အခန်းကြီး ၂၈
တပည့်တော် တစ်ဆယ်နှစ်ပါးမှ ကိုးပါးသည် အလိုရှိကြ၍၊ သူတို့သေသောအခါတွင် ခရစ်တော်၏နိုင်ငံတော်၌ အမွေခံရာ ကတိတော်ကို ရရှိကြ၏—နီဖိုင်းအမျိုးသားသုံးဦးသည် အလိုရှိကြ၍၊ သေခြင်းကိုအောင်နိုင်သော တန်ခိုးကိုရရှိကြသဖြင့်၊ ယေရှုတစ်ဖန် ကြွလာတော်မူသည့်တိုင်အောင် မြေကြီးပေါ်မှာ ဆက်၍နေနိုင်ကြ၏—သူတို့သည် ဘဝပြောင်း၍၊ မပြောအပ်သောအရာတို့ကို မြင်ကြ၏၊ ယခုတွင် လူတို့၌ အမှုတော်ဆောင်လျက်ရှိ၏။ အေဒီ ၃၄–၃၅ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ယေရှုသည် ဤစကားများကို ဟောတော်မူပြီးနောက်၊ သူ၏တပည့်တော်တို့ကို တစ်ယောက်ပြီးတစ်ယောက်ဆို၍ မိန့်တော်မူသည်ကား၊ ခမည်းတော်ထံသို့ ငါသွားတော်မူပြီးနောက်၊ သင်တို့သည် ငါ့ထံမှ အဘယ်အရာကို အလိုရှိကြသနည်း။
၂ သုံးဦးမှတစ်ပါး၊ သူတို့အားလုံးကလည်း အကျွန်ုပ်တို့သည် လူ့သက်တမ်းအတိုင်း အသက်ရှင်ကြပြီးနောက်၊ ကိုယ်တော် ခေါ်တော်မူသည့် ကျွန်ုပ်တို့၏အမှုတော်ဆောင်ခြင်း ပြီးဆုံးခြင်းသို့ ရောက်လျှင်၊ ကိုယ်တော်၏နိုင်ငံတော်သို့ အလျင်အမြန် လာလိုကြပါ၏ဟုဆို၍ လျှောက်ကြ၏။
၃ သူကလည်း မိန့်တော်မူသည်မှာ၊ သင်တို့သည် ငါ့ထံမှ ဤအရာကို အလိုရှိသောကြောင့် မင်္ဂလာရှိကြ၏။ ထို့ကြောင့်၊ သင်တို့သည် အသက်ခုနစ်ဆယ်နှစ်နှစ်သို့ ရောက်ပြီးနောက်၌ ငါ၏နိုင်ငံတော်ထဲသို့ လာရကြရမည်။ ငါ့၌ ချမ်းသာခြင်းကို တွေ့ကြလိမ့်မည်။
၄ ထိုသူတို့အား ဟောပြောတော်မူပြီးနောက်တွင်၊ သုံးပါးဆီသို့လှည့်၍၊ ခမည်းတော်ထံသို့ ငါသွားတော်မူပြီးနောက်တွင်၊ ငါ့အား သင်တို့အဖို့ အဘယ်အရာကို ပြုတော်မူစေကြောင်း သင်တို့ အလိုရှိကြသနည်းဟုဆို၍ မေး၏။
၅ သူတို့သည်လည်း သူတို့အလိုရှိသည့်အရာကို မပြောဝံသောကြောင့် သူတို့စိတ်နှလုံး၌ ဝမ်းနည်းကြ၏။
၆ သူကလည်း မိန့်တော်မူလေသည်ကား၊ ရှုလော့၊ ငါသည် သင်တို့၏အတွေးအကြံများကို သိတော်မူ၏။ သင်တို့သည်လည်း ယုဒလူမျိုးတို့အားဖြင့် ငါမြှောက်ထားမခံရမီ ငါ့အမှုတော်ဆောင်ခြင်း၌ ငါနှင့်အတူရှိသည့် ငါချစ်သောသူယောဟန် ငါ့ထံမှ အလိုရှိသောအရာကို အလိုရှိကြ၏။
