ လောဘ၊ မနာလိုမှုနဲ့ အကြောက်တရား အပါအဝင် လောကရဲ့ ဝိညာဉ်ပကတိနဲ့ စိတ်ပိုင်းကပ်ရောဂါတွေကို ကျော်လွန်နိုင်ကြပါတယ်။ ကျွန်တော်တို့ပတ်လည်မှာ ဝေ့နေတဲ့ စိတ်ပျံ့မှားယွင်းစေတဲ့အရာတွေရှိပေမယ့်လည်း၊ သင်တို့ဟာ စစ်မှန်တဲ့ ချမ်းသာ— ဆိုတာက သက်သာခြင်းနဲ့ ငြိမ်းချမ်းခြင်းကို— သင်တို့ရဲ့ စိတ်တိုစရာအကောင်းဆုံးအချိန်မှာတောင်မှ တွေ့နိုင်ပါတယ်။

ဒီအရေးကြီးတဲ့ သမ္မာတရားက အခြေခံမေးခွန်းသုံးခုကို အစဖော်ပေးပါတယ်။

ပထမ၊ လောကကို အောင်နိုင်ခြင်းဆိုတာ ဘာကိုဆိုလိုတာလဲ။

ဒုတိယ၊ ကျွန်တော်တို့ ဘယ်လိုလုပ်နိုင်မလဲ။

တတိယ၊ လောကကို အောင်နိုင်ခြင်းက ကျွန်တော်တို့ဘဝတွေကို ဘယ်လိုကောင်းချီးပေးပါသလဲ။

လောကကို အောင်နိုင်ခြင်းဆိုတာ ဘာကိုဆိုလိုတာလဲ။ ဘုရားသခင်ရဲ့အမှုထက် လောကီအမှုကို ပိုဂရုစိုက်စေတဲ့သွေးဆောင်မှုအား အောင်နိုင်ခြင်းကိုဆိုလိုတာပါ။ လူသားတွေရဲ့ အတွေးအခေါ်တွေထက် ခရစ်တော်ရဲ့ ဩဝါဒကို ပိုပြီးယုံကြည်စိတ်ချခြင်းကို ဆိုလိုတာပါ။ သမ္မာတရား၌ မွေ့လျော်ခြင်း၊ လှည့်စားခြင်းကို ရှုတ်ချခြင်း၊ “ခရစ်တော်ရဲ့ နှိမ့်ချသော နောက်လိုက်များ။” ဖြစ်လာခြင်းကို ဆိုလိုတာပါ။ ဝိညာဉ်တော်ကို အဝေးကိုရောက်စေတဲ့အရာမှန်သမျှကို ရှောင်ဖို့ ရွေးချယ်ခြင်းကို ဆိုလိုတာပါ။ ကျွန်တော်တို့ရဲ့ အကြိုက်ဆုံးအပြစ်တွေကိုတောင်မှ “စွန့်လွှတ်”ဖို့ လိုလိုလားလားရှိခြင်းကို ဆိုလိုတာပါ။

ယခု၊ လောကကို အောင်နိုင်ခြင်းဆိုတာက ဒီဘဝမှာ စုံလင်လာစေခြင်းကို မဆိုလိုတာသေချာပါတယ်၊ သင့်ရဲ့ပြဿနာတွေ မှော်ဆန်ဆန် အငွေ့ပျံသွားမယ်လို့လည်း မဆိုလိုပါ—အဲ့လိုဖြစ်မှာမဟုတ်လို့ပါပဲ။ သင်တို့အမှားတွေလုပ်နေမှာမဟုတ်တော့ဘူးလို့လည်း ဆိုလိုပါ။ ဒါပေမယ့်၊ လောကကို အောင်နိုင်ခြင်းဆိုတာ သင်တို့ရဲ့အပြစ်ကို ခုခံအားတိုးလာခြင်းဖြစ်ပါတယ်။ ယေရှုခရစ်တော်၌သင်တို့ရဲ့ ယုံကြည်ခြင်းတိုးလာတာနဲ့အမျှ သင်တို့ရဲ့ နှလုံးသား ပျော့ပျောင်းလာပါလိမ့်မယ်။ လောကကို အောင်နိုင်ခြင်းဆိုတာ ဘုရားသခင်နဲ့ သူရဲ့ တစ်ပါးတည်းသောသားတော်ကို သင်အခြားတစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုကို ချစ်ခြင်းထက် ပိုချစ်ဖို့ တိုးပွားလာခြင်းကို ဆိုလိုပါတယ်။

