စတုတ္ထနီဖိုင်း
ယေရှုခရစ်တော်၏ တပည့်တော်တို့မှ တစ်ပါးဖြစ်သော—နီဖိုင်း၏သားဖြစ်သူ
နီဖိုင်းကျမ်း
နီဖိုင်း၏မှတ်တမ်းများအရ နီဖိုင်းလူမျိုးတို့အကြောင်းမှတ်တမ်း။
အခန်းကြီး ၁
နီဖိုင်းအမျိုးသားတို့နှင့် လာမန်အမျိုးသား အားလုံးတို့သည် ကိုယ်တော်ရှင်ထံသို့ ပြောင်းလဲကြ၏—သူတို့သည် အရာခပ်သိမ်းတို့ကို အများပိုင်အဖြစ်ထား၍ အသုံးပြုကြ၏၊ အလွန်တရာအံ့ဩဖွယ်သောအမှုတို့ကို ပြုကြ၏၊ ထိုပြည်၌ အောင်မြင်ကြ၏—ရာစုနှစ် နှစ်ခုကုန်လွန်ပြီးနောက်တွင်၊ ကွဲပြားခြင်း၊ မကောင်းမှု၊ မိစ္ဆာအသင်းတော်များနှင့် ညှဉ်းဆဲခြင်းများ ပေါ်ပေါက်လာ၏—နှစ်ပေါင်းသုံးရာကုန်လွန်ပြီးနောက်တွင်၊ နီဖိုင်းအမျိုးသားတို့နှင့် လာမန်အမျိုးသားနှစ်မျိုးစလုံးတို့ ဆိုးညစ်ကြ၏—အမ္မရုန်သည် သန့်ရှင်းမွန်မြတ်သောမှတ်တမ်းများကို ဝှက်ထား၏။ အေဒီ ၃၅–၃၂၁ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သုံးဆယ်လေးနှစ်မြောက်၊ ထို့အတူ သုံးဆယ်ငါးနှစ်မြောက်လည်း ကုန်လွန်သွား၏။ ရှုဦးလော့၊ ယေရှု၏တပည့်တော်တို့သည် ပတ်ဝန်းကျင်ပြည်ခပ်သိမ်းတို့၌ ခရစ်တော်၏အသင်းတော်ကို တည်ထောင်ကြ၏။ သူတို့ထံသို့ လာသမျှသောသူတို့သည်လည်း မိမိတို့အပြစ်များမှ အမှန်ပင်နောင်တရ၍ ယေရှု၏နာမတော်၌ ဗတ္တိဇံခံ၍၊ သန့်ရှင်းသောဝိညာဉ်တော်ကိုလည်း လက်ခံရရှိကြ၏။
၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သုံးဆယ်ခြောက်နှစ်မြောက်၌၊ လူမျိုးတို့သည် အားလုံး ကိုယ်တောာ်ရှင်ထံသို့ ပြောင်းလဲကြ၏၊ ထိုပြည်၏မျက်နှာပြင်တစ်ခုလုံးပေါ်၌ နီဖိုင်းအမျိုးသားတို့နှင့် လာမန်အမျိုးသားတို့ နှစ်မျိုးစလုံးပင် ပြောင်းလဲကြ၏၊ သူတို့ကြား၌ ရန်တွေ့ခြင်းနှင့် ငြင်းခုံခြင်းများမရှိ၊ လူတိုင်းအချင်းချင်း တရားမျှတစွာဆက်ဆံကြ၏။
၃ ထို့အတူ၊ သူတို့၌ အရာခပ်သိမ်းတို့ကို အများပိုင်အဖြစ်ထား၍ အသုံးပြုကြ၏။ ထို့ကြောင့်၊ သူတို့သည် ကြွယ်ဝသူနှင့် ဆင်းရဲသား၊ ကျွန်နှင့် လူလွတ်ဟူ၍ မရှိကြ၊ အားလုံးကို လွတ်လပ်သောသူများနှင့် ကောင်းကင်ဘုံရှင်ဆုကျေးဇူးကို ခံယူရသောသူများသာ ဖြစ်စေ၏။
၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သုံးဆယ်ခုနစ်နှစ်မြောက်လည်း ကုန်ဆုံးသွား၏၊ ထိုပြည်၌ ငြိမ်းချမ်းခြင်းဆက်၍ရှိမြဲရှိ၏။
၅ ယေရှု၏တပည့်တော်တို့အားဖြင့် ပြုပြင်စီရင်တော်မူသည့် ကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသောအမှုများလည်း ရှိလေရာ၊ သူတို့သည် ဖျားနာသောသူတို့ကို အနာကင်းစေ၏။ သေသူတို့ကိုလည်း ထမြောက်စေ၏။ ခြေမစွမ်းသောသူတို့ကိုလည်း လှမ်းသွားစေ၏။ မျက်စိကန်းသောသူတို့ကိုလည်း မျက်စိအမြင်ရရှိစေ၏။ နားပင်းသောသူတို့ကိုလည်း နားကြားစေ၏။ အမျိုးမျိုးသော အလွန်တရာအံ့ဩဖွယ်အမှုများကိုလည်း လူသားတို့၌ ပြုကြ၏။ အဘယ်အရာကိုမျှ သူတို့သည် ယေရှု၏နာမတော်အားဖြင့်မှတစ်ပါး အလွန်တရာအံ့ဩဖွယ်အမှုကို မပြုကြ။
၆ ထိုကဲ့သို့အားဖြင့်၊ သုံးဆယ်ရှစ်နှစ်မြောက်၊ ထို့အတူ သုံးဆယ်ကိုးနှစ်မြောက်၊ ထို့အတူ လေးဆယ်တစ်နှစ်မြောက်၊ ထို့အတူ လေးဆယ်နှစ်နှစ်မြောက်တို့လည်း ကုန်လွန်သွား၏။ ထိုမှတစ်ပါး၊ လေးဆယ်ကိုးနှစ်မြောက်၊ ထို့အတူ ငါးဆယ်တစ်နှစ်မြောက်၊ ထို့အတူ ငါးဆယ်နှစ်နှစ်မြောက်တို့ ကုန်လွန်သွားသည့်တိုင်အောင်ပင် ဖြစ်၏။ ထို့မှတစ်ပါး၊ ငါးဆယ်ကိုးနှစ်သည်ပင် ကုန်လွန်သွားသည့်တိုင်အောင်ဖြစ်လေသတည်း။
၇ ကိုယ်တော်ရှင်ကလည်း သူတို့ကို ထိုပြည်၌ လွန်စွာအောင်မြင်စေတော်မူသဖြင့်၊ သူတို့သည်လောင်မြိုက်သောမြို့တို့၏နေရာ၌ မြို့များကို တစ်ဖန်တည်ဆောက်ကြ၏။
၈ ထိုမှတစ်ပါး၊ သူတို့သည် ထိုဇရဟင်မလမြို့ကြီးကိုပင် တစ်ဖန်တည်ဆောက်စေကြ၏။
၉ သို့ရာတွင်၊ မြုပ်သွားသည့် မြို့များစွာရှိ၏၊ ထိုမြို့တို့၏နေရာ၌ ရေများတက်လာ၏။ ထို့ကြောင့် ဤမြို့တို့ကို ပြန်၍ မတည်ဆောက်နိုင်။
၁၀ ယခုမူကား၊ ရှုလော့၊ အချိန်တန်လာသောအခါ၊ နီဖိုင်းလူမျိုးတို့သည် အားကြီးလာ၍၊ အလွန်လျင်မြန်စွာ ပွားများ၏၊ အလွန်ချောမော၍၊ နှစ်သက်ဖွယ်သောလူမျိုးများ ဖြစ်လာကြ၏။
၁၁ သူတို့သည် အိမ်ထောင်ဖက်ပြုခြင်းနှင့် ထိမ်းမြားပေးစားခြင်းတို့ကို ပြုကြ၏၊ သူတို့ကို ကိုယ်တော်ရှင်ပြုထားတော်မူသည့် ကတိတော်အလုံးအရင်းတို့အတိုင်း ကောင်းချီးခံစားရကြ၏။
