အခန်းကြီး ၂၁
ဣသရေလအမျိုးတို့သည်မော်မုန်ကျမ်းထွက်ပေါ်လာသောအခါ စုဝေးကြလိမ့်မည်—တပါးအမျိုးသားတို့ကို လွတ်လပ်သောလူမျိုးအဖြစ် အမေရိက၌ တည်ထောင်လိမ့်မည်။ သူတို့သည် ယုံကြည်ပြီး၊ နာခံလျှင် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။ သို့မဟုတ်လျှင်၊ ပယ်ရှင်းခံရပြီး၊ ဖျက်ဆီးခံရကြမည်—ဣသရေလအမျိုးတို့သည် ယေရုရှလင်မြို့သစ်ကို တည်ဆောက်ကြလိမ့်မည်—ပျောက်ဆုံးသောမျိုးနွယ်စုတို့လည်း ပြန်လာကြလိမ့်မည်။ အေဒီ ၃၄ ခန့်။
၁ ထို့အတူ၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ငါသည် သင်တို့အား နိမိတ်လက္ခဏာတစ်ခုကို ပေးတော်မူ၏။ ဤအရာတို့ ဖြစ်ပျက်တော့မည့်အချိန်ကို သင်တို့သိနိုင်ကြစေခြင်းငှာပေတည်း—သူတို့၏ကြာမြင့်လှပြီဖြစ်သော ကွဲပြားပျံ့လွင့်ခြင်းမှနေ၍ စုဝေးစေခြင်းငှာလည်းဖြစ်၏။ ငါ၏လူမျိုး၊ အို ဣသရေလအမျိုးသားတို့၊ သူတို့၌ ငါ၏ဇိအုန်မြို့ကို တစ်ဖန်တည်ဆောက်လိမ့်မည်။
၂ ရှုဦးလော့၊ ဤအရာမှာ သင်တို့အား နိမိတ်လက္ခဏာအဖြစ် ငါပေးတော်မူမည့် အရာပေတည်း—အကြောင်းမူကား၊ သင်တို့ကို ငါအမှန်ဆိုသည်မှာ၊ သင်တို့ကို ငါဟောကြားသည့် ထို့အတူ သင်တို့ကို နောင်ကာလ၌ ငါကိုယ်တိုင်အားဖြင့်၊ ထို့အတူ သင်တို့ထံသို့ ခမည်းတော်ပေးတော်မူမည့် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် ဟောကြားမည့်၊ ဤအရာတို့ကို တပါးအမျိုးသားတို့အား သူတို့သည် ယာကုပ်အမျိုးသားတို့၏ ကျန်ကြွင်းသောသူများဖြစ်သည့် ဤလူမျိုးတို့၏အကြောင်းနှင့် သူတို့အားဖြင့် ကွဲပြားပျံ့ကျဲကြမည့် ငါ၏လူမျိုးတို့အကြောင်းကို သိနိုင်ကြစေခြင်းငှာ ဖော်ပြတော်မူမည့်အချိန်တွင်၊
၃ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ဤအရာတို့ကို သူတို့အား ခမည်းတော် ဖော်ပြတော်မူမည့်အခါ၊ ခမည်းတော်ထံမှလာ၍၊ သူတို့ထံမှတစ်ဆင့် သင်တို့ထံ ရောက်လိမ့်မည်။
၄ အကြောင်းမူကား၊ သူတို့ကို ဤပြည်၌ တည်ထောင်၍၊ ခမည်းတော်၏တန်ခိုးတော်အားဖြင့် လွတ်လပ်သောလူမျိုးအဖြစ် ချီးမြှောက်မည့်အကြောင်း၊ ဤအရာတို့ကို သူတို့ထံမှ သင်တို့အမျိုးအနွယ်၏ ကျန်ကြွင်းသောသူများဆီသို့ ထွက်လာနိုင်စေကြောင်းနှင့် ခမည်းတော်က သူ၏လူမျိုးတို့နှင့် ပဋိညာဉ်ပြုတော်မူသည့် သူ၏ပဋိညာဉ်ကို ပြီးပြည့်စုံနိုင်စေကြောင်းတို့မှာ ခမည်းတော်၏ဉာဏ်ပညာတော်ဖြစ်၏၊ အို ဣသရေလအမျိုးသားတို့။
