အခန်းကြီး ၁၃
ယေရှုသည် နီဖိုင်းအမျိုးသားတို့အား ကိုယ်တော်ရှင်၏ဆုတောင်းခြင်းကို သွန်သင်၏—သူတို့သည် ကောင်းကင်ဘုံ၌ ဘဏ္ဍာများကို သိုထားရကြမည်—တပည့်တော်တစ်ဆယ်နှစ်ပါးတို့သည် မိမိတို့အမှုတော်ဆောင်ခြင်း၌ ဇာတိပကတိအရာတို့အတွက် မစိုးရိမ်ရန် မိန့်တော်မူခံရ၏—မဿဲအခန်းကြီး ၆ နှင့် နှိုင်းယှဉ်ပါ။ အေဒီ ၃၄ ခန့်။
၁ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ သင်တို့သည် ဆင်းရဲသားတို့အား အလှူဒါနပေးစေရန် ငါအလိုရှိ၏။ သို့ရာတွင်၊ သင်တို့သည် သင်တို့၏အလှူဒါနကို လူတို့ရှေ့၌မြင်စေခြင်းငှာ မပြုရမည်ကို သတိပြုကြလော့။ သို့မဟုတ်လျှင်၊ သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘထံမှ အကျိုးကို မခံမရကြ။
၂ ထို့ကြောင့်၊ သင်တို့သည် သင်တို့၏အလှူဒါနကို ပေးကြသောအခါ၊ သူတော်ကောင်းယောင်ဆောင်သောသူတို့က တရားဇရပ်များ၌လည်းကောင်း၊ လမ်းများ၌လည်းကောင်း၊ သူတို့သည် လူတို့၏ချီးမွမ်းခြင်းကို ခံရနိုင်စေခြင်းငှာ ပြုကြသကဲ့သို့ သင်တို့ရှေ့ ၌ တံပိုးကို မမှုတ်ကြနှင့်။ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကို ရကြပြီ။
၃ သို့ရာတွင်၊ သင်တို့သည် အလှူဒါနကို ပြုကြသောအခါ၊ သင်၏လက်ယာလက်ပြုသည့်အမှုကို လက်ဝဲလက် မသိစေနှင့်။
၄ သင်၏အလှူဒါနကို မထင်ရှားနိုင်စေကြောင်းပြုလော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည်လည်း သင့်အား အကျိုးကို သူကိုယ်တိုင် ထင်ရှားစွာပေးလတ္တံ့။
၅ သင်သည် ဆုတောင်းသောအခါ၊ သူတော်ကောင်းယောင်ဆောင်သောသူများနည်းတူ မပြုနှင့်။ သူတို့သည် မိမိတို့ကို လူတို့မြင်နိုင်စေခြင်းငှာ တရားဇရပ်များ၌ လည်းကောင်း၊ လမ်းထောင့်များ၌ လည်းကောင်း ရပ်လျက် ဆုတောင်းခြင်းငှာ အလိုရှိကြ၏။ သင့်ကို ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကို ရကြပြီ။
၆ သို့ရာတွင်၊ သင်မူကား၊ ဆုတောင်းသောအခါ၊ သင်၏ဆိတ်ညံရာအခန်းငယ်သို့ ဝင်၍၊ တံခါးကို ပိတ်ပြီးမှ မထင်ရှားသောအရပ်၌ရှိတော်မူသည့် သင်၏အဘကို ဆုတောင်းလော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည်လည်း သင့်အား အကျိုးကို ထင်ရှားစွာ ပေးလတ္တံ့။
၇ သို့ရာတွင်၊ သင်တို့သည် ဆုတောင်းသောအခါ၊ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ် မမြွက်ကြနှင့်။ အကြောင်းမူကား၊ ထိုသူတို့သည် များစွာသောစကားအားဖြင့် သူတို့ဘုရားများ ကြားလိမ့်မည်ဟု ထင်မှတ်ကြ၏။
၈ သင်တို့သည် ထိုသူတို့နည်းတူ မပြုကြနှင့်။ အကြောင်းမူကား၊ သင်တို့၏အဘသည် သူ့ထံသို့ သင်တို့မတောင်းမီကပင် သင်တို့အသုံးလိုသည့်အရာများကို သိတော်မူ၏။
၉ ထို့ကြောင့်သင်တို့သည် ဤကဲ့သို့အားဖြင့် ဆုတောင်းရမည်မှာ၊ ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။
