အခန်းကြီး ၄၃
အယ်လမာနှင့် သူ၏သားများသည် နှုတ်ကပတ်တော်ကို ဟောပြောကြ၏—ဇော်ရမ်အမျိုးသားများနှင့် အခြားသော နီဖိုင်းအမျိုးသားသဘောကွဲလွဲသူများသည် လာမန်အမျိုးသားများ ဖြစ်လာကြ၏—လာမန်အမျိုးသားတို့သည် နီဖိုင်းအမျိုးသားတို့ကို လာ၍စစ်တိုက်ကြ၏—မော်ရော်နိုင်းသည် နီဖိုင်းအမျိုးသားတို့ကို ခုခံကာကွယ်သောချပ်ဝတ်တန်ဆာတို့ဖြင့် ပံ့ပိုး၏—ကိုယ်တော်ရှင်သည် အယ်လမာအား လာမန်အမျိုးသားတို့၏စစ်ဆင်ခြင်းမဟာဗျူဟာကို ဖော်ပြ၏—နီဖိုင်းအမျိုးသားတို့သည် သူတို့၏ နေအိမ်၊ လွတ်လပ်မှု၊ မိသားစုနှင့်ဘာသာတရားကို ကာကွယ်ကြ၏—မော်ရော်နိုင်းနှင့် လေဟိ၏တပ်များသည် လာမန်အမျိုးသားတို့ကို ဝိုင်းထားကြ၏။ ဘီစီ ၇၄ ခန့်။
၁ ယခုမူကား၊ အချိန်တန်လာသောအခါ၊ အယ်လမာ၏သားတို့သည် လူတို့၌ နှုတ်ကပတ်တော်ကို ဟောကြားခြင်းငှာ ထွက်သွားကြ၏။ အယ်လမာသည် သူကိုယ်တိုင်လည်း အနားမယူနိုင်ဘဲ ထွက်သွား၏။
၂ ယခုတွင်၊ နှုတ်ကပတ်တော်နှင့် သမ္မာတရားကို ပရောဖက်ပြုဟောသောဝိညာဉ်နှင့် ဗျာဒိတ်တော်ဝိညာဉ်တို့အတိုင်း သူတို့ဟောပြောကြောင်းမှတစ်ပါး၊ သူတို့၏ဟောပြောခြင်းအကြောင်းကို ငါတို့ မပြောတော့။ သူတို့သည်လည်း ခေါ်သွင်းတော်မူခြင်းကို သူတို့ခံရကြသည့် ဘုရားသခင်၏သန့်ရှင်းသောအသင်းအတိုင်း ဟောပြောကြ၏။
၃ ယခုမူကား၊ ငါသည် တရားသူကြီးများအုပ်စိုးခြင်းတစ်ဆယ်ရှစ်နှစ်မြောက်တွင်ဖြစ်ခဲ့သည့် နီဖိုင်းအမျိုးသားတို့နှင့် လာမန်အမျိုးသားတို့အကြားရှိ စစ်တိုက်ခြင်းများအကြောင်းမှတ်တမ်းကို ပြန်စမည်။
၄ အကြောင်းမူကား၊ ရှုလော့၊ အချိန်တန်လာသောအခါ၊ ဇော်ရမ်အမျိုးသားတို့သည် လာမန်အမျိုးသားများ ဖြစ်လာကြ၏။ ထို့ကြောင့်၊ တစ်ဆယ်ရှစ်နှစ်မြောက်စတင်သောအချိန်၌ နီဖိုင်းလူမျိုးတို့သည် သူတို့ကို လာမန်အမျိုးသားတို့ တိုက်ခိုက်ရန်လာကြသည်ကို မြင်ကြ၏။ ထိုကြောင့်၊ စစ်တိုက်ခြင်းအတွက် ပြင်ဆင်ခြင်းများကို ပြုလုပ်ခဲ့ကြ၏။ အထူးသဖြင့်၊ ယေရှုန်ပြည်၌ သူတို့တပ်များကို အတူတကွ စုဝေးခဲ့ကြ၏။
၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လာမန်အမျိုးသားတို့သည် ထောင်ပေါင်းများစွာဖြင့် လာခဲ့ကြ၏။ ဇော်ရမ်အမျိုးသားတို့၏ပြည်ဖြစ်သည့် အန္တိယောနုံပြည်ထဲသို့လည်း လာခဲ့ကြ၏။ ဇေရဟင်မနအမည်ရှိသောလူမှာ သူတို့၏အကြီးအကဲဖြစ်၏။
