အခန်းကြီး ၂၇
ယေရှုသည် သူတို့အား အသင်းတော်ကို သူ၏နာမတော်အားဖြင့် ခေါ်ရန် မိန့်မှာ၏—သူ၏သာသနာပြုခြင်းနှင့် အပြစ်ဖြေခြင်းယဇ်တို့ဖြင့် သူ၏ဧဝံဂေလိတရားတော်ကို ဖွဲ့စည်းတည်ထောင်၏—လူသားတို့သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သန့်ရှင်းစင်ကြယ်နိုင်စေခြင်းငှာ နောင်တရ၍၊ ဗတ္တိဇံခံရန် မိန့်မှာခံရ၏—သူတို့သည် ယေရှုကဲ့သို့ပင် ဖြစ်ရမည်။ အေဒီ ၃၄–၃၅ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ယေရှု၏တပည့်တော်တို့သည် ခရီးသွား၍၊ သူတို့ ကြားရ၊ မြင်ရသည့်အရာတို့ကို ဟောပြောလျက်၊ ယေရှု၏နာမတော်၌ ဗတ္တိဇံပေးလျက်ရှိစဉ်တွင်၊ အချိန်တန်လာသောအခါ၊ တပည့်တော်တို့သည် အတူတကွစုဝေး၍၊ အားကြီးသောဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းတို့၌ စည်းလုံးကြ၏။
၂ ယေရှုကလည်း တစ်ဖန်ကိုယ်ထင်ပြတော်မူ၏။ အကြောင်းမူကား၊ သူတို့သည် သူ၏နာမတော်အားဖြင့် ခမည်းတော်ထံသို့ ဆုတောင်းလျက်ရှိကြ၏။ ယေရှုသည်လည်း သူတို့အလယ်၌ လာရပ်၍၊ သင်တို့အား အဘယ်အရာကို ပေးစေလိုသနည်းဟု မေးတော်မူလျှင်၊
၃ သူတို့ကလည်း ကိုယ်တော်ရှင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့အား ဤအသင်းတော်ကို ခေါ်ရမည့် အမည်ကို မိန့်တော်မူပါ။ အကြောင်းမူကား၊ ဤအမှုနှင့်စပ်လျဉ်း၍ လူတို့၌ ငြင်းခုံခြင်းများရှိပါ၏ဟု လျှောက်ကြ၏။
၄ ကိုယ်တော်ရှင်ကလည်း သူတို့ကို မိန့်တော်မူသည်မှာ၊ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား လူတို့သည် ဤအမှုကြောင့်၊ အဘယ်သို့အားဖြင့် ညည်းညူအပြစ်တင်၍ ငြင်းခုံကြသနည်း။
၅ သင်တို့သည် ငါ၏နာမတော်တည်းဟူသော ခရစ်တော်၏နာမတော်ကို သင်တို့အပေါ်၌ ခံယူရမည်ဟု ဆိုလေသည့် ကျမ်းစာများကို သူတို့မဖတ်ကြသလော။ အကြောင်းမူကား၊ ဤနာမတော်အားဖြင့် သင်တို့သည် နောက်ဆုံးသောနေ့၌ အခေါ်ခံရလိမ့်မည်။
၆ အကြင်သူသည် မိမိအပေါ်၌ ငါ၏နာမတော်ကို ခံယူ၍၊ အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် နောက်ဆုံးသောနေ့ ၌ ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။