ဒါဆိုရင်၊ ကျွန်တော်တို့ လောကကို ဘယ်လိုအောင်နိုင်မှာလဲ။ ဘယ်လိုအောင်နိုင်မလဲဆိုတာ ဗိန်ယာမိန်မင်းကြီးက ကျွန်တော်တို့ကို သွန်သင်ခဲ့ပါတယ်။ သူက ပြောခဲ့ပါတယ်၊ “ဇာတိပကတိလူသည် ဘုရားသခင်၏ ရန်သူဖြစ်၏၊” “သူသည် သန့်ရှင်းသောဝိညာဉ်တော်၏ သွေးဆောင်တော်မူခြင်းကို ဝန်ခံခြင်း၊ ထို့အတူ ဇာတိပကတိလူ၏ ကိုယ်ကို ချွတ်ပယ်ပြီး၊ ခရစ်တော်ကိုယ်တော်ရှင်၏ အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့် သန့်ရှင်းသူတစ်ယောက်ဖြစ်လာခြင်း၊ မရှိလျှင်” ကာလအစဉ်အဆက်အမြဲဖြစ်လိမ့်မည်။ သင်တို့ဟာ ဝိညာဉ်တော်ကို ရှာတဲ့အခါတိုင်း၊ လှုံ့ဆော်မှုကို လိုက်လျှောက်တဲ့အခါတိုင်း၊ “ဇာတိပကတိလူ” မလုပ်လိုတဲ့ ကောင်းမြတ်တဲ့အရာတစ်ခုခုကို လုပ်ဆောင်တဲ့အခါတိုင်း လောကကို အောင်နိုင်နေကြတာဖြစ်ပါတယ်။

လောကကို အောင်နိုင်ခြင်းဟာ တစ်ရစ် နှစ်ရက်အတွင်းမှာ ဖြစ်တဲ့ အဖြစ်အပျက်တစ်ခုမဟုတ်ပါဘူး။ အဲဒါဟာ ကျွန်တော်တို့ ခရစ်တော်ရဲ့ ဩဝါဒကို ထပ်ခါထပ်ခါထွေးပွေ့ကြတာနဲ့အမျှ ဘဝတလျှောက်လုံးမှာ ဖြစ်ပျက်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ နေ့စဉ်နောင်တရခြင်း၊ တန်ခိုးနဲ့အတူ ကျွန်တော်တို့ကို အပ်နှင်းထားတဲ့ ပဋိညာဉ်တွေကို စောင့်ထိန်းခြင်းအားဖြင့် ခရစ်တော်၌ ယုံကြည်ခြင်းကို ပြုစုပျိုးထောင်ကြပါတယ်။ ကျွန်တော်တို့ဟာ ပဋိညာဉ်လမ်းကြောင်းပေါ်မှာ ရှိကြပြီး၊ ဝိညာဉ်ပကတိခွန်အား၊ ကိုယ်ပိုင်ဗျာဒိတ်တော်၊ ယုံကြည်ခြင်း တိုးခြင်း၊ ကောင်းကင်တမန်များအမှုဆောင်ခြင်းတို့နဲ့ ကောင်းချီးခံစားကြရပါတယ်။ ခရစ်တော်ရဲ့ ဩဝါဒကို ကျင့်သုံးခြင်းက အားအကောင်းဆုံး မြင့်မြတ်ခြင်းစက်ဝန်းကို ဖြစ်စေပါတယ်၊ ပြီးတော့ ကျွန်တော်တို့ဘဝတွေမှာ ဝိညာဉ်ပကတိအဟုန်ကို ဖန်တီးပါတယ်။ ၁၀