၁၀ ကိုယ်တော်၏အလိုတော်သည် ကောင်းကင်ဘုံမှာကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။
၁၁ အကျွန်ုပ်တို့ကို ပြစ်မှားသောသူများကို အကျွန်ုပ်တို့ ခွင့်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ။
၁၂ အကျွန်ုပ်တို့ကို သွေးဆောင်ဖြားယောင်းခြင်းထဲသို့ မလိုက်မပါစေနှင့်၊ မကောင်းမှုမှသာ ကယ်နှုတ်တော်မူပါ။
၁၃ အကြောင်းမူကား၊ ကိုယ်တော်၏နိုင်ငံတော်၊ တန်ခိုးတော်နှင့် ဘုန်းတော်သည် ကာလအစဉ်အဆက်ရှိတော်မူ၏။ အာမင်။
၁၄ အကြောင်းမူကား၊ သင်တို့သည် သူတစ်ပါးတို့၏လွန်ကျူးခြင်းများကို ခွင့်လွှတ်လျှင်၊ သင်တို့၏ကောင်းကင်ဘုံရှင်အဘသည်လည်း သင်တို့ကို ခွင့်လွှတ်တော်မူလိမ့်မည်။
၁၅ သို့ရာတွင်၊ သင်တို့သည် လူတို့အား သူတို့၏လွန်ကျူးခြင်းများကို ခွင့်လွှတ်ခြင်းမရှိလျှင်၊ သင်တို့၏အဘသည်လည်း သင်တို့၏လွန်ကျူးခြင်းများကို ခွင့်လွှတ်လိမ့်မည်မဟုတ်။
၁၆ ထိုမှတစ်ဖန်၊ သင်တို့သည် အစာရှောင်ခြင်းအကျင့်ကို ကျင့်သောအခါ၊ ညှိုးငယ်သောမျက်နှာထားရှိသည့် သူတော်ကောင်းယောင်ဆောင်သောသူများနည်းတူ မဖြစ်ကြနှင့်။ အကြောင်းမူကား၊ ထိုသူတို့သည် အစာရှောင်သည်ကို လူတို့ရှေ့မှာထင်ရှားစေခြင်းငှာ မိမိတို့မျက်နှာကို ဖျက်တတ်ကြ၏။ သင့်ကို ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကို ရကြပြီ။
၁၇ သို့ရာတွင်၊ သင်မူကား၊ အစာရှောင်သောအခါ၊ သင်၏ခေါင်းကို ဆီလိမ်း၍၊ သင့်မျက်နှာကို သစ်လော့။
၁၈ သင်သည် အစာရှောင်သည်ကို လူများရှေ့၌ မထင်ရှားစေ၊ မထင်ရှားသောအရပ်၌ ရှိတော်မူသည့် သင်တို့အဘရှေ့တော်၌သာ ထင်ရှားစေခြင်းငှာပေတည်း။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည်လည်း သင့်အားအကျိုးကို ထင်ရှားစွာပေးလတ္တံ့။
၁၉ သံချေး၊ ပိုးရွဖျက်ဆီး၍၊ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်၌ ဘဏ္ဍာကို သင်တို့အတွက် သိုထားခြင်း မရှိကြနှင့်။
၂၀ သို့ရာတွင်၊ သံချေး၊ ပိုးရွမဖျက်ဆီး၍၊ သူခိုး မထွင်းဖောက် မခိုးမယူရာ ကောင်းကင်ဘုံ၌ သင်တို့အတွက် ဘဏ္ဍာကို သိုထားကြလော့။
၂၁ အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့၏စိတ်နှလုံးရောက်တတ်၏။
၂၂ ကိုယ်၏အလင်းကား၊ မျက်စိဖြစ်၏။ ထို့ကြောင့်၊ သင်၏မျက်စိ စူးစိုက်မှုရှိလျှင်၊ တစ်ကိုယ်လုံးသည် အလင်းနှင့် ပြည့်လိမ့်မည်။
၂၃ သို့ရာတွင်၊ သင်၏မျက်စိသည် အဆိုးဖြစ်လျှင်၊ သင်၏တစ်ကိုယ်လုံးသည် မှောင်မိုက်နှင့် ပြည့်လိမ့်မည်။ ထို့ကြောင့်၊ သင့်ကိုယ်ထဲ၌ရှိသောအလင်းသည် မှောင်မိုက်ဖြစ်လျှင်၊ ထိုမှောင်မိုက်သည် အလွန်ကြီးလှပေစွတကား။
၂၄ အဘယ်သူမျှ သခင်နှစ်ဦး၏အစေကို မခံနိုင်။ အကြောင်းမူကား၊ အကြင်သူသည် သခင်တစ်ဦးကို မုန်း၍ တစ်ဦးကို ချစ်မည်။ သို့မဟုတ်လျှင်၊ သူသည် တစ်ဦး၌ စွဲမြဲ၍ တစ်ဦးကို မထီမဲ့မြင်ပြုမည်။ သင်တို့သည် ဘုရားသခင်၏အစေနှင့် လောကီစည်းစိမ်၏အစေကို အတူမခံနိုင်ကြ။
