မော်မုန်၏စကားများ
အခန်းကြီး ၁
မော်မုန်သည် နီဖိုင်း၏ပုရပိုက်ပြားအကြီးတို့ကို အကျဉ်းချုပ်၏—သူသည် ပုရပိုက်ပြားအငယ်တို့ကို အခြားပုရပိုက်ပြားများနှင့်အတူထား၏—ဗင်္ယာမိန်မင်းကြီးသည် ထိုပြည်၌ ငြိမ်းချမ်းခြင်းကို တည်ဆောက်၏။ အေဒီ ၃၈၅ ခန့်။
၁ ယခုမူကား၊ ငါမော်မုန်သည် ပြုလျက်ရှိသောမှတ်တမ်းကို ငါ့သားမော်ရော်နိုင်းလက်ထဲသို့ ပေးအပ်တော့မည်။ ရှုလော့၊ ငါ၏လူမျိုးနီဖိုင်းအမျိုးသားတို့ အားလုံးနီးပါးပျက်စီးခြင်းကို ငါရှုမြင်ခဲ့ရလေပြီ။
၂ ခရစ်တော်ကြွလာတော်မူပြီးနောက်၊ နှစ်ရာပေါင်းများစွာကြာသောအခါတွင် ငါသည် ဤမှတ်တမ်းများကို ငါ့သားလက်သို့ ပေးအပ်၏။ ငါ့လူမျိုးတို့၏ ပျက်စီးခြင်းအလုံးစုံကိုလည်း သူရှုမြင်လိမ့်မည်ဟု ငါထင်မှတ်၏။ သို့ရာတွင်၊ ထိုအရာတို့အကြောင်း အတော်အသင့်ကိုလည်းကောင်း၊ အချို့သောကာလတွင် သူတို့ကို အကျိုးပြုကောင်းပြုနိုင်စေကြောင်း ခရစ်တော်အကြောင်းအတော်အသင့်ကိုလည်းကောင်း သူရေးနိုင်စေခြင်းငှာ၊ ဘုရားသခင်သည် ထိုအရာတို့ကို ဘေးအန္တရာယ်မှ လွတ်မြောက်ခွင့်ပေးတော်မူပါစေ။
၃ ယခုမူကား၊ ငါရေးလေသောအရာ၏အကြောင်းကို ငါအတော်အသင့်ပြော၏။ အကြောင်းမူကား၊ ဗင်္ယာမိန်မင်းကြီးနန်းစံသည်အထိ၊ နီဖိုင်း၏ပုရပိုက်ပြားများမှ အကျဉ်းချုပ်ကို ငါပြုလေပြီ။ ထိုမင်းကြီးအကြောင်းကို အာမလေခိပြော၏။ ငါ့လက်သို့ အပ်ထားလေသော မှတ်တမ်းများ၌ ငါရှာဖွေစစ်ဆေးရာ၊ ယာကုပ်မှစ၍ ဗင်္ယမိန်မင်းကြီးနန်းစံသည်အထိ ပရောဖက်တို့အကြောင်းဤမှတ်တမ်းငယ်နှင့် နီဖိုင်း၏စကားများစွာတို့လည်းပါရှိသည့် ဤပုရပိုက်ပြားများကို တွေ့ရ၏။
၄ ခရစ်တော်ကြွလာတော်မူမည့်အကြောင်း ပရောဖက်ပြုဟောချက်များကြောင့်၊ ဤပုရပိုက်ပြားများပေါ်ရှိအရာများသည် ငါ့ကို နှစ်သက်စေလျက်ရှိ၏။ ငါ၏ဘိုးဘေးတို့ကလည်း ထိုအရာများမှ များစွာတို့ ပြီးပြည့်စုံစေလေသည်ကို သိကြ၏။ ထိုမှတစ်ပါး၊ ငါတို့အကြောင်းကို ဤကာလအထိ ပရောဖက်ပြု၍ဟောထားလေသမျှ ပြီးပြည့်စုံစေလေသည်ကိုလည်းကောင်း၊ ဤကာလနောက်၌ လာမည့်အရာများ ဧကန်အမှန်ဖြစ်လာရမည်ကိုလည်းကောင်း ငါသိ၏—
၅ သို့ဖြစ်၍၊ ငါသည် နီဖိုင်း၏ပုရပိုက်ပြားများမှ ကောက်နှုတ်မည့် ငါ့မှတ်တမ်း၏နိဂုံးပိုင်းဖြစ်သည့် အရာတို့အကြောင်းကို အဆုံးသတ်ခြင်းငှာ၊ ဤကြောင်းအရာတို့ကို ရွေးချယ်၏။ ငါ့လူမျိုးတို့နှင့် စပ်လျဉ်းသည့် အရာအနည်းငယ်ကိုမျှ ငါမရေးနိုင်။