၁၂ သူတို့သည် မောရှေ၏ပညတ်တရား စီရင်တော်မူခြင်းများနှင့် ဘိသိက်မင်္ဂလာများ၏ နောက်သို့လည်း အဘယ်တော့မျှ မလိုက်တော့။ သို့ရာတွင်၊ သူတို့သည် သူတို့၏ကိုယ်တော်ရှင်နှင့် သူတို့၏ဘုရားသခင်ထံမှ လက်ခံရရှိသည့် ပညတ်တော်များနောက်သို့ လိုက်၍၊ အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်း၊ ထို့အတူ ဆုတောင်းခြင်းငှာနှင့် ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်တို့ကို ကြားနာခြင်းငှာ အကြိမ်ကြိမ်အတူတကွတွေ့ဆုံခြင်းတို့ကို ဆက်၍ပြုလျက်ရှိကြ၏။
၁၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ထိုပြည်တစ်ခုလုံးရှိ လူမျိုးခပ်သိမ်းတို့၌ ရန်တွေ့ခြင်းမရှိ။ သို့ရာတွင်၊ ယေရှု၏တပည့်တော်တို့၌ ကြီးစွာသောအလွန်တရာအံ့ဩဖွယ်အမှုများ ပြုပြင်စီရင်ထားခြင်းရှိ၏။
၁၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ခုနစ်ဆယ်တစ်နှစ်မြောက်၊ ထို့အတူ ခုနစ်ဆယ်နှစ်နှစ်မြောက်၊ အမှန်စင်စစ်၊ အချုပ်အားဖြင့်၊ ခုနစ်ဆယ်ကိုးနှစ်မြောက် ကုန်လွန်သွားသည့်တိုင်အောင်ဖြစ်၏။ ထိုမှတစ်ပါး၊ နှစ်ပေါင်းတစ်ရာ ကုန်လွန်၍၊ ယေရှုရွေးကောက်တော်မူသည့် တပည့်တော်တို့သည်လည်း မြေကြီးပေါ်၌ ဆက်၍နေရစ်မည့်သူ သုံးဦးမှတစ်ပါး အားလုံး ဘုရားသခင်၏အတိသုခဘုံသို့ သွားကြလေပြီ။ ထိုသူတို့၏နေရာ၌ အခြားသောတပည့်တော်တို့ကို ခန့်ထား၏။ ထိုမျိုးဆက်မှ များစွာသောသူတို့သည်လည်း ကွယ်လွန်သွားကြ၏။
၁၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ထိုပြည်၌ ရန်တွေ့ခြင်းမရှိ၊ လူတို့၏စိတ်နှလုံးထဲ၌ ရှိနေသည့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်ကြောင့်ပေတည်း။
၁၆ ဂုဏ်ပြိုင်ခြင်းများမရှိ။ ရန်တွေ့ခြင်းများလည်းမရှိ။ ရုန်းရင်းခတ်ခြင်းအမှုများလည်းမရှိ။ မတရားသောမေထုန်အမှုများလည်းမရှိ။ မုသားပြောခြင်းလည်းမရှိ။ လူ့အသက်သတ်ခြင်းလည်း မရှိ။ ကိလေသာလွန်ကျူးခြင်း တစ်စုံတစ်ခုမျှလည်းမရှိ။ ဘုရားသခင်၏လက်တော်အားဖြင့် ဖန်ဆင်းထားတော်မူသည့် လူမျိုးခပ်သိမ်းတို့၌ သာ၍ပျော်ရွှင်သောလူမျိုး ဧကန်အမှန်မရှိနိုင်။
