အခန်းကြီး ၂၂
နောက်ဆုံးသောကာလ၌၊ ဇိအုန်နှင့် ၎င်း၏ပန္နက်များကို တည်ထောင်လိမ့်မည်။ ဣသရေလအမျိုးတို့သည် ကရုဏာတော်နှင့် နူးညံ့မှုတို့ဖြင့် စုဝေးကြလိမ့်မည်—သူတို့သည် အောင်နိုင်ကြလိမ့်မည်—ဟေရှာယအခန်းကြီး ၅၄ နှင့် နှိုင်းယှဉ်ပါ။ အေဒီ ၃၄ ခန့်။
၁ ထို့နောက်တွင်၊ ရေးထားသောအရာများ ဖြစ်လာလိမ့်မည်။ အို သားမဖွားသောအမြုံမ၊ သီချင်းဆိုလော့။ သားဖွားခြင်းဝေဒနာကို မခံသောမိန်းမ၊ သီချင်းဆိုသံနှင့် ကြွေးကြော်လော့။ ကျယ်လောင်စွာ အော်ဟစ်လော့။ အကြောင်းမူကား၊ စွန့်ထားသောမိန်းမ၏သားသမီးတို့သည် အိမ်ထောင်ဖက်ပြုသည့် မိန်းမတို့၏သားသမီးတို့ထက် သာ၍များလေပြီဟု ကိုယ်တော်ရှင်မိန့်တော်မူ၏။
၂ သင်၏တဲရာကို ကျယ်စေလော့။ သူတို့အား သင်၏နေရပ် ကန့်လန့်ကာတို့ကို ဖြန့်စေဦးလော့။ သိမ်းဆည်းထားခြင်း မရှိနှင့်။ ကြိုးတို့ကို ရှည်စေလော့။ ပန္နက်တို့ကို ခွန်အားဖြည့်ပေးစေဦးလော့။
၃ အကြောင်းမူကား၊ သင်သည် လက်ယာဘက်၊ လက်ဝဲဘက်၌ တိုးပွားလိမ့်မည်။ သင်၏အမျိုးအနွယ်သည် တပါးအမျိုးသားတို့ကို အမွေခံ၍၊ ဆိတ်ညံသောမြို့တို့၌ နေစေလိမ့်မည်။
၄ စိုးရိမ်ခြင်းမရှိနှင့်။ အကြောင်းမူကား၊ သင်သည် ရှက်ကြောက်ခြင်းသို့ မရောက်ရ။ မျက်နှာလည်း မပျက်ရ၊ အရှက်ခွဲခြင်းကို မခံရ။ အသက်ငယ်စဉ်အခါက ခံရသော ရှက်ကြောက်ခြင်းကို မေ့လျော့လိမ့်မည်။ ထို့အတူ အသက်ငယ်စဉ်အခါက ခံရသော ကဲ့ရဲ့ ခြင်းကို မအောက်မေ့ရ။ မုဆိုးမဖြစ်၍ ခံရသောကဲ့ရဲ့ ခြင်းကို နောက်တစ်ဖန် မအောက်မေ့ရတော့ပေ။
၅ အကြောင်းမူကား၊ သင့်ကို ဖန်ဆင်းသောသူ၊ သင့်ခင်ပွန်း၏ နာမတော်ကား၊ ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင်ပေတည်း။ သင်၏ရွေးနှုတ်ရှင်၊ ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရား—မြေကြီးတစ်ခုလုံး၏ ဘုရားသခင်ဟူ၍ သူ့ကို ခေါ်ရကြ၏။
၆ သင်သည် ငြင်းပယ်ခံရသောအချိန်၌ စွန့်ပစ်ခံရ၍ စိတ်ဝမ်းနည်းပူဆွေးသောမိန်းမ၊ ပျိုရွယ်သောမိန်းမဟုသာ ကိုယ်တော်ရှင်ခေါ်ကြောင်း သင်၏ဘုရားသခင်မိန့်တော်မူ၏။
၇ ငါသည် သင့်ကို ခဏသာ စွန့်သည်ဖြစ်၍၊ ကြီးစွာသောကရုဏာတော်တို့နှင့် တစ်ဖန် သိမ်းဆည်းဦးမည်။
၈ အနည်းငယ် အမျက်ထွက်၍၊ ငါ၏မျက်နှာတော်ကို သင့်ထံမှ ခဏာသာ ကွယ်ထားတော်မူ သော်လည်း၊ ထာဝရတည်မြဲသောကြင်နာခြင်းဖြင့် ကရုဏာထားတော်မူဦးမည်ဟု သင်၏ရွေးနှုတ်ရှင်တည်းဟူသော ကိုယ်တော်ရှင်မိန့်တော်မူ၏။
