ဧနုတ်ကျမ်း
အခန်းကြီး ၁
ဧနုတ်သည် စိတ်အားထက်သန်စွာဆုတောင်း၍၊ သူ၏အပြစ်များမှလွှတ်ခြင်းကို ရရှိ၏—အနာဂတ်ကာလ၌ လာမန်အမျိုးသားတို့အတွက် ကယ်တင်ခြင်းကို ကိုယ်တော်ရှင်၏အသံက ကတိပေးတော်မူ၍ သူ၏စိတ်ထဲသို့ ရောက်လာ၏—နီဖိုင်းအမျိုးသားတို့သည် လာမန်အမျိုးသားတို့ကို ပြန်လည်ခေါ်ဆောင်ခြင်းငှာ ကြိုးစားအားထုတ်ကြ၏—ဧနုတ်သည် မိမိ၏ရွေးနှုတ်ရှင်၌ ရွှင်လန်းဝမ်းမြောက်၏။ ဘီစီ ၄၂၀ ခန့်။
၁ ရှုလော့၊ အချိန်တန်လာသောအခါ၊ ငါဧနုတ်သည် ငါ၏အဘကို ဖြောင့်မတ်သူတစ်ဦးဖြစ်ကြောင်း သိ၏—အကြောင်းမူကား၊ သူသည် ကိုယ်တော်ရှင်၏ ဆုံးမသွန်သင်တော်မူခြင်းအတိုင်း၊ သူ၏ဘာသာစကားဖြင့် ငါ့ကို သွန်သင်ပေးခဲ့၏—ထိုအမှုအတွက် ငါ့ဘုရားသခင်၏နာမတော်သည် မင်္ဂလာရှိပါစေသတည်း—
၂ ငါ၏အပြစ်များမှလွှတ်ခြင်းကို မရရှိမီတွင်၊ ဘုရားသခင်ရှေ့၌ ပြိုင်ဆိုင်တိုက်လှန်ခဲ့ရလေခြင်းကိုလည်း သင်တို့ကို ငါပြောပြမည်။
၃ ရှုလော့၊ ငါသည် တောထဲရှိ သားရဲတို့ကို လိုက်ရှာခြင်းငှာ သွား၏။ ထာဝရအသက်နှင့် သန့်ရှင်းသူတို့၏ဝမ်းမြောက်ခြင်းအကြောင်း ငါ့အဘပြော၍ အကြိမ်ကြိမ်ကြားခဲ့ပြီးလေသော စကားများသည်လည်း ငါ့စိတ်နှလုံးထဲသို့ နက်စွာနစ်ဝင်၏။
၄ ထို့အတူ၊ ငါ့ဝိညာဉ်သည် မွတ်သိပ်၏။ ငါ့ကိုဖန်ဆင်းတော်မူသောအရှင်၏ရှေ့တွင် ဒူးထောက်၍၊ ငါ့ဝိညာဉ်အတွက်၊ အားကြီးသောဆုတောင်းခြင်းနှင့် ပဌနာပြုခြင်းတို့ဖြင့်၊ ငါတောင်းလျှောက်ခဲ့၏။ သူ့ထံသို့ တစ်နေ့လုံး တောင်းလျှောက်ခဲ့၏။ ထိုမှတစ်ပါး၊ ညဉ့်အချိန် ကျရောက်လာသောအခါ၊ ငါ၏အသံကို မြင့်တက်စေ၍၊ ကောင်းကင်ဘုံသို့ရောက်၏။
၅ အသံသည် ငါ့ထံသို့ ရောက်လာပြီး၊ ဧနုတ်၊ သင်၏အပြစ်များကို ခွင့်လွှတ်သဖြင့်၊ သင်သည် ကောင်းချီးခံစားရလိမ့်မည်ဟု မိန့်တော်မူ၏။
၆ ငါဧနုတ်သိလည်း ဘုရားသခင်မုသားမပြောကြောင်းကိုသိ၏။ သို့ဖြစ်၍၊ ငါ၏အပြစ်ရောက်ခြင်းကို ပယ်ရှားလေပြီ။
၇ ကိုယ်တော်ရှင်၊ ထိုအမှုသည် အဘယ်သို့အားဖြင့်၊ ဖြစ်သွားပါသနည်းဟု ငါလျှောက်၏။