၂၅ ယခုမူကား၊ အချိန်တန်လာသောအခါ၊ ယေရှုသည် ဤစကားများကို ဟောလေပြီးလျှင်၊ သူရွေးကောက်ခဲ့သောတစ်ဆယ်နှစ်ပါးကို ကြည့်ရှုတော်မူ၍ မိန့်တော်မူလေသည်ကား၊ ငါမိန့်တော်မူလေသော စကားများကို သတိရကြလော့။ ရှုလော့၊ သင်တို့သည်ကား၊ ဤလူမျိုးတို့ကို အမှုတော်ဆောင်စေခြင်းငှာ၊ ငါရွေးကောက်ထားသောသူများ ဖြစ်ကြ၏။ ထို့ကြောင့်၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့ အဘယ်သို့စားရမည်၊ သို့မဟုတ် သင်တို့ အဘယ်သို့ သောက်ရမည်ဟု သင်တို့၏ အသက်အဖို့၊ မစိုးရိမ်ကြနှင့်။ သင်တို့ အဘယ်သို့ဝတ်ရမည်ဟု သင်တို့၏ကိုယ်အဖို့မစိုးရိမ်ကြနှင့်။ အစာထက် အသက်မြတ်သည်မဟုတ်လော၊ အဝတ်ထက် ကိုယ်မြတ်သည်မဟုတ်လော။
၂၆ မိုးကောင်းကင်ငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ အကြောင်းမူကား၊ ထိုငှက်တို့သည် မျိုးစေ့ကို စိုက်ကြဲခြင်းမရှိ။ စပါးကို မရိတ်၊ ကျီ၌ မစုမသွင်း။ သို့သော်လည်း၊ သင်တို့၏ကောင်းကင်ဘုံရှင်အဘသည် သူတို့ကို ကျွေးမွေးတော်မူ၏။ သင်တို့သည် ထိုငှက်တို့ထက် သာ၍ အလွန်မြတ်သည်မဟုတ်လော။
၂၇ အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအရပ်ကို တစ်တောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။
၂၈ သင်တို့သည် အဝတ်အတွက် အဘယ့်ကြောင့် စိုးရိမ်ရသနည်း။ တောနှင်းပင်တို့ အဘယ်သို့အားဖြင့် ကြီးပွားသည်ကို ဆင်ခြင်အောက်မေ့ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှာ၊ မငင်မဝင့်။
၂၉ သို့သော်လည်း၊ သင်တို့ကို ငါဆိုသည်ကား၊ ရှောလမုန်မင်းကြီးသည် သူ့ဘုန်းအသရေခပ်သိမ်းတို့ဖြင့်၊ ဤအပင်တစ်ပင်မျှလောက် တင့်တယ်စွာ ဝတ်ဆင်ထားခြင်းမရှိ။
၃၀ သို့ဖြစ်၍၊ ယနေ့အသက်ရှင်လျက် နက်ဖြန်မီးဖိုထဲသို့ရောက်သော လယ်ကွင်းထဲမှ မြက်ပင်ကို ဘုရားသခင်သည် ထိုကဲ့သို့ ဝတ်ဆင်တော်မူလျှင်၊ သင်တို့သည် ယုံကြည်ခြင်းအားနည်းသောသူများ မဟုတ်ကြလျှင်၊ ထိုကဲ့သို့ပင် သူသည် သင်တို့ကို ဝတ်ဆင်တော်မူလိမ့်မည်။
၃၁ ထို့ကြောင့်၊ ငါတို့အဘယ်သို့ စားရအံ့နည်း။ ငါတို့အဘယ်သို့ သောက်ရအံ့နည်း။ သို့မဟုတ်၊ ငါတို့အဘယ်အရာနှင့် ဝတ်ဆင်ရအံ့နည်းဟုဆို၍ မစိုးရိမ်ကြနှင့်။
၃၂ အကြောင်းမူကား၊ သင်တို့သည် ဤအရာခပ်သိမ်းတို့ကို အသုံးလိုကြကြောင်း သင်တို့၏ကောင်းကင်ဘုံရှင်အဘသိတော်မူ၏။
၃၃ သို့ရာတွင်၊ သင်တို့သည် ဘုရားသခင်၏နိုင်ငံတော်နှင့် သူ၏ဖြောင့်မတ်ခြင်းကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ဤအရာခပ်သိမ်းတို့ကို သင်တို့ထံသို့ ထပ်၍ပေးတော်မူလတ္တံ့။
၃၄ ထို့ကြောင့်၊ နက်ဖြန်အဖို့ မစိုးရိမ်ကြနှင့်။ အကြောင်းမူကား၊ နက်ဖြန်နေ့သည် မိမိအဖို့ စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်းသောအရာသည် ယခုနေ့အဖို့ လုံလောက်ပေ၏။