၆ သို့ရာတွင်၊ ရှုလော့၊ ငါသည် ဤပရောဖက်ပြု၍ဟောခြင်းများနှင့် ဗျာဒိတ်တော်များပါရှိသော ဤပုရပိုက်ပြားတို့ကိုယူ၍၊ ငါ့မှတ်တမ်း၏နိဂုံးပိုင်းမှာ ထားရှိမည်။ အကြောင်းမူကား၊ ထိုပုရပိုက်ပြားတို့သည် ငါ့အတွက် အမြတ်ဆုံးဖြစ်၏။ ငါ့ညီအစ်ကိုတို့အတွက် အမြတ်ဆုံးဖြစ်မည်ကိုလည်း ငါသိ၏။
၇ ငါသည်လည်း ဤအရာကို ဉာဏ်ပညာရှိသည့် အကြံအစည်အတွက် ပြု၏။ အကြောင်းမူကား၊ ငါ့အထဲ၌ရှိသော ကိုယ်တော်ရှင်၏ဝိညာဉ်တော်ပြုပြင်ခြင်းတို့အတိုင်း၊ ငါ့ကို တိုးတိုးမြွက်ဆိုတော်မူ၏။ ယခုမူကား၊ ခပ်သိမ်းသောအရာတို့ကို ငါမသိ။ သို့ရာတွင်၊ ကိုယ်တော်ရှင်သည် ဖြစ်လာမည့် ခပ်သိမ်းသောအရာတို့ကို သိတော်မူ၏။ သို့ဖြစ်၍၊ သူ၏အလိုတော်အတိုင်းဆောင်ရွက်စေခြင်းငှာ ငါ့ကို ပြုတော်မူ၏။
၈ ဘုရားသခင်ထံသို့ ငါ၏ဆုတောင်းခြင်းသည်လည်း ငါ၏ညီအစ်ကိုတို့နှင့် စပ်လျဉ်း၍၊ သူတို့သည် ဘုရားသခင်၊ အကယ်စင်စစ်၊ ခရစ်တော်၏ရွေးနှုတ်ခြင်းအကြောင်း အသိပညာသို့ နောက်ထပ်တစ်ဖန် ရောက်နိုင်ကြစေမည့်အကြောင်းနှင့်၊ နှစ်သက်ဖွယ်လူမျိုးများ နောက်ထပ်တစ်ဖန် ဖြစ်လာနိုင်စေမည့်အကြောင်းတို့ပေတည်း။
၉ ယခုမူကား၊ ငါမော်မုန်သည် နီဖိုင်း၏ပုရပိုက်ပြားများမှ ကောက်နှုတ်သော ငါ၏မှတ်တမ်းကို အဆုံးသတ်ခြင်းငှာ ဆက်၍ပြု၏။ ဘုရားသခင်ပေးထားတော်မူခဲ့သော အသိပညာနှင့် နားလည်ခြင်းတို့အတိုင်း ငါပြု၏။
၁၀ သို့ဖြစ်၍၊ အချိန်တန်လာသောအခါ၊ အာမလေခိက ဤပုရပိုက်ပြားများကို ဗင်္ယာမိန်မင်းကြီးလက်ထဲသို့ ပေးအပ်လျှင် ဗင်္ယာမိန်မင်းကြီးကယူ၍၊ သူ့လက်ထက်ထိတိုင်အောင်၊ လူမျိုးအစဉ်အဆက်၊ ရှင်ဘုရင်တို့မှ လက်ဆင့်ကမ်း၍ပေးထားလေသော မှတ်တမ်းများပါရှိသည့် အခြားပုရပိုက်ပြားများနှင့်အတူထား၏။
၁၁ ဗင်္ယာမိန်မင်းကြီးမှစ၍၊ ငါ့လက်ထဲသို့ ကျရောက်လေသည့်တိုင်အောင် ထိုမှတ်တမ်းများကို လူမျိုးအစဉ်အဆက် လက်ဆင့်ကမ်း၍ပေးခဲ့၏။ ဤအချိန်ယခုမှစ၍၊ ထိုမှတ်တမ်းများကို ထိန်းသိမ်းစောင့်ရှောက်ရာ၌ ရှိနိုင်စေမည့်အကြောင်း ဘုရားသခင်ထံ ငါမော်မုန်ဆုတောင်း၏။ ၎င်းတို့ ထိန်းသိမ်းစောင့်ရှောက်ခံရလိမ့်ကိုလည်း ငါသိ၏။ အကြောင်းမူကား၊ ပုရပိုက်ပြားများပေါ်၌ ရေးထားလေသည့် ကြီးစွာသောအရာများရှိ၏။ ထိုအရာတို့အတိုင်း ငါ၏လူမျိုးများနှင့် သူတို့၏ညီအစ်ကိုတို့သည် ထိုကြီးစွာသော နောက်ဆုံးနေ့၌ တရားစီရင်ခံရမည်မှာ ရေးထားသည့် ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်းဖြစ်၏။
