အခန်းကြီး ၁၉
တပည့်တော်တစ်ဆယ်နှစ်ပါးသည် လူတို့ကို အမှုတော်ဆောင်၍၊ သန့်ရှင်းသောဝိညာဉ်တော်ကို ရရှိစေခြင်းငှာ ဆုတောင်းကြ၏—တပည့်တော်တို့သည် ဗတ္တိဇံခံကြ၍၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် ကောင်းကင်တမန်များအမှုတော်ဆောင်ခြင်းကို လက်ခံရရှိကြ၏—ယေရှုသည် ရေးမရနိုင်သော စကားများဖြင့် ဆုတောင်း၏—သူသည် ဤနီဖိုင်းအမျိုးသားတို့၏ အလွန်ကြီးစွာသော ယုံကြည်ခြင်းကို သက်သေပြ၏။ အေဒီ ၃၄ ခန့်။
၁ ယခုမူကား၊ အချိန်တန်လာသောအခါ၊ ယေရှု ကောင်းကင်ဘုံသို့ တက်သွားတော်မူပြီးနောက်တွင်၊ လူအစုအဝေးသည် ခွဲခွာ၍၊ လူတိုင်း ကိုယ့်ဇနီးနှင့် ကိုယ့်သားသမီးတို့ကို ခေါ်၍၊ ကိုယ့်နေအိမ်သို့ ပြန်လာကြ၏။
၂ လူအစုအဝေး ယေရှုကို မြင်ခဲ့ရလေကြောင်း၊ ထို့အတူ မိမိတို့ကို သူအမှုတော်ဆောင်ကြောင်း၊ ထို့အတူ နက်ဖြန်နေ့၌လည်း လူအစုအဝေးကို ကိုယ်ထင်ပြတော်မူလိမ့်မည်ဖြစ်ကြောင်း မမှောင်သေးခင်၊ လူတို့၌ ထိုအမှုချက်ချင်းပျံ့နှံ့ကျော်စော၏။
၃ ထိုမှတစ်ပါး၊ ယေရှုအကြောင်းသည် တစ်ညလုံးပင် အနှံ့အပြား ကျော်စော၏။ သူတို့သည် လူတို့ထံသို့ သတင်းကို လွှင့်သဖြင့်၊ များစွာသောသူတို့၊ အမှန်စင်စစ်၊ အလွန်ကြီးစွာသောအရေအတွက်ရှိသူတို့သည် နက်ဖြန်နေ့၌ လူအစုအဝေးကို ယေရှုကိုယ်ထင်ပြတော်မူရာအရပ်၌ မိမိတို့ရှိနိုင်ကြခြင်းငှာ၊ တစ်ညလုံး လွန်စွာအလုပ်လုပ်ကြ၏။
၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နက်ဖြန်နေ့၌၊ လူအစုအဝေး အတူတကွ စုဝေးကြလျှင်၊ ရှုလော့၊ နီဖိုင်းနှင့် သေခြင်းမှ သူထမြောက်စေခဲ့သူ တိမောသေဟုအမည်ရှိသော သူ့ညီ၊ ထို့အတူ ယောနအမည်ရှိ သူ၏သား၊ ထို့အတူ မာသော်နိုင်းနှင့် ညီမာသော်နိဟ၊ ထို့အတူ ခူမင်၊ ထို့အတူ ခူမေနော်ဟိ၊ ထို့အတူ ယေရမိ၊ ထို့အတူ ရှေမနုန်၊ ထို့အတူ ယောန၊ ထို့အတူ ဇေဒကိ၊ ထို့အတူ ဟေရှာယ—ယခုတွင်၊ ဤအရာတို့သည်ကား၊ ယေရှုရွေးကောက်တော်မူသော တပည့်တော်တို့၏ အမည်များပေတည်း—ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ထိုသူတို့သည် ထွက်လာ၍၊ လူအစုအဝေး၏အလယ်၌ ရပ်ကြ၏။
၅ ရှုဦးလော့၊ လူအစုအဝေးမှာ အလွန်ကြီးသဖြင့်၊ တပည့်တော်တို့သည် ထိုသူတို့ကို တစ်ဆယ်နှစ်ဖွဲ့ ခွဲစေ၏။
၆ တစ်ဆယ်နှစ်ပါးတို့ကလည်း လူအစုအဝေးကို သွန်သင်ပေးကြ၏။ ရှုဦးလော့၊ သူတို့သည် လူအစုအဝေးကို မြေကြီးမျက်နှာပြင်ပေါ်၌ ဒူးထောက်၍ ယေရှု၏နာမတော်အားဖြင့် ခမည်းတော်ထံသို့ ဆုတောင်းစေ၏။
၇ တပည့်တော်တို့ကလည်း ယေရှု၏နာမတော်အားဖြင့် ခမည်းတော်ထံသို့ ဆုတောင်းကြ၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ထလာပြီးလျှင်၊ လူတို့ကို အမှုတော်ဆောင်ကြ၏။
