အခန်းကြီး ၂၂
အာရုန်သည် ဖန်ဆင်းတော်မူခြင်း၊ အာဒံ၏ကျရှုံးခြင်းနှင့် ခရစ်တော်အားဖြင့် ရွေးနှုတ်ခြင်းအစီအစဉ်ကို လာမောနိ၏အဘအား သွန်သင်ပေး၏—မင်းကြီးနှင့် သူ၏အိမ်သူအိမ်သားခပ်သိမ်းတို့ ပြောင်းလဲ ကြ၏—နီဖိုင်းအမျိုးသားတို့နှင့် လာမန်အမျိုးသားတို့ကြား နယ်မြေပိုင်းခြားခြင်းကို ရှင်းပြထား၏။ ဘီစီ ၉၀–၇၇ ခန့်။
၁ ယခုတွင်၊ အမ္မုန်က လာမောနိ၏လူမျိုးတို့ကို ထိုကဲ့သို့ အစဉ်မပြတ်သွန်သင်လျက်ရှိစဉ်တွင်၊ အာရုန်နှင့် သူ့ညီအစ်ကိုတို့အကြောင်း မှတ်တမ်းကို ငါတို့ပြန်စကြမည်။ အကြောင်းမူကား၊ သူသည် မိဒေါနိပြည်မှ ထွက်ခွာသွားခဲ့ပြီးနောက်၊ နီဖိုင်းပြည်သို့၊ အမှန်စင်စစ်၊ ဣရှမေလပြည်မှတစ်ပါး၊ ခပ်သိမ်းသောပြည်တို့အပေါ်၌ မင်းကြီးဖြစ်သောသူ၏အိမ်သို့တိုင်အောင် ဆောင်သွား ခံရလေ၏။ ထိုမင်းကြီးသည်ကား၊ လာမောနိ၏အဘဖြစ်၏။
၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူ့ညီအစ်ကိုတို့နှင့်အတူ မင်းကြီး၏နန်းတော်ထဲသို့ ဝင်၍ တွေ့ပြီး၊ မင်းကြီးရှေ့၌ ဦးညွှတ်၍၊ ဆိုလေသည်ကား၊ ရှုတော်မူပါ၊ အို မင်းကြီး၊ အကျွန်ုပ်တို့သည် ထောင်ထဲမှ ကိုယ်တော်လွှတ်ပေးသူများတည်းဟူသော၊ အမ္မုန်၏အစ်ကိုတို့ ဖြစ်ပါ၏။
၃ ယခုမူကား၊ အို မင်းကြီး၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏အသက်ကို ချမ်းသာပေးမည်ဆိုလျှင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်၏ကျွန်များ ဖြစ်ကြပါမည်။ မင်းကြီးဆိုလေသည်ကား၊ ထလော့၊ ငါသည် သင်တို့အသက်ကို ချမ်းသာပေးမည်။ သင်တို့အား ငါ၏ကျွန်များဖြစ်ရန် အခွင့်ပေးမည်မဟုတ်။ သို့ရာတွင် သင်တို့ ငါ့ကို ကူညီထောက်မရန် အမိအရတိုက်တွန်းမည်။ အကြောင်းမူကား၊ သင်တို့၏ညီအမ္မုန်၏ စိတ်သဘောကောင်းမြတ်ခြင်းနှင့် သူ့စကားများ၏ကြီးမြတ်ခြင်းကြောင့် ငါအတော်အသင့်စိတ်ညှိုးငယ်ရလေပြီ။ သင်တို့နှင့်အတူ၊ မိဒေါနိပြည်မှ အဘယ်ကြောင့် သူထွက်၍မလာသည့်အကြောင်းရင်းကိုလည်း ငါသိလို၏။
၄ အာရုန်ကလည်း မင်းကြီးအား၊ ရှုလော့၊ ကိုယ်တော်ရှင်၏ဝိညာဉ်တော်က သူ့ကို တခြားအရပ်သို့ ခေါ်တော်မူ၍၊ လာမောနိ၏လူမျိုးတို့ကို သွန်သင်ခြင်းငှာ ဣရှမေလပြည်သို့ သူသွားလေပြီဟု ဆို၏။