၇ ထို့ကြောင့်၊ သင်တို့သည် သာ၍မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် သေခြင်းကို အဘယ်တော့မျှ မတွေ့ ကြုံရ။ လူသားများသို့ ပြုတော်မူသည့် ခမည်းတော်၏အမှုတော်ခပ်သိမ်းကို တွေ့မြင်ကြရန် အသက်ရှင်၍သာ ရှိကြလိမ့်မည်၊ ငါကောင်းကင်ဘုံ၏ တန်ခိုးတော်တို့နှင့်အတူ၊ ငါ၏ဘုန်းတော်ကို ဆောင်၍ ကြွလာတော်မူသောအခါ၌၊ ခမည်းတော်၏ အလိုတော်အတိုင်း အရာ ခပ်သိမ်းတို့ကို ပြီးပြည့်စုံစေသည့် အချိန်အထိ ပင်တည်း။
၈ သေခြင်း၏နာကျင်မှုတို့ကိုလည်း မခံစားရကြ။ ငါ၏ဘုန်းတော်ကို ဆောင်၍ ငါကြွလာတော်မူသောအခါတွင်၊ သင်တို့သည်မျက်စိတစ်မှိတ်၌ သေခြင်းရှိရာမှ သေခြင်းမရှိရာသို့သာ ပြောင်းလဲကြလိမ့်မည်။ ထို့နောက်တွင်ကား၊ သင်တို့သည် ငါ့ခမည်းတော်၏ နိုင်ငံတော်၌ ကောင်းချီးခံစားရကြလိမ့်မည်။
၉ ထိုမှတစ်ဖန်၊ သင်တို့သည် ဇာတိကိုယ်ခန္ဓာ၌ နေထိုင်ကြစဉ်တွင်၊ နာကျင်မှုမရှိရကြ။ လောကီသားတို့၏အပြစ်များကြောင့်မှတစ်ပါး၊ ဝမ်းနည်းခြင်းလည်း မရှိရကြ။ ခပ်သိမ်းသောဤအမှုတို့ကို ငါပြုတော်မူမည်မှာ ငါ့ထံမှ သင်တို့အလိုရှိသောအရာကြောင့်ပေတည်း။ အကြောင်းမူကား၊ သင်တို့သည် ကမ္ဘာတည်သမျှကာလပတ်လုံး လူသားတို့၏စိတ်ဝိညာဉ်များကို ငါ့ထံသို့ ဆောင်ယူနိုင်ရန် အလိုရှိကြလေပြီ။
၁၀ ဤအကြောင်းကြောင့် သင်တို့သည် ဝမ်းမြောက်ခြင်းအပြည့်အစုံကို ရရှိကြလိမ့်မည်။ သင်တို့သည် ငါ့ခမည်းတော်၏နိုင်ငံတော်၌လည်း ထိုင်ရလိမ့်မည်။ ထိုမှတစ်ပါး၊ သင်တို့၏ဝမ်းမြောက်ခြင်းသည် ပြည့်စုံလိမ့်မည်၊ ခမည်းတော် ငါ့အား ဝမ်းမြောက်ခြင်းအပြည့်အစုံကို ပေးတော်မူ လေသကဲ့သို့ပင်တည်း။ သင်တို့သည် ငါကဲ့သို့ပင် ဖြစ်လိမ့်မည်။ ငါသည်လည်း ခမည်းတော်ကဲ့သို့ပင် ဖြစ်တော်မူ၏။ ခမည်းတော်နှင့် ငါသည် တစ်လုံးတစ်ဝတည်းဖြစ်၏။
၁၁ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း ခမည်းတော်နှင့် ငါ့အကြောင်းကို သက်သေခံ၏။ ခမည်းတော်သည် ငါ့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကို လူသားတို့ထံ ပေးတော်မူ၏။