၈ ငါ့ကို မိန့်တော်မူသည်ကား၊ ယခင်က သင်မကြားဖူး၊ မမြင်ဖူးခဲ့လေသော ခရစ်တော်ကို သင်၏ယုံကြည်ခြင်းကြောင့်ပေတည်း။ ဇာတိကိုယ်ခန္ဓာအားဖြင့် သူကိုယ်တိုင်ထင်ရှားစွာပြတော်မမူမီတွင် နှစ်ပေါင်းများစွာလည်း ကုန်လွန်ပေပြီ။ သို့ဖြစ်၍၊ သွားလော့၊ သင်၏ယုံကြည်ခြင်းက သင့်ကို ချမ်းသာရစေပြီဟုဆို၏။
၉ ယခုတွင်၊ အချိန်တန်လာသောအခါ၊ ငါသည် ဤစကားများကို ကြားလျှင်၊ ငါ၏ညီအစ်ကို၊ နီဖိုင်းအမျိုးသားတို့၏ကောင်းကျိုးအတွက် အလိုရှိစပြု၏။ သို့ဖြစ်၍၊ သူတို့အတွက်၊ ဘုရားသခင်ထံသို့ ငါ၏စိတ်ဝိညာဉ်တစ်ခုလုံးကို သွန်းလောင်း၍ ဆုတောင်း၏။
၁၀ ငါသည် စိတ်ဝိညာဉ်၌ ထိုကဲ့သို့ ရုန်းကန်လျက်ရှိစဉ်တွင်၊ ရှုလော့၊ ကိုယ်တော်ရှင်၏ အသံသည် ငါ့စိတ်ထဲသို့ တစ်ဖန်ရောက်လာ၍၊ မိန့်တော်မူသည်ကား၊ ငါသည် သင်၏ညီအစ်ကိုတို့အား ငါ၏ပညတ်တော်များကို သူတို့စောင့်ထိန်းရာ၌ လုံ့လဝီရိယရှိသည့်အတိုင်း သက်ရောက်စေတော်မူမည်။ သူတို့အဖို့ ဤပြည်ကို ပေးတော်မူ၍၊ သန့်ရှင်းသောပြည်လည်းဖြစ်၏။ ဒုစရိုက်အကြောင်းကြောင့်မှတစ်ပါး၊ ထိုပြည်ပေါ်၌ ကျိန်ခြင်းကိုပြုတော်မမူ။ သို့ဖြစ်၍၊ ငါမိန့်တော်မူလေသည့်အတိုင်း သင်၏ညီအစ်ကိုများသို့ သက်ရောက်စေတော်မူမည်။ သူတို့၏လွန်ကျူးခြင်းတို့ကိုလည်း ဝမ်းနည်းခြင်းနှင့်အတူ သူတို့၏ဦးခေါင်းပေါ်ကျစေတော်မူမည်။
၁၁ ငါဧနုတ်သည်လည်း ဤစကားများကို ကြားလေပြီးနောက်၊ ကိုယ်တော်ရှင်ကို ငါ၏ယုံကြည်ခြင်းသည် တုန်လှုပ်ခြင်းမရှိရာသို့ ရောက်စပြု၏။ ငါ့ညီအစ်ကို၊ လာမန်အမျိုးသားတို့အတွက်လည်း သူ့ထံသို့၊ အလွန်ကြာရှည်သည့် ရုန်းကန်မှုများဖြင့် ဆုတောင်း၏။
၁၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် လုံ့လဝီရိယရှိသမျှနှင့် ဆုတောင်း၍၊ အလုပ်လုပ်လေပြီးနောက်၊ ကိုယ်တော်ရှင်မိန့်တော်မူသည်ကား၊ သင်၏ယုံကြည်ခြင်းကြောင့်၊ သင်၏အလိုဆန္ဒများအတိုင်း သင့်အား ငါပေးမည်။