၅ ယခုတွင်၊ မင်းကြီးက သူတို့ကို ဆိုလေသည်ကား၊ သင်တို့ပြောလေသည့် ကိုယ်တော်ရှင်၏ဝိညာဉ်တော်အကြောင်းကား၊ အဘယ်နည်း။ ရှုလော့၊ ဤအရာသည်ကား၊ ငါ့ကို စိတ်ညှိုးငယ်စေသောအရာပေတည်း။
၆ ထို့အတူ၊ အမ္မုန်ဆိုလေသည့်—သင်နောင်တရလျှင်၊ ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်၊ သင် နောင်တမရလျှင်၊ နောက်ဆုံးသောနေ့၌ စွန့်ပစ်ခံရလိမ့်မည်ဟူသည်ကား၊ အဘယ်နည်း။
၇ အာရုန်ကလည်း ဘုရားသခင်ရှိတော်မူသည်ကို အသင်ယုံကြည်သလောဟု ဆို၍ဖြေ၏။ မင်းကြီးဆိုလေသည်ကား၊ ဘုရားသခင် ရှိတော်မူသည်ဟု အာမလက်လူတို့ ပြောသည်ကို ငါသိ၍၊ သူ့ကို ကိုးကွယ်ရန် သူတို့ကိုယ်သူတို့အတူတကွ စည်းဝေးနိုင်စေခြင်းငှာ ဝတ်ပြုရာဌာနများကို ဆောက်ရန် သူတို့ကို ငါအခွင့်ပေး၏။ ယခုမူကား၊ ဘုရားသခင်ရှိတော်မူသည်ဟု သင်ပြောလျှင်၊ ရှုလော့၊ ငါယုံကြည်မည်။
၈ ယခုမူကား၊ အာရုန်သည် ဤအရာကို ကြားလျှင်၊ စိတ်နှလုံးရွှင်လန်းဝမ်းမြောက်စပြုလျက်၊ ရှုလော့၊ ကိုယ်တော် အမှန်အသက်ရှင်သည့်အတိုင်း၊ အို မင်းကြီး၊ ဘုရားသခင်ရှိတော်မူ၏ဟု ဆို၏။
၉ မင်းကြီးကလည်း ငါတို့ဘိုးဘေးတို့ကို ယေရုရှလင်နယ်မြေမှ ဆောင်ယူခဲ့သည့် ကြီးမြတ်သောဝိညာဉ်တော်သည် ဘုရားသခင်ဖြစ်သလောဟု ဆို၏။
၁၀ အာရုန်ကလည်း၊ ဟုတ်ကဲ့၊ သူသည်ကား၊ ထိုကြီးမြတ်သောဝိညာဉ်တော်ဖြစ်၍၊ ကောင်းကင်ဘုံနှင့် မြေကြီးနှစ်ခုစလုံး၌ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဤအမှုကို သင်ယုံကြည်သလောဟု ဆို၏။
၁၁ သူကလည်း ဟုတ်ပေ၏။ ကြီးမြတ်သောဝိညာဉ်တော်က ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူခဲ့သည်ကို ငါယုံကြည်၍၊ ဤအရာခပ်သိမ်းတို့နှင့် စပ်လျဉ်းပြီး၊ သင်တို့ ငါ့ကို ပြောပြစေရန် ငါတောင်းဆို၏။ သင်တို့၏စကားများကိုလည်း ယုံကြည်မည်။
၁၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အာရုန်သည် မိမိစကားများကို မင်းကြီးယုံကြည်မည့်အကြောင်း သိလျှင်၊ အာဒံကို ဖန်ဆင်းတော်မူခြင်းမှအစပြု၍ မင်းကြီးအား ကျမ်းစာများကို ဖတ်၍ပြလျက်ရှိလေသည်ကား—ဘုရားသခင်သည် လူသားကို သူကိုယ်တိုင်၏ပုံသဏ္ဌာန်အတိုင်း အဘယ်သို့အားဖြင့် ဖန်ဆင်းတော်မူ၍၊ ဘုရားသခင်က ထိုလူကို ပညတ်တော်များ ပေးတော်မူကြောင်းနှင့် လွန်ကျူးခြင်းကြောင့် လူသားကျရှုံးလေကြောင်းတို့ပေတည်း။