ကျွန်တော်တို့ဟာ ခရစ်တော်ရဲ့ ပိုပြီးမြင့်မြတ်တဲ့ ပညတ်တွေကို ကျင့်သုံးဖို့ ကြိုးစားကြတာနဲ့အမျှ၊ ကျွန်တော်တို့ရဲ့ သဘာဝတွေ ပြောင်းလဲစပြုပါတယ်။ ကယ်တင်ရှင်က ကျွန်တော်တို့ကို ပိုပြီးကြီးမြတ်တဲ့မေတ္တာ၊ နှိမ့်ချခြင်း၊ သဒ္ဒါတရား၊ ကြင်နာခြင်း၊ ပင်ကိုယ်စည်းကမ်း၊ ငြိမ်းချမ်းခြင်းနဲ့ ချမ်းသာခြင်း တို့နဲ့ ကောင်းချီးပေးခြင်းဖြင့် ဒီ‌လောကရဲ့ ဆွဲအားအထက်ကို မြှင့်တင်ပေးပါတယ်။

ယခုဆိုရင်၊ သင်တို့ဟာ ဒီအရာက ချမ်းသာခြင်း ဆိုတာထက် ပိုပြီးခက်ခဲတဲ့ ဝိညာဉ်ပကတိအလုပ်တစ်ခုလို့ ထင်ကောင်းထင်နေကြပါလိမ့်မယ်။ ဒါပေမယ့်၊ ဒီမှာ ခမ်းနားတဲ့ သမ္မာတရားရှိပါတယ်၊ အင်အား၊ ဥစ္စာဓန၊ ထင်ပေါ်မှု၊ ကိုယ်ကာယ သာယာမှုတွေက ပျော်ရွှင်မှုကို ဖြစ်စေတယ်လို့ လောကကအခိုင်အမာဆိုပေမဲ့၊ အဲဒါတွေက မဖြစ်စေပါဘူး။ မဖြစ်စေနိုင်ပါဘူး။ အဲဒါတွေကို ဖြစ်စေတဲ့အရာကတော့ ဘာမှမဟုတ်ပါဘူ၊ “ဘုရားသခင်ရဲ့ ပညတ်တော်တွေကို စောင့်ထိန်းသူတွေရဲ့ ကောင်းချီးခံစားရတဲ့ ပျော်ရွှင်ခြင်းအခြေအနေအတွက်ကတော့” ၁၁အနှစ်မဲ့အစားထိုးခြင်း တစ်ခုမျှသာဖြစ်ပါတယ်။

အမှန်ကတော့ သင်တို့ ဘယ်တော့မှ မတွေ့နိုင်တဲ့နေရာမှာ ပျော်ရွှင်မှုကို ရှာခြင်းဟာ အများကြီးပိုပြီးနွမ်းလျတယ်ဆိုတာပါပဲ။ ဒါပေမယ့်၊ သင်တို့ဟာ ယေရှုခရစ်တော်နဲ့ အတူထမ်းဆောင်တဲ့အခါ၊ လောကကို အောင်နိုင်ဖို့ လိုအပ်တဲ့ ဝိညာဉ်ပကတိအမှုကို လုပ်ဆောင်တဲ့အခါ၊ ကိုယ်တော်၊ ကိုယ်တော်တစ်ပါးတည်းမှာ၊ သင့်ကို ဒီလောကရဲ့ဆွဲအားအထက်ကို ဆွဲတင်ဖို့ တန်ခိုးရှိပါတယ်။

