အခန်းကြီး ၆
နီဖိုင်းအမျိုးသားတို့သည် အောင်မြင်ကြ၏—မာန၊ ကြွယ်ဝခြင်းနှင့် လူတန်းစားခွဲခြားခြင်းတို့ ဖြစ်လာ၏—အသင်းတော်သည် ငြင်းခုံခြင်းတို့အားဖြင့် ပြိုကွဲ၏—စာတန်သည် လူတို့အား ထင်ရှားစွာပုန်ကန်ခြင်း၌ ဦးဆောင်၏—များစွာသောပရောဖက်တို့သည် နောင်တရခြင်းကို ဟစ်ကြော်သဖြင့် ကွပ်မျက်ခံရ၏—သူတို့၏လူ့အသက်သတ်သောသူတို့သည် အစိုးရကိုလွှဲယူခြင်းငှာ လျှို့ဝှက်ကြံစည်ကြ၏။ အေဒီ ၂၆–၃၀ ခန့်။
၁ ယခုမူကား၊ အချိန်တန်လာသောအခါ၊ နီဖိုင်းလူမျိုးတို့သည် နှစ်ဆယ်ခြောက်နှစ်မြောက်၌၊ လူတိုင်း သူ့မိသားစု၊ သူ့သိုးစုများနှင့် နွားစုများ၊ သူ့မြင်းများနှင့် သူ့တိရစ္ဆာန်များ၊ ထို့အတူ၊ သူတို့ပိုင်ဆိုင်သမျှသောအရာမှန်သမျှနှင့်တကွ သူတို့၏နေရင်းပြည်များသို့ အားလုံးပြန်လာကြ၏။
၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် သူတို့၏ရိက္ခာအားလုံးကို စားမပစ်ကြ။ ထို့ကြောင့်၊ သူတို့မစားသည့် သူတို့၏အလုံးစုံသော စပါးမှန်သမျှ၊ ထို့အတူ သူတို့၏ရွှေ၊ ထို့အတူ သူတို့၏ငွေ၊ ထို့အတူ သူတို့၏ အဖိုးထိုက်သောအရာမှန်သမျှတို့ကို သူတို့နှင့်အတူ ယူလာလျက်၊ သူတို့နေရင်းပြည်များနှင့် သူတို့၏ပိုင်ဆိုင်ရာများထံသို့၊ တောင်ဘက်နှင့် မြောက်ဘက်နှစ်ခုစလုံး၊ မြောက်ဘက်လားရာပြည်နှင့် တောင်ဘက်လားရာပြည်နှစ်ခုစလုံး၌ ပြန်လာကြ၏။
၃ သူတို့သည်လည်း ထိုပြည်၏ငြိမ်းချမ်းခြင်းကို ထိန်းသိမ်းရန် ပဋိညာဉ်ပြုသူ၊ လာမန်အမျိုးသားများအဖြစ် ဆက်၍နေလိုသူတို့ကို သူတို့အရေအတွက်အတိုင်း ရရှိနိုင်ကြစေခြင်းငှာ၊ မြေများပေး၍၊ ထိုမြေပေါ်၌ သူတို့၏လုပ်အားဖြင့် အထောက်အပံ့ရစေခြင်းငှာဖြစ်၏။ ထိုကဲ့သို့အားဖြင့်၊ သူတို့သည် ထိုပြည်တစ်လျှောက်၌ ငြိမ်းချမ်းခြင်းကို တည်ဆောက်ကြ၏။
၄ ထို့အတူ၊ သူတို့သည် တစ်ဖန်အောင်မြင်၍၊ ကြွယ်ဝစပြုလျက်၊ နှစ်ဆယ်ခြောက်နှစ်မြောက်နှင့် နှစ်ဆယ်ခုနစ်နှစ်မြောက်လည်း ကုန်လွန်၍ ထိုပြည်ထဲ၌ ကြီးစွာသောညီညွတ်ခြင်းရှိ၏။ သူတို့၏ ဥပဒေများကိုလည်း ဖြောင့်မှန်ခြင်းနှင့် တရားမျှတခြင်းတို့ဖြင့် ပြဌာန်းသတ်မှတ်ကြ၏။