၁၃ ထို့အတူ၊ အာရုန်သည် ကျမ်းစာများကိုရှင်းပြ၍၊ အာဒံကို ဖန်ဆင်းတော်မူခြင်းမှစ၍ လူသား၏ ကျရှုံးခြင်း၊ သူတို့၏လောကီဆိုင်ရာအခြေအနေ၊ ထို့အတူ၊ ခရစ်တော်အားဖြင့်၊ သူ၏နာမတော်ကို ယုံကြည်မည့်သူမှန်သမျှအတွက် ကမ္ဘာတည်ကတည်းက ပြင်ဆင်ထားတော်မူလေသော ရွေးနှုတ်ခြင်းအစီအစဉ်ကိုလည်း ရှင်းလင်းဖော်ပြလေ၏။
၁၄ လူသားသည် ကျရှုံးလေသဖြင့်၊ အချို့သောအရာများကို သူကိုယ်တိုင်အားဖြင့် ခံယူထိုက်ခြင်း မရှိနိုင်။ သို့ရာတွင်၊ ယုံကြည်ခြင်း၊ နောင်တရခြင်းနှင့် အစရှိသည်တို့အားဖြင့် ခရစ်တော်၏ဒုက္ခဝေဒနာခံစားခြင်းနှင့် သေခြင်းတို့က သူတို့၏အပြစ်များအတွက် အပြစ်ဖြေပေးတော်မူ၏။ ထို့အတူ၊ ဘုန်းတော်အတွက်မျှော်လင့်ခြင်းအားဖြင့် သေခြင်း၏နာကျင်မှုကို ကျော်လွှားရစေခြင်းငှာ၊ သူသည် သေခြင်း၏ကြိုးများကို ဖြတ်သဖြင့် သင်္ချိုင်းသည် အောင်နိုင်ခြင်းရှိလိမ့်မည်မဟုတ်။ အာရုန်သည် ဤအရာခပ်သိမ်းတို့ကိုလည်း မင်းကြီးကို ရှင်းပြ၏။
၁၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အာရုန်က ဤအရာတို့ကို ရှင်းပြလေပြီးနောက်၊ မင်းကြီးဆိုလေသည်ကား၊ ငါသည် သင်ပြောလေသည့် ထာဝရအသက်ကို ရနိုင်ခြင်းငှာ အဘယ်အရာကို ပြုရမည်နည်း။ ထိုမှတစ်ပါး၊ ငါသည် ဤဆိုးညစ်သောဝိညာဉ်ကို ရင်မှ နှုတ်ပစ်၍ ဘုရားသခင်ဖြစ်ဖွားစေတော်မူလျက်၊ သူ၏ဝိညာဉ်တော်ကို လက်ခံရရှိနိုင်စေခြင်းငှာလည်းကောင်း၊ ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံနိုင်စေခြင်းငှာလည်းကောင်း၊ နောက်ဆုံးသောနေ့ ၌ စွန့်ပစ်တော်မူခြင်းကို မခံရနိုင်စေခြင်းငှာလည်းကောင်း အဘယ်အရာကို ပြုရမည်နည်း။ ရှုလော့၊ ငါသည် ဤကြီးစွာသော ဝမ်းမြောက်ခြင်းကို ရနိုင်ခြင်းငှာ ပိုင်ဆိုင်သမျှအရာအားလုံး၊ အမှန်စင်စစ်၊ ငါ၏နိုင်ငံကို စွန့်ပစ်မည်ဟု ဆို၏။