၇ ထို့ကြောင့်၊ သင်တို့ပြုသမျှသောအရာတို့ကို ငါ၏နာမတော်အားဖြင့် ပြုကြလော့။ ထို့ကြောင့်၊ သင်တို့သည် အသင်းတော်ကို ငါ၏နာမတော်အားဖြင့် ခေါ်ရမည်။ ငါ့အဖို့ အသင်းတော်ကို ခမည်းတော်ကောင်းချီးပေးတော်မူစေခြင်းငှာ၊ သင်တို့သည် သူ့ထံသို့ ငါ၏နာမတော်အားဖြင့် ပဌာနပြုကြလော့။
၈ ငါ၏နာမတော်အားဖြင့် မခေါ်လျှင်၊ အဘယ်သို့အားဖြင့် ငါ၏အသင်းတော် ဖြစ်နိုင်မည်နည်း။ အကြောင်းမူကား၊ အသင်းတော်တစ်ပါးကို မောရှေ၏နာမအားဖြင့် ခေါ်လျှင်၊ ထိုအသင်းတော်သည် မောရှေ၏အသင်းတော်ဖြစ်ပေမည်။ သို့မဟုတ်၊ အသင်းတော်တစ်ပါးကို လူတစ်ဦး၏နာမအားဖြင့် ခေါ်လျှင်၊ ထိုအသင်းတော်သည် လူတစ်ဦး၏အသင်းတော် ဖြစ်ပေမည်။ သို့ရာတွင်၊ ထိုအသင်းတော်ကို ငါ၏နာမအားဖြင့် ခေါ်လျှင်၊ ငါ၏အသင်းတော် ဖြစ်ပေ၏။ ထိုသို့ဆိုလျှင်၊ သူတို့သည် ငါ၏ဧဝံဂေလိတရားတော်၌ တည်ထောင်ကြခြင်းဖြစ်၏။
၉ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ သင်တို့ကို ငါ၏ဧဝံဂေလိတရားတော်အပေါ်၌ တည်ထောင်ထား၏။ ထို့ကြောင့်၊ သင်တို့သည် ပြုသမျှသောအရာတို့ကို ငါ၏နာမတော်အားဖြင့် ခေါ်ရကြမည်။ ထို့ကြောင့်၊ သင်တို့သည် အသင်းတော်အတွက်၊ ခမည်းတော်ထံသို့ ပဌနာပြုကြသောအခါ၊ ငါ၏နာမတော်အားဖြင့် ပြုကြလျှင်၊ ခမည်းတော်ကြားတော်မူလိမ့်မည်။
၁၀ အသင်းတော်ကို ငါ၏ဧဝံဂေလိတရားတော်အပေါ်၌ တည်ဆောက်လျှင်၊ ခမည်းတော်သည် သူ၏အမှုတော်တို့ကို ထိုအသင်းတော်၌ ဖော်ပြတော်မူလိမ့်မည်။
၁၁ သို့ရာတွင်၊ ထိုအသင်းတော်သည် ငါ၏ဧဝံဂေလိတရားတော်အပေါ်၌ တည်ဆောက်ထားခြင်းမဟုတ်ဘဲ၊ လူတို့၏အကျင့်များအပေါ်၌ သို့မဟုတ် နတ်ဆိုး၏အကျင့်များအပေါ်၌ တည်ဆောက် ထားလျှင်၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ သူတို့သည် သူတို့၏အကျင့်များ၌ ကာလအတန်အရာ ဝမ်းမြောက်ခြင်းရှိကြမည်။ မကြာမီ အဆုံးသို့ရောက်၍၊ ခုတ်လှဲ၍ မီးထဲသို့ ပစ်ချခံရကြ၏၊ ထိုနေရာမှ ပြန်လမ်းမရှိ။
၁၂ အကြောင်းမူကား၊ သူတို့၏ အကျင့်များသည် သူတို့နောက်က လိုက်ကြ၏။ သူတို့၏အကျင့်များကြောင့် သူတို့ခုတ်လှဲခံရကြ၏။ ထို့ကြောင့်၊ သင်တို့အား ငါပြောပြတော်မူသောအရာတို့ကို သတိရကြလော့။