၉ အကြောင်းမူကား၊ ဤအမှုမှာ၊ ငါ့အဖို့ နောဧလက်ထက်က လွှမ်းမိုးသောရေပမာဖြစ်၍၊ နောဧလက်ထက်က လွှမ်းမိုးသောရေသည် မြေကြီးကို မလွှမ်းမိုးရတော့ဟု ကျိန်ဆိုခြင်းကို ပြုသည်နည်းတူ၊ ငါသည် သင့်ကို အမျက်မထွက်ဟု ကျိန်ဆိုခြင်းကို ပြုပြီ။
၁၀ အကြောင်းမူကား၊ တောင်ကြီးတို့သည် ရွေ့၍၊ တောင်ငယ်တို့သည် ရွေ့လျားသော်လည်း ငါ၏ကြင်နာခြင်းသည် သင့်ထံမှ မရွေ့ရ။ ငါ၏ငြိမ်းချမ်းခြင်းပဋိညာဉ်သည်လည်း မလှုပ်ရှားရဟု သင့်အပေါ် ကရုဏာထားတော်မူသော ကိုယ်တော်ရှင်မိန့်တော်မူ၏။
၁၁ အို ဒုက္ခတွေ့၍၊ မိုးသက်မုန်တိုင်း အတိုက် ခံရ၍ သက်သာမရနိုင်သောသူ၊ ရှုလော့၊ ငါသည် သင်၏တိုက်ကို အရောင်တောက်ပသော ကျောက်များဖြင့် တည်မည်။ သင်၏အုတ်မြစ်ကို နီလာဖြင့်တည်မည်။
၁၂ ငါသည် သင်၏ပြအိုးတို့ကို ကျောက်နီဖြင့်လည်းကောင်း၊ သင်၏တံခါးတို့ကို ပတ္တမြားဖြင့်လည်းကောင်း၊ ပတ်ဝန်းကျင်တန်ဆာများကို ကျောက်မြတ်အမျိုးမျိုးဖြင့်လည်းကောင်း ပြုတော်မူမည်။
၁၃ သင်၏သားသမီးခပ်သိမ်းတို့သည် ကိုယ်တော်ရှင်ဆုံးမသွန်သင်တော်မူသောသူဖြစ်၍၊ သင်၏သားသမီးတို့၌ ကြီးစွာသော ငြိမ်းချမ်းခြင်းရှိလိမ့်မည်။
၁၄ သင်သည် ဖြောင့်မတ်ခြင်းတရားအားဖြင့် တည်လိမ့်မည်။ သင်သည် ကြောက်ရမည်မဟုတ်သောကြောင့် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဝေးလိမ့်မည်။ ထိတ်လန့်ခြင်းသည်လည်း သင့်အနီးသို့ လာမည်မဟုတ်သောကြောင့် သင်နှင့် ဝေးလိမ့်မည်။
၁၅ ရှုလော့၊ သူတို့သည် ငါ၏အခွင့်မရှိဘဲ၊ သင့်ကို ဆန့်ကျင်၍ ဧကန်အမှန် အတူတကွ စုဝေးကြလိမ့်မည်။ သင့်ကို ဆန့်ကျင်၍ အတူတကွစုဝေးသူမှန်သမျှ သင့်အဖို့ ကျရှုံးလိမ့်မည်။
၁၆ ရှုလော့၊ မီးဖိုထဲမှ မီးခဲကိုမှုတ်၍ မိမိအလုပ်အတွက် တန်ဆာကို လုပ်တတ်သော ပန်းပဲကို ငါဖန်ဆင်းလေပြီ။ ထို့အတူ၊ ဖျက်ဆီးစေခြင်းငှာ၊ ဖျက်ဆီးသောသူကို ငါဖန်ဆင်းလေပြီ။
၁၇ သင့်တစ်ဖက်၌လုပ်သော လက်နက်တစ်စုံတစ်ခုမျှ မအောင်မြင်ရ။ သင့်ကို စီရင်ခြင်းဖြင့် ကဲ့ရဲ့ပြောဆိုသူတိုင်းကို သင်ပြစ်တင်ရှုတ်ချလိမ့်မည်။ ဤအရာသည်ကား၊ ကိုယ်တော်ရှင်၏ကျွန်တို့အတွက် အမွေဖြစ်၍၊ သူတို့၏ဖြောင့်မတ်ခြင်းသည် ငါ့ထံမှလာ၏ဟု ကိုယ်တော်ရှင်မိန့်တော်မူ၏။