အခန်းကြီး ၁၂
ယေရှုသည် တပည့်တော်တစ်ဆယ်နှစ်ပါးကို ခေါ်တော်မူ၍၊ အခွင့်အရာပေးတော်မူ၏—သူသည် နီဖိုင်းအမျိုးသားတို့အား တောင်ပေါ်ဒေသနာကဲ့သို့သောတရားကို ဟောကြားတော်မူ၏—သူသည် ကောင်းချီးမင်္ဂလာတရားများကို ဟောကြား၏—သူ၏သွန်သင်ခြင်းတို့သည် မောရှေ၏ပညတ်တရားထက် သာလွန်ပြီးလျှင်၊ ပို၍ အရေးကြီး၏—လူသားတို့ကို၊ သူနှင့် သူ၏ခမည်းတော် စုံလင်သည်နည်းတူ စုံလင်ကြစေရန် မိန့်တော်မူ၏—မဿဲအခန်းကြီး ၅ နှင့် နှိုင်းယှဉ်ပါ။ အေဒီ ၃၄ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ယေရှုသည် နီဖိုင်းနှင့် ခေါ်တော်မူခြင်းခံရသောသူတို့အား ဤစကားများကို ဟောပြောလေပြီးလျှင်၊ (ယခုတွင်၊ ခေါ်တော်မူခြင်းကို ခံရလေ၍၊ ဗတ္တိဇံပေးရန် တန်ခိုးနှင့် အခွင့်အာဏာကို လက်ခံရရှိသောသူတို့၏ အရေအတွက်မှာ တစ်ဆယ်နှစ်ဦးဖြစ်၏) ရှုဦးလော့၊ လက်တော်ကို လူအစုအဝေးထံသို့ ဆန့်လျက်၊ ဟစ်ကြော်၍၊ မိန့်တော်မူသည်ကား၊ သင်တို့သည် သင်တို့ကို အမှုတော်ဆောင်စေခြင်းငှာနှင့် သင်တို့၏အစေခံများအဖြစ် ငါရွေးကောက်ထားသည့် သူဖြစ်သော၊ သင်တို့ကို ရေဖြင့်ဗတ္တိဇံပေးနိုင်စေခြင်းငှာ၊ တန်ခိုးကို ငါပေးသူ တစ်ဆယ်နှစ်ပါး၏စကားများကို ပမာဏပြုကြလျှင်၊ မင်္ဂလာရှိ၏။ သင်တို့ရေဖြင့် ဗတ္တိဇံခံပြီးနောက်တွင်၊ ရှုလော့၊ ငါသည် သင်တို့ကို မီးနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်လည်းကောင်း ဗတ္တိဇံပေးတော်မူမည်။ ထို့ကြောင့်၊ သင်တို့သည် ငါ့ကိုမြင်၍၊ ငါဖြစ်တော်မူကြောင်းကို သိပြီးနောက်၊ ငါ့ကို ယုံကြည်၍၊ ဗတ္တိဇံခံလျှင် မင်္ဂလာရှိ၏။
၂ ထိုမှတစ်ဖန်၊ သင်တို့သည် ငါ့ကို မြင်ကြောင်း၊ ထို့အတူ ငါဖြစ်တော်မူသည်ကို သိကြောင်း သက်သေခံကြမည်ဖြစ်သောကြောင့်၊ သင်တို့၏စကားများကို ယုံကြမည့်သူတို့သည် သာ၍မင်္ဂလာရှိကြ၏။ ထိုမှတစ်ပါး၊ သင်တို့၏စကားများကို ယုံကြည်၍၊ နက်လှစွာသောနှိမ့်ချခြင်းသို့ဆင်းလာ၍၊ ဗတ္တိဇံခံသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သူတို့သည် မီးဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်ဖြင့်လည်းကောင်း အကြည့်အရှုကြွရောက်တော်မူသည်ကို ခံရ၍၊ သူတို့၏အပြစ်များမှလွှတ်ခြင်းကို ရရှိကြလိမ့်မည်။
၃ ထိုမှတစ်ပါး၊ ငါ့ထံသို့လာသည့် စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။