၁၃ ယခုမူကား၊ ရှုလော့၊ သူ့ထံမှ ငါအလိုရှိသည့်ဆန္ဒမှာ—ငါ၏လူမျိုး၊ နီဖိုင်းအမျိုးသားတို့သည် လွန်ကျူးခြင်းထဲသို့ လဲကျ၍၊ အဘယ်နည်းဖြင့်မဆို ဖျက်ဆီးခံရပြီး၊ လာမန်အမျိုးသားတို့ ဖျက်ဆီးမခံရစေကြောင်းနှင့် ကိုယ်တော်ရှင်ဘုရားသခင်သည် ငါ၏လူမျိုးနီဖိုင်းအမျိုးသားတို့အကြောင်း မှတ်တမ်းကို ထိန်းသိမ်းစောင့်ရှောက်တော်မူမည့် အကြောင်းပေတည်း။ ထိုသို့ဆိုလျှင်၊ သူ၏သန့်ရှင်းသောလက်ရုံး၏တန်ခိုးတော်အားဖြင့်ပင်၊ အချို့သောအနာဂတ်ကာလ၌ လာမန်အမျိုးသားတို့ထံသို့ ဖော်ပြခံရပြီး၊ ကယ်တင်ခြင်းသို့ ဆောင်ယူခြင်းကို သူတို့ခံရကောင်း ခံရနိုင်ပေ၏—
၁၄ အကြောင်းမူကား၊ ယခုအချိန်တွင် သူတို့ကို မှန်ကန်သည့် ယုံကြည်ခြင်းသို့ ပြန်လည် ရောက်ရှိစေခြင်းနှင့်စပ်လျဉ်း၍၊ ငါတို့၏ရုန်းကန်ခြင်းများသည် အချည်းနှီးဖြစ်လေ၏။ သူတို့ကလည်း ဖြစ်နိုင်လျှင်၊ ငါတို့နှင့် ငါတို့၏မှတ်တမ်းများ၊ ငါတို့ဘိုးဘေးတို့၏နည်းဥပဒေသများကိုလည်း ဖျက်ဆီး ကြမည့်အကြောင်း၊ အမျက်ဖြင့် ကျိန်ဆို၏။
၁၅ သို့ဖြစ်၍၊ ကိုယ်တော်ရှင်ဘုရားသခင်သည် ငါတို့၏မှတ်တမ်းများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ကြောင်း ငါသိ၍၊ သူ့ထံသို့ အစဉ်မပြတ်တောင်းလျှောက်၏။ အကြောင်းမူကား၊ သင်သည် ရရှိလိမ့်မည်ဟုယုံကြည်လျက်၊ ခရစ်တော်၏နာမတော်အားဖြင့် ယုံကြည်ခြင်းနှင့်တောင်းဆိုလျှင်၊ သင်တောင်းဆိုသမျှသောအရာကို ရရှိလိမ့်မည်ဟု မိန့်တော်မူလေပြီ။
၁၆ ငါသည် ယုံကြည်ခြင်းရှိ၍၊ မှတ်တမ်းများကို ထိန်းသိမ်းစောင့်ရှောက်တော်မူပါမည့်အကြောင်း၊ ဘုရားသခင်ထံသို့ တောင်းလျှောက်၏။ သူကလည်း သူ၏ကာလအချိန်တန်သောအခါ၌ ထိုအရာတို့ကို လာမန်အမျိုးသားတို့ထံ ဖော်ပြတော်မူမည့်အကြောင်း ငါနှင့်ပဋိညာဉ်ပြုတော်မူခဲ့၏။
၁၇ သူပြုတော်မူခဲ့လေသည့် ပဋိညာဉ်အတိုင်း ထိုအမှု ဖြစ်လိမ့်မည်ကိုလည်း ငါဧနုတ်သိ၏။ သို့ဖြစ်၍၊ ငါ၏စိတ်ဝိညာဉ်သည် ချမ်းသာရ၏။
၁၈ ကိုယ်တော်ရှင်ကလည်း ငါ့ကို မိန့်တော်မူသည်ကား၊ သင်၏ဘိုးဘေးတို့ကလည်း ငါ့ထံမှ ဤအရာကို တောင်းဆိုခဲ့လေ၏။ သူတို့၏ယုံကြည်ခြင်းအတိုင်း ဖြစ်လိမ့်မည်။ အကြောင်းမူကား၊ သူတို့၏ယုံကြည်ခြင်းသည် သင်၏ယုံကြည်ခြင်းကဲ့သို့ပင်ဖြစ်၏။