၅ ထို့ကြောင့်၊ ဤအမှုများနှင့် သင်တို့၌ နောင်ကာလ၌ ပြုပြင်စီရင်တော်မူမည့် အမှုများသည် တပါးအမျိုးသားတို့ထံမှနေ၍၊ ဒုစရိုက်ကြောင့် ယုံကြည်မှု လျော့ပါးဆုတ်ယုတ်လာမည့် သင်၏အမျိုးအနွယ်များထံသို့ ရောက်ရှိလာလိမ့်မည်။
၆ အကြောင်းမူကား၊ ခမည်းတော်သည် တပါးအမျိုးသားတို့အား မိမိတန်ခိုးတော်ကို ပြတော်မူအံ့သောငှာ၊ ထို့အမှုကို တပါးအမျိုးသားတို့ထံမှ ရောက်ရှိလာစေကြောင်း၊ သူ့အဖို့ အကြောင်းရှိပေ၏။ ဤအကြောင်းရင်းကြောင့်၊ တပါးအမျိုးသားတို့သည် စိတ်နှလုံးကို မမာကျောစေကြလျှင်၊ ငါ၏လူမျိုးတို့၌ ရေတွက်ခံရနိုင်စေခြင်းငှာ၊ နောင်တရလျက်၊ ငါ့ထံသို့လာနိုင်၍၊ ငါ၏နာမတော်၌ ဗတ္တိဇံခံကြသဖြင့် ငါ၏မှန်သောဩဝါဒအချက်များကို သိကြပေမည်၊ အို ဣသရေလအမျိုးသားတို့။
၇ ဤအမှုများ ဖြစ်လာသောအချိန်၌လည်း သင်၏အမျိုးအနွယ်တို့သည် ဤအမှုများကို သိစပြုလိမ့်မည်—ခမည်းတော်၏ အမှုတော်သည် ဣသရေလအမျိုးသားများဖြစ်သည့် လူမျိုးများထံ သူပြုထားတော်မူသည့် ပဋိညာဉ်ကို ပြီးပြည့်စုံစေခြင်းသို့ စတင်နှင့်လေပြီဖြစ်ကြောင်း သူတို့သိနိုင်ကြစေခြင်းငှာ၊ ထိုအမှုသည် သူတို့အဖို့ နိမိတ်လက္ခဏာတစ်ခု ဖြစ်လိမ့်မည်။
၈ ထိုနေ့ကျရောက်လာ၍၊ အချိန်တန်လာလတ္တံ့သောအခါ ရှင်ဘုရင်တို့သည် မိမိတို့နှုတ်ကို ပိတ်၍နေရလိမ့်မည်။ အကြောင်းမူကား၊ သူတို့ကို မပြောဖူးသောအရာကို သူတို့မြင်ကြလိမ့်မည်။ သူတို့မကြားဖူးသောအရာကိုလည်း သူတို့နားလည်ကြလိမ့်မည်။
၉ အကြောင်းမူကား၊ ထိုကာလ၌၊ ငါ့အတွက် ခမည်းတော်သည် အမှုတစ်ခုကို ပြုလိမ့်မည်၊ ထိုအမှုသည် သူတို့၌ ကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသောအမှုတစ်ခု ဖြစ်လိမ့်မည်။ လူတစ်ဦးက သူတို့အား ထိုအမှုကို ဟောကြားသော်လည်း သူတို့၌ မယုံကြည်မည့်သူများ ရှိလိမ့်မည်။
၁၀ သို့ရာတွင်၊ ရှုလော့၊ ငါ့ကျွန်၏အသက်သည် ငါ့လက်၌ ရှိ၏။ ထို့ကြောင့်၊ သူတို့ကြောင့် သူအဆင်းပျက်သော်လည်း သူတို့သည် သူ့ကို နာကျင်စေနိုင်ကြမည်မဟုတ်။ သို့သော်လည်း၊ ငါသည် သူ့ကို အနာကင်းစေမည်။ အကြောင်းမူကား၊ ငါ၏ဉာဏ်ပညာတော်သည် နတ်ဆိုး၏ စဉ်းလဲခြင်းထက် ကြီးမြတ်တော်မူကြောင်း သူတို့ကို ပြမည်။