၄ ထိုမှတစ်ဖန်၊ ငိုကြွေးမြည်တမ်းကြသောသူခပ်သိမ်းတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သူတို့သည် သက်သာခြင်းသို့ ရောက်ရလတ္တံ့။
၅ ထို့အတူ၊ သိမ်မွေ့အောက်ကျို့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သူတို့သည် မြေကြီးကို အမွေခံရကြလတ္တံ့။
၆ ထို့အတူ၊ ဖြောင့်မတ်ခြင်းကို ဆာငတ် ခင်မွတ်သောသူခပ်သိမ်းတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ခြင်းသို့ ရောက်ကြလတ္တံ့။
၇ ထို့အတူ၊ ကရုဏာကြီးသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သူတို့သည် ကရုဏာတော်ကို ရရှိကြလတ္တံ့။
၈ ထို့အတူ၊ စိတ်နှလုံးစင်ကြယ်သောသူခပ်သိမ်းတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတ္တံ့။
၉ ထို့အတူ၊ ရန်ငြိမ်းစေသူခပ်သိမ်းတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ဘုရားသခင်၏သားသမီးများဟု ခေါ်ဝေါ်ခြင်းကို ခံကြရလတ္တံ့။
၁၀ ထို့အတူ၊ ငါ၏နာမတော်ကြောင့် ညှဉ်းဆဲခြင်းခံရသောသူခပ်သိမ်းတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။
၁၁ ငါ့ကြောင့်၊ သင်တို့ကို လူတို့က ကဲ့ရဲ့ပြောဆို၍၊ ညှဉ်းဆဲ၍ မှားယွင်းစွာ အပြစ်တကာတင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။
၁၂ အကြောင်းမူကား၊ သင်တို့သည် ကြီးစွာသောဝမ်းမြောက်ခြင်းကို ရရှိ၍၊ အလွန်ဝမ်းသာကြလိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးကျေးဇူးသည် ကြီးလိမ့်မည်။ သူတို့သည် သင်တို့ရှေ့ကပေါ်ထွန်းသောပရောဖက်တို့ကို ထိုနည်းတူ ညှဉ်းဆဲကြပြီ။
၁၃ သင်တို့ကို၊ ငါအမှန်၊ အမှန်ဆိုသည်ကား၊ ငါသည် သင်တို့ကို လောက၏ဆားဖြစ်စေမည်။ သို့ရာတွင်၊ ဆားသည် အရသာကင်းပျောက်လျှင်၊ လောကကို အဘယ်သို့ ငန်စေရမည်နည်း။ ထိုအချိန်မှစ၍၊ ဆားသည် ပြင်သို့ အပစ်ခံရရန်နှင့် လူတို့၏ခြေအောက်၌ နင်းချေခံရရန်မှတစ်ပါး အဘယ်အသုံးမျှမဝင်။
၁၄ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ငါသည် သင်တို့ကို ဤလူတို့အဖို့ အလင်းဖြစ်စေမည်။ တောင်ကုန်းပေါ်၌ ရှိသောမြို့ကို မကွယ်နိုင်။
၁၅ ရှုလော့၊ လူတို့သည် ဆီမီးကိုထွန်း၍၊ တောင်းဇလားအောက်၌ ဖုံးထားလေ့ရှိသလော။ မဟုတ်ပေ။ သို့ရာတွင်၊ ဆီမီးခုံပေါ်မှာတင်၍၊ အိမ်သူအိမ်သားခပ်သိမ်းတို့ကို အလင်းပေး၏။