၁၃ ရှုလော့၊ ငါသည် သင်တို့အား ငါ၏ဧဝံဂေလိတရားတော်ကို ပေးတော်မူ၍၊ သင်တို့ထံသို့ ငါပေးတော်မူသည့် ဤဧဝံဂေလိတရားတော်သည်ကား—ငါသည် ငါ့ခမည်းတော် ငါ့ကို စေလွှတ်တော်မူသောကြောင့်၊ ငါ့ခမည်းတော်၏ အလိုကို ဆောင်ရွက်ခြင်းငှာ လောကထဲသို့ ကြွလာတော်မူ၏။
၁၄ ငါ၏ခမည်းတော်ကလည်း၊ ငါ့ကို လက်ဝါးကပ်တိုင်ပေါ်၌ မြှောက်ထားခံရစေရန် စေလွှတ်တော်မူ၏။ လူသားတို့ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ သူတို့အကျင့်များအတိုင်း တရားစီရင်ခံရစေရန် ငါ့ရှေ့၌ ရပ်စေခြင်းငှာ ခမည်းတော်အားဖြင့် မြှောက်ထားခံရမည်မှာ၊ လူသားတို့အားဖြင့် ငါမြှောက်ထားခံရသကဲ့သို့ပင်၊ လက်ဝါးကပ်တိုင်ပေါ်၌ မြှောက်ထား ခံရပြီးနောက်၊ ခပ်သိမ်းသော လူသားတို့ကို ငါ့ထံသို့ ဆွဲ၍ခေါ်နိုင်စေခြင်းငှာပေတည်း—
၁၅ ဤအကြောင်းရင်းကြောင့်ပင်၊ ငါသည် မြှောက်ထားခံရလေပြီ။ ထို့ကြောင့်၊ ခမည်းတော်၏တန်ခိုးတော်အတိုင်း၊ ငါသည် ခပ်သိမ်းသော လူသားတို့ကို၊ သူတို့၏အကျင့်များအတိုင်း တရားစီရင်ခံရစေရန် ငါ့ထံသို့ ဆွဲ၍ခေါ်တော်မူမည်။
၁၆ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ နောင်တရ၍၊ ငါ၏နာမတော်၌ ဗတ္တိဇံခံသောသူသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်လိမ့်မည်။ ထိုသူသည် အဆုံးတိုင်အောင် တည်ကြည်လျှင်၊ ရှုလော့၊ ငါသည် လောကကို တရားစီရင်ခြင်းငှာ ရပ်တော်မူမည့် ထိုနေ့၌ သူ့ကို ငါ့ခမည်းတော်၏ရှေ့၌ အပြစ်ကင်းသည်ဟု မှတ်ယူမည်။
၁၇ အကြင်သူသည် အဆုံးတိုင်အောင်မတည်ကြည်လျှင်၊ ထိုသူသည်ကား ခုတ်လှဲ၍ မီးထဲသို့ ပစ်ချခံရသောသူဖြစ်၏၊ ခမည်းတော်၏တရားစီရင်တော်မူခြင်းကြောင့်၊ ထိုအရပ်မှ သူတို့ပြန်မလာနိုင် ကြတော့။
၁၈ ဤအရာသည်ကား၊ လူသားတို့အား သူပေးတော်မူသည့် နှုတ်ကပတ်တော်ဖြစ်၏။ ဤအကြောင်းကြောင့်ပင်၊ သူသည် ပေးတော်မူသည့် နှုတ်ကပတ်တော်တို့ကို ပြီးပြည့်စုံစေ၏၊ မုသားပြောခြင်းမရှိ၊ သူ၏နှုတ်ကပတ်တော်အားလုံးကိုသာ ပြီးပြည့်စုံစေတော်မူ၏။
၁၉ မစင်ကြယ်သောအရာသည် သူ၏နိုင်ငံတော်ထဲသို့ မဝင်နိုင်။ ထို့ကြောင့်၊ သူတို့၏ယုံကြည်ခြင်း၊ ထို့အတူ၊ သူတို့၏အပြစ်များမှ နောင်တရခြင်း၊ ထို့အတူ သူတို့၏အဆုံးတိုင်အောင် သစ္စာရှိခြင်းတို့ကြောင့် သူတို့၏အဝတ်တန်ဆာများကို ငါ၏အသွေးတော်ဖြင့် လျှော်ဖွတ်သောသူတို့မှတစ်ပါး၊ အဘယ်အရာမျှ သူ၏ချမ်းသာခြင်းထဲသို့ မဝင်နိုင်။