၁၆ သို့ရာတွင်၊ အာရုန်ဆိုလေသည်ကား၊ ကိုယ်တော်သည် ဤအရာကို အလိုရှိလျှင်၊ ဘုရားသခင်ရှေ့၌ ဦးညွှတ်ပျပ်ဝပ်မည်ဆိုလျှင်၊ ထိုမှတစ်ပါး၊ ကိုယ်တော်၏ ခပ်သိမ်းသောအပြစ်များမှ နောင်တရ၍ ဘုရားသခင်ရှေ့၌ ဦးညွှတ်ပျပ်ဝပ်ပြီး၊ ရရှိလိမ့်မည်ဟု ယုံကြည်လျက် သူ၏နာမတော်ကို ယုံကြည်ခြင်းဖြင့် ပဌနာပြုမည်ဆိုလျှင်၊ ထို့နောက်တွင် ကိုယ်တော်အလိုရှိသည့် မျှော်လင့်ခြင်းကို ရရှိပါလိမ့်မည်။
၁၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အာရုန်ကဤအရာတို့ကို ပြောပြီးလေလျှင်၊ မင်းကြီးသည် ကိုယ်တော်ရှင်ရှေ့၌ ဒူးထောက်၍ ဦးညွှတ်ပျပ်ဝပ်၏။ အမှန်စင်စစ်၊ သူ့ကိုယ်ကို မြေကြီးပေါ်မှာမှောက်၍၊ ကြီးစွာဟစ်ကြွေးလေသည်ကား၊
၁၈ အို ဘုရားသခင်၊ အာရုန်က ဘုရားသခင်ရှိတော်မူကြောင်းကို အကျွန်ုပ်အား ပြောပြလေပြီ။ ဘုရားသခင်ရှိတော်မူ၍၊ ကိုယ်တော်သည် ဘုရားသခင်ဖြစ်တော်မူလျှင်၊ အကျွန်ုပ်အား ကိုယ်တော်ကိုယ်တိုင် ဖော်ပြတော်မူပါ။ ထိုသို့ဆိုလျှင်၊ အကျွန်ုပ်သည်၊ သေခြင်းမှ ထမြောက်၍၊ နောက်ဆုံးသောနေ့၌ ကယ်တင်ခြင်းသို့ ရောက်နိုင်စေခြင်းငှာ၊ ကိုယ်တော်ကိုသိရန် အကျွန်ုပ်၏ခပ်သိမ်းသောအပြစ်တို့ကို စွန့်လွှတ်ပါမည်။ ယခုမူကား၊ မင်းကြီးသည် ဤစကားများကို ပြောပြီးလေလျှင်၊ ထိခိုက်ခံရ၍ သေသကဲ့သို့ ဖြစ်၏။
၁၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူ၏ကျွန်တို့သည် ပြေးသွားကြပြီး၊ မင်းကြီး၌ ဖြစ်ပျက်သမျှတို့ကို မိဖုရားအား ပြောပြ၏။ သူမသည်လည်း မင်းကြီးထံ ဝင်ရောက်၍၊ သူသေသကဲ့သို့ လဲ၍နေသည်ကိုလည်းကောင်း၊ ထို့အတူ၊ အာရုန်နှင့် သူ၏ညီအစ်ကိုတို့ကိုလည်း၊ သူလဲကျခြင်း၏ အကြောင်းရင်း ဖြစ်လေသကဲ့သို့ ရပ်လျက်ရှိကြသည်ကိုလည်းကောင်း မြင်လျှင်၊ သူတို့ကို အမျက်ထွက်၍ ဖမ်းဆီးပြီး ကွပ်မျက်ရမည့်အကြောင်း သူမ၏ကျွန်များ သို့မဟုတ် မင်းကြီး၏ကျွန်များကို အမိန့်ပေး၏။
၂၀ ယခုတွင်၊ ကျွန်တို့သည် မင်းကြီးလဲကျခြင်း၏ အကြောင်းရင်းကို သိမြင်ခဲ့ရလေ၏။ ထို့ကြောင့်၊ အာရုန်နှင့် သူ၏ညီအစ်ကိုတို့ကို မဖမ်းဆီးဝံ့ကြ၊ မိဖုရားကို တောင်းပန်ကြသည်ကား၊ သူတို့အထဲမှ တစ်ယောက်သောသူသည် အကျွန်ုပ်တို့အားလုံးထက် သာ၍အားကြီးသည်ကို သိမြင်လျက်နှင့်၊ ဤလူတို့ကို အကျွန်ုပ်တို့ ကွပ်မျက်ရမည့်အကြောင်း၊ အဘယ့်ကြောင့် သင်အမိန့်ပေးသနည်း။ ထို့ကြောင့် သူတို့ရှေ့၌ ကျွန်ုပ်တို့ကျရှုံးလိမ့်မည်ဟု ဆိုကြ၏။
