ဩမနိကျမ်း
အခန်းကြီး ၁
ဩမနိ၊ အာမရုန်၊ ခေမိတ်၊ အဘိနဒုမ်နှင့် အာမလေခိတို့သည် မှတ်တမ်းများကို တစ်လှည့်စီ ရေးမှတ်ကြ၏—ဇေဒကိလက်ထက်က ယေရုရှလင်မြို့မှလာသောဇရဟင်မလလူမျိုးတို့ကို မောဇိယတွေ့ရှိ၏—မောဇိယကို သူတို့အပေါ်မှာ ရှင်ဘုရင်အရာ၌ခန့်ထား၏—မြူးလက်၏ အမျိုးအနွယ်တို့သည် ယာရက်အမျိုးသားတို့၏နောက်ဆုံးဖြစ်သော ကောရန္တူမာကို ဇရဟင်မလပြည်၌ တွေ့ရှိကြ၏—ဗင်္ယာမိန်မင်းကြီးသည် မောဇိယ၏အရိပ်အရာကို ခံ၏—လူသားတို့သည် မိမိတို့စိတ်ဝိညာဉ်ကို ပူဇော်သက္ကာအဖြစ် ခရစ်တော်ထံ ပူဇော်ရမည်။ ဘီစီ ၃၂၃–၁၃၀ ခန့်။
၁ ရှုလော့၊ အချိန်တန်လာသောအခါ၊ ငါဩမနိသည် ငါတို့၏ဆွေစဉ်မျိုးဆက်မှတ်တမ်းကို ထိန်းသိမ်းစောင့်ရှောက်ခြင်းငှာ၊ ဤပုရပိုက်ပြားများပေါ်၌ အတော်အသင့်ရေးရမည့်အကြောင်း၊ ငါ့အဘယာရုမ်၏မှာထားခြင်းကို ခံရလျက်—
၂ သို့ဖြစ်၍၊ ငါ၏အသက်တာတွင်၊ ငါ၏လူမျိုးနီဖိုင်းအမျိုးသားတို့ကို သူတို့ရန်သူလာမန်အမျိုးသားတို့၏လက်ထဲသို့ ကျရောက်ခြင်းမှ ကာကွယ်စောင့်ရှောက်ခြင်းငှာ၊ ငါသည် ဓားဖြင့်၊ များစွာတိုက်ခိုက်ခဲ့ကြောင်းကို သင်တို့သိစေလို၏။ သို့ရာတွင်၊ ရှုလော့၊ ငါကိုယ်တိုင်သည်ကား၊ ဆိုးညစ်သောသူတစ်ယောက်ဖြစ်၍၊ ကိုယ်တော်ရှင်၏ထုံးဥပဒေသများနှင့် ပညတ်တော်များကို ပြုသင့်သည့်အတိုင်း၊ မစောင့်ထိန်းလေခဲ့။
၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နှစ်ပေါင်းနှစ်ရာခုနစ်ဆယ်ခြောက်နှစ် ကုန်လွန်လေပြီး၊ ငါတို့၌ ငြိမ်းချမ်းခြင်းကာလများစွာရှိ၏။ ထို့အတူ၊ ငါတို့၌ ပြင်းထန်သောစစ်တိုက်ခြင်းနှင့် အသွေးသွန်းလောင်းခြင်းကာလများစွာရှိ၏။ ထိုမှတစ်ပါး၊ အချုပ်အားဖြင့်၊ နှစ်ပေါင်း နှစ်ရာရှစ်ဆယ်နှစ်နှစ် ကုန်လွန်လေ၍၊ ငါသည် ငါ့ဘိုးဘေးတို့၏မိန့်မှာချက်များအတိုင်း၊ ဤပုရပိုက်ပြားများကို သိမ်းဆည်းထားလေပြီး၊ ငါ့သားအာမရုန်ထံ အပ်နှင်း၏။ ထို့အတူ၊ ငါ လက်စသတ်၏။
၄ ယခုမူကား၊ ငါအာမရုန်သည် ရေးသမျှအနည်းငယ်သောအရာတို့ကို ငါ့အဘ၏ကျမ်းတွင် ရေး၏။
၅ ရှုလော့၊ အချိန်တန်လာသောအခါ၊ နှစ်ပေါင်း သုံးရာနှစ်ဆယ် ကုန်လွန်လေ၍၊ နီဖိုင်းအမျိုးသားတို့မှ ပို၍ဆိုးညစ်သောအစုသည် ဖျက်ဆီးခံရလေ၏။
