အခန်းကြီး ၂၃
ယေရှုသည် ဟေရှာယ၏စကားများကို အတည်ပြု၏—သူသည် လူတို့အား ပရောဖက်တို့ကို ရှာကြရန် မိန့်မှာ၏—ရှင်ပြန်ထမြောက်ခြင်းအကြောင်း လာမန်အမျိုးသားရှမွေလ၏စကားများကို သူတို့၏မှတ်တမ်း၌ ထပ်၍ရေး၏။ အေဒီ ၃၄ ခန့်။
၁ ယခုမူကား၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်မှာ၊ သင်တို့သည် ဤအရာတို့ကို စေ့စေ့ဖတ်ရမည်။ ထိုမှတစ်ပါး၊ သင်တို့သည် ဤအရာတို့ကို လုံ့လဝီရိယထက်သန်စွာ စေ့စေ့ဖတ်ရမည့်အကြောင်း ပညတ်တော်တစ်ခုကို သင်တို့အား ငါပေး၏။ အကြောင်းမူကား၊ ဟေရှာယ၏စကားများသည် ကြီးမြတ်၏။
၂ အကြောင်းမူကား၊ သူသည် ဣသရေလအမျိုးသားများဖြစ်သော ငါ၏လူမျိုးတို့နှင့်စပ်လျဉ်းသည့် ခပ်သိမ်းသောအမှုအရာတို့ကို ဧကန်အမှန် ဟောပြော၏။ ထို့ကြောင့်၊ သူသည် တပါးအမျိုးသားတို့ကိုလည်း ဟောပြောရန် လိုအပ်၏။
၃ သူဟောပြောသည့် ဖြစ်လေပြီးသောအရာများနှင့် ဖြစ်လာလိမ့်မည့်အရာခပ်သိမ်းတို့သည်လည်း သူဟောပြောသည့်စကားများအတိုင်းပင်ဖြစ်၏။
၄ ထို့ကြောင့်၊ ငါ၏စကားများကို ပမာဏပြုကြလော့။ သင်တို့ကို ငါပြောပြလေသောအရာတို့ကို ရေးကြလော့။ ထိုအရာတို့သည်လည်း ခမည်းတော်၏ အချိန်နှင့် အလိုတော်အတိုင်း တစ်ပါးအမျိုးသားတို့ထံသို့ ထွက်သွားလိမ့်မည်။
၅ ငါ၏စကားများကို စေ့စေ့နားထောင်လျက်၊ နောင်တရ၍ ဗတ္တိဇံခံမည့်သူ မှန်သမျှသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ ပရောဖက်တို့ကို ရှာကြလော့။ အကြောင်းမူကား၊ ဤအရာတို့အကြောင်းကို သက်သေခံသူများစွာရှိ၏။
၆ ယခုမူကား၊ အချိန်တန်လာသောအခါ၊ ယေရှုသည် ဤစကားများကို မိန့်တော်မူလေပြီးလျှင်၊ သူတို့ကို တစ်ဖန်မိန့်တော်မူပြန်၏။ သူတို့လက်ခံရရှိပြီးလေသည့် ခပ်သိမ်းသောကျမ်းစာများကို သူတို့အား ရှင်းပြလေပြီးနောက်တွင် မိန့်တော်မူသည်ကား၊ ရှုလော့၊ သင်တို့မရေးရသေးသည့် အခြားသောကျမ်းစာများကို သင်တို့ရေးစေရန် ငါအလိုရှိ၏။
၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် နီဖိုင်းအား သင်ရေးထားသည့် မှတ်တမ်းကို ယူခဲ့လော့ဟု မိန့်တော်မူ၏။
၈ နီဖိုင်းမှတ်တမ်းများကို ယူလာ၍ ရှေ့တော်၌ ချထားသောအခါ၊ ထိုမှတ်တမ်းများကို ကြည့်ရှုလျက် မိန့်တော်မူသည်ကား၊
၉ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ငါ၏ကျွန် လာမန်အမျိုးသားရှမွေလကို ငါမိန့်မှာသည်မှာ၊ ဤလူမျိုးတို့ထံသို့ သူသက်သေခံရမည့်အကြောင်း၊ ငါအားဖြင့် ခမည်းတော် သူ၏နာမတော်အား ချီးမြှောက်တော်မူမည့်နေ့၌ သေခြင်းမှ ထမြောက်မည့်သန့်ရှင်းသူများစွာရှိ၍၊ များစွာသော သူတို့ထံသို့ ပေါ်ထွက်လာ၍ ထိုသူတို့ကို အမှုတော်ဆောင်ကြမည့်အကြောင်းတို့ပေတည်း။ ထိုသို့မဖြစ်လေသလောဟုလည်း သူတို့ကို မိန့်တော်မူ၏။
၁၀ သူ၏တပည့်တော်တို့ကလည်း ဟုတ်ကဲ့၊ ကိုယ်တော်ရှင်၊ ရှမွေလသည် ကိုယ်တော်၏စကားများအတိုင်း ပရောဖက်ပြုဟော၍၊ ထိုအရာတို့သည်လည်း ပြီးပြည့်စုံပါပြီဟု ဆို၍ဖြေကြ၏။
၁၁ ယေရှုကလည်း သင်တို့သည် များစွာသော သန့်ရှင်းသူများ ထမြောက်၍၊ များစွာသောသူတို့ထံ ပေါ်ထွက်လာ၍ အမှုတော်ဆောင်ကြကြောင်း ဤအရာကို အဘယ်ကြောင့် မရေးရလေသေးသနည်းဟု မိန့်တော်မူ၏။
၁၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နီဖိုင်းသည် ဤအမှုကို မရေးရသေးကြောင်း သတိရ၏။
၁၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ထိုအမှုကို ရေးရမည့်အကြောင်း ယေရှုမိန့်မှာ၏။ ထို့ကြောင့်၊ သူမိန့်မှာတော်မူသည့်အတိုင်း ရေးထား၏။
၁၄ ယခုမူကား၊ အချိန်တန်လာသောအခါ၊ ယေရှုသည် သူတို့ရေးလေသည့် ခပ်သိမ်းသော ကျမ်းစာတို့ကို တစ်လုံးတစ်ဝတည်း ရှင်းပြလေပြီးနောက်၊ သူတို့အား သူရှင်းပြလေသောအရာတို့ကို သူတို့သွန်သင်ပေးရမည့်အကြောင်း မိန့်တော်မူ၏။