၂၁ ယခုတွင်၊ မိဖုရားသည် ကျွန်တို့၏ကြောက်ရွံ့ခြင်းကိုမြင်လျှင်၊ သူမအပေါ်၌ မကောင်းသောအရာအချို့ ကျရောက်လာမည်ကို လွန်စွာကြောက်ရွံ့စပြု၏။ အာရုန်နှင့် သူ၏ညီအစ်ကိုတို့ကို ကွပ်မျက်နိုင်ခြင်းငှာ လူတို့ကို သွား၍ခေါ်ရမည့်အကြောင်း သူမ၏ကျွန်တို့ကိုလည်း အမိန့်ပေး၏။
၂၂ ယခုတွင်၊ အာရုန်သည် မိဖုရား၏သန္နိဌာန်ကို သိမြင်လျှင်၊ လူတို့စိတ်နှလုံး၏ မာကျောခြင်း ကိုလည်းသိ၍၊ လူအစုအဝေးတစ်ခု သူတို့ကိုယ်သူတို့ အတူတကွ စည်းဝေးလာမည်ကိုလည်းကောင်း၊ ကြီးစွာသောရန်တွေ့ခြင်းနှင့် သူတို့၌ နှောင့်ယှက်ခြင်းတို့ ဖြစ်လာမည်ကိုလည်းကောင်း စိုးရိမ်လေ၏။ ထို့ကြောင့်၊ သူသည် မိမိလက်ကို ထုတ်လျက်၊ မင်းကြီးကို မြေကြီးမှထစေ၍၊ ရပ်လော့ဟု ဆိုလျှင်၊ အင်အားရှိ၍ ခြေပေါ်တွင်ရပ်၏။
၂၃ ယခုတွင်၊ ဤအမှုကို မိဖုရားနှင့် များစွာသောကျွန်တို့၏ မျက်မှောက်၌ ပြုလေ၏။ သူတို့သည်လည်း ထိုအမှုကို မြင်လျှင်၊ ကြီးစွာအံ့ဩ၍ ကြောက်ရွံ့စပြု၏။ မင်းကြီးကလည်း ထွက်၍ရပ်ပြီး၊ သူတို့ကို သွန်သင်စပြု၏။ သူသွန်သင်သဖြင့်၊ သူ၏အိမ်သူအိမ်သားအားလုံး ကိုယ်တော်ရှင်ထံသို့ ပြောင်းလဲကြ၏။
၂၄ ယခုတွင်၊ မိဖုရား၏ မိန့်မှာချက်ကြောင့်၊ လူအစုအဝေးတစ်စု အတူတကွ စုဝေး၍၊ အာရုန်နှင့် သူ၏ညီအစ်ကိုတို့ကြောင့်၊ သူတို့၌ ကြီးစွာသော ညည်းညူအပြစ်တင်ခြင်းရှိစပြု၏။
၂၅ သို့ရာတွင်၊ မင်းကြီးသည် သူတို့၌ ထွက်၍ရပ်ပြီး အကူအညီပေး၏။ သူတို့သည်လည်း အာရုန်ကိုလည်းကောင်း၊ သူနှင့်အတူရှိကြသောသူတို့ကိုလည်းကောင်း စိတ်ပြေလေ၏။
၂၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မင်းကြီးသည် လူတို့စိတ်ပြေသည်ကို သိမြင်လျှင်၊ အာရုန်နှင့် သူ၏ညီအစ်ကိုတို့ကို လူအစုအဝေး၏အလယ်၌ ရပ်စေပြီး၊ နှုတ်ကပတ်တော်ကို ဟောပြောစေ၏။
