အခန်းကြီး ၂၉
မော်မုန်ကျမ်းထွက်ပေါ်လာခြင်းသည် ကိုယ်တော်ရှင် ဣသရေလအမျိုးတို့ကို စုဝေး၍၊ သူ၏ပဋိညာဉ်ကို ပြီးပြည့်စုံစေခြင်းငှာ စတင်တော်မူသည့်အကြောင်း နိမိတ်လက္ခဏာဖြစ်၏—သူ၏နောက်ပိုင်းကာလ ဗျာဒိတ်တော်များနှင့် ဆုကျေးဇူးတို့ကို ငြင်းပယ်သူတို့သည် အကျိန် ခံရလိမ့်မည်။ အေဒီ ၃၄–၃၅ ခန့်။
၁ ယခုမူကား၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်မှာ၊ ကိုယ်တော်ရှင်က သင့်လျော်မည်ဟု သူ၏ဉာဏ်ပညာတော်ဖြင့် ဆင်ခြင်တော်မူသောအချိန်၌၊ ဤအဆိုအမိန့်တို့သည် သူ၏စကားအတိုင်း၊ တပါးအမျိုးသားတို့ထံသို့ ရောက်ရှိလာလိမ့်မည်။ ထို့နောက်တွင်၊ သင်တို့သည် ဣသရေလအမျိုးသားတို့ကို သူတို့၏အမွေခံရာမြေသို့ ပြန်လည်ဆောင်ယူခြင်းနှင့်စပ်လျဉ်း၍ ခမည်းတော် သူတို့နှင့် ပြုတော်မူသည့် ပဋိညာဉ်မှာ ပြီးပြည့်စုံစေရန် အစပြုလျက်ရှိနှင့်လေပြီဖြစ်ကြောင်းကို သိနိုင်ကြမည်။
၂ သန့်ရှင်းသောပရောဖက်တို့အားဖြင့် ဟောပြောသည့် ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်များ အားလုံး ပြီးပြည့်စုံစေမည်ဖြစ်ကြောင်းကိုလည်း သိနိုင်ကြမည်။ ကိုယ်တော်ရှင်သည် ဣသရေလအမျိုးသားတို့ထံသို့ ကြွလာတော်မူခဲသည်ဟု သင်တို့ပြောရန်လည်း မလိုအပ်။
၃ ဟောပြောသော စကားများ အချည်းနှီးဖြစ်လေပြီဟုလည်း သင်တို့စိတ်နှလုံး၌ ထင်မြင်ရန် မလိုအပ်။ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်သည် သူ၏လူမျိုး ဣသရေလအမျိုးသားတို့ထံ ပြုတော်မူသည့် သူ၏ပဋိညာဉ်ကို အောက်မေ့တော်မူလိမ့်မည်။
၄ သင်တို့သည် ဤအဆိုအမိန့်များ သင်တို့၌ ထွက်ပေါ်လာသည်ကို မြင်ကြပြီးနောက်တွင်၊ ကိုယ်တော်ရှင်၏အမှုတော်တို့ကို နောက်ထပ်၍ မလေးမစားငြင်းပယ်ရန် လိုအပ်မည်မဟုတ်တော့။ အကြောင်းမူကား၊ သူ၏အပြစ်ပေးခြင်းဓားသည် သူ့လက်ယာလက်၌ ရှိတော်မူပြီ။ ရှုဦးလော့၊ ထိုနေ့၌၊ သင်တို့သည် သူ၏အမှုတော်တို့ကို မလေးမစားငြင်းပယ်ကြမည်ဆိုလျှင်၊ သူသည် ထိုဓားကို သင်တို့အပေါ်သို့ မကြာမြင့်မီ ကျရောက်စေတော်မူလိမ့်မည်။
၅ ကိုယ်တော်ရှင်၏အမှုတော်တို့ကို မလေးမစားငြင်းပယ်သောသူသည် အမင်္ဂလာရှိ၏။ ထိုမှတစ်ပါး၊ ခရစ်တော်နှင့် သူ၏အမှုတော်တို့ကို ငြင်းဆိုသောသူသည် အမင်္ဂလာရှိ၏။
၆ ထိုမှတစ်ပါး၊ ကိုယ်တော်ရှင်၏ ဗျာဒိတ်တော်များကို ငြင်းဆိုသောသူ၊ ထို့အတူ ကိုယ်တော်ရှင်သည် ဗျာဒိတ်တော်အားဖြင့်ဖြစ်စေ၊ ပရောဖက်ပြုဟောချက်အားဖြင့်ဖြစ်စေ၊ ဆုကျေးဇူးအားဖြင့်ဖြစ်စေ၊ နှုတ်သတ္တိအားဖြင့်ဖြစ်စေ၊ အနာကင်းစေခြင်းအားဖြင့်ဖြစ်စေ၊ သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့်ဖြစ်စေ ပြုတော်မူခြင်းမရှိတော့ပြီဟု ဆိုသောသူသည် အမင်္ဂလာရှိ၏။
၇ ထိုမှတစ်ပါး၊ အကျိုးအမြတ်ရရန် ယေရှုခရစ်တော်အားဖြင့် ပြုပြင်စီရင်ထားတော်မူသည့် အလွန်တရာအံ့ဩဖွယ်အမှု မရှိနိုင်ဟု ထို့နေ့၌ ဆိုသောသူသည်လည်း အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ ဤသို့ဆိုသောသူသည် ခရစ်တော်၏စကားအတိုင်း သူ့အဖို့ ကရုဏာတော်မရှိလေတော့ပြီဖြစ်သော ပျက်စီးခြင်း၏သားကဲ့သို့ ဖြစ်လာလိမ့်မည်။
၈ ထိုမှတစ်ပါး၊ သင်တို့သည် ယုဒလူမျိုးတို့ကိုသော်လည်းကောင်း၊ ဣသရေလအမျိုးသားတို့၏ ကျန်ကြွင်းသောသူ တစ်စုံတစ်ဦးကိုသော်လည်းကောင်း နောက်ထပ်၍ ကဲ့ရဲ့ခြင်း၊ သို့မဟုတ် မလေးမစားငြင်းပယ်ခြင်း၊ သို့မဟုတ် လှောင်ပြောင်ခြင်းတို့ကို ပြုရန် လိုအပ်မည်မဟုတ်တော့။ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်သည် သူတို့အပေါ်ရှိ သူ၏ပဋိညာဉ်ကို အောက်မေ့တော်မူ၏၊ ကျိန်ဆိုသည့်အတိုင်းပင် သူတို့အဖို့ ပြုတော်မူလိမ့်မည်။
၉ ထို့ကြောင့်၊ ကိုယ်တော်ရှင်သည် ဣသရေလအမျိုးသားတို့ထံ ပြုတော်မူသည့် ပဋိညာဉ်ကို ပြီးပြည့်စုံစေသည့်တိုင်အောင်၊ တရားစီရင်တော်မူခြင်းကို မပြုနိုင်စေမည့်အကြောင်း၊ သူ၏လက်ယာလက်တော်ကို လက်ဝဲဘက်သို့ သင်တို့ပြောင်းနိုင်ကြလိမ့်မည်ဟု မထင်မှတ်ကြနှင့်။