ကျမ်းစာများ
၃ နီဖိုင်း ၃


အခန်းကြီး ၃

ဂါဒျန်တန်​အကြီး​အကဲ ဂိဒျန်ဟိသည် လာချော်နေရုနှင့် နီဖိုင်း​အမျိုးသားတို့ကို သူတို့​ကိုယ်တိုင်နှင့် သူတို့၏​ပြည်များကို အညံ့ခံရန် တောင်း​ဆို၏—လာချော်နေရုသည် ဂိဂိဒေါနိအား တပ်များ၏​ဗိုလ်ချုပ်​မင်း​အဖြစ် ခန့်​အပ်၏—နီဖိုင်း​အမျိုးသားတို့သည် မိမိတို့​ကိုယ်ကို​ကာကွယ်ရန် ဇရဟင်မလနှင့် အလျှံပယ်၌ စည်းဝေးကြ၏။ အေဒီ ၁၆–၁၈ ခန့်။

ယခုမူကား၊ အချိန်​တန်​လာသော​အခါ၊ ခရစ်တော်​ကြွ​လာ​တော်မူခြင်းမှ တစ်ဆယ်​ခြောက်​နှစ်​မြောက်၌၊ ထိုပြည်၏ အုပ်ချုပ်​သူ​လာချော်နေရုသည် ဤ​ဓားပြ​အဖွဲ့၏ အကြီး​အကဲ​အုပ်ချုပ်​သူထံမှ အမှာ​စာ​တစ်စောင်ကို လက်​ခံရ​ရှိ၏။ ရေး​ထားသော ဤစကားတို့​သည်ကား၊

လာချော်နေရု၊ ပြည်၏ အမြတ်​ဆုံးနှင့် အုပ်​ချုပ်​သူမင်း၊ ရှုလော့၊ ငါသည် သင့်ထံသို့ ဤအမှာ​စာကို ရေးပြီး၊ သင်တို့၏ အခွင့်​အရေးနှင့် လွတ်လပ်ခြင်းဟု သင်တို့​ထင်မြင်သော​အရာကို ထိန်း​သိမ်းရာ၌ သင်၏​ခိုင်မြဲခြင်းနှင့် ထို့အတူ၊ သင့်​လူမျိုးတို့၏ ခိုင်မြဲခြင်း​ကြောင့်​လည်း သင့်ကို အလွန်​ကြီးစွာ​ချီးမွမ်း​ပါ၏။ ထိုမှတစ်ပါး၊ သင်တို့၏ လွတ်​လပ်ခြင်း၊ သင်တို့၏​ဥစ္စာ​ပစ္စည်းများနှင့် သင်တို့၏ တိုင်းပြည်၊ သို့မဟုတ် ထိုကဲ့သို့​သင်တို့ ခေါ်သည့်​အရာကို ကာကွယ်ရာ၌ ဘုရားသခင်၏​လက်တော်​အားဖြင့် ထောက်​မခံရ​သကဲ့သို့ သင်တို့​ကောင်းစွာ​ခုခံကြ၏။

အမြတ်​ဆုံး​ဖြစ်တော်မူသော လာချော်နေရု၊ သင်တို့သည် ယခုဤ​အချိန်တွင် သူတို့​လက်ထဲ၌ လက်နက်ကို စွဲကိုင်လျက်​ရှိသူ၊ ကြီးစွာသော​စိတ်စောခြင်းဖြင့်—နီဖိုင်း​အမျိုးသားတို့ကို သွား၍​တိုက်ခိုက်ဖျက်ဆီးကြ​ဟူသော အမိန့်ကို စောင့်နေသည့်၊ ငါ၏​အုပ်ချုပ်မှု၌​ရှိကြသည့် ရဲရင့်သော​သူ​များစွာတို့ကို ခုခံ​နိုင်သည်ဟု ထင်​မှတ်ကြ​သည်မှာ ငါ့​အနေ​ဖြင့် သင်တို့သည် အလွန်​မိုက်မဲ၏၊ အချည်း​နှီးဖြစ်၍ သနား​စရာ​ဖြစ်ပေ၏။