၁၁ ထို့ကြောင့်၊ အချိန်တန်လာလတ္တံ့သောအခါ၊ ခမည်းတော်သည် ထိုသူ့အား တပါးအမျိုးသားတို့ထံသို့ ဖော်ပြစေသည့် စကားများ၊ ထိုစကားများကို တပါးအမျိုးသားတို့ထံ ဖော်ပြနိုင်စေခြင်းငှာ၊ တန်ခိုးကိုလည်း ပေးတော်မူလိမ့်မည်။ ယေရှုခရစ်တော်တည်းဟူသော ငါ၏ထိုစကားများကို မယုံကြည်သူမှန်သမျှတို့အား၊ သူတို့သည် ပဋိညာဉ်ခံသူများဖြစ်သည့် ငါ၏လူမျိုးတို့ထံမှ ပယ်ရှင်းခံရလိမ့်မည် (ထိုအမှုသည် မောရှေပြောသကဲ့သို့ပင် ဖြစ်လိမ့်မည်)။
၁၂ ယာကုပ်အမျိုး၏ ကျန်ကြွင်းသောသူများဖြစ်သည့်ငါ၏လူမျိုးတို့သည်လည်း တပါးအမျိုးသားတို့၌ အမှန်စင်စစ်၊ တောသားရဲတို့၌ ခြင်္သေ့ကဲ့သို့လည်းကောင်း၊ သိုးစုတို့၌ဝင်သောအခါ အဘယ်သူမျှ မကယ်လွှတ်နိုင်အောင် နင်းချေ၍ အပိုင်းပိုင်းကိုက်ဖြတ်သည့် ခြင်္သေ့ပျိုကဲ့သို့လည်းကောင်း သူတို့အလယ်၌ ရှိလိမ့်မည်။
၁၃ သူတို့ရန်သူဘက်၌ နေသူတို့ကို သူတို့တိုက်၍၊ သူတို့၏ခပ်သိမ်းသောရန်သူတို့ ဆုံးရှုံးလိမ့်မည်။
၁၄ ထိုမှတစ်ပါး၊ တပါးအမျိုးသားတို့သည် နောင်တမရလျှင် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အချိန်တန်လာလတ္တံ့သောအခါ၊ ထိုကာလ၌ ငါသည် သင်၏မြင်းတို့ကို သင့်အလယ်မှ ပယ်ရှင်းတော်မူ၍ သင်၏မြင်းရထားတို့ကိုလည်း ဖျက်ဆီးတော်မူမည်ဟု ခမည်းတော်မိန့်တော်မူ၏။
၁၅ ငါသည် သင်၏ပြည်မှ မြို့များကိုလည်း ပယ်ရှင်းတော်မူမည်၊ သင်၏ အခိုင်အမာစခန်းခပ်သိမ်းကိုလည်း ဖြိုချပစ်တော်မူမည်။
၁၆ စုန်းအတတ်များကိုလည်း သင်၏ပြည်မှ ပယ်ရှင်း၍၊ သင့်၌ အနာဂတ္တိဟောဆရာများ မရှိရတော့။
၁၇ သင်၏ရုပ်တုဆင်းတုကိုလည်းကောင်း၊ သင်၏ရပ်လျက်ရှိသောဆင်းတုတို့ကို သင့်အလယ်မှလည်းကောင်း ပယ်ရှင်း၍၊ သင်သည် ကိုယ်လက်နှင့်လုပ်သောအရာကို မကိုးကွယ်ရတော့။
၁၈ ငါသည် သင်၏အာရှရပင်တို့ကိုလည်း သင့်အလယ်က နှုတ်၍၊ ထိုနည်းတူစွာ သင်၏မြို့များကိုလည်း ဖျက်ဆီးမည်။
၁၉ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ အလုံးစုံသော မုသားပြောခြင်း၊ ထို့အတူ လှည့်စားခြင်း၊ ထို့အတူ ဂုဏ်ပြိုင်ခြင်း၊ ထို့အတူ ရန်တွေ့ခြင်း၊ ထို့အတူ ဘာသာရေးဖြင့်ကိုယ်ကျိုးရှာခြင်း၊ ထို့အတူ မတရားသောမေထုန်အမှုတို့သည် ရပ်စဲသွားလိမ့်မည်။
၂၀ အကြောင်းမူကား၊ အချိန်တန်လာလတ္တံ့သောအခါ၊ ထိုကာလ၌ နောင်တမရ၍၊ ငါ၏ချစ်သားထံသို့ မလာသောသူမှန်သမျှကို ငါ၏လူမျိုးတို့ထံမှ ပယ်ရှားတော်မူမည်ဟု ခမည်းတော် မိန့်တော်မူ၏၊ အို ဣသရေလအမျိုးသားတို့။