၈ သူတို့သည် ယေရှုဟောပြောသည့် ထိုတူညီသောစကားများကို ဖော်ပြကြပြီးလျှင်—ယေရှုဟောပြောသည့် စကားများနှင့် အဘယ်တစ်ခုမျှ ခြားနားခြင်းမရှိ—ရှုလော့၊ သူတို့သည် တစ်ဖန် ဒူးထောက်၍၊ ယေရှု၏နာမတော်အားဖြင့် ခမည်းတော်ထံသို့ ဆုတောင်းကြ၏။
၉ သူတို့သည် မိမိတို့အလိုရှိဆုံးသောအရာကို ဆုတောင်းကြ၏။ သူတို့သည် မိမိတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မူပါမည့်အကြောင်း အလိုရှိကြ၏။
၁၀ သူတို့သည်လည်း ထိုကဲ့သို့ ဆုတောင်းကြပြီးလျှင်၊ ရေစပ်သို့ ဆင်းသွားကြရာ၊ လူအစုအဝေးသည် သူတို့နောက်မှ လိုက်ကြ၏။
၁၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နီဖိုင်းသည် ရေထဲသို့ဆင်းသွား၍၊ ဗတ္တိဇံခံ၏။
၁၂ ထို့အတူ၊ နီဖိုင်းသည် ရေထဲမှ ထ၍၊ ဗတ္တိဇံပေးစပြု၏။ ယေရှုရွေးကောက်ထားတော်မူသည့် သူခပ်သိမ်းကိုလည်း ဗတ္တိဇံပေး၏။
၁၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့အားလုံးသည် ဗတ္တိဇံခံပြီး၍၊ ရေထဲမှ ထလာပြီးနောက်တွင်၊ သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့အပေါ်သို့ သက်ရောက်တော်မူသဖြင့်၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း၊ မီးနှင့်လည်းကောင်း ပြည့်ကြ၏။
၁၄ ရှုဦးလော့၊ သူတို့သည် မီးဖြင့်ပတ်လည်ဝိုင်းထားသကဲ့သို့ ရှိ၏။ ထိုမီးသည် ကောင်းကင်မှ ကျဆင်းလာရာ၊ လူအစုအဝေးသည် ထိုအမှုကိုမြင်၍ သက်သေခံကြ၏။ ကောင်းကင်တမန်တို့သည်လည်း ကောင်းကင်ဘုံမှ ဆင်းလာ၍၊ သူတို့ကို အမှုတော်ဆောင်ကြ၏။
၁၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကောင်းကင်တမန်တို့ တပည့်တော်တို့ကို အမှုတော်ဆောင်လျက်ရှိစဉ်တွင်၊ ရှုလော့၊ ယေရှုသည် အလယ်၌ လာရပ်၍ သူတို့ကို အမှုတော်ဆောင်၏။
၁၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် လူအစုအဝေးကို ဟောပြော၍၊ သူတို့ကို မြေကြီးပေါ်၌ တစ်ဖန်ဒူးထောက်ရမည့်အကြောင်း၊ ထို့အတူ၊ သူ၏တပည့်တော်တို့သည်လည်း မြေကြီးပေါ်၌ ဒူးထောက်ရမည့်အကြောင်း မိန့်တော်မူ၏။
၁၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မြေကြီးပေါ်၌ သူတို့အားလုံး ဒူးထောက်ကြပြီးလျှင်၊ သူသည် မိမိတပည့်တော်တို့အား ဆုတောင်းရမည့်အကြောင်း မိန့်တော်မူ၏။
၁၈ ရှုဦးလော့၊ သူတို့သည် ဆုတောင်းစပြုကြ၏။ သူတို့သည် ယေရှုကို သူတို့၏ ကိုယ်တော်ရှင်နှင့် သူတို့၏ဘုရားသခင်ဟုခေါ်၍ ဆုတောင်းကြ၏။
၁၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ယေရှုသည် သူတို့အလယ်မှ ထွက်ခွာ၍၊ သူတို့ထံမှ အနည်းငယ်ဝေးရာသို့ သွား၍၊ သူ့ကိုယ်ကို မြေကြီးသို့ ဦးညွှတ်၍ ဆိုလေသည်ကား၊