၁၉ ယခုမူကား၊ အချိန်တန်လာသောအခါ၊ ငါဧနုတ်သည် ဖြစ်လာမည့် အရာများအကြောင်းကို ပရောဖက်ပြု၍ဟောလျက်၊ ငါကြားလေခဲ့၊ မြင်လေခဲ့သည့်အရာများ၏အကြောင်းကို သက်သေခံလျက် နီဖိုင်းလူမျိုးတို့၌ အရပ်ရပ်သို့ သွားလာခဲ့၏။
၂၀ လာမန်အမျိုးသားတို့ကို ဘုရားသခင်ကို မှန်ကန်သည့်ယုံကြည်ခြင်းဆီသို့ ပြန်လည်ရောက်ရှိကြစေရန်၊ နီဖိုင်းလူမျိုးတို့လုံ့လဝီရိယထက်သန်စွာ ကြိုးစားကြသည်ကိုလည်း ငါသက်သေခံ၏။ သို့ရာတွင်၊ ငါတို့၏အလုပ်များသည် အချည်းနှီးဖြစ်လေပြီ။ သူတို့၏မုန်းတီးမှုမှာ၊ စိတ်၌စွဲလျက်၊ သူတို့သည် မိမိတို့၏ဆိုးသောပကတိအားဖြင့် ပို့ဆောင်ခြင်းကိုခံရသဖြင့်၊ ရိုင်းစိုင်း၍၊ ရက်စက်လာလျက်၊ ရုပ်တုကိုးကွယ်ခြင်းနှင့် အညစ်အကြေးတို့ဖြင့်ပြည့်သော၊ လူ့အသက်ကို သတ်တတ်သော လူမျိုးများဖြစ်လာကြ၏။ အသားစားသားရဲများကို စားသုံးလျက်ရှိကြ၏။ တဲများတွင် နေထိုင်လျက်၊ မိမိတို့ခါး၌ တိုသောသားရေခါးပန်းကိုစည်း၍ ဆံပင်ကို ရိတ်လျက်၊ တောရိုင်းထဲ၌ အရပ်ရပ်သို့ သွားလာလျက်ရှိကြ၏။ လေးအတတ်၊ ဓားကောက်အတတ်နှင့် ပုဆိန်အတတ်တို့၌လည်း ကျွမ်းကျင်ကြ၏။ သူတို့မှ များစွာသောသူတို့သည် အသားစိမ်းမှတစ်ပါး၊ အဘယ်အရာကိုမျှ မစားကြ။ သူတို့သည် ငါတို့ကို ဖျက်ဆီးရန်လည်း အစဉ်မပြတ်ကြိုးစားလျက်ရှိကြ၏။
၂၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နီဖိုင်းလူမျိုးတို့သည် မြေကြီးကို ထွန်ယက်၍၊ အမျိုးမျိုးသောစပါး၊ ထို့အတူ အသီး၊ ထို့အတူ နွားစု၊ ထို့အတူ အမျိုးမျိုးသောတိရစ္ဆာန်မှန်သမျှ၊ ထို့အတူ ဆိတ်များ၊ ထို့အတူ တောဆိတ်များ၊ ထို့အတူ များစွာသောမြင်းတို့ကိုလည်း မွေးစားခဲ့ကြ၏။
၂၂ ငါတို့၌ အလွန်များစွာသော ပရောဖက်တို့လည်း ရှိကြ၏။ လူမျိူးတို့သည်လည်း လည်ပင်းခိုင်မာသော လူမျိုးများဖြစ်ကြပြီး၊ နားလည်ရန် ခက်ကြ၏။