ယခုဆိုလျှင်၊ လောကကို အောင်နိုင်ခြင်းက ကျွန်တော်တို့ဘဝတွေကို ဘယ်လို ကောင်းချီးပေးပါသလဲ။ အဖြေက ရှင်းပါတယ်၊ ဘုရားသခင်နဲ့ ပဋိညာဉ်ဆက်ဆံရေးထဲကို ဝင်ရောက်ခြင်းက ကျွန်တော်တို့ကို ဘဝနဲ့ပတ်သက်တဲ့အရာတိုင်းကို ပိုပြီးလွယ်ကူစေတဲ့နည်းနဲ့ ကျွန်တော်တို့ကို ကိုယ်တော်နဲ့ ပေါင်းစည်းပါတယ်။ ကျေးဇူးပြု၍ ကျွန်တော့်ကို နားလည်မှု မလွဲပါနဲ့ခင်ဗျာ။ ပဋိညာဉ်တွေပြုခြင်းက ဘဝကို လွယ်ကူ စေတယ်လို့ ကျွန်တော် ပြောပါဘူးခင်ဗျာ။ အမှန်က၊ ဆန့်ကျင်ဘက်ကို မျှော်လင့်ပါ၊ မာရ်နတ်က ကျွန်တော်တို့ကို ယေရှုခရစ်တော်ရဲ့ တန်ခိုးကို မတွေ့စေလိုတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ သင်တို့ကို သင်တို့ ခရစ်တော်နဲ့အတူ ထမ်းဆောင်ခြင်းဆိုတာ သင့်မှာ ကိုယ်တော်ရဲ့ ခွန်အားနဲ့ ရွေးနှုတ်ခြင်းတန်ခိုးဆီကိုသွားရာ လမ်းရှိတယ်လို့ ဆိုလိုပါတယ်။

ရုပ်ပုံ
ဥက္ကဋ္ဌ အီဇရာ တက်ဖ်ထ် ဘန်ဆန်

ဥက္ကဋ္ဌ အီဇရာတက်ဖ်ထ် ဘန်ဆန်ရဲ့ လေးနက်တဲ့ သွန်သင်မှုကို ကျွန်တော် ထပ်မံအတည်ပြုပါတယ်၊ “မိမိတို့ဘဝတွေကို ဘုရားသခင်ဆီလှည့်တဲ့ အမျိုးသားအမျိုးသမီးတို့ဟာ သူတို့ဘ၀တွေထဲမှာ သူတို့လုပ်ဆောင်နိုင်တာထက် ကိုယ်တော်က အများကြီးပိုလုပ်ဆောင်နိုင်တယ်ဆိုတာကို တွေ့ကြပါလိမ့်မယ်။ ကိုယ်တော်က သူတို့ပျော်ရွှင်မှုကို လေးနက်စေ၊ သူတို့ရဲ့ ရူပါရုံကို ကျယ်ပြန့်စေ၊ သူတို့ရဲ့စိတ်တွေကို သွက်လက်စေ၊ …သူတို့ရဲ့ဝိညာဉ်တွေကို မြင့်တက်စေ၊ သူတို့ရဲ့ကောင်းချီးမင်္ဂလာတွေကို ပွားများစေ၊ သူတို့ရဲ့ အခွင့်အလမ်းတွေကို တိုးစေ၊ သူတို့စိတ်ဝိညာဉ်တွေကို နှစ်သိမ့်စေ၊ မိတ်ဆွေတွေပွားများစေပြီး၊ ငြိမ်းချမ်းခြင်းကို သွန်းလောင်းပါလိမ့်မယ်။” ၁၂