၆ ယခုမူကား၊ အာမလက်လူတို့သည် သူတို့ကိုယ်တိုင်အားဖြင့်၊ လာမန်အမျိုးသားများထက်ပို၍ ဆိုးညစ်ကြ၏၊ လူ့အသက်ကို သတ်လိုသောစိတ်ညွတ်သောသူများဖြစ်၏။ ထို့ကြောင့်၊ ဇေရဟင်မနသည် လာမန်အမျိုးသားတို့အပေါ်၌ ဗိုလ်ချုပ်မင်းတို့ကို ခန့်အပ်ထားလျက်၊ ထိုသူတို့အားလုံးသည်၊ အာမလက်လူများနှင့် ဇော်ရမ်အမျိုးသားများဖြစ်ကြ၏။
၇ ယခုတွင်၊ ဤသို့သူပြုခဲ့သည်မှာ၊ နီဖိုင်းအမျိုးသားတို့အပေါ်၌ သူတို့၏အမုန်တရားကို ဆက်၍တည်ရှိနိုင်စေလျက်၊ သူ၏အကြံအစည်ပြီးမြောက်ခြင်းအောက်သို့ ဆောင်ယူနိုင်စေကြောင်းပေတည်း။
၈ အကြောင်းမူကား၊ ရှုလော့၊ သူ၏အကြံအစည်များမှာ၊ လာမန်အမျိုးသားတို့ကို နီဖိုင်းအမျိုးသားများအား ဆန့်ကျင်၍ အမျက်ထွက်စေခြင်းငှာ၊ နှိုးဆော်ရန်ဖြစ်၏။ ဤသို့သူပြုခဲ့သည်မှာ၊ သူတို့အပေါ်၌ ကြီးစွာသောတန်ခိုးကို အနိုင်အထက်ရယူခြင်းငှာဖြစ်၏။ နီဖိုင်းအမျိုးသားတို့ကို ကျွန်ပြုခြင်းသို့ ဆောင်ယူခြင်းအားဖြင့် အစိုးရနိုင်ခြင်းငှာလည်းဖြစ်၏။
၉ ယခုမူကား၊ နီဖိုင်းအမျိုးသားတို့၏အကြံအစည်မှာ၊ သူတို့၏မြေများ၊ သူတို့၏အိမ်များ၊ သူတို့၏ဇနီးများနှင့် သူတို့၏သားသမီးများကို ထောက်မနိုင်ခြင်းငှာဖြစ်၏၊ ထိုအရာတို့ကို သူတို့ရန်သူများ၏လက်မှ ကာကွယ်စောင့်မနိုင်စေကြောင်း၊ ဘုရားသခင်ကို သူတို့အလိုဆန္ဒအတိုင်း ကိုးကွယ် နိုင်စေကြောင်း အခွင့်အရေးများနှင့် အထူးအခွင့်အရေးများ၊ ထိုမှတစ်ပါး၊ သူတို့၏လွတ်လပ်ခြင်းကိုလည်း ကာကွယ်စောင့်မနိုင်စေကြောင်းတို့ပင်တည်း။
၁၀ အကြောင်းမူကား၊ သူတို့သည် လာမန်အမျိုးသားတို့၏လက်ထဲသို့ ကျရောက်ရလျှင်၊ မှန်ကန်ပြီး အသက်ရှင်တော်မူသည့်ဘုရားသခင်ကို၊ စိတ်ဝိညာဉ်ဖြင့်လည်းကောင်း သမ္မာတရားဖြင့်လည်းကောင်း ဘုရားသခင်ကို ကိုးကွယ်မည့်သူ အဘယ်သူကိုမဆို လာမန်အမျိုးသားတို့ ဖျက်ဆီးလိမ့်မည်ဖြစ်ကြောင်း သိကြ၏။
၁၁ ထိုမှတစ်ပါး၊ အန္တိနီဖိုင်းလေဟိလူမျိုးများဖြစ်သည့်၊ အမ္မုန်လူမျိုးများဟုခေါ်သည့် သူတို့၏ညီအစ်ကိုတို့ဆီသို့ရှိသော လာမန်အမျိုးသားတို့၏ လွန်ကဲသောအမုန်းတရားကိုလည်း သိ၏—သူတို့သည် လက်နက်မစွဲကိုင်လိုကြ၊ အကြောင်းမူကား၊ ပဋိညာဉ်ပြုခဲ့ကြ၏၊ မချိုးဖောက်လိုကြ—ထို့ကြောင့်၊ သူတို့သည် လာမန်အမျိုးသားတို့၏လက်ထဲသို့ ကျရောက်ရလျှင်၊ ဖျက်ဆီးခံရကြလိမ့်မည်။
၁၂ နီဖိုင်းအမျိုးသားတို့ကလည်း ထိုသူတို့ဖျက်ဆီးခံရရန် အခွင့်မပေးလို။ ထို့ကြောင့်၊ သူတို့၏အမွေခံရာအဖြစ် မြေကို ပေးကြ၏။