၅ ယခုမူကား၊ လူတို့သည် လွန်ကျူးခြင်းထဲသို့ လဲကျခြင်းမရှိလျှင်၊ ထိုပြည်တစ်ခုလုံး၌ သူတို့ကို အစဉ်မပြတ်အောင်မြင်ခြင်းမှ ဆီးတားသောအရာ တစ်ခုမျှမရှိ။
၆ ယခုမူကား၊ ဂိဂိဒေါနိနှင့် တရားသူကြီးလာချော်နေရု၊ ထို့အတူ၊ အကြီးအကဲများအဖြစ် ခန့်အပ်ခံရသူတို့သည် ထိုပြည်ထဲ၌ ဤကြီးစွာသောငြိမ်းချမ်းခြင်းကို တည်ထောင်သောသူများဖြစ်၏။
၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ များစွာသောမြို့များ အသစ်ထပ်မံတည်ဆောက်၍၊ များစွာသော မြို့ဟောင်းများကို ပြုပြင်၏။
၈ တစ်မြို့မှတစ်မြို့သို့၊ ထို့အတူ တစ်ပြည်မှ တစ်ပြည်သို့၊ ထို့အတူ တစ်နေရာမှ တစ်နေရာသို့ ဆက်သွယ်သည့် တည်ဆောက်သော လမ်းမများစွာနှင့် ပြုလုပ်သော လမ်းများစွာရှိ၏။
၉ ထိုကဲ့သို့အားဖြင့် နှစ်ဆယ်ရှစ်နှစ်မြောက်ကုန်လွန်၍၊ လူတို့၌ အဆက်မပြတ်ငြိမ်းချမ်းခြင်း ရှိ၏။
၁၀ သို့ရာတွင်၊ အချိန်တန်လာသောအခါ၊ နှစ်ဆယ်ကိုးနှစ်မြောက်၌ လူတို့တွင် ငြင်းခုံခြင်းအချို့ရှိစပြု၏။ အချို့သောသူတို့သည် မိမိတို့၏ အလွန်ကြီးစွာသောစည်းစိမ်ဥစ္စာတို့ကြောင့် မာနနှင့် ဝါကြွားခြင်းသို့တိုင်အောင် ဘဝင်မြင့်လျက်၊ ထိုမှတစ်ပါး၊ ကြီးစွာသောညှဉ်းဆဲခြင်းတို့ကို ပြုသည့်တိုင်အောင်ပင်တည်း။
၁၁ အကြောင်းမူကား၊ ထိုပြည်၌ များစွာသောကုန်သည်များ၊ ထို့အတူ များစွာသောရှေ့နေများ၊ များစွာသောအရာရှိများရှိ၏။
၁၂ လူတို့သည်လည်း သူတို့၏စည်းစိမ်ဥစ္စာများနှင့် သူတို့၏သင်ယူရာ အခွင့်အလမ်းများအတိုင်း အဆင့်ခွဲခြားစပြု၏။ ထိုမှတစ်ပါး၊ အချို့သောသူတို့သည် သူတို့၏ ဆင်းရဲနွမ်းပါးမှုကြောင့်၊ အသိကင်းမဲ့ရ၏၊ အခြားသောသူတို့မှာ သူတို့၏ စည်းစိမ်ဥစ္စာများကြောင့် ကြီးစွာသော အတတ်ပညာများကို ရရှိကြ၏။
၁၃ အချို့သောသူတို့သည် မာနဖြင့် ဘဝင်မြင့်ကြ၏၊ အခြားသောသူတို့သည် လွန်စွာနှိမ့်ချကြ၏။ အချို့သောသူတို့သည် ကဲ့ရဲ့ စွာသောအပြစ်တင်ခြင်းအတွက် ကဲ့ရဲ့ စွာသောအပြစ်တင်ခြင်းကို ပြန်၍ပြုကြ၏၊ သို့ရာတွင် အခြားသောသူတို့သည် ကဲ့ရဲ့စွာသောအပြစ်တင်ခြင်း၊ ညှဉ်းဆဲခြင်းနှင့် အမျိုးမျိုးသော ဆင်းရဲဒုက္ခများကို ခံစားပြီးလျှင်၊ တစ်ဖန်လှည့်၍ ကဲ့ရဲ့ပြောဆိုလိုခြင်းမရှိကြ၊ နှိမ့်ချ၍ ဘုရားသခင်ရှေ့၌ နောင်တရလျက်သာရှိကြ၏။