ဒီအနှိုင်းမဲ့အထူးအခွင့်အရေးတွေဟာ မိမိတို့ကို ဒီလောကကို အောင်နိုင်ဖို့ ကောင်းကင်ဘုံရဲ့ အကူအညီကို ရှာတဲ့သူတွေဆီကိုလာကြပါတယ်။ ဒီရည်ရွယ်ချက်ကြောင့်၊ ကျွန်တော်က အသင်းတော်တစ်ခုလုံးက အသင်းသားတွေကို ပြီးခဲ့တဲ့မေလမှာ ကျွန်တော်တို့ ရဲ့အရွယ်ရောက်လူငယ်တွေကို ပေးခဲ့တဲ့ အမှာစကားကို ထပ်ပြီးပေးခြင်းဖြစ်ပါတယ်။ ကျွန်တော် အဲဒီတုန်းက သူတို့ကို တိုက်တွန်းခဲ့ပါတယ်။ ယခု သင်တို့ကို တောင်းဆိုပါတယ် ယေရှုခရစ်တော်နဲ့ သူ့ဧဝံဂေလေိတရားတော်အကြောင်း သင်တို့ရဲ့ ကိုယ်ပိုင် သက်သေခံချက်အတွက် တာဝန်ယူကြဖို့ ဖြစ်ပါတယ်။ အဲဒါအတွက် လုပ်ဆောင်ကြပါ။ ကြီးထွားစေဖို့ ပြုစုပျိုးထောင်ကြပါ။ သမ္မာတရားနဲ့ ကျွေးမွေးပါ။ အဲဒါကို မယုံကြည်သူအမျိုးသားအမျိုးသမီးတွေရဲ့ မှားယွင်းတဲ့အတွေးအခေါ်တွေအားဖြင့် မညစ်ညမ်းပါစေနဲ့။ သင်တို့ဟာ ယေရှုခရစ်တော်အကြောင်း သင်တို့ရဲ့သက်သေခံချက်ကို ဆက်တိုက်ခွန်အားဖြည့်ပေးခြင်းကို အမြင့်ဆုံးဦးစားပေးအဖြစ်ပြုကြရင်း သင်တို့ဘဝမှာ အလွန်တရာ အံ့ဩဖွယ်အမှုတွေဖြစ်လာတာကို စောင့်မျှော်ကြပါ။ ၁၃

ရုပ်ပုံ
ဥက္ကဋ္ဌနယ်လဆင် အထွေထွေညီလာခံတရားဟောစဉ်မှ

ဒီမနက်သင်တို့ကို ကျွန်တော်တောင်းဆိုချင်တာက၊ သင်တို့ရဲ့ ဘုရားသခင်နဲ့ ပြုတဲ့ ပဋိညာဉ်တွေအားဖြင့် လောကကို အောင်နိုင်ခြင်းအားဖြင့် ဒီလောကရဲ့၊ ပြင်းထန်မှု၊ မသေချာမှု၊ နဲ့ ဝေဒနာတွေကနေချမ်းသာခြင်းကို ရှာကြဖို့ပဲဖြစ်ပါတယ်။ သင်တို့ဟာ လောကကိုအောင်နိုင်ခြင်းနဲ့ပတ်သက်လို့ အလေးထားတဲ့အကြောင်း သင်တို့ရဲ့ဆုတောင်းခြင်းတွေ၊ လုပ်ဆောင်မှုတွေအားဖြင့် ကိုယ်တော်သိပါစေ။ သင်တို့စိတ်ကို အလင်းသို့ရောက်စေဖို့နဲ့ သင်တို့လိုအပ်တဲ့ အကူအညီစေလွှတ်စေဖို့ ကိုယ်တော်ကို တောင်းပါ။ နေ့တိုင်း၊ သင်တို့ဆုတောင်းစဉ် သင်တို့ဆီရောက်လာတဲ့အတွေးတွေကို မှတ်သားပါ၊ အဲဒီနောက် လုံလဝီရိယထက်သန်စွာလိုက်လျှောက်ပါ။ ဗိမာန်တော်ထဲမှာ အချိန်ပိုသုံးပါ၊ ဒီလောကအထက်ကို တက်ဖို့ ဗိမာန်တော်က သင်တို့ကို ဘယ်လိုသွန်သင်ပေးတယ်ဆိုတာကို နားလည်ဖို့ ကြိုးစားပါ။ ၁၄