၁၂ ယခုမူကား၊ ဤဗင်္ယာမိန်မင်းကြီးအကြောင်းတွင်—သူ့လူမျိုးတို့၌ ရန်တွေ့ခြင်း အတော်အသင့်ရှိ၏။
၁၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လာမန်အမျိုးသားတို့၏တပ်များသည် သူ၏လူမျိုးတို့ကို စစ်တိုက်ကြခြင်းငှာ၊ နီဖိုင်းပြည်မှ ဆင်းလာကြ၏။ သို့ရာတွင်၊ ရှုလော့၊ ဗင်္ယာမိန်မင်းကြီးသည် မိမိတပ်များကို အတူတကွစုစည်း၍၊ ထိုသူတို့ကို ဆီးတား၏။ သူ၏လက်ရုံးခွန်အားဖြင့်၊ လာဗန်၏ဓားဖြင့် တိုက်ခိုက်၏။
၁၄ သူတို့သည် ထောင်ပေါင်းများစွာသောလာမန်အမျိုးသားတို့ကို ကွပ်မျက်လေသည့်တိုင်အောင် ကိုယ်တော်ရှင်၏ခွန်အားဖြင့်၊ သူတို့ရန်သူများကို တိုက်ခိုက်ခဲ့ကြ၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လာမန်အမျိုးသားတို့ကို သူတို့အမွေခံရာမြေခပ်သိမ်းတို့၏ အပြင်သို့ နှင်ထုတ်လေသည့်တိုင်အောင် တိုက်ခိုက်ခဲ့ကြ၏။
၁၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ခရစ်တော်အယောင်ဆောင်သောသူများ ပေါ်လာကြလေပြီးနောက်၊ သူတို့သည်နှုတ်ကို အပိတ်ခံရလေပြီး၊ သူတို့၏ပြစ်မှုများအတိုင်း၊ အပြစ်ဒဏ်ပေး ခံရကြလေ၏။
၁၆ လူမျိုးတို့၌ မိစ္ဆာပရောဖက်များ၊ မိစ္ဆာဟောပြောသူများနှင့် ဆရာများလည်း ပေါ်လာ၍၊ ဤလူခပ်သိမ်းတို့သည် သူတို့၏ပြစ်မှုများအတိုင်း အပြစ်ဒဏ်ပေးခံရလေပြီးနောက်၊ လာမန်အမျိုးသားများသို့ ရန်တွေ့ခြင်းများစွာနှင့် ငြင်းခုံခြင်းများစွာရှိလေပြီးနောက်၊ ရှုလော့၊ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဗင်္ယာမိန်မင်းကြီးသည် သူ့လူမျိုးတို့အထဲ၌ရှိသည့် သန့်ရှင်းသောပရောဖက်တို့၏အကူအညီဖြင့်—
၁၇ ရှုလော့၊ ဗင်္ယာမိန်မင်းကြီးသည် သန့်ရှင်းသောသူတစ်ဦးဖြစ်၍၊ သူ၏လူမျိုးတို့အပေါ်၌ ဖြောင့်မတ်ခြင်းဖြင့် အုပ်စိုးခဲ့၏။ ထိုပြည်၌ သန့်ရှင်းသောသူများစွာတို့လည်း ရှိလေပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို တန်ခိုးနှင့် အခွင့်အာဏာတို့ဖြင့် ဟောပြောခဲ့ကြ၏။ လူမျိုးတို့၏လည်ပင်းခိုင်းမာခြင်းကြောင့်လည်း အလွန်ပြင်းထန်စွာ ဟောပြောခဲ့ကြ၏—
၁၈ သို့ဖြစ်၍၊ ဤလူတို့၏အကူအညီဖြင့် ဗင်္ယာမိန်မင်းကြီးသည် ပရောဖက်တို့နှင့်အတူ သူ့ကိုယ်ခန္ဓာ၏အစွမ်းသတ္တိရှိသမျှ၊ စိတ်ဝိညာဉ်တစ်ခုလုံး၏စွမ်းရည်တို့ဖြင့် အလုပ်လုပ်ခြင်းအားဖြင့်၊ ထိုပြည်၌ ငြိမ်းချမ်းခြင်းကို နောက်တစ်ကြိမ် ထပ်၍တည်ဆောက်၏။