၁၆ ထို့ကြောင့်၊ ဤလူမျိုးတို့သည် သင်တို့၏ကောင်းသောအကျင့်ကို မြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘအား ချီးမွမ်းနိုင်ကြစေခြင်းငှာ၊ သူတို့ရှေ့ ၌၊ သင်တို့အလင်းကို အလွန်တောက်ပစေကြလော့။
၁၇ ငါသည် ပညတ်တရား သို့မဟုတ် ပရောဖက်တို့ကို ဖျက်ဆီးခြင်းငှာလာသည်ဟု မထင်မှတ်ကြနှင့်။ ငါသည် ဖျက်ဆီးခြင်းငှာမဟုတ် ပြီးပြည့်စုံစေခြင်းငှာသာ လာသတည်း။
၁၈ အကြောင်းမူကား၊ သင်တို့ကို ငါအမှန်ဆိုသည်မှာ၊ ပညတ်တရားမှ အငယ်ဆုံးသောစာလုံးနှင့် ဗိန္ဒုတစ်လုံးမျှ၊ ကွယ်ပျောက်လိမ့်မည်မဟုတ်၊ ငါအားဖြင့် အလုံးစုံ ပြီးပြည့်စုံခြင်းသို့သာ ရောက်လေ၏။
၁၉ ရှုဦးလော့၊ ငါသည် သင်တို့ ငါ့ကို ယုံကြည်ကြစေခြင်းငှာ၊ ထို့အတူ သင်တို့၏အပြစ်များမှ နောင်တရ၍၊ ငါ့ထံသို့ ကျိုးပဲ့သောနှလုံးသားနှင့် ကြေကွဲသောစိတ်ဖြင့် လာကြစေခြင်းငှာ ငါ၏ခမည်းတော်ထံမှ ပညတ်တရားနှင့် မိန့်မှာချက်များကို သင်တို့အား ပေးလေပြီ။ ရှုလော့၊ သင်တို့ရှေ့ ၌ ပညတ်တော်များ ရှိ၏၊ ပညတ်တရားသည်လည်း ပြီးပြည့်စုံ၏။
၂၀ ထို့ကြောင့်၊ ငါ့ထံသို့လာ၍၊ ကယ်တင်ခြင်းသို့ ရောက်စေကြလော့။ အကြောင်းမူကား၊ သင်တို့ကို ငါအမှန်ဆိုသည်မှာ၊ သင်တို့သည် ယခုအချိန် သင်တို့ကို ငါမိန့်မှာသည့် ငါ၏ပညတ်တော်များကို မစောင့်ထိန်းကြလျှင်၊ အဘယ်အခြေအနေမျိုးတွင်မျှ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရလိမ့်မည်မဟုတ်။
၂၁ ရှေးလွန်လေပြီးသောကာလကရှိခဲ့သူတို့အားဖြင့် ပြောလေသည့်၊ ထို့အတူ၊ သင့်ရှေ့ မှာလည်းရေးထားလေသည့် သင်သည် လူ့အသက်ကို မသတ်ရဟူသည်ကို ကြားကြလေပြီ။ လူ့အသက်ကို သတ်သည့်သူမှန်သမျှသည်လည်း ဘုရားသခင်၏ တရားစီရင်တော်မူခြင်းဘေးအန္တရာယ်သို့ ရောက်လိမ့်မည်။
၂၂ သို့ရာတွင်၊ သင်တို့ကို ငါဆိုသည်ကား၊ မိမိညီအစ်ကိုကို အမျက်ထွက်သောသူမှန်သမျှသည် သူ၏တရားစီရင်တော်မူခြင်းဘေးအန္တရာယ်သို့ ရောက်လိမ့်မည်။ မိမိညီအစ်ကိုကို လူ့ဗလာဟု ဆိုသောသူမှန်သမျှသည် လွှတ်တော်၏ဘေးအန္တရာယ်သို့ ရောက်လိမ့်မည်။ အသင်လူမိုက်ဟု ဆိုသူမှန်သမျှသည် ငရဲမီး၏ဘေးအန္တရာယ်သို့ ရောက်လိမ့်မည်။
၂၃ ထို့ကြောင့်၊ သင်တို့သည် ငါ့ထံသို့ လာရမည်၊ သို့မဟုတ် ငါ့ထံသို့ လာလို၍၊ သင်၏ညီအစ်ကိုသည် သင်၌ အပြစ်တင်ခွင့် တစ်စုံတစ်ခုရှိသည်ဟု သတိရလျှင်—