၁၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ယေရှုသည် ဤစကားတော်တို့ကို ဟောလေပြီးလျှင်၊ ဆက်၍နေရစ်မည့် သုံးဦးမှတစ်ပါး၊ သူတို့အယောက်တိုင်းကို လက်ချောင်းတော်ဖြင့်တို့တော်မူ၍ ထွက်ခွာသွားတော်မူ၏။
၁၃ ရှုဦးလော့၊ ကောင်းကင်ပွင့်၍၊ ထိုသူတို့သည် ကောင်းကင်ဘုံသို့ ချီဆောင်ခံရ၏၊ ပြောမပြ နိုင်သော အရာတို့ကို မြင်ရ၊ ကြားရ၏။
၁၄ သူတို့ မပြောရမည့်အကြောင်းကိုလည်း တားမြစ်ထားတော်မူ၏။ သူတို့မြင်ရ၊ ကြားရသည့်အရာတို့ကို ပြောနိုင်စေသည့် တန်ခိုးကိုလည်း ပေးမထား။
၁၅ သူတို့သည်လည်း မိမိတို့၌ ကိုယ်ခန္ဓာပါသည် မပါသည်ကို မပြောပြနိုင်ကြ။ အကြောင်းမူကား၊ သူတို့အမြင်၌ သူတို့ပုံပန်းသဏ္ဌာန်ပြောင်းလဲခြင်းကဲ့သို့ ဟန်ရှိ၍၊ ဤဇာတိကိုယ်ခန္ဓာမှ သေခြင်းမရှိရာအခြေအနေသို့ ပြောင်းလဲ၍၊ ဘုရားသခင်၏အမှုတော်များကို မြင်နိုင်ကြ၏။
၁၆ သို့ရာတွင်၊ အချိန်တန်လာသောအခါ၊ သူတို့သည် မြေကြီးမျက်နှာပြင်ပေါ်၌ တစ်ဖန် ဖော်ပြ ကြ၏။ သို့သော်လည်း၊ သူတို့သည် ကောင်းကင်ဘုံ၌ သူတို့ကို ပေးတော်မူသည့် ပညတ်တော်ကြောင့်၊ သူတို့ကြားရ၊ မြင်ရသည့်အရာတို့အကြောင်းကို မဖော်ပြကြ။
၁၇ ယခုမူကား၊ သူတို့၏ပုံပန်းသဏ္ဌာန်ပြောင်းလဲသည့်နေ့မှစ၍၊ သေခြင်းရှိရာ သို့မဟုတ် သေခြင်းမရှိရာ၌ ရှိကြကြောင်းကို ငါသိခြင်းမရှိ။
၁၈ သို့ရာတွင်၊ ဤမျှအထိသာ ငါသိ၏၊ ရေးထားသော မှတ်တမ်းများအတိုင်းဖြစ်၏—သူတို့သည် ထိုပြည်၏မျက်နှာပြင်ပေါ် ထွက်သွား၍၊ ခပ်သိမ်းသောလူတို့ကို အမှုတော်ဆောင်ကြ၏၊ သူတို့၏ဟောပြောခြင်းကို ယုံကြည်သူမှန်သမျှကို ပေါင်းစည်းကြ၏။ ထိုသူတို့ကို ဗတ္တိဇံပေးလျက်ရှိသဖြင့်၊ ဗတ္တိဇံခံသောသူများစွာတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိကြ၏။
၁၉ သူတို့သည် အသင်းတော်နှင့် မဆိုင်သောသူတို့အားဖြင့် ထောင်ထဲ၌လှောင်ထား ခံရ၏။ ထောင်များသည်လည်း သူတို့ကို လှောင်မထားနိုင်ကြ၊ အကြောင်းမူကား နှစ်ခြမ်းကွဲလေ၏။