၁၃ အမ္မုန်လူမျိုးတို့ကလည်း သူတို့ဥစ္စာများမှ များသောအစုကို နီဖိုင်းအမျိုးသားတို့အား တပ်များကို ထောက်မခြင်းငှာ၊ ပေးကြ၏။ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်းအမျိုးသားတစ်မျိုးတည်းဖြင့်၊ လာမန်နှင့် လေမွေလတို့၏အမျိုးအနွယ်များ၊ ထို့အတူ ဣရှမေလ၏သားများ၊ နီဖိုင်းအမျိုးသားတို့ထံမှ ခွဲထွက်ခဲ့သည့် အာမလက်လူခပ်သိမ်းနှင့် ဇော်ရမ်အမျိုးသားများ၊ နောဧ၏ယဇ်ပုရောဟိတ်တို့၏ အမျိုးအနွယ်များနှင့်ပေါင်းစပ်ထားသည့် လာမန်အမျိုးသားတို့ကို ဆန့်ကျင်ခုခံရန် အနိုင်အထက်စီရင် ခံရ၏။
၁၄ ယခုတွင်၊ ထိုအမျိုးအနွယ်တို့သည် နီဖိုင်းအမျိုးသားတို့တမျှ များပြားလေ၏။ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်းအမျိုးသားတို့သည် အသွေးသွန်းလောင်းသည့်တိုင်အောင်ပင် သူတို့ညီအစ်ကိုများနှင့် တိုက်ခိုက်စေရန် အနိုင်ပြုခံရ၏။
၁၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လာမန်အမျိုးသားတို့တပ်များသည် အန္တိယောနုံပြည်၌ အတူတကွစုဝေးလေသဖြင့်၊ ရှုလော့၊ နီဖိုင်းအမျိုးသားတို့၏တပ်များသည်လည်း ယေရှုန်ပြည်ထဲ၌ သူတို့နှင့်တိုက်ရန် ပြင်ဆင်ကြ၏။
၁၆ ယခုတွင်၊ နီဖိုင်းအမျိုးသားတို့၏ခေါင်းဆောင်၊ သို့မဟုတ် နီဖိုင်းအမျိုးသားတို့အပေါ်၌ ဗိုလ်ချုပ်မင်းအဖြစ် ခန့်အပ်ခံထားရသောသူ—ယခုတွင်၊ ထိုဗိုလ်ချုပ်မင်းသည် နီဖိုင်းအမျိုးသားတို့၏တပ်ခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်၏—သူ၏အမည်မှာ မော်ရော်နိုင်းဖြစ်၏။
၁၇ မော်ရော်နိုင်းသည်လည်း သူတို့၏စစ်တိုက်ခြင်းအဏာစက်ကို အလုံးစုံကွပ်ကဲအုပ်ချုပ်၏။ သူသည် နီဖိုင်းအမျိုးသားတို့၏တပ်များအပေါ် ဗိုလ်ချုပ်မင်းအဖြစ် ခန့်အပ်ခံရစဉ်က အသက်နှစ်ဆယ်ငါးနှစ်မျှသာ ရှိသေး၏။
၁၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် လာမန်အမျိုးသားတို့ကို ယေရှုန်၏နယ်နိမိတ်၌ တိုက်ခိုက်၍၊ သူ၏လူတို့သည်လည်း ဓားများဖြင့်၊ ဓားကောက်များနှင့် အမျိုးမျိုးသောစစ်တိုက်ရာလက်နက်များဖြင့် စွဲကိုင်ကြ၏။
၁၉ လာမန်အမျိုးသားတို့၏တပ်များသည်လည်း နီဖိုင်းလူမျိုးတို့ကိုမြင်ကြလျှင်၊ သို့မဟုတ်၊ မော်ရော်နိုင်းက သူ၏လူမျိုးတို့ကို ရင်အုပ်တန်ဆာများဖြင့်လည်းကောင်း၊ လက်မောင်းဒိုင်းများဖြင့်လည်းကောင်း၊ ထိုမှတစ်ပါး၊ သူတို့၏ဦးခေါင်းကို ကာကွယ်ရန် ဒိုင်းများဖြင့်လည်းကောင်း၊ ထို့အတူ ထူသောအဝတ်များဖြင့် ဝတ်ဆင်ထား၍လည်းကောင်း ပြင်ဆင်ခဲ့လေသည်ကို မြင်ကြလျှင်—