၆ ကိုယ်တော်ရှင်သည် သူတို့ကို ယေရုရှလင်နယ်မြေမှ ဆောင်တော်မူခဲ့လေပြီးနောက်၊ သူတို့ရန်သူများ၏လက်ထဲသို့ ကျရောက်ခြင်းမှ ထိန်းသိမ်း၍ ကာကွယ်စောင့်မတော်မူလျက်၊ အခွင့်ပေးတော်မူမည်မဟုတ်သောကြောင့်၊ အကယ်စင်စစ် သင်တို့သည် ငါ၏ပညတ်တော်များကို မစောင့်ထိန်းသမျှ၊ ထိုပြည်၌ အောင်မြင်လိမ့်မည် မဟုတ်ဟုဆို၍၊ ငါတို့ဘိုးဘေးတို့အားမိန့်တော်မူခဲ့သည့် နှုတ်ကပတ်တော်များ ပြည့်စုံစေခြင်းကိုလည်း အခွင့်ပေးတော်မူမည်မဟုတ်။
၇ သို့ဖြစ်၍၊ ကိုယ်တော်ရှင်သည် သူတို့ကို ကြီးစွာသောတရားစီရင်တော်မူခြင်းနှင့် ဆုံးမတော်မူ၏။ သို့သော်လည်း ဖြောင့်မတ်သောသူတို့ကို မပျက်စီးစေခြင်းငှာ၊ ချမ်းသာပေးတော်မူ၍၊ သူတို့ရန်သူများ၏လက်မှ ကယ်လွှတ်တော်မူ၏။
၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် ပုရပိုက်ပြားများကို ငါ့ညီခေမိတ်သို့ ပေးအပ်၏။
၉ ယခုတွင်၊ ငါခေမိတ်သည်၊ ရေးသည့် အနည်းငယ်သောအရာတို့ကို ငါ့အစ်ကိုနှင့်အတူ တစ်ကျမ်းတည်းတွင် ရေး၏။ အကြောင်းမူကား၊ ရှုလော့၊ သူရေးသည့် နောက်ဆုံးစာကို သူ့လက်နှင့်ရေးသည်ကို ငါမြင်၏။ ပုရပိုက်ပြားတို့ကို ငါ့ထံသို့ပေးအပ်စဉ်တွင် ထိုအရာကို ရေးလေ၏။ ဤကဲ့သို့အားဖြင့်၊ ငါတို့သည် မှတ်တမ်းများကို ဆက်တိုက် ရေးမှတ်ကြသည်ကား၊ ငါတို့ဘိုးဘေးတို့၏မိန့်မှာချက်များကြောင့်ပေတည်း။ ထို့အတူ၊ ငါလက်စသတ်၏။
၁၀ ရှုလော့၊ ငါအဘိနဒုမ်သည် ခေမိတ်၏သားဖြစ်၏။ ရှုလော့၊ အချိန်တန်လာသောအခါ၊ ငါသည် ငါ၏လူမျိုးနီဖိုင်းအမျိုးသားများနှင့် လာမန်အမျိုးသားများကြား၌ များစွာသောစစ်တိုက်ခြင်းနှင့် ရန်တွေ့ခြင်းကို မြင်၍၊ ငါ၏ညီအစ်ကိုတို့ကို ကာကွယ်ရာ၌ လာမန်အမျိုးသားများစွာ၏အသက်ကို ငါကိုယ်တိုင်၏ဓားဖြင့် နှုတ်ယူလေ၏။
၁၁ ရှုဦးလော့၊ ဤလူမျိုးတို့၏မှတ်တမ်းများကို မျိုးဆက်အလိုက် ပိုင်ဆိုင်ခဲ့ကြသည့် ရှင်ဘုရင်တို့၏ပုရပိုက်ပြားများပေါ်၌ ရေးထွင်းထား၍၊ ရေးထားသည်များမှတစ်ပါး၊ အဘယ်ဗျာဒိတ်တော်ကိုမျှ ငါမသိ၊ ပရောဖက်ပြုဟောချက်ကိုလည်း ငါမသိ။ သို့ဖြစ်၍၊ လုံလောက်သောအရာကို ရေးထား၏။ ထို့အတူ၊ ငါလက်စသတ်၏။
၁၂ ရှုလော့၊ ငါသည် အဘိနဒုမ်၏သားအာမလေခိဖြစ်၏။ ရှုလော့၊ ဇရဟင်မလပြည်ကို မင်းပြုသည့် မောဇိယအကြောင်း သင်တို့ကို ငါအတော်အသင့်ပြောပြမည်။ အကြောင်းမူကား၊ ရှုလော့၊ သူ့ကို နီဖိုင်းပြည်မှ ထွက်ပြေးရမည့်အကြောင်း ကိုယ်တော်ရှင်သတိပေးတော်မူ၍၊ ကိုယ်တော်ရှင်၏အသံကို စေ့စေ့နားထောင်လိုသူမှန်သမျှသည်လည်း သူနှင့်အတူ ထိုပြည်မှ တောရိုင်းထဲသို့ ထွက်ခွာသွားရလိမ့်မည်—