၁၇ ဓားပြမရှိ။ လူ့အသက်သတ်သောသူလည်းမရှိ။ လာမန်အမျိုးသားဟုလည်းမရှိ။ အဘယ်အမျိုးသားဟုလည်း ကွဲပြားခြင်းမရှိ။ သူတို့သည် ခရစ်တော်၏သားသမီးများ၊ ထို့အတူ ဘုရားသခင်၏နိုင်ငံတော်ကို အမွေခံသူများအဖြစ် တစ်လုံးတစ်ဝတည်းသာရှိကြ၏။
၁၈ သူတို့သည် အလွန်မင်္ဂလာရှိကြပေစွတကား။ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် သူတို့ကို သူတို့၏ခပ်သိမ်းသောအမှုများ၌ ကောင်းချီးပေးတော်မူ၏။ ထိုမှတစ်ပါး၊ သူတို့သည် နှစ်ပေါင်း တစ်ရာတစ်ဆယ် ကုန်လွန်သွားသည့်တိုင်အောင်ပင် ကောင်းချီးခံစားရ၍၊ အောင်မြင်ကြ၏။ ခရစ်တော်ကြွလာတော်မူပြီးနောက်၊ ပထမမျိုးဆက် ကွယ်လွန်သွားလေ၏၊ ထိုပြည်တစ်ခုလုံး၌ ရန်တွေ့ခြင်းလည်းမရှိ။
၁၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဤနောက်ဆုံးမှတ်တမ်းကို ရေးသူ နီဖိုင်း (သူသည် ထိုမှတ်တမ်းကို နီဖိုင်း၏ပုရပိုက်ပြားများပေါ်မှာ ရေး၏) သေ၍၊ သူ့သား အာမုတ်က သူ၏နေရာ၌ ရေး၏။ သူသည်လည်း ထိုကျမ်းကို နီဖိုင်း၏ပုရပိုက်ပြားများပေါ်၌ ရေး၏။
၂၀ ထိုမှတ်တမ်းကို ရှစ်ဆယ်လေးနှစ်ရေး၏။ သူတို့အပေါ်၌ လာမန်အမျိုးသားတို့၏အမည်ကို ခံယူ၍၊ အသင်းတော်ကို ပုန်ကန်သောလူအနည်းစုမှတစ်ပါး၊ ထိုပြည်၌ ငြိမ်းချမ်းခြင်းရှိနေ၏။ ထို့ကြောင့်၊ ထိုပြည်ထဲ၌ လာမန်အမျိုးသားတို့ တစ်ဖန်ရှိစပြု၏။
၂၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အာမုတ်လည်း သေသွား၍၊ (ထိုအချိန်မှာ ခရစ်တော်ကြွလာတော်မူခြင်းမှ တစ်ရာကိုးဆယ်လေးနှစ်ဖြစ်၏) သူ၏နေရာ၌ သူ့သား အာမုတ်က ထိုမှတ်တမ်းကို ရေး၏။ သူသည်လည်း ထိုမှတ်တမ်းကို နီဖိုင်း၏ပုရပိုက်ပြားများပေါ်၌ ရေး၏။ ထိုမှတ်တမ်းကိုလည်း ဤကျမ်းဖြစ်သည့် နီဖိုင်းကျမ်း၌ ရေးထား၏။
၂၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နှစ်ပေါင်းနှစ်ရာ ကုန်လွန်သွား၏။ အနည်းငယ်သောသူတို့မှတစ်ပါး၊ ဒုတိယမျိုးဆက်ခပ်သိမ်းသည်လည်း ကွယ်လွန်သွား၏။