၂၀ ယခုတွင်၊ ဇေရဟင်မန၏တပ်သည် ထိုကဲ့သို့သောအရာတစ်စုံတစ်ခုဖြင့် ပြင်ဆင်မထား။ သူတို့၏ဓားများနှင့် သူတို့၏ဓားကောက်များ၊ သူတို့၏လေးများနှင့် သူတို့၏မြားများ၊ သူတို့၏ကျောက်ခဲများနှင့် သူတို့၏လောက်လွှဲများသာရှိလေ၏။ သူတို့ခါး၌စည်းထားသည့် သားရေမှတစ်ပါး၊ အဝတ်လည်းမရှိ။ ထိုမှတစ်ပါး၊ ဇော်ရမ်အမျိုးသားတို့နှင့် အာမလက်လူတို့မှတစ်ပါး၊ ခပ်သိမ်းသောသူတို့သည် အဝတ်မရှိ။
၂၁ သို့ရာတွင်၊ သူတို့သည် ရင်အုပ်တန်ဆာများဖြင့်သော်လည်းကောင်း၊ ဒိုင်းများဖြင့်သော်လည်းကောင်း စွဲကိုင်မထားလေရကား—ထို့ကြောင့်၊ သူတို့အရေအတွက်မှာ နီဖိုင်းအမျိုးသားတို့ထက် အလွန်များပြားသော်ငြားလည်း၊ နီဖိုင်းအမျိုးသားတပ်များကို သူတို့၏ချပ်ဝတ်တန်ဆာများကြောင့်၊ လွန်စွာကြောက်လန့်ကြ၏။
၂၂ ရှုလော့၊ ယခုတွင်၊ အချိန်တန်လာသောအခါ၊ သူတို့သည် ယေရှုန်၏နယ်နိမိတ်၌ နီဖိုင်းအမျိုးသားတို့ကိုဆန့်ကျင်၍ မတိုက်ခိုက်ဝံ့ကြ။ ထိုကြောင့်၊ အန္တိယောနုံပြည်မှနေ၍ တောရိုင်းထဲသို့ ထွက်ခွာလျက်၊ မန်တိပြည်ထဲသို့ဝင်၍ ထိုပြည်ကိုသိမ်းယူနိုင်ခြင်းငှာ၊ တောရိုင်းတစ်ဝိုက်၊ ဇိဒုန်မြစ်ဖျားနှင့်ဝေးရာတွင် ခရီးသွားကြ၏။ အကြောင်းမူကား၊ သူတို့သည် မိမိတို့အဘယ်အရပ်သို့ သွားလေသည်ကို မော်ရော်နိုင်း၏တပ်များသိလိမ့်မည်ဟု မထင်မှတ်ကြ။
၂၃ သို့ရာတွင်၊ အချိန်တန်လာသောအခါ၊ တောရိုင်းထဲသို့ သူတို့ထွက်ခွာသွားလျှင်သွားခြင်း၊ မော်ရော်နိုင်းသည် သူတို့၏ရိက္ခာတပ်ကို စောင့်ကြည့်စေခြင်းငှာသူလျှိုများကို စေလွှတ်၏။ မော်ရော်နိုင်းသည် အယ်လမာ၏ ပရောဖက်ပြုဟောချက်များကိုလည်း သိ၍၊ သူ့ထံသို့ လူအချို့ကိုလွှတ်ပြီးလျှင်၊ နီဖိုင်းအမျိုးသားတို့၏တပ်များမှာ လာမန်အမျိုးသားတို့တစ်ဖက်၌ မိမိတို့ကိုယ်ကို ကာကွယ်ခြင်းငှာ အဘယ်အရပ်သို့ သွားရမည်ကို၊ ကိုယ်တော်ရှင်ထံ မေးလျှောက်ပါမည့်အကြောင်း တောင်းဆိုစေ၏။
၂၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိုယ်တော်ရှင်၏စကားသည် အယ်လမာထံသို့ ရောက်လာ၍၊ အယ်လမာသည် မော်ရော်နိုင်း၏တမန်တို့အား၊ လာမန်အမျိုးသားတို့၏တပ်များ မန်တိပြည်ထဲသို့ ဝင်ရောက်နိုင်ခြင်းငှာလည်းကောင်း၊ လူတို့၏ ပို၍အားနည်းသောအပိုင်းကို တိုက်ခိုက်ခြင်းစတင်နိုင်ခြင်းငှာလည်းကောင်း တောရိုင်းတစ်ဝိုက်၌ ချီတက်လာလျက်ရှိကြောင်းကို ပြောပြ၏။ ထိုတမန်တို့ကလည်း သွား၍၊ မော်ရော်နိုင်းအား သတင်းစကားကို ပြောကြ၏။
၂၅ ယခုတွင်၊ မော်ရော်နိုင်းသည် လာမန်အမျိုးသားတစ်ချို့က အဘယ်နည်းဖြင့်ဖြစ်စေ ထိုပြည်ထဲသို့ ဝင်ရောက်၍၊ မြို့ကိုသိမ်းယူမသွားစေခြင်းငှာ၊ မိမိတပ်အချို့ကို ယေရှုန်ပြည်၌ ချန်ထားခဲ့ပြီးမှ၊ သူ့တပ်၏ကျန်ကြွင်းသောအစုကို ခေါ်ယူ၍၊ မန်တိပြည်ထဲသို့ ချီတက်၏။