၁၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိုယ်တော်ရှင်မိန့်တော်မူလေသည့်အတိုင်း သူပြု၏။ သူတို့သည် ကိုယ်တော်ရှင်၏အသံကို စေ့စေ့နားထောင်လိုသူမှန်သမျှနှင့်ထိုပြည်မှ တောရိုင်းထဲသို့ ထွက်ခွာသွားကြ၏။ များစွာသောဟောပြောခြင်းများနှင့် ပရောဖက်ပြု၍ဟောခြင်းများဖြင့် ဆောင်သွား ခံရကြ၏။ ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် အစဉ်မပြတ်ဆုံးမတော်မူသည်ကိုလည်း ခံရကြ၏။ တောရိုင်းကိုဖြတ်၍ ဇရဟင်မလဟုခေါ်သည့် ပြည်ထဲသို့ ဆင်းလာသည့်တိုင်အောင် လက်ရုံးတော်၏တန်ခိုးအားဖြင့် ပို့ဆောင်တော်မူသည်ကိုလည်း ခံရကြ၏။
၁၄ သူတို့သည် ဇရဟင်မလလူမျိုးဟုခေါ်သည့် လူမျိုးကိုလည်း တွေ့ကြ၏။ ယခုတွင်၊ ဇရဟင်မလလူမျိုးတို့၌ ကြီးစွာသောရွှင်လန်းဝမ်းမြောက်ခြင်းရှိလေ၏။ ကိုယ်တော်ရှင်သည် ယုဒလူမျိုးတို့၏မှတ်တမ်းပါသည့် ကြေးပုရပိုက်ပြားများနှင့်အတူ မောဇိယ၏လူမျိုးတို့ကို စေလွှတ်တော်မူသောကြောင့်၊ ဇရဟင်မလသည်လည်း လွန်စွာရွှင်လန်းဝမ်းမြောက်၏။
၁၅ ရှုလော့၊ အချိန်တန်လာသောအခါ၊ ယုဒရှင်ဘုရင်ဇေဒကိ ဗာဗုလုန်မြို့သို့ ဖမ်းဆီးချုပ်နှောင်ပြီး၊ သယ်ဆောင်သွားခံရသည့်အချိန်က၊ ဇရဟင်မလလူမျိုးတို့ယေရုရှလင်မှထွက် လာခဲ့ကြသည့်အကြောင်းကို မောဇိယတွေ့ရှိ၏။
၁၆ သူတို့သည် တောရိုင်းထဲ၌ ခရီးသွား၍၊ မိမိတို့ကို မောဇိယတွေ့ရှိခဲ့ရာအရပ်တည်းဟူသော ပြည်ထဲသို့ ကိုယ်တော်ရှင်၏လက်တော်အားဖြင့် ကြီးစွာသောရေတို့ကို ဖြတ်၍၊ ဆောင်ယူခံရလေ၏။ ထိုအချိန်မှစ၍လည်း ယင်းအရပ်တွင်နေထိုင်ကြလေ၏။
၁၇ မောဇိယတွေ့ရှိသည့်အချိန်တွင် သူတို့သည် အလွန်များပြားလာကြလေပြီ။ သို့သော်လည်း၊ သူတို့၌ စစ်တိုက်ခြင်းများစွာနှင့် ပြင်းထန်သောရန်တွေ့ခြင်းများ ရှိလေ၍၊ အချိန်နှင့်အမျှ ဓားဘေးဖြင့် ကျဆုံးကြ၏။ သူတို့၏ ဘာသာစကားသည်လည်း ပျက်စီးလေပြီ။ မှတ်တမ်းများကိုလည်း သူတို့နှင့်အတူ မယူဆောင်ခဲ့ကြ။ သူတို့၏ဖန်ဆင်းရှင် ရှိတော်မူခြင်းကိုလည်း ငြင်းပယ်ကြ၏။ မောဇိယနှင့် မောဇိယ၏လူမျိုးတို့ကလည်း သူတို့ကို နားမလည်နိုင်ကြ။
၁၈ သို့ရာတွင်၊ အချိန်တန်လာသောအခါ၊ မောဇိယသည် သူတို့အား မိမိဘာသာစကားဖြင့် သွန်သင်ပေးသည်ကို ခံယူစေ၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် မောဇိယ၏ဘာသာစကားဖြင့် သွန်သင်ပေးသည်ကို ခံရလေပြီးနောက် ဇရဟင်မလသည် မိမိဘိုးဘေးတို့၏ ဆွေစဉ်မျိုးဆက်မှတ်တမ်းကို အမှတ်ရှိသည်အတိုင်း ပေးခဲ့၏။ ထိုအရာတို့ကို ရေးထားသော်လည်း ဤပုရပိုက်ပြားများ၌ မဟုတ်။