ငါ​သည်လည်း သူတို့၏ အနိုင်​မခံသော​စိတ်ကို သိသဖြင့်၊ သူတို့ကို စစ်တလင်း၌ စမ်းသပ်၍၊ သင်တို့ သူတို့ကို ပြုလေသည့် များစွာသော ပြစ်မှားခြင်းတို့​ကြောင့်၊ သင်တို့​အပေါ်​ရှိသည့် သူတို့၏​ထာဝရ​တည်မြဲသော​မုန်းတီးခြင်းကို သိသဖြင့်၊ ထို့ကြောင့်၊ သူတို့​ဆင်း​လာ၍ သင်တို့ကို တိုက်​ခိုက်ကြ​လျှင်၊ သင်တို့ထံ ရှင်း​ရှင်းဖျက်​ဆီးခြင်းနှင့်​အတူ ရောက်လိမ့်မည်။

ထို့ကြောင့်၊ သင်တို့ မှန်ကန်​သည်ဟု ယုံကြည်သည့်​အရာ၌ သင်တို့၏​ခိုင်မြဲခြင်းနှင့် စစ်တလင်း၌ သင်တို့၏​မြတ်သော​စိတ်ကြောင့်၊ ငါသည် သင်တို့၏​ကောင်း​ကျိုး​အတွက် ခံစား​မိသဖြင့်၊ ဤအမှာစာကို ရေးလေပြီးလျှင်၊ ငါ့​လက်ဖြင့်​ပိတ်၏။

ထို့ကြောင့်၊ ငါသည် သူတို့ သင်တို့ကို ဓားဘေးဖြင့် ဒဏ်​ခတ်၍ သင်တို့​အပေါ်သို့ ဖျက်ဆီးခြင်းကို ရောက်စေမည့်​အစား၊ ငါ၏​ဤလူတို့ထံသို့ သင်တို့၏​မြို့များ၊ သင်တို့၏​ပြည်များနှင့် သင်တို့၏​ပိုင်ဆိုင်ရာတို့ကို သင်တို့​ပေးအပ်မည့်​အကြောင်း တောင်းဆို၍ ရေး၏။

သို့မဟုတ်၊ တစ်နည်း​အားဖြင့်၊ သင်တို့ကိုယ်ကို ငါတို့​ထံသို့ အရှုံး​ပေး၍၊ ငါတို့နှင့် ပူးပေါင်း၍၊ ငါတို့၏​လျှို့ဝှက်သော​အမှုများနှင့် အကျွမ်း​ဝင်လာကြ၊ ထို့အတူ ငါတို့၏​ညီအစ်ကိုများ ဖြစ်လာ၍ သင်တို့သည် ငါတို့​ကဲ့သို့​ဖြစ်လာကြ—ငါတို့၏​ကျွန်များ​မဟုတ်၊ ငါတို့၏​ခပ်သိမ်းသော ဥစ္စာ​ပစ္စည်းများကို​ပိုင်သည့် ငါတို့၏​ညီအစ်ကိုများနှင့် အပေါင်း​အဖော်များသာ ဖြစ်​လာကြ​စေ​လို၏။

ရှုဦးလော့၊ ငါသည် သင့်ကို ကျိန်ဆိုခြင်းဖြင့် ကျိန်ဆို​သည်မှာ သင်တို့သည် ဤအမှုကို ပြုလျှင်၊ အဖျက်​ဆီး​ခံရမည်​မဟုတ်။ သို့ရာတွင်၊ သင်တို့သည် ဤအမှုကို မပြုလျှင်၊ ငါသည် သင့်ကို ကျိန်ဆိုခြင်းဖြင့် ကျိန်ဆို​သည်မှာ၊ ငါ၏​တပ်များ ဆင်း​လာ​ပြီး သင်တို့ကို တိုက်​ခိုက်စေရန် နောက်​တစ်လ၌ ငါ​အမိန့်​ပေးမည်။ သူတို့​သည်​လည်း လက်ကို မရုပ်သိမ်းဘဲ၊ သင်တို့ကို ကွပ်မျက်၍ သင်တို့ ဆိတ်​သုဉ်း​သွားသည့်​တိုင်​အောင်ပင် ဓားကို သင်တို့​အပေါ် ကျ​ရောက်​စေလိမ့်မည်။