၁၄ ထိုကဲ့သို့အားဖြင့်၊ ထိုပြည်တစ်ခုလုံး၌ ကြီးစွာသောမမျှတခြင်း ရှိလာ၍ အသင်းတော်သည် ပြိုကွဲစပြုခဲ့၊ အမှန်စင်စစ်၊ မှန်ကန်သော ယုံကြည်ခြင်းသို့ ပြောင်းလဲသူ လာမန်အမျိုးသားအနည်းငယ်တို့မှတစ်ပါး၊ ထိုပြည်တစ်ခုလုံး၌၊ သုံးဆယ်နှစ်မြောက်၌ အသင်းတော်သည် ပြိုကွဲ၏။ သူတို့သည်လည်း ထိုယုံကြည်ခြင်းမှ စွန့်ခွာမသွားလိုကြ။ အကြောင်းမူကား၊ သူတို့သည် ခိုင်မာလျက်၊ မြဲမြံ၍ မတိမ်းယိမ်းဘဲရှိလျက်၊ ကိုယ်တော်ရှင်၏ပညတ်တော်များကို လုံ့လဝီရိယရှိသမျှနှင့် စောင့်ထိန်းရန် လိုလိုလားလားရှိကြ၏။
၁၅ ယခုတွင်၊ လူတို့၌ ဤဒုစရိုက်၏အကြောင်းရင်းမှာ၊ ဤသို့ဖြစ်၏—စာတန်သည် လူတို့အား အမျိုးမျိုးသော ဒုစရိုက်များကို ပြုစေရန် နှိုးဆော်ခြင်း၌လည်းကောင်း၊ မာနစိတ်ထောင်လွှားစေခြင်း၌လည်းကောင်း၊ တန်ခိုးနှင့် အခွင့်အာဏာ၊ ထို့အတူ စည်းစိမ်ဥစ္စာများ၊ ထို့အတူ လောက၏အချည်းနှီးသောအရာတို့ကို ရရှိခြင်းငှာ ကြိုးစားအားထုတ်ရန် သွေးဆောင်ဖြားယောင်းခြင်း၌လည်းကောင်း ကြီးစွာသော တန်ခိုးရှိ၏။
၁၆ ထိုကဲ့သို့အားဖြင့် စာတန်သည် အမျိုးမျိုးသောဒုစရိုက်များပြုကြစေရန် လူတို့၏စိတ်နှလုံးကို လှည့်ဖြားခေါ်ဆောင်သွား၏။ ထို့ကြောင့်သူတို့သည် ငြိမ်းချမ်းခြင်းကို နှစ်အနည်းငယ်သာလျှင်၊ ခံစားရ၏။
၁၇ ထိုကဲ့သို့အားဖြင့်၊ သုံးဆယ်နှစ်မြောက်၏အစ၌—လူတို့ကို နတ်ဆိုး၏သွေးဆောင်ဖြားယောင်းခြင်းတို့အားဖြင့်၊ သူပို့ဆောင်လိုရာအရပ်မှန်သမျှဆီသို့ ပို့ဆောင်ခံရစေခြင်းငှာနှင့် သူပြုစေလိုသောဒုစရိုက်မှန်သမျှကို သူတို့ပြုစေခြင်းငှာ အချိန်ကြာမြင့်စွာ ပေးအပ်ထားလျက်—ထိုကဲ့သို့အားဖြင့်၊ ဤသုံးဆယ်နှစ်မြောက်အစ၌ သူတို့သည် အလွန်ဆိုးရွားသော ဆိုးညစ်ခြင်းအခြေအနေ၌ ရှိကြ၏။