၂၀ ယခုတွင်၊ ဤပညတ်တော်သည်ကား၊ နောင်တရကြလော့၊ ခပ်သိမ်းသော အသင်မြေကြီးစွန်းသားတို့။ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိခြင်းအားဖြင့်၊ သန့်ရှင်း စင်ကြယ် နိုင်စေခြင်းငှာလည်းကောင်း၊ နောက်ဆုံးသောနေ့၌ ငါ့ရှေ့၌၊ အပြစ်ကင်းစင်လျက် ရပ်နိုင်စေခြင်းငှာလည်းကောင်း ငါ့ထံသို့လာ၍၊ ငါ၏နာမတော်၌ ဗတ္တိဇံခံကြလော့။
၂၁ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ဤအရာသည် ငါ၏ဧဝံဂေလိတရားတော် ဖြစ်၏။ သင်တို့သည်လည်း ငါ၏အသင်းတော်၌ ပြုရမည့်အရာတို့ကို သိကြ၏။ အကြောင်းမူကား၊ ငါပြုတော်မူသည်ကို သင်တို့မြင်ရသည့် အမှုတို့ကိုလည်း သင်တို့ပြုကြလိမ့်မည်။ ငါပြုတော်မူသည်ကို သင်တို့မြင်ရသည့်အမှုတို့ကိုပင် သင်တို့ပြုကြလိမ့်မည်။
၂၂ ထို့ကြောင့်၊ သင်တို့သည် ဤအရာတို့ကို ပြုလျှင်၊ မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် နောက်ဆုံးသောနေ့၌ ချီးမြှောက်တော်မူခြင်း ခံရကြလိမ့်မည်။
၂၃ တားမြစ်ထားတော်မူသောအရာတို့မှတစ်ပါး၊ သင်တို့မြင်ရ၊ ကြားရလေသောအရာတို့ကို ရေးကြလော့။
၂၄ ဖြစ်လေပြီးသောအရာတို့ကို ရေးသည့်နည်းတူ နောင်တွင်ဖြစ်မည့် ဤလူမျိုးတို့၏ အကျင့်တို့ကို ရေးလော့။
၂၅ အကြောင်းမူကား၊ ရှုလော့၊ ရေးထားလေ၍၊ ထို့အတူ ရေးလိမ့်မည်လည်းဖြစ်သည့် ဤကျမ်းတို့အားဖြင့် ဤလူမျိုးတို့သည် တရားစီရင်ခံရလိမ့်မည်၊ အကြောင်းမူကား၊ ၎င်းကျမ်းတို့အားဖြင့်၊ သူတို့၏အကျင့်များကို လူသားတို့ထံ ဖော်ပြလိမ့်မည်။
၂၆ ရှုဦးလော့၊ ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ရေးထားစေတော်မူ၏။ ထိုကြောင့်၊ ရေးမည့် ကျမ်းတို့အားဖြင့် လောကသည် တရားစီရင် ခံရလိမ့်မည်။
၂၇ သင်တို့အား ငါပေးတော်မူမည့် တရားမျှတမည့်အရာတည်းဟူသော တရားစီရင်ခြင်းအတိုင်း သင်တို့သည် ဤလူမျိုးတို့၏ တရားသူကြီးများဖြစ်မည်ကို သိကြလော့။ထို့ကြောင့်၊ သင်တို့သည် အဘယ်သို့သောလူမျိုး ဖြစ်သင့်သနည်း။ သင်တို့ကို ငါအမှန်ဆိုသည်ကား ငါကဲ့သို့ပင်တည်း။