၂၀ သူတို့သည် မြေကြီးထဲသို့ ပစ်ချသည်ကိုလည်း ခံရ၏။ သို့ရာတွင်၊ သူတို့သည် မြေကြီးကို ဘုရားသခင်၏အမိန့်ဖြင့် ရိုက်၍၊ သူ၏တန်ခိုးတော်အားဖြင့် မြေကြီးနက်ရာမှ ကယ်လွှတ် ခံရကြ၏။ ထို့ကြောင့်၊ သူတို့ကို လှောင်ထားရန် လုံလောက်စွာနက်သော တွင်းများကို မတူးနိုင်ကြ။
၂၁ သူတို့သည် မီးပြင်းဖိုထဲသို့ သုံးကြိမ် ပစ်ချခံရသော်လည်း ထိခိုက်ခြင်းမရှိကြ။
၂၂ နှစ်ကြိမ်ပင် တောသားရဲတွင်းထဲသို့ ပစ်ချ ခံရ၏။ ရှုဦးလော့၊ သူတို့သည် ကလေးသူငယ် နို့စို့သိုးသငယ်နှင့်ကစားသကဲ့သို့ တောသားရဲတို့နှင့် ကစားလျက်၊ ထိခိုက်ခြင်းမရှိကြ။
၂၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ထိုကဲ့သို့အားဖြင့်၊ နီဖိုင်းလူမျိုးတို့ထံ ထွက်သွား၍၊ ထိုပြည်၏မျက်နှာပြင်ပေါ်၌ ခပ်သိမ်းသောလူမျိုးတို့အား ခရစ်တော်၏ဧဝံဂေလိတရားတော်ကို ဟောပြောကြ၏။ ထိုသူတို့သည်လည်း ကိုယ်တော်ရှင်ထံသို့ ပြောင်းလဲ၍၊ ခရစ်တော်၏အသင်းတော်သို့ ပေါင်းစည်းကြ၏။ ထိုကဲ့သို့အားဖြင့်၊ ထိုမျိုးဆက်မှ လူမျိုးတို့သည် ယေရှု၏စကားအတိုင်း ကောင်းချီးမင်္ဂလာကို ခံစားရကြ၏။
၂၄ ယခုမူကား၊ ငါမော်မုန်သည် ဤအရာတို့အကြောင်း ပြောဆိုခြင်းကို အချိန်အနည်းငယ် ရပ်နားဦးမည်။
၂၅ ရှုလော့၊ ငါသည် သေခြင်းကို အဘယ်တော့မျှ မတွေ့ကြုံရသောသူတို့၏ အမည်များကိုရေးတော့မည်ပြု၏၊ သို့ရာတွင် ကိုယ်တော်ရှင်တားမြစ်တော်မူ၏။ ထို့ကြောင့်၊ ငါသည် ထိုအမည်များကို ရေးခြင်းမပြု။ အကြောင်းမူကား၊ ထိုအမည်များကို လောကထံမှ ကွယ်ဝှက်ထား၏။
၂၆ သို့ရာတွင်၊ ရှုလော့၊ ငါသည် သူတို့ကို မြင်ရ၏။ သူတို့သည်လည်း ငါ့ကို အမှုတော်ဆောင်ကြ၏။
၂၇ ရှုဦးလော့၊ သူတို့သည် တပါးအမျိုးသားတို့၌ ရှိလိမ့်မည်။ တပါးအမျိုးသားတို့သည်လည်း သူတို့ကို သိခြင်းရှိလိမ့်မည်မဟုတ်။
၂၈ ယုဒလူမျိုးတို့၌လည်း ရှိလိမ့်မည်၊ ယုဒလူမျိုးတို့လည်း သူတို့ကို သိခြင်းရှိလိမ့်မည်မဟုတ်။