၁၈ ယခုတွင်၊ သူတို့သည် မသိဘဲနှင့် အပြစ်ပြုကြသည်မဟုတ်။ အကြောင်းမူကား၊ သူ့တို့ကို သွန်သင်ပေးလေပြီးဖြစ်၍၊ သူတို့နှင့်စပ်လျဉ်းသည့်ဘုရားသခင်၏အလိုတော်ကို သိကြ၏။ ထို့ကြောင့်၊ သူတို့သည် ဘုရားသခင်ကို တမင်ဆန့်ကျင်ပုန်ကန်ကြ၏။
၁၉ ယခုမူကား၊ ထိုအမှုမှာ လာချော်နေရု၏သား လာချော်နေရု၏ လက်ထက်၌ဖြစ်၏။ အကြောင်းမူကား၊ လာချော်နေရုသည် သူ့အဘ၏ပလ္လင်၌ ထမ်းဆောင်၍၊ ထိုနှစ်၌ လူတို့ကို အုပ်ချုပ်၏။
၂၀ ထို့အတူ၊ ကောင်းကင်ဘုံမှ လမ်းပြလှုံ့ဆော်၍၊ စေလွှတ်တော်မူခြင်းခံရသော လူယောက်ျားများ ရှိစပြု၍၊ ခပ်သိမ်းသောပြည်များရှိလူတို့၌ရပ်လျက်၊ ဟောပြောလျက်၊ လူတို့၏အပြစ်များနှင့် ဒုစရိုက်များကို ရဲရင့်စွာသက်သေခံလျက်၊ ထို့အတူ မိမိလူမျိုးတို့အတွက်ကိုယ်တော်ရှင် ပြုတော်မူမည့် ရွေးနှုတ်ခြင်းအကြောင်းကို သို့မဟုတ်၊ တစ်နည်းအားဖြင့်၊ ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းကို သူတို့အား သက်သေခံနေကြ၏။ သူတို့သည်လည်း သူ၏သေခြင်းနှင့် ဒုက္ခဝေဒနာခံစားခြင်းတို့ကို ရဲရင့်စွာ သက်သေခံကြ၏။
၂၁ ယခုတွင်၊ ဤအရာများအကြောင်းကို သက်သေခံသောသူတို့ကြောင့်၊ လွန်စွာအမျက်ထွက်သောလူများစွာရှိ၏။ ထိုအမျက်ထွက်သောသူတို့မှာ အဓိကအားဖြင့်၊ တရားသူကြီးချုပ်များဖြစ်၏၊ ယဇ်ပုရောဟိတ်မင်းများနှင့် ရှေ့နေများ ဖြစ်ခဲ့လေသောသူများလည်းဖြစ်၏။ ထိုမှတစ်ပါး၊ ရှေ့နေဖြစ်လေသူခပ်သိမ်းတို့သည် ဤအရာများအကြောင်း သက်သေခံသူတို့ကို အမျက်ထွက်ကြ၏။
၂၂ ယခုတွင်၊ ပြစ်ဒဏ်ချမှတ်ခြင်းကို ထိုပြည်၏အုပ်ချုပ်သူအားဖြင့် တံဆိပ်ခတ်မထားလျှင်၊ တစ်စုံတစ်ယောက်ကို သေဒဏ်ချမှတ်ရန် အခွင့်ရှိနိုင်သော ရှေ့နေသော်လည်းကောင်း၊ တရားသူကြီးသော်လည်းကောင်း၊ ယဇ်ပုရောဟိတ်မင်းသော်လည်းကောင်းမရှိ။
၂၃ ယခုတွင်၊ ရဲရင့်စွာသက်သေခံသည့်သူ၊ ခရစ်တော်နှင့်စပ်ဆိုင်သောအရာတို့အကြောင်းကို သက်သေခံသည့်သူ ထိုသူတို့မှ များစွာသောသူတို့၊ ဖမ်းဆီးခံရပြီးလျှင်၊ သူတို့သေပြီးသည့်နောက်တိုင်အောင် သူတို့သေခြင်းအကြောင်းကို ထိုပြည်၏အုပ်ချုပ်သောသူအား မသိစေခြင်းငှာ၊ တရားသူကြီးတို့အားဖြင့် လျှို့ဝှက်စွာ အသေသတ်ခံရသောသူများရှိ၏။