၂၃ ယခုမူကား၊ ငါမော်မုန်က သင်တို့သိစေရန် အလိုရှိသည်မှာ၊ လူတို့ပွားများကြသဖြင့် ထိုပြည်၏မျက်နှာပြင် တစ်ခုလုံးပေါ်၌ ပျံ့နှံ့ကြောင်းနှင့်၊ သူတို့သည် ခရစ်တော်၌ အောင်မြင်ကြခြင်းကြောင့်၊ အလွန်ကြွယ်ဝလာသည့် အကြောင်းပေတည်း။
၂၄ ယခုမူကား၊ ဤနှစ်ရာတစ်နှစ်တွင်၊ သူတို့၌ အလွန်အဖိုးထိုက်သည့် အဝတ်များ၊ တင့်တယ်သော ပုလဲအမျိုးမျိုး၊ ထို့အတူ လောက၏တင့်တယ်သောအရာများ စသည်တို့ကို ဝတ်ဆင်လျက် မာနဖြင့်ဘဝင်မြင့်သူများရှိစပြု၏။
၂၅ ထိုအချိန်မှစ၍၊ သူတို့သည် မိမိတို့၏ ပစ္စည်းများနှင့် ဥစ္စာကို အများပိုင်အဖြစ် မထားကြတော့။
၂၆ သူတို့သည် လူတန်းစားခွဲခြားခြင်းကိုလည်း အစပြုကြ၏။ မိမိတို့ကိုယ်တိုင်အဖို့ အကျိုးအမြတ်ရခြင်းငှာ၊ အသင်းတော်များကို တည်ထောင်စပြု၍၊ ခရစ်တော်၏ မှန်သောအသင်းတော်ကို ငြင်းဆိုစပြုကြ၏။
၂၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နှစ်ပေါင်းနှစ်ရာတစ်ဆယ် ကုန်လွန်သွားသည့်အချိန်တွင်၊ ထိုပြည်၌ အသင်းတော်များစွာရှိ၏။ ထိုမှတစ်ပါး၊ ခရစ်တော်ကိုသိယောင်ဆောင်သည့်အသင်းတော်များစွာရှိ၏။ သို့ရာတွင်၊ ထိုသူတို့သည် သူ၏ဧဝံဂေလိတရားတော်အများစုကို ငြင်းဆို၍၊ အမျိုးမျိုးသောဆိုးညစ်ခြင်းတို့ကို လက်ခံကြ၏၊ မထိုက်တန်မှုကြောင့် တားမြစ်ထားခံရသူအဖို့၊ သန့်ရှင်းမွန်မြတ်သည့်အရာကို စီမံဆောင်ရွက်ကြ၏။
၂၈ ဤအသင်းတော်သည်လည်း ဒုစရိုက်ကြောင့်၊ ထို့အတူ သူတို့စိတ်နှလုံးကို လွှမ်းမိုးသည့် စာတန်၏တန်ခိုးကြောင့် လွန်စွာပွားများ၏။
၂၉ ထိုမှတစ်ဖန်၊ ခရစ်တော်ကို ငြင်းဆိုသည့် တခြားသောအသင်းတော်တစ်ပါးရှိ၏။ ခရစ်တော်၏အသင်းတော်မှ အသင်းဝင်သူတို့၏နှိမ့်ချခြင်းနှင့် ခရစ်တော်၌ သူတို့၏ယုံကြည်ခြင်းတို့ကြောင့်၊ ထိုသူတို့သည် ခရစ်တော်၏မှန်သောအသင်းတော်ကို ညှဉ်းဆဲကြ၏။ သူတို့၌ ပြုပြင်စီရင်တော်မူသည့် များစွာသောအလွန်တရာအံ့ဩဖွယ်အမှုတို့ကြောင့်လည်း မထီမဲ့မြင်ပြုကြ၏။
