အခန်းကြီး ၃၀
နောက်ပိုင်းကာလတပါးအမျိုးသားတို့သည် နောင်တရ၍၊ ခရစ်တော်ထံသို့လာပြီးလျှင်၊ ဣသရေလအမျိုးသားတို့နှင့်အတူ ရေတွက်ခံရရန် မိန့်တော်မူခြင်းကို ခံရကြ၏။ အေဒီ ၃၄–၃၅ ခန့်။
၁ စေ့စေ့နားထောင်ကြလော့၊ အို တပါးအမျိုးသားတို့၊ သင်တို့နှင့်စပ်လျဉ်း၍ ငါပြောပြရမည့်အကြောင်း၊ မိန့်တော်မူလေသောသူတည်းဟူသော ယေရှုခရစ်တော်၊ အသက်ရှင်တော်မူသည့် ဘုရားသခင့်သားတော်၏ နှုတ်ကပတ်တော်တို့ကို ကြားနာကြလော့။ အကြောင်းမူကား၊ ငါရေးရမည့်အကြောင်း သူမိန့်တော်မူလေသည်မှာ၊
၂ ခပ်သိမ်းသော အသင်တပါးအမျိုးသားတို့၊ သင်တို့၏ ဆိုးညစ်သောလမ်းတို့ကို ကျောခိုင်း ကြလော့။ ထို့အတူ၊ သင်တို့၏ဆိုးသောအမှုများမှ၊ သင်တို့၏မုသားပြောခြင်းနှင့် လှည့်စားခြင်းများမှ၊ ထို့အတူ သင်တို့၏ မတရားသောမေထုန်အမှုများမှ၊ ထို့အတူ သင်တို့၏လျှို့ဝှက်သော စက်ဆုပ်ရွံရှာဖွယ်အမှုများမှ၊ ထို့အတူ သင်တို့၏ရုပ်တုကိုးကွယ်ခြင်းများ၊ ထို့အတူ သင်တို့၏လူ့အသက်သတ်ခြင်းများမှ၊ ထို့အတူ သင်တို့၏ဘာသာရေးဖြင့်ကိုယ်ကျိုးရှာခြင်းများ၊ ထို့အတူ သင်တို့၏ဂုဏ်ပြိုင်ခြင်းများ၊ ထို့အတူ သင်တို့၏ရန်တွေ့ခြင်းများ၊ ထို့အတူ သင်တို့၏ဆိုးညစ်ခြင်းခပ်သိမ်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများမှ နောင်တရကြလော့။ ထို့အတူ ငါ့ထံသို့ လာကြလော့။ ထို့အတူ ငါ၏နာမတော်၌ ဗတ္တိဇံခံကြလော့။ သင်တို့၏အပြစ်များမှလွှတ်ခြင်းအခွင့်ကို ရရှိနိုင်ကြစေကြောင်း၊ ထို့အတူ၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ကြစေကြောင်း၊ ဣသရေလအမျိုးသားများဖြစ်သည့် ငါ၏လူမျိုးတို့နှင့်အတူ ရေတွက်ခံရနိုင်ကြစေကြောင်းတို့ပင်တည်း။