၂၉ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ ကိုယ်တော်ရှင်က သင့်လျော်မည်ဟု သူ၏ဉာဏ်ပညာတော်ဖြင့် ဆင်ခြင်တော်မူသောအချိန်၌ သူတို့သည် ကွဲပြားပြန့်ကျဲသည့် ဣသရေလမျိုးနွယ်စုခပ်သိမ်းတို့ကိုလည်းကောင်း၊ ခပ်သိမ်းသော ပြည်သား၊ အမျိုးစု၊ အသီးသီးဘာသာစကားကိုပြောသူနှင့် လူမျိုးတို့ကိုလည်းကောင်း အမှုတော်ဆောင်လိမ့်မည်၊ သူတို့၏အလိုဆန္ဒများကို ပြီးပြည့်စုံစေခြင်းငှာလည်းကောင်း၊ ထို့အတူ၊ သူတို့၌ရှိသည့် ဘုရားသခင်၏ နားသွင်းတော်မူခြင်းတန်ခိုးတော်ကြောင့်လည်းကောင်း ထိုသူတို့ထံမှ စိတ်ဝိညာဉ်များစွာကို ယေရှုထံသို့ ဆောင်ယူကြလိမ့်မည်။
၃၀ သူတို့သည် ဘုရားသခင်၏ကောင်းကင်တမန်များကဲ့သို့ဖြစ်၍၊ ယေရှု၏နာမတော်အားဖြင့် ခမည်းတော်ထံသို့ ဆုတောင်းကြလျှင်၊ သူတို့ပြရန် ကောင်းမြတ်သည်ဟု မှတ်ယူသောသူမှန်သမျှတို့အား သူတို့ကိုယ်တိုင် ပြနိုင်ကြလိမ့်မည်။
၃၁ ထို့ကြောင့်၊ လူခပ်သိမ်းတို့ ခရစ်တော်၏တရားပလ္လင်ရှေ့၌ ဧကန်အမှန်ရပ်ရမည့်အချိန်တွင်၊ ကျရောက်လာမည့်နေ့ကြီးမတိုင်မီ၊ ကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသောအမှုများကို သူတို့အားဖြင့် ပြုပြင်စီရင်လိမ့်မည်။
၃၂ အကြောင်းမူကား၊ ထိုတရားစီရင်တော်မူရာနေ့ မတိုင်မီတွင်၊ တပါးအမျိုးသားတို့၌ပင်၊ သူတို့အားဖြင့် ပြုပြင်စီရင်သည့် ကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသောအမှုရှိလိမ့်မည်။
၃၃ ခရစ်တော်၏အံ့ဩဖွယ်ကောင်းသောအမှုများအကြောင်း ပါဝင်သည့် ခပ်သိမ်းသောကျမ်းစာများ သင်တို့၌ ရှိလျှင်၊ ခရစ်တော်၏စကားများအတိုင်း ဤအရာတို့ ဧကန်အမှန်ဖြစ်လာရမည်ကို သင်တို့ယုံကြည်လိမ့်မည်။
၃၄ ယေရှု၏စကားများ၊ ထို့အတူ၊ သူရွေးကောက်တော်မူ၍၊ သူတို့ထံသို့ စေလွှတ်သည့်သူတို့၏စကားများကိုလည်း စေ့စေ့နားမထောင်မည့်သူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ယေရှု၏စကားများနှင့် သူစေလွှတ်တော်မူသည့်သူတို့၏စကားများကို လက်ခံခြင်းမရှိသူမှန်သမျှသည် သူ့ကို လက်ခံခြင်းမရှိကြ။ ထို့ကြောင့်၊ သူသည်လည်း နောက်ဆုံးသောနေ့၌ ထိုသူတို့ကို လက်မခံလတ္တံ့။