၃၀ ထို့ကြောင့်၊ သူတို့နှင့် ဆက်၍နေရစ်ကြသည့် ယေရှု၏တပည့်တော်တို့အပေါ်၌ တန်ခိုးနှင့် အခွင့်အာဏာကို သုံး၍၊ ထောင်ထဲ၌ လှောင်ထားကြ၏။ သို့ရာတွင်၊ တပည့်တော်တို့၌ ရှိသည့် ဘုရားသခင့်နှုတ်ကပတ်တော်၏တန်ခိုးကြောင့်၊ ထောင်တို့သည် နှစ်ခြမ်းကွဲ၍၊ သူတို့သည်လည်း ထွက်သွားကြ၏၊ လူတို့၌ ကြီးစွာသော အလွန်တရာအံ့ဩဖွယ်အမှုများကို ပြုလျက်ရှိကြ၏။
၃၁ အဘယ်သို့ပင်ဖြစ်စေ၊ ဤအလွန်တရာအံ့ဩဖွယ်အမှုများ ရှိသော်ငြားလည်း၊ လူတို့သည် စိတ်နှလုံးကို မာကျောစေ၍၊ ယေရှု၏စကားများအတိုင်း ယေရုရှလင်၌ ယုဒလူမျိုးတို့က သူ့ကို သတ်ခြင်းငှာ ကြိုးစားသကဲ့သို့ပင်၊ ထိုသူတို့ကို သတ်ခြင်းငှာ ကြိုးစားအားထုတ်ကြ၏။
၃၂ သူတို့ကို မီးပြင်းဖိုထဲသို့ ပစ်ချရာ၊ ထိခိုက်ခြင်းမရှိဘဲ ထွက်လာကြ၏။
၃၃ တောသားရဲတွင်းထဲသို့ပစ်ချရာ၊ ကလေးသူငယ်သည် သိုးသငယ်နှင့်ကစားသကဲ့သို့ပင် သူတို့သည် တောသားရဲတို့နှင့် ကစားကြ၏။ ထိခိုက်ခြင်းမရှိဘဲ၊ သားရဲတို့အထဲမှ ထွက်လာကြ၏။
၃၄ သို့သော်လည်း၊ လူတို့သည် စိတ်နှလုံးကို မာကျောစေကြ၏။ အကြောင်းမူကား၊ သူတို့သည် များစွာသောယဇ်ပုရောဟိတ်များနှင့် မိစ္ဆာပရောဖက်တို့အားဖြင့် အသင်းတော်များစွာကို တည်ထောင်ရန်နှင့် အမျိုးမျိုးသောဒုစရိုက်တို့ကို ပြုရန်ပို့ဆောင်ခြင်းကို ခံရကြ၏။ သူတို့သည် ယေရှု၏လူမျိုးတို့ကိုလည်း ပြင်းစွာရိုက်ကြ၏။ သို့ရာတွင်၊ ယေရှု၏လူမျိုးတို့သည် ပြန်၍မရိုက်ကြ။ ထိုကဲ့သို့အားဖြင့်၊ သူတို့သည် နှစ်ပေါင်း နှစ်ရာသုံးဆယ် ကုန်လွန်သွားသည့်တိုင်အောင်ပင်၊ နှစ်စဉ်နှစ်တိုင်း ယုံကြည်မှု လျော့ပါးဆုတ်ယုတ်လာကြ၏။
၃၅ ယခုမူကား၊ အချိန်တန်လာသောအခါ၊ ဤနှစ်တွင်၊ အထူးသဖြင့်၊ နှစ်ရာသုံးဆယ်တစ်နှစ်မြောက်တွင်၊ လူမျိုးတို့၌ ကြီးစွာသောကွဲပြားခြင်းရှိ၏။
၃၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဤနှစ်တွင်၊ နီဖိုင်းအမျိုးသားများဟု ခေါ်သည့် လူမျိုးတစ်မျိုး ပေါ်ပေါက်လာ၏၊ ထိုသူတို့သည် ခရစ်တော်၌ အမှန်ယုံကြည်သူများဖြစ်၏။ သူတို့ကြား၌ လာမန်အမျိုးသားတို့က—ယာကုပ်အမျိုးသားများ၊ ယောသပ်အမျိုးသားများနှင့် ဇော်ရမ်အမျိုးသားများဟု ခေါ်သည့်သူများလည်းရှိ၏။
