အခန်းကြီး ၁၄
ယေရှုသည် တရားမစီရင်ရန်၊ ဘုရားသခင်ထံမှ တောင်းရန်၊ မိစ္ဆာပရောဖက်တို့ကို သတိပြုကြရန် မိန့်မှာ၏—သူသည် ဘုရားသခင်၏အလိုတော်ကိုဆောင်သောသူတို့အား ကယ်တင်ခြင်းကို ကတိထားတော်မူ၏—မဿဲအခန်းကြီး ၇ နှင့် နှိုင်းယှဉ်ပါ။ အေဒီ ၃၄ ခန့်။
၁ ယခုမူကား၊ အချိန်တန်လာသောအခါ၊ ယေရှုသည် ဤစကားများကို ဟောလေပြီးလျှင်၊ လူအစုအဝေးဆီသို့ တစ်ဖန်လှည့်၍၊ နှုတ်တော်ကိုတစ်ဖန်ဖွင့်လျက် မိန့်တော်မူလေသည်မှာ၊ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ သင်တို့သည် တရားစီရင်မခံရမည့်အကြောင်း၊ သူတစ်ပါးကို တရားစီရင်ခြင်း မပြုနှင့်။
၂ အကြောင်းမူကား၊ သင်တို့သည် အကြင်တရားအတိုင်း တရားစီရင်ကြ၏။ ထိုတရားအတိုင်း တရားစီရင်ခံရကြမည်။ သင်တို့သည် အကြင်ချိန်၊ တင်းပမာဏနှင့် သူတစ်ပါးကို ပေး၏။ ထိုပမာဏအတိုင်း တစ်ဖန်ခံရကြမည်။
၃ ညီအစ်ကို မျက်စိ၌ရှိသော ငြောင့်ငယ်ကို အဘယ်ကြောင့်ကြည့်ရှုကြသနည်း။ သို့သော်လည်း ကိုယ့်မျက်စိ၌ရှိသော တံကျင်ကို အောက်မေ့ခြင်းမရှိကြပါတကား။
၄ ညီအစ်ကိုအား သင်၏မျက်စိ၌ရှိသောငြောင့်ငယ်ကို ထုတ်ပါရစေဟု အဘယ်သို့အားဖြင့် ဆိုကြမည်နည်း—ရှုဦးလော့၊ သင်တို့ကိုယ်တိုင်၏မျက်စိ၌ တံကျင်ရှိ၏။
၅ အသင်သူတော်ကောင်းယောင်ဆောင်သောသူတို့၊ ကိုယ့်မျက်စိ၌ရှိသော တံကျင်ကို ရှေးဦးစွာထုတ်ပစ်လော့။ ထို့နောက်တွင်၊ ညီအစ်ကို မျက်စိ၌ရှိသောငြောင့်ငယ်ကို ထုတ်ပစ်ခြင်းငှာ ရှင်းလင်းစွာ မြင်လိမ့်မည်။
၆ သန့်ရှင်းသောအရာကို ခွေးတို့အား မပေးကြနှင့်။ ပုလဲရတနာကို ဝက်တို့ ခြေအောက်၌ မနင်းချေနိုင်စေခြင်းငှာ၊ ၎င်းတို့ရှေ့မှာ မချနှင့်။ သူတို့သည် တစ်ဖန်လှည့်၍ သင်တို့ကို ကိုက်ဖြတ်ကြလိမ့်မည်။
၇ တောင်းကြလော့။ တောင်းလျှင် သင်တို့ထံသို့ ပေးလိမ့်မည်။ ရှာကြလော့၊ ရှာလျှင် သင်တို့တွေ့ကြမည်။ ခေါက်ကြလော့၊ ခေါက်လျှင် သင်တို့အား ဖွင့်ပေးလိမ့်မည်။
၈ အကြောင်းမူကား၊ တောင်းသောသူတိုင်း ရကြ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်ပေး၏။
၉ သို့မဟုတ်၊ သားက မုန့်ကိုတောင်းလျှင်၊ မိမိသားအား ကျောက်ခဲကို ပေးမည့်သူ သင်တို့ ၌ ရှိသလော။
၁၀ သို့မဟုတ်၊ ငါးကိုတောင်းလျှင်၊ ထိုသူသည် မြွေကိုပေးမည်လော။
၁၁ သင်တို့သည် အဆိုးဖြစ်လျက်ပင်၊ ကိုယ့်သားသမီးတို့အား ကောင်းသောဆုကျေးဇူးကို ပေးတတ်ကြလျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သူ့ထံသို့တောင်းသောသူတို့အား ကောင်းသောအရာများကို သာ၍ပေးတော်မူမည် မဟုတ်လော။
၁၂ ထို့ကြောင့်၊ သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှသောအရာအတိုင်း သူတစ်ပါး၌ ပြုကြလော့။ ဤအရာသည်ကား၊ ပညတ်တရားနှင့် ပရောဖက်တို့၏စကားများပေတည်း။