ကျွန်တော်အရင်တုန်းက ပြောခဲ့သလိုပဲ၊ ဣသရေလအမျိုးသားတွေကို စုဝေးခြင်းဟာ ဒီနေ့မြေကြီးပေါ်မှာ ဖြစ်ပေါ်နေတဲ့ အရေးအကြီးဆုံး အလုပ်ဖြစ်ပါတယ်။ ဒီစုဝေးခြင်းရဲ့အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုကတော့ ကိုယ်တော် တစ်ဖန်ကြွလာတော်မူတဲ့အခါ ကိုယ်တော်ရှင်ကို လက်ခံဖို့ တတ်နိုင်စွမ်းတဲ့၊ အဆင်သင့်ဖြစ်တဲ့၊ ထိုက်တန်တဲ့ လူမျိုး၊ ဒီကျဆုံးနေတဲ့လောကထက် ယေရှုခရစ်တော်ကို ရွေးချယ်ခဲ့ပြီးဖြစ်တဲ့လူမျိုး၊ ယေရှုခရစ်တော်ရဲ့ ပိုပြီးမြင့်မြတ်တဲ့၊ ပိုပြီးသန့်ရှင်းတဲ့ ပညတ်တွေကို ကျင့်သုံးဖို့ ကိုယ့်လွတ်လပ်စွာ ရွေးချယ်ပြုမှုခွင့်မှာ ရွှင်လန်းဝမ်းမြောက်တဲ့လူမျိုးကို ပြင်ဆင်ခြင်းပဲဖြစ်ပါတယ်။

ရုပ်ပုံ
အသင်းတော်ဥက္ကဋ္ဌများ၏ပုံများကို ကြည့်နေသည့် မိခင်နှင့် သမီး

ဒီဖြောင့်မတ်တဲ့လူမျိုးတွေဖြစ်လာစေဖို့ သင်တို့ကို ကျွန်တော်တောင်းဆိုပါတယ် ကျွန်တော်ချစ်သော ညီအစ်ကို မောင်နှမများခင်ဗျာ။ သင်တို့ရဲ့ ပဋိညာဉ်တွေကို အခြားကတိကဝတ်အားလုံးထက်ပိုပြီး မြတ်နိုးလေးစားပါ။ သင်တို့ဘဝမှာ ဘုရားသခင်အနိုင်ပြုစေဖို့ အခွင့်ပေးတာနဲ့အမျှ၊ ပိုပြီးကြီးမြတ်တဲ့ ငြိမ်းချမ်းခြင်း၊ ယုံကြည်မှု၊ ဝမ်းမြောက်မှု၊ အဖြေမှန်၊ ချမ်းသာခြင်း တို့ကိုရရှိနိုင်တယ်ဆိုတာ ကတိပေးပါတယ်။

ကျွန်တော်ဆီကို အပ်နှင်းထားတဲ့ သန့်ရှင်းသောတမန်တော်ဖြစ်ခြင်း တန်ခိုးအားဖြင့် ဒီလောကကိုအောင်နိုင်ဖို့ သင်တို့ရဲ့ရှာဖွေမှုမှာ သင်တို့ကို ကျွန်တော်ကောင်းချီးပေးပါတယ်။ ယေရှုခရစ်တော်၌ သင်တို့ရဲ့ယုံကြည်ခြင်းကို တိုးစေဖို့နဲ့ သူ့တန်ခိုးကို ဘယ်လိုချဉ်းကပ်ရမယ်ဆိုတာ ပိုပြီးကောင်းကောင်းသင်ယူကြဖို့ သင်တို့ကို ကျွန်တော်ကောင်းချီးပေးပါတယ်။ အမှန်နဲ့အမှားကို ခွဲခြားသိနိုင်စေဖို့ သင်တို့ကို ကျွန်တော်ကောင်းချီးပေးပါတယ်။ ဒီလောကအမှုတွေထက် ဘုရားသခင်ရဲ့အမှုတွေအကြောင်း ပိုပြီး ဂရုစိုက်ကြဖို့ သင်တို့ကို ကျွန်တော်ကောင်းချီးပေးပါတယ်။ သင်တို့ပတ်ဝန်းကျင်မှာရှိသူတွေရဲ့ လိုအပ်ချက်တွေကို ကြည့်ဖို့နဲ့ သင်တို့ချစ်တဲ့လူတွေကို ခွန်အားဖြည့်ပေးဖို့ သင်တို့ကို ကျွန်တော် ကောင်းချီးပေးပါတယ်။ ယေရှုခရစ်တော်က ဒီလောကကို အောင်နိုင်ခဲ့တာကြောင့်၊ သင်တို့လည်း အောင်နိုင်ပါတယ်။ ယေရှုခရစ်တော်၏သန့်ရှင်းမွန်မြတ်သော နာမတော်အားဖြင့် ကျွန်တော်သက်သေခံပါတယ်၊ အာမင်။