၁၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဇရဟင်မလနှင့်၊ မောဇိယ၏လူမျိုးတို့သည် အတူတကွ ပေါင်းစည်းခဲ့ကြ၏။ မောဇိယသည်လည်း သူတို့၏ရှင်ဘုရင်အဖြစ်ခန့်အပ်သည်ကို ခံရ၏။
၂၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မောဇိယ၏လက်ထက်တွင်၊ ရေးထွင်းထားခြင်းများ ပါရှိသည့် ကြီးမားသောကျောက်တုံးကို သူ့ထံသို့ ယူဆောင်လာကြ၏။ သူသည်လည်း ထိုရေးထွင်းခြင်းများကို ဘုရားသခင်၏ဆုကျေးဇူးနှင့် တန်ခိုးတော်တို့အားဖြင့် အနက်ဖွင့်ပြခဲ့၏။
၂၁ ထိုအရာတို့၌ ကော်ရန္တူမာဟုခေါ်သူတစ်ဦးနှင့် သူ့လူမျိုးတို့အထဲမှ ကွပ်မျက်ခံရသူများအကြောင်း၊ မှတ်တမ်းတစ်ခု ပါဝင်၏။ ကောရန္တူမာကို ဇရဟင်မလလူမျိုးတို့က တွေ့ရှိကြ၏။ ကိုးလကြာအောင် သူတို့နှင့် အတူနေထိုင်၏။
၂၂ သူ့ဘိုးဘေးတို့အကြောင်း၊ စကားအနည်းငယ်ကိုလည်း ထိုမှတ်တမ်းကဖော်ပြ၏။ သူ၏ပထမဦးဆုံးသောမိဘတို့သည် ထိုလူမျိုးတို့၏ဘာသာစကားကို ကိုယ်တော်ရှင်ရှုပ်ထွေးစေတော်မူသည့် အချိန်၌ ရဲတိုက်မှ ထွက်လာကြ၏။ ကိုယ်တော်ရှင်၏ပြင်းစွာစီရင်တော်မူခြင်းသည် သူ၏ဖြောင့်မတ်သောစီရင်တော်မူခြင်းများအတိုင်း၊ သူတို့အပေါ် ကျရောက်၍၊ သူတို့၏အရိုးများ ထိုပြည်၏မြောက်အရပ်၌ ပျံ့ကျဲလျက်ရှိ၏။
၂၃ ရှုလော့၊ ငါအာမလေခိကို မောဇိယ၏လက်ထက်၌ မွေးဖွားခဲ့၏။ သူသေသည်ကို ငါမြင်ခဲ့လေပြီ။ သူ့သား ဗင်္ယာမိန်သည် သူ့နေရာတွင် နန်းစံ၏။
၂၄ ရှုဦးလော့၊ ဗင်္ယာမင်မင်းကြီးလက်ထက်တွင်၊ နီဖိုင်းအမျိုးသားများနှင့် လာမန်အမျိုးသားများကြား၌ ပြင်းထန်သောစစ်တိုက်ခြင်းနှင့် အသွေးသွန်းလောင်းခြင်းများစွာကို ငါမြင်ခဲ့ရလေပြီ။ သို့ရာတွင်၊ ရှုလော့၊ နီဖိုင်းအမျိုးသားများသည် သူတို့အပေါ်တွင် အခွင့်သာခြင်းကိုရရှိကြ၏။ အထူးသဖြင့်၊ ဗင်္ယာမိန်မင်းကြီးက သူတို့ကို ဇရဟင်မလပြည်မှ နှင်ထုတ်သည့်တိုင်အောင်ပင်တည်း။