၂၀ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်ရွေးကောက်ထားသော ဤသူတို့အပေါ် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မူသဖြင့် ကိုယ်တော်ကို ကျေးဇူးတော်ချီးမွမ်းပါ၏။ အကျွန်ုပ်အပေါ်၌ရှိသော သူတို့၏ယုံကြည်မှုကြောင့်၊ အကျွန်ုပ်သည် သူတို့ကို လောကထဲမှ ရွေးကောက်ထားပါ၏။
၂၁ အဘ၊ ကိုယ်တော်သည် ထိုသူတို့၏စကားများကို ယုံကြည်သောသူခပ်သိမ်းတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မူပါမည့်အကြောင်း၊ ကိုယ်တော်ကို အကျွန်ုပ်ဆုတောင်းပါ၏။
၂၂ အဘ၊ သူတို့သည် အကျွန်ုပ်ကို ယုံကြည်သောကြောင့်၊ ကိုယ်တော်သည် သူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မူပါ၏။ ကိုယ်တော်သည် သူတို့ကို ကြားတော်မူသောကြောင့်၊ အကျွန်ုပ်ကို သူတို့ယုံကြည်ကြသည်ကိုလည်းကောင်း၊ အကျွန်ုထံသို့ သူတို့ ဆုတောင်းကြသည်ကိုလည်းကောင်း ကိုယ်တော်သိတော်မူ၏။ အကျွန်ုပ်သည်လည်း သူတို့နှင့် အတူရှိသောကြောင့် သူတို့သည် အကျွန်ုပ်ထံသို့ ဆုတောင်းကြပါ၏။
၂၃ ယခုမူကား၊ အဘ၊ အကျွန်ုပ်သည် သူတို့အတွက်၊ ထို့အတူ သူတို့၏စကားများကို ယုံကြည်မည့်သူခပ်သိမ်းတို့အတွက် အကျွန်ုပ်ကို သူတို့ယုံကြည်နိုင်ကြစေခြင်းငှာလည်းကောင်း၊ ကိုယ်တော်သည် အကျွန်ုပ်၌ ရှိတော်မူသကဲ့သို့ အကျွန်ုပ်သည် သူတို့ ၌ရှိနိုင်၍ အကျွန်ုပ်တို့သည် တစ်လုံးတစ်ဝတည်း ဖြစ်နိုင်ကြစေခြင်းငှာလည်းကောင်း၊ ကိုယ်တော်ထံသို့ ဆုတောင်းပါ၏။
၂၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ယေရှုသည် ထိုကဲ့သို့ ခမည်းတော်ထံသို့ ဆုတောင်းပြီးနောက်၊ မိမိတပည့်တော်များဆီသို့ လာ၏။ ရှုဦးလော့၊ သူတို့သည် ရပ်တန့်ခြင်းမရှိဘဲ၊ သူ့ထံသို့ ဆက်၍ဆုတောင်းမြဲရှိကြ၏။ သူတို့သည် များစွာသောစကားများကိုလည်း မဆိုကြ။ အကြောင်းမူကား၊ အဘယ်သို့ဆုတောင်းရမည်ကို သူတို့အား ပေးထားလေ၏၊ သူတို့သည် အလိုဆန္ဒနှင့်လည်း ပြည့်စုံကြ၏။
၂၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ယေရှုသည် မိမိထံသို့ သူတို့ဆုတောင်းနေစဉ်တွင် သူတို့ကို ကောင်းချီးပေးတော်မူ၏။ သူ၏မျက်နှာထားမှာ သူတို့အပေါ်၌ ပြုံးတော်မူ၍၊ သူ့မျက်နှာထား၏အလင်းမှာ သူတို့အပေါ်၌ တောက်ပတော်မူ၏။ ရှုဦးလော့၊ သူတို့သည် ယေရှု၏မျက်နှာထားနှင့် အဝတ်တန်ဆာများကဲ့သို့လည်း ဖြူစင်လျက်ရှိ၏။ ရှုဦးလော့၊ ၎င်းတို့၏ဖြူစင်ခြင်းမှာ၊ ဖြူစင်ခြင်းအားလုံးထက် သာလွန်၏။ အမှန်စင်စစ်၊ ၎င်းတို့၏ဖြူစင်ခြင်းကဲ့သို့သောအရာ တစ်ခုမျှပင် မြေကြီးပေါ်၌ မရှိနိုင်။
၂၆ ယေရှုကလည်း သူတို့ကို ဆက်၍ဆုတောင်းကြဟု မိန့်တော်မူ၏။ သူတို့သည်လည်း ဆုတောင်းခြင်းကို မရပ်တန့်ကြ။
၂၇ သူသည်လည်း သူတို့ထံမှ တစ်ဖန်လှည့်တော်မူ၍ အနည်းငယ်ဝေးရာသို့ သွားပြီးလျှင်၊ ကိုယ်ကို မြေကြီးသို့ ဦးညွှတ်၏။ ခမည်းတော်ထံသို့ တစ်ဖန်ဆုတောင်း၍လည်း ဆိုလေသည်ကား၊