၂၈ ယခုမူကား၊ ငါသည် ခမည်းတော်ထံသို့ သွားတော်မူမည်။ ထို့အတူ၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ငါ၏နာမတော်အားဖြင့် ခမည်းတော်ထံသို့ သင်တို့တောင်းသမျှသောအရာတို့ကို သင်တို့ထံသို့ ပေးတော်မူလိမ့်မည်။
၂၉ ထို့ကြောင့်၊ တောင်းကြလော့၊ သင်တို့ရကြလိမ့်မည်။ ခေါက်ကြလော့၊ သင်တို့အား ဖွင့်ပေးလိမ့်မည်။ အကြောင်းမူကား၊ တောင်းသောသူသည် ရ၏။ ခေါက်သောသူအဖို့လည်း ဖွင့်ပေးလိမ့်မည်။
၃၀ ယခုမူကား၊ ရှုလော့၊ သင်တို့နှင့် ဤမျိုးဆက်တို့ကြောင့်လည်း ငါ၏ဝမ်းမြောက်ခြင်းသည် ကြီးလှ၏။ ထိုမှတစ်ပါး၊ ခမည်းတော်နှင့် သန့်ရှင်းသည့် ကောင်းကင်တမန်အပါင်းတို့သည်လည်း သင်တို့နှင့် ဤမျိုးဆက်တို့ကြောင့် ရွှင်လန်းဝမ်းမြောက်ကြ၏။ အကြောင်းမူကား၊ အဘယ်သူမျှ မပျောက်ဆုံးကြ။
၃၁ ရှုလော့၊ ငါသည် သင်တို့နားလည်စေရန် အလိုရှိ၏။ အကြောင်းမူကား၊ ဤမျိုးဆက်မှ အသက်ရှင်လျက်ရှိသောသူတို့ကို ဆိုလို၏။ အဘယ်သူမျှလည်း မပျောက်ဆုံးကြ။ သူတို့ ၌ ငါသည် ဝမ်းမြောက်ခြင်းအပြည့်အစုံရှိ၏။
၃၂ သို့ရာတွင်၊ ရှုလော့၊ ဤမျိုးဆက်မှ လေးဆက်မြောက်မျိုးဆက်ကြောင့် ငါ့ကို ဝမ်းနည်းစေ၏။ အကြောင်းမူကား၊ သူတို့သည် ပျက်စီးခြင်း၏သားကဲ့သို့ပင်၊ သူ့အားဖြင့် ဖမ်းဆီးချုပ်နှောင်၍ ဆောင်သွားခြင်းကို ခံရကြ၏။ သူတို့သည် ငါ့ကို ငွေအတွက်လည်းကောင်း၊ ရွှေအတွက်လည်းကောင်း၊ ထို့အတူ၊ ပိုးရွဖျက်ဆီး၍၊ သူခိုးတို့ ဖောက်ထွင်းခိုးယူသည့် အရာအတွက်လည်းကောင်း ရောင်းကြလိမ့်မည်။ ထိုနေ့၌၊ ငါသည် သူတို့အကျင့်များ သူတို့ဦးခေါင်းပေါ်သို့ ရောက်စေခြင်းဖြင့်ပင် သူတို့ကို ဆုံးမတော်မူမည်။
၃၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ယေရှုသည် ဤစကားများကို အဆုံးသတ်လေပြီးနောက်၊ သူ၏တပည့်တော်တို့ကို မိန့်တော်မူလေသည်ကား၊ သင်တို့သည် ကျပ်တည်းသောတံခါးမှ ဝင်ကြလော့။ အကြောင်းမူကား၊ အသက်ရှင်ခြင်းသို့ရောက်သောတံခါးသည် ကျပ်တည်း၏၊ လမ်းသည် ကျဉ်းမြောင်း၍၊ တွေ့ဝင်သောသူ နည်း၏။ သို့ရာတွင်၊ သေခြင်းသို့ရောက်သောတံခါးသည် ကျယ်၏၊ လမ်းသည် ကျယ်ဝန်း၍ အဘယ်သူမျှအမှုမပြုနိုင်သည့် အချိန်တိုင်အောင် ထိုတံခါးမှ သွားလာသူ များ၏။