၂၆ သူသည် ပြည်၏ ထိုအရပ်မှ လူတို့ကိုလည်း လာမန်အမျိုးသားတို့ကို ဆန့်ကျင်၍စစ်တိုက်ကြခြင်းငှာလည်းကောင်း၊ သူတို့မြေနှင့် သူတို့တိုင်းပြည်၊ သူတို့အခွင့်အရေးများနှင့် သူတို့၏လွတ်လပ်မှုကို ကာကွယ်ခြင်းငှာလည်းကောင်း သူတို့ကိုယ်သူတို့ အတူတကွ စုဝေးစေ၏။ ထို့ကြောင့်၊ သူတို့သည် လာမန်အမျိုးသားတို့ လာကြမည့်အချိန်ကာလအတွက် ပြင်ဆင်ကြ၏။
၂၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မော်ရော်နိုင်းသည် သူ၏တပ်ကို ဇိဒုန်မြစ်ကမ်း အနီး၌ရှိသည့်၊ တောရိုင်းထဲ၌ ဇိဒုန်မြစ်၏အနောက်ဘက်တွင်ရှိသည့် ချိုင့်ဝှမ်းတွင် ပုန်းကွယ်စေ၏။
၂၈ ထို့အတူ၊ မော်ရော်နိုင်းသည် လာမန်အမျိုးသားတို့၏ရိက္ခာတပ် လာမည့်အချိန်ကို သိနိုင်ခြင်းငှာ၊ ပတ်ဝန်းကျင်၌ သူလျှိုများချထား၏။
၂၉ ယခုမူကား၊ မော်ရော်နိုင်းသည် လာမန်အမျိုးသားတို့၏ ကြံရွယ်ချက်၊ သူတို့ညီအစ်ကိုများကိုဖျက်ဆီးရန်၊ သို့မဟုတ်၊ ထိုပြည်ပေါ်၌ သူတို့ကိုယ်တိုင်အတွက် နိုင်ငံကို တည်ထောင်နိုင်ခြင်းငှာ၊ သူတို့ကို အုပ်စိုး၍၊ ကျွန်ပြုခြင်းသို့ ဆောင်ယူရန်ဟူသော ကြံရွယ်ချက်ကို သိသဖြင့်၊
၃၀ ထို့အတူ သူသည် နီဖိုင်းအမျိုးသားတို့၏ အလိုဆန္ဒမှာ သူတို့ပြည်၊ သူတို့လွတ်လပ်ခြင်းနှင့် သူတို့အသင်းတော်ကို ကာကွယ်စောင့်မလိုခြင်းသာလျှင်ဖြစ်ကြောင်းကိုလည်း သိ၏။ ထို့ကြောင့်၊ ၎င်းတို့ကို ကာကွယ်ရခြင်းမှာ အပြစ်မရှိဟု တွေးမိ၏။ ထို့ကြောင့်၊ သူ၏သူလျှိုတို့အားဖြင့်၊ လာမန်အမျိုးသားတို့သွားမည့်လမ်းကို ရှာဖွေ၏။
၃၁ ထို့ကြောင့်၊ သူ၏တပ်ကို ပိုင်းခြား၍၊ အချို့ကို ချိုင့်ဝှမ်းထဲသို့ ဆောင်ယူလျက် အရှေ့ဘက်နှင့် ရိဖလာတောင်ကုန်း၏ တောင်အရပ်၌ ဖုံးကွယ်ထား၏။
၃၂ ကျန်ကြွင်းသောသူတို့ကိုလည်း အနောက်အရပ်ချိုင့်ဝှမ်း၊ ဇိဒုန်မြစ်၏အနောက်အရပ်နှင့် မန်တိပြည်၏နယ်နိမိတ်ထဲသို့အထိ ဖုံးကွယ်ထား၏။
၃၃ ထိုကဲ့သို့ သူ၏တပ်များကို သူ့အလိုဆန္ဒအတိုင်း နေရာချပြီးမှ သူတို့နှင့် တိုက်ခိုက်ရန် ပြင်ဆင်၏။
၃၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လာမန်အမျိုးသားတို့သည် မော်ရော်နိုင်း၏တပ်အချို့ ကိုဖုံးကွယ်ထားရာတောင်ကုန်း၏ မြောက်အရပ်သို့ တက်လာကြ၏။