ရှုဦးလော့၊ ငါသည် ဂိဒျန်ဟိ​ဖြစ်၏။ ငါသည် ဤလျှို့​ဝှက်သော ဂါဒျန်တန်​အဖွဲ့၏ အုပ်​ချုပ်သူ​လည်း​ဖြစ်၏။ ထိုအဖွဲ့နှင့် အဖွဲ့၏​အမှုတို့​ကောင်း​မြတ်​ကြောင်းကို သိ၏။ ထိုအရာတို့​သည်​လည်း ရှေး​အခါ​ကတည်းက ရှိ၍၊ ငါတို့​ထံသို့ လက်​ဆင့်​ကမ်း၍ ပေး​ခဲ့၏။

၁၀ ငါသည် ဤအမှာ​စာကို အသင် လာချော်​နေရုထံသို့ ရေး၏၊ သင်တို့သည် အသွေး​မသွန်း​လောင်းဘဲနှင့် သင်တို့​ပြည်များနှင့် သင်တို့၏​ပိုင်ဆိုင်ရာတို့ကို ပေးအပ်မည်ဟု ငါ​မျှော်လင့်၏၊ သူတို့​အာဏာ​စက်၏​အခွင့်​အရေးများကို ထိန်း​သိမ်း​ထားရာ၌ သင်တို့၏​ဆိုးညစ်ခြင်းကြောင့်၊ သင်တို့​ထံမှ ခွဲ​ထွက်လေသူ ငါ၏​လူမျိုးတို့သည် သူတို့၏​အခွင့်​အရေးများနှင့် အာဏာ​စက်ကို ပြန်လည်​ရယူ​နိုင်၏။ သင်တို့သည် ဤအမှုကို မပြုလျှင်၊ ငါသည် သူတို့​ခံစား​ရသော မတရားမှု​အတွက် လက်​တုံ့​ပြန်မည်။ ငါသည်​ဂိဒျန်ဟိ​ဖြစ်၏။

၁၁ ယခု​မူကား၊ အချိန်​တန်​လာသော​အခါ၊ လာချော်နေရုသည် ဤအမှာ​စာကို လက်​ခံရ​ရှိလျှင်၊ နီဖိုင်း​အမျိုးသားတို့၏​ပြည်ကို ပိုင်ဆိုင်ခွင့်​တောင်းဆိုခြင်း၌​လည်း​ကောင်း၊ လူတို့ကို ခြိမ်း​ခြောက်ရာ၌​လည်း​ကောင်း၊ ထိုဆိုးညစ်၍၊ စက်ဆုပ်​ရွံရှာဖွယ်​ကောင်းသည့် ဓားပြများ​ထံသို့ ခွဲထွက်​သွားခြင်း​အားဖြင့်၊ သူတို့​ကိုယ်​တိုင်မ​တရား​ပြုလေသည်​မှတစ်ပါး၊ မတရားမှုကို မခံစားရ​သူတို့နှင့်​စပ်လျဉ်း၍၊ မတရားမှု​အတွက် လက်​စား​ချေရာ၌​လည်း​ကောင်း၊ ဂိဒျန်ဟိ၏​ရဲရင့်ခြင်းကြောင့် လွန်စွာ​အံ့ဩ၏။

၁၂ ယခုတွင်၊ ရှုလော့၊ အုပ်ချုပ်သူ ဤလာချော်နေရုသည် ဖြောင့်မတ်သော​လူ​တစ်ဦး​ဖြစ်၏၊ ဓားပြ​တစ်ဦး၏ တောင်းဆိုခြင်းများနှင့် ခြိမ်း​ခြောက်ခြင်း​များ​အားဖြင့် ကြောက်လန့်ခြင်း​မရှိနိုင်။ ထို့ကြောင့်၊ သူသည် ဓားပြတို့၏​အုပ်ချုပ်သူ ဂိဒျန်ဟိ၏​အမှာစာကို စေ့စေ့နား​မထောင်၊ ဓားပြများ ဆင်း​လာ၍​တိုက်ခိုက်မည့် အချိန်၌ ခွန်အား​အတွက် သူ၏​လူမျိုးတို့ကို၊ ကိုယ်တော်ရှင်​ထံသို့သာ တောင်း​လျှောက်​စေ၏။