၂၈ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်ရွေးကောက်ထားသောသူတို့ကို သူတို့၏ ယုံကြည်ခြင်းကြောင့်၊ စင်ကြယ်စေတော်မူ၍ ကိုယ်တော်အား ကျေးဇူးတော် ချီးမွမ်းပါ၏။ အကျွန်ုပ်သည် သူတို့အတွက်၊ ထို့အတူ သူတို့၏စကားများကို ယုံကြည်မည့်သူတို့အတွက်လည်း သူတို့အကျွန်ုပ်အားဖြင့် စင်ကြယ်သကဲ့သို့ပင်၊ ထိုသူတို့၏စကားများကို ယုံကြည်ခြင်းကြောင့် အကျွန်ုပ်အားဖြင့် စင်ကြယ်နိုင်ကြစေကြောင်း ဆုတောင်းပါ၏။
၂၉ အဘ၊ အကျွန်ုပ်သည် လောကအတွက်မဟုတ်၊ ကိုယ်တော်က လောကထဲမှ ယူ၍ အကျွန်ုပ်၌ ပေးတော်မူသောသူတို့အတွက်သာ သူတို့၏ယုံကြည်ခြင်းကြောင့်၊ သူတို့သည် အကျွန်ုပ်အားဖြင့် စင်ကြယ်နိုင်ကြစေခြင်းငှာလည်းကောင်း၊ ကိုယ်တော်သည် အကျွန်ုပ်၌ ရှိတော်မူသကဲ့သို့၊ အကျွန်ုသည် သူတို့၌ ရှိနိုင်စေခြင်းငှာလည်းကောင်း၊ အကျွန်ုပ်တို့သည် တစ်လုံးတစ်ဝတည်း ရှိနိုင်ကြစေခြင်းငှာလည်းကောင်း၊ အကျွန်ုပ်သည် သူတို့အားဖြင့် ဘုန်းတော်ထင်ရှားစေခြင်းငှာလည်းကောင်း ဆုတောင်းပါ၏။
၃၀ ယေရှုသည် ဤစကားများကို ဟောလေပြီးလျှင်၊ မိမိတပည့်တော်များဆီသို့ တစ်ဖန်လာ၏။ ရှုဦးလော့၊ သူတို့သည်လည်း ရပ်တန့်ခြင်းမရှိဘဲ၊ သူ့ထံသို့ မြဲမြံစွာ ဆုတောင်းကြ၏။ သူသည်လည်း ထိုသူတို့အပေါ်သို့ တစ်ဖန်ပြုံးတော်မူ၏။ ရှုဦးလော့၊ သူတို့သည် ယေရှုကဲ့သို့ပင် ဖြူစင်ကြ၏။
၃၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် အနည်းငယ်ဝေးရာသို့ သွား၍၊ ခမည်းတော်ထံသို့ ဆုတောင်း၏။
၃၂ လူတို့သည် သူဆုတောင်းသည့် စကားများကို မပြောနိုင်ကြ။ သူဆုတောင်းသည့်စကားများကို လူရေး၍လည်းမရနိုင်။
၃၃ လူအစုအဝေးသည်လည်း ကြား၍ သက်သေခံကြ၏။ သူတို့စိတ်နှလုံးသည်လည်း ပွင့်၍၊ သူဆုတောင်းသည့်စကားများကို သူတို့စိတ်နှလုံး၌ နားလည်ကြ၏။
၃၄ သို့သော်လည်း၊ အလွန်ကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသည်မှာ သူဆုတောင်းသည့် စကားများဖြစ်လေရာ၊ ရေး၍မရနိုင်၊ လူပြော၍လည်းမရနိုင်။
၃၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ယေရှုသည် ဆုတောင်းခြင်းကို လက်စသတ်ပြီးနောက်၊ တပည့်တော်များဆီသို့ တစ်ဖန်လာ၍၊ မိန့်တော်မူလေသည်ကား၊ ထိုမျှကြီးစွာသော ယုံကြည်ခြင်းကို ငါသည် ယုဒလူမျိုးခပ်သိမ်းတို့၌ မမြင်ရစဖူး။ သို့ဖြစ်၍၊ ငါသည် သူတို့အား ထိုမျှကြီးစွာသော အံ့ဩချီးမွမ်းဖွယ်အမှုတို့ကို မပြနိုင်၊ သူတို့၏မယုံကြည်ခြင်းကြောင့်ပေတည်း။
၃၆ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ သင်တို့မြင်သကဲ့သို့ ထိုမျှကြီးစွာသောအမှုတို့ကို မြင်ရသူ တစ်ဦးမျှမရှိ။ သူတို့သည် သင်တို့ကြားလေသကဲ့သို့ ထိုမျှကြီးစွာသောအမှုတို့ကိုလည်း မကြားရ။