၂၄ သင်၏ညီအစ်ကိုထံသို့ သင့်လမ်းသင်သွား၍၊ သင်၏ညီအစ်ကိုနှင့် ပထမဦးဆုံး မိတ်သဟာယဖွဲ့ပြီးနောက်၊ စိတ်နှလုံးမှ အကြွင်းမဲ့ဆက်ကပ်ခြင်းဖြင့် ငါ့ထံသို့လာလော့။ ငါသည် သင့်ကို လက်ခံမည်။
၂၅ သင်၏တရားတွေ့ဘက်နှင့် လမ်း၌ အတူသွားစဉ်တွင်၊ အချိန်မရွေး၊ သင့်ကို အနိုင်မရစေခြင်းငှာ၊ သူနှင့်အလျင်အမြန်သဘောတူလော့။ သို့မဟုတ်က သင်သည် ထောင်ထဲ၌ လှောင်ထားခြင်းကို ခံရလိမ့်မည်။
၂၆ သင့်ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ သင်သည် ရွှေသေနိုင်းရှိသမျှကို မပေးသည့်တိုင်အောင်၊ အဘယ်နည်းနှင့်မျှ ထွက်မလာရ။ သင်သည် ထောင်ထဲ၌ရှိစဉ်တွင်၊ ရွှေတစ်သေနိုင်းမျှကိုပင် ပေးနိုင်သလော။ မဟုတ်ပေဟု သင့်ကို ငါအမှန်၊ အမှန်ဆို၏။
၂၇ ရှုလော့၊ သင်သည် သူ့သားမယားအားပြစ်မှားခြင်းကို မကျူးလွန်ရဟု ရှေးလွန်လေပြီးသောကာလ၌ရှိခဲ့သူတို့က ရေးထား၏။
၂၈ သို့ရာတွင်၊ သင်တို့ကို ငါဆိုသည်ကား၊ မိန်းမတစ်ဦးကို တပ်မက်သောစိတ်နှင့် ကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ သူ့သားမယားအားပြစ်မှားခြင်းကို ကျူးလွန်နှင့်လေပြီ။
၂၉ ရှုလော့၊ ငါသည် သင်တို့ဤအရာတို့မှ အဘယ်အရာတစ်ခုကိုမျှ သင်တို့၏စိတ်နှလုံးထဲသို့ ဝင်ရန် အခွင့်မပေးရမည့်အကြောင်း သင်တို့အား ပညတ်တော်ကို ပေး၏။
၃၀ အကြောင်းမူကား၊ သင်တို့သည် ငရဲသို့ ပစ်ချခံရခြင်းထက်၊ သင်တို့၏လက်ဝါးကပ်တိုင်ကိုထမ်း၍၊ သင်တို့ကိုယ်သင်တို့ ဤအရာတို့ထံမှ ငြင်းဆိုခြင်းက သာ၍ကောင်း၏။
၃၁ အဘယ်သူမဆို မိမိဇနီးနှင့် ကွာလိုလျှင်၊ သူမအား ဖြတ်စာကိုပေးစေဟု ရေးထား၏။
၃၂ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ မတရားသောမေထုန်အကြောင်းကြောင့်မှတစ်ပါး၊ မိမိဇနီးနှင့် ကွာသောသူသည် ထိုသူမအား သူ့သားမယားအား ပြစ်မှားခြင်းကို ကျူးလွန်စေ၏။ ကွာသောသူမနှင့်အိမ်ထောင်ဖက်ပြုသောသူသည်လည်း သူ့သားမယားအား ပြစ်မှားခြင်းကို ကျူးလွန်၏။
၃၃ ထိုမှတစ်ဖန်၊ သင်သည် သင့်ကိုယ်သင် မဟုတ်မမှန်၊ ကျိန်ဆိုခြင်းကို မပြုရ။ သင်၏ကျိန်ဆိုခြင်းအတိုင်းသာ ကိုယ်တော်ရှင်ထံသို့ ဆောင်ရွက်လော့ဟု ရေးထား၏။
၃၄ သို့ရာတွင်၊ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ကျိန်ဆိုခြင်းကို အလျှင်းမပြုရ။ ကောင်းကင်ဘုံကိုတိုင်တည်၍ မကျိန်ဆိုရ။ အကြောင်းမူကား၊ ၎င်းသည် ဘုရားသခင်၏ ပလ္လင်တော်ဖြစ်သတည်း။