၁၃ ထိုမှတစ်ပါး၊ သူသည် လူမျိုးခပ်သိမ်းတို့၌ ကြေညာချက်ကို ထုတ်ပြန်​သည်မှာ သူတို့၏​မိန်းမများ၊ ထို့အတူ၊ သူတို့၏​သားသမီးများ၊ သူတို့၏​သိုးစုများနှင့် သူတို့၏​နွားစုများ၊ ထို့အတူ သူတို့၏​မြေ​မှတစ်ပါး၊ သူတို့၏​ခပ်သိမ်းသော ဥစ္စာ​ပစ္စည်းများကို တစ်ခုသောအရပ်သို့ အတူတကွ စုဝေး​စေရမည့်​အကြောင်း​ပေတည်း။

၁၄ ခံတပ်များကိုလည်း သူတို့၏​ပတ်လည်၌ တည်ဆောက်​စေ၏၊ ထိုခံတပ်များကို အလွန်​အားကြီး​စေ၏။ နီဖိုင်း​အမျိုးသားတို့နှင့် လာမန်​အမျိုးသားတို့ နှစ်မျိုးစလုံး၊ သို့မဟုတ် နီဖိုင်း​အမျိုး​သားတို့၌ ရေတွက်ခြင်း​ခံရလေသူခပ်သိမ်းတို့၏ တပ်များကို​လည်း သူတို့ကို စောင့်ကြည့်ရန်နှင့် သူတို့ကို ဓားပြတို့၏​ရန်မှ နေ့ရော ညပါ ကာကွယ်ရန် ပတ်လည်၌ အစောင့်များ​အဖြစ်​ချ​ထား​စေ၏။

၁၅ ထိုမှတစ်ပါး၊ သူတို့ကို ဆိုလေ​သည်ကား၊ ကိုယ်တော်ရှင် အသက်​ရှင်​တော်မူသည့်​အတိုင်း၊ သင်တို့သည် သင်တို့၏​ခပ်သိမ်းသော​ဒုစရိုက်များမှ နောင်တ​ရခြင်းနှင့် ကိုယ်တော်ရှင်​ထံသို့ တောင်း​လျှောက်ခြင်း​မရှိလျှင်၊ ထိုဂါဒျန်တန်​ဓားပြတို့၏​လက်မှ အလျှင်း​ကယ်​လွှတ်​မခံရ။

၁၆ အလွန်​ကြီး​မြတ်၍၊ အံ့ဩဖွယ်​ကောင်းသည်မှာ လာချော်နေရု၏ စကားများနှင့် ပရောဖက်​ပြုဟောချက်များဖြစ်လေရာ၊ ကြောက်ရွံ့ခြင်းကို လူတို့​အပေါ်​ကျရောက်​လာစေ၏။ သူတို့​သည်​လည်း လာချော်နေရု၏​စကားများ​အတိုင်း ပြုရန် သူတို့၏​အစွမ်း​ရှိသမျှဖြင့် သူတို့​ကိုယ်တိုင် ကြိုး​ပမ်း​အား​ထုတ်ကြ၏။

၁၇ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာချော်နေရုသည် ဓားပြများ တောရိုင်း​ထဲမှ ထွက်၍​ဆင်း​လာပြီးလျှင် မိမိတို့ကို တိုက်ခိုက်မည့်​အချိန်၌ နီဖိုင်း​အမျိုးသားတို့၏ ခပ်သိမ်းသော​တပ်များကို အမိန့်​ပေးစေရန် သူတို့​အပေါ်၌ ဗိုလ်ချုပ်မင်း​များကို ခန့်အပ်ထား၏။