၃၅ လာမန်အမျိုးသားတို့ ရိဖလာတောင်ကုန်းကို ဖြတ်ကျော်၍၊ ချိုင့်ဝှမ်းထဲသို့ဝင်ပြီးလျှင်၊ ဇိဒုန်မြစ်ကို ဖြတ်ကူးစပြုသောအခါ၊ တောင်ကုန်း၏တောင်အရပ်၌ ဖုံးကွယ်ထားသည့် တပ်ကို လေဟိဟုအမည်ရှိသောသူအားဖြင့် ဦးဆောင်၏။ သူသည်လည်း မိမိတပ်ကို ဦးဆောင်၍၊ လာမန်အမျိုးသားတို့ကို၊ အရှေ့အရပ်တွင် သူတို့၏နောက်ပိုင်း၌ ဝိုင်းပတ်ထား၏။
၃၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လာမန်အမျိုးသားတို့သည် သူတို့၏နောက်ပိုင်း၌ နီဖိုင်းအမျိုးသားတို့ လာ၍တိုက်ခိုက်လျက်ရှိသည်ကို မြင်လျှင်၊ သူတို့ကိုယ်ကို ပြန်လှည့်၍ လေဟိ၏တပ်နှင့် တိုက်ခိုက်စပြု၏။
၃၇ နှစ်ဖက်စလုံး၌လည်း အသေသတ်ခြင်းအမှုကို စတင်ကြ၏။ သို့ရာတွင်၊ လာမန်အမျိုးသားတို့ဘက်၌ ပို၍ကြောက်မက်ဖွယ်ဖြစ်လေ၏။ အကြောင်းမူကား၊ သူတို့၏အဝတ်မရှိခြင်းက နီဖိုင်းအမျိုးသားတို့၏ ဓားများ၊ ဓားကောက်များဖြင့် ဓားချက်တိုင်းလိုလို၌ သေခြင်းကို ရောက်စေသည့် ပြင်းထန်သောတိုက်ခိုက်ခြင်းသို့ ဖွင့်လှစ်ထားလေ၏။
၃၈ အခြားတစ်ဖက်တွင်မူကား၊ နီဖိုင်းအမျိုးသားတို့သည် ကိုယ်ခန္ဓာရှိအသက်ရှင်ရန် သာ၍အရေးကြီးသောအပိုင်းတို့ကို ကာကွယ်ထား၍၊ သို့မဟုတ်၊ ကိုယ်ခန္ဓာရှိ အသက်ရှင်ရန် သာ၍အရေးကြီးသောအပိုင်းတို့ကို လာမန်အမျိုးသားတို့၏ဓားချက်များမှ၊ သူတို့ရင်အုပ်တန်ဆာများဖြင့်လည်းကောင်း၊ သူတို့လက်မောင်းဒိုင်းများဖြင့်လည်းကောင်း၊ သူတို့ဦးခေါင်းတန်ဆာများဖြင့်လည်းကောင်း ကာကွယ်ထားသောကြောင့်၊ သူတို့၏ဓားများအားဖြင့် သွေးလွန်၍၊ တစ်ခါတစ်ရံ၌သာ ကျရှုံးသူရှိ၏။ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်းအမျိုးသားတို့သည် လာမန်အမျိုးသားတို့၌ အသေသတ်ခြင်းအမှုကို ဆက်၍ ပြုကြ၏။
၃၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လာမန်အမျိုးသားတို့သည် သူတို့၌ ကြီးစွာသောပျက်စီးခြင်းကြောင့်၊ ဇိဒုန်မြစ်ဆီသို့ ထွက်ပြေးစပြုသည်တိုင်အောင်ပင် ကြောက်လန့်လာကြ၏။
၄၀ သူတို့သည် လေဟိနှင့် သူ၏လူများတို့အားဖြင့် အလိုက်ခံရ၏။ လေဟိအားဖြင့် ဇိဒုန်မြစ်ရေထဲသို့ မောင်းချသည်ကိုလည်း ခံရလျက်၊ ဇိဒုန်မြစ်ရေကို ဖြတ်ကူးကြ၏။ လေဟိသည်လည်း မိမိတပ်များကို မဖြတ်ကူးစေခြင်းငှာ ဇိဒုန်မြစ်ကမ်းပေါ်၌ ထိန်းသိမ်းထား၏။
၄၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဇိဒုန်မြစ်၏အခြားတစ်ဖက်ကမ်းပေါ်၌ မော်ရော်နိုင်းနှင့်သူ၏တပ်များသည် လာမန်အမျိုးသားတို့ကို ချိုင့်ဝှမ်းထဲ၌ ရင်ဆိုင်၊ တိုက်ခိုက်၍ ကွပ်မျက်စပြုကြ၏။