၃၅ ထိုသူတို့သည် ဖွားမြင်ခြင်းကို မခံရလျှင်၊ အနေသာ၍ ကောင်းပေလိမ့်မည်။ အကြောင်းမူကား၊ ကယ်တင်ခြင်း ဖြစ်ပေါ်လာနိုင်စေခြင်းငှာ လူသားတို့ခြေအောက်၌ နင်းချေခြင်းကို ခံတော်မူလေသည့်သူတည်းဟူသော စိတ်ပျက်တော်မူသည့် ဘုရားသခင်၏တရားတော်မူခြင်းကို သင်တို့ပယ်ဖျက်နိုင်မည်ဟု ထင်မှတ်ကြသလော။
၃၆ ယခုမူကား၊ ရှုလော့၊ ငါသည် ကိုယ်တော်ရှင်ရွေးကောက်ထားတော်မူသောသူများ၊ အထူးသဖြင့်၊ ကောင်းကင်ဘုံသို့ ချီဆောင်ခံရသူသုံးပါးတို့နှင့်ပင် စပ်လျဉ်းသည်ကို ပြော၍၊ ထိုသူတို့ သေခြင်းရှိရာမှ သေခြင်းမရှိရာသို့ရောက်အောင် သန့်စင်ပြီးခြင်းရှိမရှိကို ငါသိခြင်းမရှိ—
၃၇ သို့ရာတွင်၊ ရှုလော့၊ ငါရေးစဉ်ကတည်းက၊ ကိုယ်တော်ရှင်ထံ မေးလျှောက်သဖြင့်၊ ငါ့ကို ထင်ရှားစွာပြတော်မူသည်မှာ၊ သူတို့၏ကိုယ်ခန္ဓာအပေါ်၌ ပြောင်းလဲခြင်းကို ပြုပြင်စီရင်ထားရမည်ဖြစ်ကြောင်း၊ သို့မဟုတ်လျှင်၊ သေခြင်းကို သူတို့တွေ့ကြုံရန် လိုအပ်သည့်အကြောင်းပေတည်း။
၃၈ ထို့ကြောင့်၊ သူတို့သေခြင်းကို မတွေ့ကြုံနိုင်ကြစေခြင်းငှာလည်းကောင်း၊ လောကီသားတို့၏အပြစ်များကြောင့်မှတစ်ပါး၊ နာကျင်မှုနှင့် ဝမ်းနည်းမှုတို့ကိုလည်း မခံစားရနိုင်စေခြင်းငှာလည်းကောင်း သူတို့၏ကိုယ်ခန္ဓာအပေါ်၌ ပြောင်းလဲခြင်းကို ပြုပြင်စီရင်ထား၏။
၃၉ ယခုတွင်၊ ဤပြောင်းလဲခြင်းသည် နောက်ဆုံးသောနေ့၌ ဖြစ်ပေါ်လိမ့်မည့်အရာနှင့် မတူညီ။ သို့ရာတွင်၊ ပြောင်းလဲခြင်းကို သူတို့အပေါ်၌ ပြုပြင်စီရင်ထားတော်မူသဖြင့်၊ စာတန်သည် သူတို့အပေါ် အစိုးရခြင်းမရှိနိုင်။ သူတို့ကို သွေးဆောင်ဖြားယောင်းခြင်း မပြုနိုင်။ သူတို့ကို ဇာတိကိုယ်ခန္ဓာ၌ သန့်ရှင်းစင်ကြယ်စေထားသဖြင့်၊ သန့်ရှင်းကြ၏၊ လောကတန်ခိုးများကလည်း သူတို့ကို မချုပ်တည်းနိုင်။
၄၀ ဤအခြေအနေဖြင့်ပင် သူတို့သည် ခရစ်တော်၏တရားစီရင်တော်မူရာနေ့အထိ ဆက်၍ရှိကြ၏။ ထိုနေ့၌ သာ၍ကြီးမြတ်သော ပြောင်းလဲခြင်းကို ရရှိ၍၊ ပြင်သို့မထွက်ရတော့၊ ကောင်းကင်ဘုံ၌ ဘုရားသခင်နှင့်အတူ အစဉ်ထာဝရနေထိုင်ခြင်းငှာသာ ခမည်းတော်၏နိုင်ငံတော်၌ လက်ခံရဖို့ဖြစ်လေသတည်း။