၁၈ ယခုတွင်၊ ဗိုလ်ချုပ်မင်း​ခပ်သိမ်းနှင့် နီဖိုင်း​အမျိုး​သားတပ်​ခပ်သိမ်း၏ တပ်မှူး​ကြီးတို့၌ အကြီး​ဆုံးသော​သူကို ခန့်အပ်ထား၏၊ ထိုသူ၏​အမည်မှာ ဂိဂိဒေါနိ​ဖြစ်၏။

၁၉ ယခုတွင်၊ နီဖိုင်း​အမျိုးသား​ခပ်သိမ်းတို့၌ (သူတို့၏​ဆိုးညစ်ရာ​အချိန်များ၌ မှတစ်ပါး) ဗျာဒိတ်တော်နှင့် ပရောဖက်​ပြုဝိညာဉ် ရှိသော​တစ်စုံ​တစ်ဦးကို သူတို့၏​ဗိုလ်ချုပ်မင်း​အဖြစ် ခန့်အပ်​ထားရန်မှာ ထုံးစံ​ဖြစ်၏။ ထို့ကြောင့်၊ ဤဂိဂိဒေါနိသည် သူတို့၌ ပရောဖက်​တစ်ပါး​ဖြစ်၏၊ တရား​သူကြီး​ချုပ်လည်း​ဖြစ်၏။

၂၀ ယခုတွင်၊ လူတို့က ဂိဂိဒေါနိကို ဆိုကြလေ​သည်ကား၊ ကိုယ်တော်ရှင်​ထံသို့ ဆုတောင်းပါလော့။ ထို့အတူ၊ ငါတို့သည် ဓားပြများကို တိုက်​ခိုက်၍ သူတို့နေရင်း​ပြည်၌ ဖျက်ဆီး​နိုင်ကြခြင်းငှာ၊ ငါတို့အား တောင်​များပေါ်သို့​တက်၍၊ တောရိုင်း​ထဲသို့​သွားရန် အခွင့်​ပေးပါလော့။

၂၁ သို့ရာတွင်၊ ဂိဂိဒေါနိက သူတို့ကို ဆိုလေ​သည်ကား၊ ကိုယ်တော်ရှင်​တား​မြစ်​တော်မူ၏။ အကြောင်း​မူကား၊ ငါတို့သည် တက်​သွား၍ သူတို့ကို တိုက်ခိုက်မည်​ဆိုလျှင်၊ ကိုယ်တော်ရှင်သည် ငါတို့ကို သူတို့၏​လက်ထဲသို့ အပ်တော်မူ​လိမ့်မည်။ ထို့ကြောင့်၊ ငါတို့သည် ငါတို့​ကိုယ်တိုင် ငါတို့​ပြည်၏​အလယ်၌ ပြင်​ဆင်၍၊ ငါတို့၏​တပ်များကို အတူတကွ​စုဝေးလျက်၊ သူတို့ကို သွား၍​မတိုက်၊ သူတို့​လာ၍​တိုက်သည့်​တိုင်အောင်သာ စောင့်ကြမည်။ ထို့ကြောင့်၊ ကိုယ်တော်ရှင်​အသက်ရှင်​တော်မူသည့်​အတိုင်း၊ ငါတို့သည် ဤကဲ့သို့ ပြုလျှင်၊ သူတို့ကို ငါတို့​လက်ထဲသို့ အပ်​တော်မူ​လိမ့်မည်။