၄၂ လာမန်အမျိုးသားတို့သည်လည်း သူတို့ရှေ့မှနေ၍ မန်တိပြည်ဆီသို့ တစ်ဖန်ထွက်ပြေးလျက် မော်ရော်နိုင်း၏တပ်များနှင့် တစ်ဖန်ရင်ဆိုင်ရပြန်၏။
၄၃ ယခုတွင်၊ ဤအခြေအနေ၌၊ လာမန်အမျိုးသားတို့သည် ပြင်းထန်စွာတိုက်ခိုက်ကြ၏။ အထူးသဖြင့်၊ လာမန်အမျိုးသားတို့ကို အဘယ်သောအခါကမျှ၊ ထိုကဲ့သို့ အလွန်ကြီးစွာသောခွန်အားနှင့် ရဲရင့်ခြင်းတို့ဖြင့်တိုက်ခိုက်သည်ကို မတွေ့ရစဖူး၊ မတွေ့ရ၊ ရှေးဦးစွာကတည်းကပင် မတွေ့ရ။
၄၄ သူတို့ဗိုလ်ချုပ်မင်းများနှင့် အကြီးအကဲများဖြစ်သူ၊ ဇော်ရမ်အမျိုးသားများနှင့် အာမလက်လူတို့အားဖြင့်လည်းကောင်း၊ သူတို့ဗိုလ်ချုပ်မင်း သို့မဟုတ်၊ သူတို့အကြီးအကဲမင်းနှင့် တပ်မှူးဖြစ်သူ ဇေရဟင်မနအားဖြင့်လည်းကောင်း၊ လမ်းပြလှုံ့ဆော်ခံရ၍၊ အမှန်စင်စစ်၊ သူတို့သည် နဂါးများကဲ့သို့တိုက်ခိုက်သဖြင့် များစွာသောနီဖိုင်းအမျိုးသားတို့သည် သူတို့လက်ဖြင့် ကွပ်မျက်ခံရ၏။ အကြောင်းမူကား၊ သူတို့၏ဦးခေါင်းတန်ဆာများစွာတို့ကို နှစ်ခြမ်းခွဲ၏။ သူတို့ရင်အုပ်တန်ဆာများကိုလည်း ထိုးဖောက်ကြ၏။ သူတို့လက်များကိုလည်း ခုတ်ဖြတ်ကြ၏။ ထိုကဲ့သို့အားဖြင့်၊ လာမန်အမျိုးသားတို့သည် ပြင်းစွာသောအမျက်ဖြင့် တိုက်ခိုက်ကြ၏။
၄၅ သို့သော်လည်း၊ နီဖိုင်းအမျိုးသားတို့သည်ကား၊ ပို၍ကောင်းမြတ်သောအကြောင်းအားဖြင့် လမ်းပြလှုံ့ဆော်ခံရ၏။ အကြောင်းမူကား၊ သူတို့သည် ဘုရင်စနစ်အတွက် တိုက်ခိုက်မနေကြ၊ အာဏာအတွက်လည်းမဟုတ်၊ သူတို့နေအိမ်နှင့် သူတို့လွတ်လပ်မှု၊ သူတို့ဇနီးများနှင့် သူတို့သားသမီးများ၊ ထို့အတူ၊ သူတို့၏အလုံးစုံသောအရာများ၊ အထူးသဖြင့်၊ သူတို့ကိုးကွယ်ရာထုံးစံများနှင့် သူတို့အသင်းတော်အတွက်သာ တိုက်ခိုက်နေကြ၏။
၄၆ ထို့အတူ၊ သူတို့သည် မိမိတို့၏ဘုရားသခင်ထံသို့ ဆပ်ရမည့်တာဝန်ဖြစ်လေသည်ဟု တွေးမိသည့်အရာကို ပြုလျက်ရှိ၏။ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် သူတို့ကို၊ ထို့အတူ၊ သူတို့၏ဘိုးဘေးတို့ကိုလည်း မိန့်တော်မူလေသည်မှာ၊ သင်တို့သည် ပထမတိုက်ခိုက်ခြင်းအတွက်သော်လည်းကောင်း၊ ဒုတိယတိုက်ခိုက်ခြင်းအတွက်သော်လည်းကောင်း၊ အပြစ်ရောက်ရန် မရှိလေသမျှ၊ သင်တို့ကိုယ်သင်တို့ သင်တို့ရန်သူများ၏လက်ဖြင့် ကွပ်မျက်ခံရရန် အခွင့်မပေးရ။