၃၇ ထို့ကြောင့်၊ ခရစ်တော်၌ အမှန်ယုံကြည်သူများ၊ ထို့အတူ ခရစ်တော်ကို အမှန်ကိုးကွယ်သူများကို (ယေရှု၏တပည့်တော်သုံးပါး ဆက်၍နေရစ်မည့်သူတို့ကြား၌) နီဖိုင်းအမျိုးသားများ၊ ထို့အတူ ယာကုပ်အမျိုးသားများ၊ ထို့အတူ ယောသပ်အမျိုးသားများ၊ ထို့အတူ ဇော်ရမ်အမျိုးသားများဟု ခေါ်ကြ၏။
၃၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဧဝံဂေလိတရားတော်ကို ငြင်းပယ်သောသူတို့ကို လာမန်အမျိုးသားများ၊ လေမွေလအမျိုးသားများနှင့် ဣရှမေလအမျိုးသားများဟု ခေါ်ကြ၏။ ထိုသူတို့သည် ယုံကြည်မှုလျော့ပါးဆုတ်ယုတ်မလာကြ၊ သို့ရာတွင်၊ ခရစ်တော်၏ ဧဝံဂေလိတရားတော်ကို တမင်ဆန့်ကျင်ပုန်ကန်ကြ၏။ သူတို့၏သားသမီးများကိုလည်း၊ ရှေးဦးစွာကတည်းက သူတို့၏ဘိုးဘေးများ လျော့ပါးဆုတ်ယုတ်သကဲ့သို့ပင် မယုံကြည်ရမည့်အကြောင်း သွန်သင်ပေးကြ၏။
၃၉ ထိုသို့ဖြစ်ရလေသည်ကား၊ ရှေးဦးစွာက ကဲ့သို့ပင်ဖြစ်သော သူတို့ဘိုးဘေးတို့၏ ဆိုးညစ်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများကြောင့် ပေတည်း။ သူတို့သည် ရှေးဦးစွာ ကတည်းက၊ နီဖိုင်းအမျိုးသားတို့၏ သားသမီးများကို မုန်းတီးရန် သွန်သင်ခံရလေသည့် လာမန်အမျိုးသားတို့ကဲ့သို့ပင် ဘုရားသခင်၏ သားသမီးများကို မုန်းတီးရန် သွန်သင်ခံရကြလေ၏။
၄၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နှစ်ရာ့လေးဆယ့်လေးနှစ် ကုန်လွန်သွားလေပြီး၊ ဤရွေ့ကား၊ လူမျိုးတို့၏အမှုအမျိုးမျိုးပေတည်း။ လူမျိုးတို့မှ ပို၍ဆိုးညစ်သောအစုသည် အားကြီးလာ၍၊ ဘုရားသခင်၏လူမျိုးတို့ထက် အလွန်ပို၍အမြောက်အမြားရှိလာ၏။
၄၁ ထိုသူတို့သည် သူတို့ကိုယ်တိုင်အဖို့ အသင်းတော်များကို ဆက်၍ တည်ထောင်မြဲရှိခဲ့၏၊ ထိုအသင်းတော်များကို အဖိုးထိုက်သည့်အရာ အမျိုးမျိုးတို့ဖြင့် တန်ဆာဆင်ကြ၏။ ထိုကဲ့သို့အားဖြင့်၊ နှစ်ပေါင်းနှစ်ရာငါးဆယ်၊ ထို့အတူ နှစ်ရာခြောက်ဆယ်သည်လည်း ကုန်လွန်သွား၏။
၄၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လူမျိုးတို့မှ ဆိုးညစ်သည့်အစုသည် လျှို့ဝှက်သောကျိန်ဆိုခြင်းနှင့် ဂါဒျန်တန်ဂိုဏ်းများကို တစ်ဖန်တည်ထောင်စပြုကြ၏။