၂၄ ယခုတွင်၊ ရှုလော့၊ သူတို့သည် ထိုပြည်၏အုပ်ချုပ်သူထံမှ အခွင့်ကို မရရှိလျှင်၊ တစ်စုံတစ်ဦး အသေသတ်ခံရသည့် ဤအမှုမှာ ထိုပြည်၏ဥပဒေများနှင့် ဆန့်ကျင်၏—
၂၅ ထို့ကြောင့်၊ ကိုယ်တော်ရှင်၏ပရောဖက်တို့ကို ဥပဒေအတိုင်းမဟုတ်ဘဲ၊ သေဒဏ်ချမှတ်သူ ဤတရားသူကြီးတို့ကို ဆန့်ကျင်၍ အပြစ်တင်ခြင်းသည် ဇရဟင်မလပြည်ရှိ၊ ထိုပြည်၏အုပ်ချုပ်သူထံသို့ ရောက်လာ၏။
၂၆ ယခုတွင်၊ အချိန်တန်လာသောအခါ၊ ထိုသူတို့သည် ဖမ်းဆီး၍၊ သူတို့ပြုသည့် ပြစ်မှုအတွက်၊ လူတို့ တည်ထောင်ထားသောဥပဒေအတိုင်း တရားစီရင်ခံရစေရန် တရားသူကြီးရှေ့သို့ ခေါ်ဆောင်ခံရကြ၏။
၂၇ ယခုတွင်၊ အချိန်တန်လာသောအခါ၊ ထိုတရားသူကြီးတို့၌၊ များစွာသောအဆွေခင်ပွန်းများနှင့် ဆွေမျိုးများ ရှိကြ၏။ ကျန်ကြွင်းသောသူတို့၊ အထူးသဖြင့်၊ ရှေ့နေများနှင့် ယဇ်ပုရောဟိတ်မင်းခပ်သိမ်းနီးပါးတို့သည်လည်း သူတို့ကိုယ်သူတို့ အတူတကွစုဝေး၍၊ ဥပဒေအတိုင်း စီရင်ခံရမည်ဖြစ်သော ထိုတရားသူကြီးတို့၏ ဆွေမျိုးတို့နှင့် ပူးပေါင်းကြ၏။
၂၈ သူတို့သည် အချင်းချင်း ပဋိညာဉ်ပြု၍၊ အထူးသဖြင့်၊ ရှေးကလူများ တည်ထောင်သကဲ့သို့ ဖြစ်သော ထိုပဋိညာဉ်ကို ပြုကြ၏။ ထိုပဋိညာဉ်မှာ၊ ခပ်သိမ်းသောဖြောင့်မတ်ခြင်းတစ်ဖက်၌ ပူးပေါင်းခြင်းငှာ နတ်ဆိုးအားဖြင့် တည်ထောင်၍စီမံဆောင်ရွက်ထားခြင်းပေတည်း။
၂၉ ထို့ကြောင့်၊ သူတို့သည် ကိုယ်တော်ရှင်၏လူမျိုးတို့ တစ်ဖက်၌ ပူးပေါင်း၍၊ သူတို့ကိုဖျက်ဆီးရန်နှင့် လူ့အသက်သတ်ခြင်းအတွက် အပြစ်ရောက်သောသူတို့ကို ဥပဒေအတိုင်း စီမံဆောင်ရွက်တော့မည့် အပြစ်ပေးခြင်း၏ချုပ်ကိုင်ခြင်းမှ လွှတ်ပေးရန် ပဋိညာဉ်ပြုကြ၏။
၃၀ သူတို့သည် မိမိတို့တိုင်းပြည်၏ ဥပဒေနှင့် အခွင့်အရေးများကိုလည်း ဖီဆန်ကြ၏။ အုပ်ချုပ်သူကို ဖျက်ဆီးခြင်းငှာလည်းကောင်း၊ ထိုပြည်ကို လွတ်လပ်ခြင်း၌ မရှိစေတော့၊ ရှင်ဘုရင်တို့၏လွမ်းမိုးမှုအောက်၌ ရှိစေရန်သာ၊ ထိုပြည်၌ ရှင်ဘုရင်တစ်ပါးကို တင်မြှောက်ခြင်းငှာလည်းကောင်း အချင်းချင်း ပဋိညာဉ်ပြုကြ၏။