၁၃ သင်တို့သည် ကျပ်တည်းသော တံခါးမှ ဝင်ကြလော့။ ပျက်စီးခြင်းသို့ ရောက်သောတံခါးသည်ကျယ်၍၊ လမ်းသည် ကျယ်ဝန်း၍ ထိုတံခါးမှ ဝင်သောသူများ၏။
၁၄ အသက်ရှင်ခြင်းသို့ရောက်သော တံခါးသည် ကျပ်တည်း၏၊ လမ်းသည် ကျဉ်းမြောင်းသည်ဖြစ်၍၊ တွေ့ဝင်သောသူ နည်း၏။
၁၅ အတွင်း၌ ကြမ်းတမ်းသော တောခွေးဖြစ်လျက်၊ သိုးရေကိုခြုံ၍ သင်တို့ရှိရာသို့လာသော မိစ္ဆာပရောဖက်တို့ကို သတိပြုကြလော့။
၁၆ ထိုသူတို့၏ အကျင့်ကို ထောက်၍၊ သူတို့ကို သိကြလိမ့်မည်။ လူသားတို့သည် ဆူးပင်၌ စပျစ်သီးကို ဆွတ်တတ်သလော။ သို့မဟုတ်၊ ဆူးလေပင်၌ သင်္ဘောသဖန်းသီးကို ဆွတ်ကြသလော။
၁၇ ထိုကဲ့သို့ပင်၊ ကောင်းသောအပင်တိုင်းသည် ကောင်းသောအသီးကို သီး၏။ သို့ရာတွင်၊ ဖောက်ပြန်သောအပင်သည် မကောင်းသောအသီးကို သီး၏။
၁၈ ကောင်းသောအပင်သည် မကောင်းသောအသီးကို မသီးနိုင်။ ဖောက်ပြန်သောအပင်သည်လည်း ကောင်းသောအသီးကို မသီးနိုင်။
၁၉ ကောင်းသောအသီးကို မသီးသောအပင်ရှိသမျှကို ခုတ်လှဲ၍ မီးထဲသို့ချလိုက်တတ်၏။
၂၀ သို့ဖြစ်၍၊ သင်တို့သည် သူတို့၏အကျင့်ကိုထောက်၍ သူတို့ကို သိကြလိမ့်မည်။
၂၁ ကိုယ်တော်ရှင်၊ ကိုယ်တော်ရှင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့အဘတော်၏အလိုကို ဆောင်သောသူသာလျှင်၊ ဝင်ရလိမ့်မည်။
၂၂ ထိုနေ့၌ကား၊ ကိုယ်တော်ရှင်၊ ကိုယ်တော်ရှင် အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်အားဖြင့် ပရောဖက်ပြု၍ဟောကြပါပြီ မဟုတ်လော။ ကိုယ်တော်၏နာမတော်အားဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်၏နာမတော်အားဖြင့် များစွာသော အံ့ဩဖွယ်အမှုတို့ကို ပြုကြလေပြီမဟုတ်လောဟု များစွာသောသူတို့သည် ငါ့အား လျှောက်ကြလိမ့်မည်။
၂၃ ထိုသို့လျှောက်ကြသောအခါ၊ သင်တို့ကို ငါမသိ။ ဒုစရိုက်ကိုပြုသောသင်တို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား ငါအတည့်အလင်း ပြောမည်။
၂၄ ထို့ကြောင့်၊ အကြင်သူသည် ငါပြောသော ဤစကားများကို ကြား၍ ဆောင်ရွက်၏။ ငါသည် ထိုသူအား၊ ကျောက်ပေါ် ၌မိမိအိမ်ကိုဆောက်သည့် ဉာဏ်ပညာရှိသောသူနှင့် တူကြောင်းကို ပုံပြမည်—
၂၅ မိုးရွာ၍ ရေလွှမ်းမိုးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သည်ရှိသော်၊ ကျောက်ပေါ်၌တည်သောကြောင့်၊ မပြိုမလဲ နေ၏။
၂၆ ငါပြောသော ဤစကားများကို ကြား၍ ဆောင်ရွက်ခြင်းမရှိသောသူမှန်သမျှသည် သဲပေါ်၌အိမ်ဆောက်သောလူမိုက်နှင့်တူကြောင်း ပုံပြခံရမည်—
၂၇ မိုးရွာ၍ ရေလွှမ်းမိုးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သည်ရှိသော်၊ ပြိုလဲ၍၊ ၎င်း၏ပြိုလဲခြင်းမှာ ကြီးမားလှ၏။