၂၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် အိုမင်းစပြုလာ၏။ အမျိုးအနွယ်လည်းမရှိ၍ ဗင်္ယာမိန်မင်းကြီးမှာ၊ ကိုယ်တော်ရှင်၏အမြင်၌ ဖြောင့်မတ်သောသူဖြစ်သည်ကို သိသောကြောင့်လည်း၊ သို့ဖြစ်၍၊ လူခပ်သိမ်းတို့ကို ဘုရားသခင်၊ ဣသရေလအမျိုး၏သန့်ရှင်းတော်မူသောဘုရားထံသို့ လာကြစေရန်၊ ထို့အတူ ပရောဖက်ပြု၍ဟောခြင်းကို၊ ထို့အတူ ဗျာဒိတ်တော်များကို၊ ထို့အတူ ကောင်းကင်တမန်များအမှုတော်ဆောင်ခြင်းကို၊ ထို့အတူ အခြားသောဘာသာစကားများဖြင့် ပြောခြင်းဆုကျေးဇူးကို၊ ထို့အတူ ဘာသာစကားများကို အနက်ဖွင့်ခြင်းဆုကျေးဇူးကို၊ ထို့အတူ ကောင်းမြတ်သောအရာခပ်သိမ်းတို့ကို ယုံကြည်ကြစေရန် တိုက်တွန်းလျက် ဤပုရပိုက်ပြားများကို သူ့ထံသို့ ပေးအပ်မည်။ အကြောင်းမူကား၊ ကိုယ်တော်ရှင်ထံမှလာသည်မဟုတ်လျှင်၊ အဘယ်အရာမျှ ကောင်းမြတ်ခြင်းမရှိ။ ဆိုးသောအရာသည်ကား၊ နတ်ဆိုးထံမှ လာ၏။
၂၆ ယခုမူကား၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ သင်တို့သည် ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရားဖြစ်သည့် ခရစ်တော်ထံသို့ လာ၍၊ သူ၏ကယ်တင်ခြင်းနှင့် သူ၏ရွေးနှုတ်ခြင်းတန်ခိုးကို ခံယူကြစေကြောင်း ငါအလိုရှိ၏။ ထိုမှတစ်ပါး၊ သူ့ထံသို့ လာ၍ သင်တို့၏စိတ်ဝိညာဉ်တစ်ခုလုံးကို ပူဇော်သက္ကာအဖြစ် ပူဇော်၍၊ အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်းတို့ကို ဆက်၍ပြုကြလျက်၊ အဆုံးတိုင်အောင် တည်ကြည်ကြလော့။ ထို့အတူ၊ ကိုယ်တော်ရှင် အသက်ရှင်တော်မူသည့်အတိုင်း၊ သင်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။
၂၇ ယခုမူကား၊ နီဖိုင်းပြည်သို့ ပြန်သွားခြင်းငှာ တောရိုင်းထဲသို့ သွားသူအချို့အကြောင်းကို ငါအတော်အသင့်ပြောလို၏။ အကြောင်းမူကား၊ သူတို့၏အမွေခံရာမြေကို ပိုင်ဆိုင်လိုသည့်သူများစွာ ရှိ၏။
၂၈ သို့ဖြစ်၍၊ သူတို့သည် တောရိုင်းထဲသို့ သွားခဲ့ကြ၏။ သူတို့၏အကြီးအကဲသည် သန်မာ၍ အားကြီးလျက်၊ လည်ပင်းခိုင်မာသောသူဖြစ်၏။ သို့ဖြစ်၍၊ သူတို့၌ ရန်တွေ့ခြင်းကို ဖြစ်စေ၏။ အယောက်ငါးဆယ်မှတစ်ပါး၊ တောရိုင်းထဲ၌ အားလုံးကွပ်မျက်ခံရ၏။ သူတို့သည်လည်း ဇရဟင်မလပြည်သို့ တစ်ဖန်ပြန်လာခဲ့ကြ၏။
၂၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် အခြားသောသူတို့ကိုလည်း များစွာ ခေါ်ဆောင်၍၊ တောရိုင်းထဲသို့ တစ်ဖန်ခရီးသွားကြပြန်၏။
၃၀ ငါအာမလေခိ၌ သူတို့နှင့်လိုက်ပါသွားသော ညီတစ်ယောက်ရှိ၏။ ထိုအချိန်မှစ၍ သူတို့အကြောင်းကို ငါမသိလေတော့။ ငါ့သင်္ချိုင်းတွင်းသို့ ငါလဲလျောင်းတော့မည်။ ဤပုရပိုက်ပြားတို့မှာ ပြည့်လျက်ရှိ၏။ ငါ၏ဟောပြောခြင်းကိုလည်း လက်စသတ်၏။