၄၃ နီဖိုင်းလူမျိုးများဟု ခေါ်သည့် လူမျိုးတို့သည်လည်း သူတို့၏ အလွန်များသောစည်းစိမ်ဥစ္စာတို့ကြောင့် စိတ်နှလုံး၌ မာနကြီးစပြု၍ သူတို့၏ညီအစ်ကို လာမန်အမျိုးသားတို့ကဲ့သို့ပင် အချည်းအနှီး ဖြစ်လာကြလေသတည်း။
၄၄ ဤအချိန်မှစ၍၊ တပည့်တော်တို့သည်လည်း လောကီသားတို့၏အပြစ်များအတွက် ဝမ်းနည်းစပြုကြ၏။
၄၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နှစ်ပေါင်းသုံးရာ ကုန်လွန်သွားသောအချိန်တွင်၊ နီဖိုင်းလူမျိုးနှင့် လာမန်လူမျိုး နှစ်မျိုးစလုံးတို့မှာ တစ်မျိုးသည် တခြားတစ်မျိုးကဲ့သို့ပင် အလွန်ဆိုးညစ်လာကြ၏။
၄၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဂါဒျန်တန်ဓားပြတို့သည် ထိုပြည်၏မျက်နှာပြင်တစ်ခုလုံးပေါ်၌ ပျံ့နှံ့ကြ၏။ ယေရှု၏တပည့်တော်တို့မှတစ်ပါး ဖြောင့်မတ်သောသူ တစ်ဦးမျှမရှိ။ သူတို့သည် ရွှေ၊ ငွေတို့ကို မြောက်မြားစွာ သိုထား၍၊ အမျိုးမျိုးသောကုန်ပစ္စည်းများကို အရောင်းအဝယ်ပြုကြ၏။
၄၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နှစ်ပေါင်း သုံးရာငါးနှစ် ကုန်လွန်သွားပြီးနောက်၊ (လူတို့သည် ဆိုးညစ်ခြင်း၌ ဆက်၍ရှိနေကြသေး၏) အာမုတ် သေ၏။ ထိုမှတ်တမ်းကို သူ့ ညီအမ္မရုန်က သူ့နေရာ၌ ရေး၏။
၄၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နှစ်ပေါင်းသုံးရာနှစ်ဆယ် ကုန်လွန်သွားသောအချိန်တွင်၊ အမ္မရုန်သည် သန့်ရှင်းသောဝိညာဉ်တော်၏ အတင်းစေခိုင်းခြင်းကို ခံရလျက်၊ သန့်ရှင်းမွန်မြတ်သည့်မှတ်တမ်းများကို—အထူးသဖြင့်၊ သန့်ရှင်းမွန်မြတ်သည့်အရာတည်းဟူသော၊ လူမျိုးအစဉ်အဆက် လက်ဆင့်ကမ်းပေးထားသည့် သန့်ရှင်းမွန်မြတ်သောမှတ်တမ်းခပ်သိမ်းကိုပင်—သူဝှက်ထားခဲ့သည်မှာ၊ ခရစ်တော်ကြွလာတော်မူခြင်းမှ နှစ်ပေါင်းသုံးရာနှစ်ဆယ်မြောက်အထိပင်တည်း။
၄၉ သူသည်လည်း ထိုမှတ်တမ်းများကို ကိုယ်တော်ရှင်၏ ပရောဖက်ပြုဟောချက်များနှင့် ကတိတော်တို့အတိုင်း ယာကုပ်အမျိုးသားတို့၏ ကျန်ကြွင်းသောသူများသို့ ဖော်ပြနိုင်မည့်အကြောင်း ကိုယ်တော်ရှင်ထံသို့ ဝှက်ထား၏။ ဤရွေ့ကား၊ အမ္မရုန်၏မှတ်တမ်း ပြီးဆုံးခြင်းပေတည်း။