မှတ်စုများ

  1. ဂျိုးဇက်စမစ်—မဿဲ ၁း၃၆ “ထို့နောက်တွင် လူသားတော်၏ နိမိတ်လက္ခဏာသည် ကောင်းကင်၌ ပေါ်လာလိမ့်မည်၊ ထို့နောက်တွင် မြေကြီးပေါ်ရှိမျိုးနွယ်စုတို့ ငိုကြွေး မြည်တမ်း ကြလိမ့်မည်။ သူတို့သည် လူသားတော်ကို ကောင်းကင်တိမ်တိုက်၌၊ တန်ခိုးတော်အရှိန်နှင့် ကြီးစွာသော ဘုန်းတော်တို့ဖြင့် ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။”

  2. မဿဲ ၁၁း၂၈-၃၀၊ အထူးပြုချက်ထည့်သွင်းထားသည်။

  3. ယောဟန် ၁၆း၃၃၊ အထူးပြုချက်ထည့်သွင်းထားသည်။

  4. ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၆၄း၂၊ အထူးပြု ထည့်သွင်းထားသည်။

  5. ရှု အယ်လမာ ၇း၁၁ - ၁၃

  6. ၂ နီဖိုင်း ၂၈း၁၄

  7. ရှုအယ်လမာ ၂၂၊ အထူးသဖြင့် အယ်လမာ ၂၂း၁၈၌ လာမောနိမင်းကြီး၏ ခမည်းတော်အကြောင်း။

  8. ရှု မောဇိယ ၅း၇

  9. မောဇိယ ၃း၁၉၊ အထူးပြုချက်ထည့်သွင်းထားသည်။

  10. ရှု၂ နီဖိုင်း ၃၁ ၃ နီဖိုင်း ၂၇း၁၆-၂၀

  11. မောဇိယ ၂-၄၁

  12. အသင်းတော် ဥက္ကဌများ၏ သင်ကြားမှုများ ၊ အီဇရာတက်ဖ်တ် ဘင်ဆင် (၂၀၁၄) ၊ ၄၂-၄၃။

  13. ရှု ရပ်ဆဲလ်အမ်၊ နယ်လဆင်၊ “Choices for Eternity” (ကမ္ဘာတစ်တဝန်း အရွယ်ရောက်လူငယ်ဝတ်ပြုမှု၊ မေ ၁၅၊ ၂၀၂၂)၊ broadcasts.ChurchofJesusChrist.org.

  14. ဥက္ကဋ္ဌ ဒေးဗစ် အို မက်ကေးက ပြောခဲ့ပါတယ်၊ ဗိမာန်တော်ထဲမှာ၊ ကျွန်တော်တို့ဟာ “ထာဝရမျက်မှောက်တော်သို့ တစ်ဆင့်ချင်းသွားကြပါတယ်” (ထရူးမင်း ဂျီ၊ မက်ဒဆင်၊ The Temple: Where Heaven Meets Earth [၂၀၀၈]၊ ၁၁)။

ပုံနှိပ်သည်