၃၅ မြေကြီးကိုတိုင်တည်၍လည်း မကျိန်ဆိုရ။ အကြောင်းမူကား၊ ၎င်းသည် သူ၏ခြေတင်ရာခုံ ဖြစ်သတည်း။
၃၆ သင်သည် ဆံချည်တစ်ပင်ကိုမျှ မည်းစေခြင်း၊ ဖြူစေခြင်းငှာ မတတ်နိုင်သောကြောင့်၊ သင်၏ဦးခေါင်းကိုလည်း တိုင်တည်၍ မကျိန်ဆိုရ။
၃၇ သို့ရာတွင်၊ သင်၏စကားမှာ၊ ဟုတ်သည်ကို အဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။ ဤထက်လွန်သောအရာမှန်သမျှမှာ မကောင်းမှုဖြစ်၏။
၃၈ ရှုဦးလော့၊ မျက်စိတစ်လုံးအတွက် မျက်စိတစ်လုံးကိုလည်းကောင်း၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းကိုလည်းကောင်း ဒဏ်ပေးရမည်ဟု ရေးထားလေ၏။
၃၉ သို့ရာတွင်၊ ငါဆိုသည်မှာ၊ သင်တို့သည် ရန်ကိုရန်ချင်း မတုံ့နှင်းနှင့်၊ သင်၏လက်ယာဘက်ပါးကို တစ်ယောက်ယောက်က ပုတ်လျှင်၊ ထိုသူ့အား အခြားတစ်ဘက်ကိုလည်း လှည့်၍သာပေးဦးလော့။
၄၀ သင့်အင်္ကျီကိုယူလို၍ တရားတွေ့သောသူအား၊ သင့်ဝတ်လုံကိုလည်း ယူစေခြင်းငှာ အခွင့်ပေးဦးလော့။
၄၁ အကြင်သူသည် သင့်ကိုအနိုင်အထက်ပြု၍ ခရီးတစ်မိုင်သွားစေ၏။ ထိုသူနှင့်တကွ နှစ်မိုင် သွားဦးလော့။
၄၂ သင့်ထံသို့ တောင်းသောသူအား ပေးလော့။ သင့်ထံမှ ချေးငှားယူလိုသောသူကိုလည်း မငြင်းမပယ်နှင့်။
၄၃ ရှုဦးလော့၊ ကိုယ်နှင့်စပ်ဆိုင်သောသူကိုချစ်လော့၊ သင်၏ရန်သူကို မုန်းလော့ဟု ရေးထား၏။
၄၄ သို့ရာတွင်၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို ကျိန်ဆဲသောသူတို့အား ကောင်းချီးပေးကြလော့၊ သင်တို့ကို မုန်းသောသူတို့အား ကောင်းသောအမှုကို ပြုကြလော့၊ သင်တို့ကို အလွဲသုံးစားပြု၍၊ သင်တို့ကို ညှဉ်းဆဲသောသူတို့အတွက်လည်း ဆုတောင်းကြလော့။
၄၅ ထိုကဲ့သို့အားဖြင့်၊ သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ သားသမီးများ ဖြစ်စေခြင်းငှာပေတည်း။ အကြောင်းမူကား၊ သူသည် ဆိုးသောသူနှင့် ကောင်းသောသူတို့အပေါ်၌ သူ၏နေကို ထွက်စေတော်မူ၏။
၄၆ ထို့ကြောင့်၊ ပညတ်တရားအောက်၌ ရှိသော၊ ရှေးလွန်လေပြီးသောကာလက ရှိသော ထိုအမှုတို့သည် ငါအားဖြင့် ပြီးပြည့်စုံသတည်း။
၄၇ ဟောင်းသောအရာတို့သည် ရပ်စဲသွားကြ၏၊ ခပ်သိမ်းသောအရာတို့သည်လည်း အသစ်ဖြစ်လာကြလေပြီ။
၄၈ ထို့ကြောင့်၊ ငါသည် သင်တို့အား ငါကဲ့သို့ပင်၊ သို့မဟုတ် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘစုံလင်တော်မူသကဲ့သို့ပင်၊ စုံလင်ကြစေခြင်းငှာ အလိုရှိ၏။