၂၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မင်းကြီးသည် ထိုပြည်တစ်လျှောက်လုံး၊ ပင်လယ်အရှေ့အရပ်မှ ပင်လယ်အနောက်အရပ်သို့ ပင်လယ်ကမ်းနားနယ်နိမိတ်နှင့် ဇရဟင်မလပြည်၏ မြောက်အရပ်၌ရှိသော၊ တောရိုင်း၏နယ်နိမိတ်ပတ်ဝန်းကျင်၌လည်းကောင်း၊ မန်တိပြည်၏နယ်နိမိတ်တစ်လျှောက်၊ ဇိဒုန်မြစ်ဖျား၌ လည်းကောင်း တစ်ဆက်တည်းရှိသည့်၊ အရှေ့အရပ်မှ အနောက်အရပ်သို့ သွယ်တန်းလျက်ရှိသော ကျဉ်းမြောင်းရှည်လျားသည့် တောရိုင်းအားဖြင့် ဇရဟင်မလပြည်မှ ပိုင်းခြားထားသော အရှေ့အရပ်နှင့် အနောက်အရပ်တို့၌၊ ပင်လယ်အထိတိုင်အောင်ပင်၊ နယ်နိမိတ်ခြားလျက်ရှိသည့် ပတ်ဝန်းကျင်ဒေသခပ်သိမ်းတို့၌ ရှိလေသောသူများ၊ သူ၏ခပ်သိမ်းသောပြည်တို့၌ ရှိလေသူများဖြစ်သည့် သူ၏လူမျိုးခပ်သိမ်းတို့၌ ကြေညာချက်ကို ထုတ်ပြန်၏—ထိုကဲ့သို့အားဖြင့်၊ လာမန်အမျိုးသားတို့နှင့် နီဖိုင်းအမျိုးသားတို့ကို ပိုင်းခြားထားလေ၏။
၂၈ ယခုတွင်၊ လာမန်အမျိုးသားတို့မှ သာ၍ပျင်းရိသောသူအချို့တို့သည် တောရိုင်းထဲ၌ ရှိ၍၊ တဲများ၌ နေထိုင်ကြ၏။ သူတို့သည် နီဖိုင်းပြည်ထဲ၌ တောရိုင်းတစ်လျှောက် အနောက်အရပ်၊ ထိုမှတစ်ပါး၊ ဇရဟင်မလပြည်၏နောက်ဘက်တွင်၊ ပင်လယ်ကမ်းနားရှိ နယ်နိမိတ်တို့၌လည်းကောင်း၊ နီဖိုင်းပြည်၏အနောက်အရပ်၌၊ သူတို့ဘိုးဘေးတို့၏ ပထမဦးဆုံး အမွေခံရာအရပ်၌လည်းကောင်း ပျံနှံ့လေ၏။ ထိုကဲ့သို့အားဖြင့်၊ ပင်လယ်ကမ်းနားတစ်လျှောက် နယ်နိမိတ်ခြားလျက်ရှိ၏။
၂၉ ထို့အတူ၊ နီဖိုင်းအမျိုးသားတို့က နှင်ထုတ်ခဲ့လေရာအရပ်၊ ပင်လယ်ကမ်းနား၏အရှေ့အရပ်၌လည်း များစွာသော လာမန်အမျိုးသားတို့ရှိကြ၏။ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်းအမျိုးသားတို့သည် လာမန်အမျိုးသားတို့၏ ဝိုင်းရံထားခြင်းကို ခံရလုမတတ်ရှိလေ၏။ သို့သော်လည်း၊ နီဖိုင်းအမျိုးသားတို့သည် တောရိုင်းဘက် ပတ်ဝန်းကျင်တွင်၊ ဇိဒုန်မြစ်ဖျား၌၊ အရှေ့အရပ်မှ အနောက်အရပ်သို့ တောရိုင်းအနီး နယ်နိမိတ်ခြားလျက်ရှိသည့် မြောက်ပိုင်းအရပ်မှန်သမျှတို့ကို သိမ်းယူလေ၏။ သူတို့သည် မြောက်အရပ်၌၊ အလျှံပယ်ဟုခေါ်ရာအရပ်ထိပင် ရောက်လေ၏။
၃၀ ထိုအရပ်ကလည်း လူဆိတ်ညံရာအရပ်ဟု သူတို့ခေါ်လေသည့် ပြည်၌ နယ်နိမိတ်ခြား၏။ ထိုပြည်မှာ၊ မြောက်ဘက်ဆီသို့ အလွန်ဝေးကွာလှသောကြောင့်၊ ဇရဟင်မလလူမျိုးတို့ ရှာဖွေတွေ့ရှိခဲ့သည့် သူတို့၏ပထမဦးဆုံး ဆိုက်ရောက်ရာအရပ်ဖြစ်၍ ငါတို့ပြောလေသည့် အရိုးများ၏ပိုင်ရှင် လူတို့နေထိုင်ခဲ့ပြီး၊ ဖျက်ဆီးခံရသောပြည်ထဲသို့ ထိုးထွက်၏။