၄၇ ထိုမှတစ်ဖန်၊ ကိုယ်တော်ရှင်မိန့်တော်မူလေသည်ကား၊ သင်တို့သည် အသွေးသွန်းလောင်းသည့်တိုင်အောင်ပင် သင်တို့၏မိသားစုများကို ကာကွယ်ရမည်ဟု ဖြစ်လေသတည်း။ ထို့ကြောင့်၊ ဤအကြောင်းရင်းကြောင့်၊ နီဖိုင်းအမျိုးသားတို့သည် သူတို့ကိုယ်တိုင်နှင့် သူတို့မိသားစုများ၊ ထို့အတူ၊ သူတို့မြေ၊ သူတို့တိုင်းပြည်၊ ထို့အတူ၊ သူတို့အခွင့်အရေးများ၊ ထို့အတူ၊ သူတို့ဘာသာတရားကို ကာကွယ်ခြင်းငှာ၊ လာမန်အမျိုးသားတို့နှင့် တိုက်ခိုက်ကြ၏။
၄၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မော်ရော်နိုင်း၏လူတို့သည် လာမန်အမျိုးသားတို့၏ ပြင်းထန်မှုနှင့် အမျက်ဒေါသတို့ကို မြင်လျှင်၊ တွန့်ဆုတ်၍ ထွက်ပြေးတော့မည်ပြုကြ၏။ မော်ရော်နိုင်းကလည်း၊ သူတို့၏ရည်ရွယ်ချက်ကို သိမြင်လျှင်၊ စကားစေလွှတ်၍၊ သူတို့စိတ်နှလုံးကို ဤအတွေးများ—အထူးသဖြင့်၊ သူတို့မြေ၊ သူတို့လွတ်လပ်ခြင်း၊ အမှန်စင်စစ်၊ သူတို့ကျွန်ခံရာမှလွတ်လပ်ခွင့်တို့အကြောင်း အတွေးများဖြင့် လမ်းပြလှုံ့ဆော်ခဲ့၏။
၄၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် လာမန်အမျိုးသားတို့ဘက်သို့ ပြန်လှည့်၍၊ သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်ထံသို့ သူတို့၏လွတ်လပ်ခြင်းနှင့် သူတို့ကျွန်ခံရာမှလွတ်လပ်ခွင့်တို့အတွက် တစ်သံတည်းဖြင့် တောင်းလျှောက်ကြ၏။
၅၀ သူတို့သည် လာမန်အမျိုးသားတို့ကို အင်အားဖြင့် ခုခံကြ၏။ ထိုတစ်ချိန်တည်း၌ပင်၊ သူတို့လွတ်လပ်ခွင့်အတွက် ကိုယ်တော်ရှင်ထံသို့ တောင်းလျှောက်၍၊ သူတို့ရှေ့မှ လာမန်အမျိုးသားတို့ထွက်ပြေးစပြုလျက်၊ ဇိဒုန်မြစ်ရေသို့ ရောက်သည့်တိုင်အောင်ပင် ထွက်ပြေးကြ၏။
၅၁ ယခုတွင်၊ လာမန်အမျိုးသားတို့မှာ ပို၍များပြား၏၊ အမှန်စင်စစ်၊ နီဖိုင်းအမျိုးသားတို့အရေအတွက်နှစ်ဆထက်ပင် ပို၍များ၏။ သို့သော်လည်း၊ သူတို့သည် နှင်ထုတ်ခံရသဖြင့်၊ ဇိဒုန်မြစ်ကမ်းပါးအနီး၊ ချိုင့်ဝှမ်းထဲ၌ အုပ်စုတစ်ခုအဖြစ်၊ အတူတကွ စုဝေးကြ၏။
၅၂ ထို့ကြောင့်၊ မော်ရော်နိုင်း၏တပ်များသည် သူတို့ကို ပတ်လည်ဝိုင်းထား၏။ အထူးသဖြင့်၊ မြစ်၏နှစ်ဖက်စလုံး၌ ဝိုင်းထားကြ၏။ အကြောင်းမူကား၊ ရှုလော့၊ အရှေ့ဘက်တွင် လေဟိ၏လူများ ရှိ၏။
၅၃ ထို့ကြောင့်၊ ဇေရဟင်မနသည် လေဟိ၏လူများကို ဇိဒုန်မြစ်အရှေ့ဘက်တွင်လည်းကောင်း၊ မော်ရော်နိုင်း၏တပ်များကို ဇိဒုန်မြစ်အနောက်ဘက်တွင်လည်းကောင်း မြင်ရလေလျှင်၊ သူတို့သည် နီဖိုင်းအမျိုးသားတို့အားဖြင့် ဝိုင်းပတ်ထားခံရ၍ ကြောက်စိတ်ဖြင့် စိတ်ထိခိုက်ကြလေ၏။
၅၄ ယခုတွင်၊ မော်ရော်နိုင်းသည် ထိုသူတို့၏ ကြောက်ခြင်းကို မြင်လျှင်၊ အသွေးသွန်းလောင်းခြင်းကို ရပ်တန့်ရမည့်အကြောင်း မိမိလူတို့ကို အမိန့်ပေး၏။