၂၃ ထို့အတူ၊ အလွန်ရက်စက်ကြမ်းကြုတ်ခြင်း၊ စစ်တိုက်ခြင်းများအကြောင်း ဟောပြောခြင်းနှင့် ပရောဖက်ပြု၍ဟောခြင်း၊ ရန်တွေ့ခြင်းများ၊ ပျက်စီးခြင်းများ၊ သေခြင်းအကြောင်းနှင့် ထာဝရကာလအပိုင်းအခြားအကြောင်း သူတို့ကို အစဉ်မပြတ် သတိပေးခြင်း၊ ဘုရားသခင်၏ တရားစီရင်တော်မူခြင်းများနှင့် တန်ခိုးတော်၊ ဤအရာခပ်သိမ်းတို့—ကိုယ်တော်ရှင်ကို ကြောက်ရွံ့ခြင်း၌ ရှိနေကြစေခြင်းငှာ သူတို့ကို အစဉ်မပြတ်နှိုးဆော်နေခြင်းတို့မှတစ်ပါး အဘယ်အရာမျှမရှိ။ ငါဆိုသည်ကား၊ ဤအရာများ၊ ထို့အတူ သူတို့ကို ပျက်စီးခြင်းသို့ လျင်မြန်စွာဆင်းသွားခြင်းမှ တားမြစ်မည့် အလွန်ကြီးစွာသော ပွင့်လင်းခြင်းရှိသည့် ဟောပြောခြင်းတို့မှတစ်ပါး၊ အဘယ်အရာမျှမရှိ။ ဤကဲ့သို့အားဖြင့်၊ သူတို့အကြောင်းကို ငါရေး၏။
၂၄ ငါ၏အသက်တာတွင်၊ နီဖိုင်းအမျိုးသားတို့နှင့် လာမန်အမျိုးသားတို့ကြား စစ်တိုက်ခြင်းများကိုလည်း မြင်ခဲ့၏။
၂၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် အိုမင်းစပြုလာ၍၊ ငါတို့အဘယေရုရှလင်မြို့ကို စွန့်ခွာခဲ့သည့်အချိန်မှစ၍၊ တစ်ရာ့ခုနစ်ဆယ့်ကိုးနှစ် ကုန်လွန်ခဲ့လေပြီ။
၂၆ ငါသည် မကြာမြင့်မီ၊ ငါ့သင်္ချိုင်းတွင်းသို့ ဆင်းသွားရတော့မည်ကိုလည်း သိမြင်၍၊ ဘုရားသခင်၏တန်ခိုးတော်အရှိန်ဩဇာသက်ရောက်တော်မူခြင်းကို ခံထားရလျက်၊ ဤလူမျိုးများသို့ ဟောပြော၍ ပရောဖက်ပြုဟောလျက်၊ ခရစ်တော်၌ရှိသော အမှန်တရားအတိုင်း နှုတ်ကပတ်တော်ကို ဟောကြားရမည်။ ငါ၏ဘဝတစ်လျှောက်လုံးတွင်လည်း ဟောကြား၍၊ လောက၏အရာများထက်ပင် နှုတ်ကပတ်တော်၌ သာ၍ရွှင်လန်းဝမ်းမြောက်လေပြီ။
၂၇ ငါ၏ရွေးနှုတ်ရှင်နှင့် အတူနေရသည့် ငါ၏နားရာနေရာသို့ မကြာမြင့်မီ ငါသွားရတော့မည်။ အကြောင်းမူကား၊ သူ့ ၌ ငါနားရမည်ကို သိ၏။ ငါ၏ သေခြင်းရှိသောကိုယ်သည် သေခြင်းမရှိရာသို့၊ ဝင်စားရသောအချိန်ကာလ၌ ငါသည်လည်း ရွှင်လန်းဝမ်းမြောက်၍၊ သူ့ရှေ့၌ ရပ်ရလိမ့်မည်။ ထို့နောက်တွင်၊ ငါသည် ပျော်မွေ့စွာဖြင့် သူ၏မျက်နှာတော်ကို တွေ့မြင်ရလိမ့်မည်ဖြစ်၍၊ ငါ့ကို မိန့်တော်မူမည်ကား၊ ကောင်းချီးမင်္ဂလာကို ခံရသောအသင်၊ ငါ့ထံသို့ လာလော့၊ ငါ့အဘ၏ နေစရာအခန်းများ၌ သင်တို့အတွက် နေစရာအရပ်ကို ပြင်ဆင်ထား၏ဟုဖြစ်လေသတည်း။ အာမင်။