၂၂ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ တစ်ဆယ်​ခုနစ်​နှစ်​မြောက်​နှစ်၏ နောက်ဆုံး​ပိုင်း​ကာလ၌၊ လာချော်နေရု၏ ကြေညာချက်သည် ထိုပြည်၏​မျက်နှာ​ပြင်​တစ်လျှောက် ပျံ့နှံ့​သွား၍၊ သူတို့သည် မိမိတို့၏​မြင်းများ၊ ထို့အတူ မိမိတို့၏​မြင်းရ​ထားများ၊ ထို့အတူ မိမိတို့၏​တိရစ္ဆာန်များ၊ ထို့အတူ မိမိတို့၏​ခပ်သိမ်းသော သိုးစုများ၊ ထို့အတူ မိမိတို့၏​နွားစုများ၊ ထို့အတူ မိမိတို့၏​စပါး၊ ထို့အတူ မိမိတို့၏​ဥစ္စာများကို ယူ၍၊ ထောင်​ပေါင်း​များစွာတို့​အားဖြင့်​လည်းကောင်း၊ သောင်း​ပေါင်း​များစွာတို့​အားဖြင့်​လည်း​ကောင်း သူတို့​အားလုံးသည် မိမိတို့၏​ရန်သူများ​တစ်ဖက်၌ မိမိတို့​ကိုယ်ကို​ကာကွယ်ရန် သူတို့ကိုယ်​သူတို့ အတူတကွ​စုဝေး​ရမည်ဟု သတ်​မှတ်​ထားသော​နေရာသို့​တိုင်​အောင် ထွက်​သွား၍ ချီ​တက်ကြ၏။

၂၃ သတ်​မှတ်​ထားသော​ပြည်​သည်​ကား၊ ဇရဟင်မလ​ပြည်​ဖြစ်၏၊ ဇရဟင်မလ​ပြည်နှင့် အလျှံပယ်​ပြည် နှစ်ခု​ကြားရှိ၊ အမှန်စင်စစ်၊ အလျှံပယ်​ပြည်နှင့် လူ​ဆိတ်ညံရာ​ပြည်နှစ်ခု​ကြားရှိ နယ်ခြား​စည်းသို့​တိုင်​အောင်​ပင်တည်း။

၂၄ နီဖိုင်း​အမျိုး​သားများဟု ခေါ်သော​သူ၊ ဤပြည်၌ သူတို့ကိုယ်​သူတို့ အတူတကွ​စုဝေးသူ၊ အလွန်များသည့် ထောင်​ပေါင်း​များစွာသော​လူတို့ ရှိ၏။ ယခုတွင်၊ မြောက်​ဘက်​လားရာ​ပြည်ရှိ ကြီးစွာသော​ကျိန်ခြင်းကြောင့်၊ လာချော်နေရုသည် တောင်​ဘက်​လားရာ​ပြည်၌ သူတို့ကိုယ်​သူတို့ အတူတကွ​စုဝေး​စေ၏။

၂၅ သူတို့​သည်လည်း မိမိတို့​ရန်သူများ​တစ်ဖက်၌ သူတို့ကိုယ်​သူတို့ အင်​အား​ခိုင်မာ​စေကြ၏။ ထို့အတူ၊ သူတို့သည် တစ်ပြည်တည်း၌ တစ်စုတည်း​နေ၍၊ လာချော်နေရု​ပြောသော​စကားများကို ကြောက်ရွံ့ကြ​သဖြင့် သူတို့၏ ခပ်သိမ်းသော​အပြစ်များမှ နောင်တ​ရကြသည့်​တိုင်​အောင်​ပင်တည်း။ သူတို့၏​ရန်သူများ သူတို့​ထံသို့​ဆင်း​လာ၍​စစ်တိုက်မည့်​အချိန်၌ သူတို့ကို သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင် ကယ်လွှတ်​တော်မူပါမည့်​အကြောင်း​ကိုလည်း ဆုတောင်း​ကြ၏။

၂၆ သူတို့သည် မိမိတို့​ရန်သူများ​ကြောင့် အလွန်​ဝမ်း​နည်းကြ၏။ ဂိဂိဒေါနိကလည်း သူတို့ကို မိမိ၏​သွန်​သင်ခြင်း​အတိုင်း၊ စစ်တိုက်ရာ​လက်နက်​အမျိုး​မျိုးကို ပြု၍၊ ချပ်​ဝတ်​တန်ဆာဖြင့်၊ ထို့အတူ ဒိုင်းများဖြင့်၊ ထို့အတူ အကွယ်​အကာတို့ဖြင့် အားကြီး​စေ၏။

ပုံနှိပ်သည်