၂၁ ငါသည် သူတို့ကို သာသနာပလူတို့ကိုကဲ့သို့ပင်၊ သူတို့မကြားဖူးသော အပြစ်ဒဏ်နှင့် အမျက်တို့ဖြင့် စီရင်တော်မူမည်။
၂၂ သို့ရာတွင်၊ သူတို့သည် နောင်တရ၍၊ ငါ၏စကားများကို စေ့စေ့နားထောင်လျက်၊ စိတ်နှလုံးကို မာကျောစေခြင်းမရှိကြလျှင်၊ ငါသည် သူတို့၌ ငါ၏အသင်းတော်ကို တည်ထောင်၍၊ သူတို့သည် ပဋိညာဉ်ထဲသို့ ဝင်လာလျက်၊ ဤပြည်ကို သူတို့၏အမွေခံရာအဖြစ်၊ ငါပေးတော်မူသည့် ဤယာကုပ်အမျိုး၏ ကျန်ကြွင်းသောသူတို့၌ ရေတွက်ခံရကြလိမ့်မည်။
၂၃ သူတို့သည် ယေရုရှလင်မြို့သစ်ဟု ခေါ်မည့် မြို့ကို တည်ဆောက်နိုင်ခြင်းငှာ၊ ငါ၏လူမျိုး၊ ယာကုပ်အမျိုး၏ ကျန်ကြွင်းသောသူများနှင့် လာမည့်ဣသရေလအမျိုးသားမှန်သမျှကို ကူညီကြလိမ့်မည်။
၂၄ ထို့နောက်တွင်၊ သူတို့သည် ထိုပြည်၏မျက်နှာပြင်တစ်ခုလုံးပေါ်တွင် ကွဲပြားပြန့်ကျဲလျက်ရှိသည့် ငါ၏လူမျိုးတို့ကို ယေရုရှလင်မြို့သစ်ဆီသို့ စုဝေးနိုင်စေဖို့ ကူညီကြလိမ့််မည်။
၂၅ ထို့နောက်တွင်၊ ကောင်းကင်ဘုံ၏တန်ခိုးသည် သူတို့၌ ဆင်းလာတော်မူ၍၊ ငါသည်လည်း သူတို့အလယ်၌ ရှိတော်မူမည်။
၂၆ ထို့နောက်တွင်၊ ခမည်းတော်၏အမှုတော်သည် ထိုကာလ၌၊ အကယ်စင်စစ်၊ ဤဧဝံဂေလိတရားတော်ကို ဤလူမျိုးတို့၏ ကျန်ကြွင်းသောသူတို့၌ ဟောပြောမည့်အချိန်၌ပင် စတင်တော်မူလိမ့်မည်။ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ထိုကာလ၌၊ ခမည်းတော်၏အမှုတော်သည် အရပ်ရပ်ကွဲပြားသော ငါ၏လူမျိုးခပ်သိမ်းတို့၌၊ အထူးသဖြင့်၊ ခမည်းတော် ယေရုရှလင်မှ ဝေးရာသို့ ဆောင်တော်မူ၍၊ ပျောက်ဆုံးသောမျိုးနွယ်စုတို့၌ပင် စတင်တော်မူလိမ့်မည်။
၂၇ ထိုမှတစ်ပါး၊ ခမည်းတော်သည် အမှုတော်ကို အရပ်ရပ်ကွဲပြားသော ငါ၏လူမျိုးခပ်သိမ်းတို့၌၊ ငါ၏နာမတော်အားဖြင့် ခမည်းတော်ထံသို့ သူတို့ပဌနာပြုနိုင်ကြစေခြင်းငှာ၊ ငါ့ထံသို့လာရမည့်လမ်းကို ပြင်ဆင်ရန် စတင်တော်မူလိမ့်မည်။
၂၈ အကြောင်းမူကား၊ ထို့နောက်တွင်၊ ခမည်းတော်သည် မိမိလူမျိုးတို့အဖို့ သူတို့၏အမွေခံရာမြေသို့ ပြန်လာနိုင်မည့်လမ်းကို ပြင်ဆင်တော်မူရာတွင် အမှုတော်ကို ပြည်သားခပ်သိမ်းတို့၌ စတင်တော်မူလိမ့်မည်။
၂၉ သူတို့သည်လည်း ခပ်သိမ်းသောပြည်တို့မှ ထွက်သွားကြလိမ့်မည်။ သူတို့သည် အလျင်အမြန်မထွက်ရကြ။ ပြေး၍မသွားရကြ။ အကြောင်းမူကား၊ ငါသည် သူတို့ရှေ့မှ ကြွတော်မူ၍၊ နောက်မှာလည်း သူတို့၏အကာအကွယ် ဖြစ်တော်မူမည်ဟု ခမည်းတော်မိန့်တော်မူလေသတည်း။