၃၁ သူတို့သည်လည်း ထိုအရပ်မှနေ၍၊ တောင်အရပ်တောရိုင်းထဲသို့ တက်လာကြ၏။ ထိုကဲ့သို့အားဖြင့်၊ မြောက်ဘက်လားရာအရပ်၌ရှိသောပြည်ကို လူဆိတ်ညံရာအရပ်ဟု ခေါ်ပြီး၊ တောင်ဘက်လားရာအရပ်၌ရှိသောပြည်သည်ကား၊ အမျိုးမျိုးသောတောတိရစ္ဆာန်များနှင့်ပြည့်သဖြင့် အလျှံပယ်ဟု ခေါ်ကြ၏။ ထိုဒေသ၏ အစိတ်အပိုင်းတစ်ခုသည်ကား၊ စားစရာရှာခြင်းအတွက် မြောက်ဘက်လားရာအရပ်မှ ရွေ့လျောလာလေပြီ။
၃၂ ယခုမူကား၊ နီဖိုင်းအမျိုးသားတစ်ဦးအဖို့ အရှေ့မှ အနောက်ပင်လယ်သို့ အလျှံပယ်အရပ်နှင့် လူဆိတ်ညံရာအရပ်တို့ကြား လမ်းတစ်လျှောက်တွင် တစ်ရက်နှင့် နေ့တစ်ဝက်ကြာအောင် ခရီးသွားရ၏။ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်းပြည်နှင့် ဇရဟင်မလပြည်တို့သည် မြောက်ဘက်လားရာအရပ်နှင့် တောင်ဘက်လားရာအရပ်နှစ်ခုကြားတွင် ရှည်လျားကျဉ်းမြောင်းသော ကုန်းမြေရှိလျက် ရေပတ်လည်ဝိုင်းလုမတတ်ရှိ၏။
၃၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နီဖိုင်းအမျိုးသားတို့သည် အရှေ့မှ အနောက်ပင်လယ်အထိပင် အလျှံပယ်ပြည်၌ နေထိုင်လေ၏။ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်းအမျိုးသားတို့သည် လာမန်အမျိုးသားတို့အား မြောက်ဘက်လားရာအရပ်ကို နေရာအနှံ့မဝင်ရောက်နိုင်စေခြင်းငှာ၊ မြောက်အရပ်၌ ပိုင်ဆိုင်ခြင်း မရှိရတော့စေခြင်းငှာ မိမိတို့ဉာဏ်ပညာဖြင့်၊ မိမိတို့၏ အစောင့်များ၊ တပ်များနှင့် တောင်အရပ်၌ ညှပ်၍ပိတ်ထားလေ၏။
၃၄ ထို့ကြောင့်၊ လာမန်အမျိုးသားတို့သည် နီဖိုင်းပြည်နှင့် ပတ်ဝန်းကျင်ရှိ တောရိုင်းမှတစ်ပါး၊ ပိုင်ဆိုင်ရာ မရှိနိုင်တော့ချေ။ ယခုတွင်၊ နီဖိုင်းအမျိုးသားတို့အဖို့၊ ဤသို့ပြုသည်မှာ ဉာဏ်ပညာရှိရာရောက်လေ၏—လာမန်အမျိုးသားတို့မှာ သူတို့၏ရန်သူဖြစ်လေရာ၊ အဘက်ဘက်မှ ဒုက္ခပေးခြင်းများကို သူတို့အခွင့်ပေးမည်မဟုတ်ပေ။ သူတို့အလိုဆန္ဒအတိုင်း ထွက်ပြေးရာတိုင်းပြည်တစ်ခု ရှိနိုင်စေခြင်းငှာလည်း ဖြစ်၏။
၃၅ ယခုတွင်၊ ငါသည် ဤအမှုကို ပြောလေပြီးနောက်၊ အမ္မုန်၊ အာရုန်၊ ဩမနာ၊ ဟိမနိနှင့် သူတို့၏ညီအစ်ကိုတို့အကြောင်း မှတ်တမ်းကို တစ်ဖန်ဆက်ပေအံ့။