အခန်းကြီး ၁၈
ယေရှုသည် နီဖိုင်းအမျိုးသားတို့၌ ပွဲတော်ကို တည်ထောင်၏—သူတို့သည် သူ၏နာမတော်အားဖြင့် အစဉ်အမြဲဆုတောင်းကြရန် မိန့်မှာခံရ၏—မထိုက်တန်ဘဲနှင့် သူ၏ကိုယ်ခန္ဓာတော်ကို စားသုံးသောသူတို့နှင့် သူ၏အသွေးတော်ကို သောက်သောသူတို့သည် ပြစ်ဒဏ်ချမှတ်ခံရ၏—တပည့်တော်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို အပ်နှင်းရန် တန်ခိုးကို ရရှိကြ၏။ အေဒီ ၃၄ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ယေရှုသည် မိမိတပည့်တော်တို့အား မုန့်နှင့် စပျစ်ရည်အချို့ကို သူ့ထံသို့ ယူလာခဲ့ရမည့်အကြောင်း မိန့်တော်မူ၏။
၂ ထိုသူတို့ မုန့်နှင့် စပျစ်ရည်ကို အရှာသွားစဉ်တွင်၊ သူသည် လူအစုအဝေးကို မြေကြီးပေါ်၌ ထိုင်ရမည့်အကြောင်း မိန့်တော်မူ၏။
၃ တပည့်တော်တို့ မုန့်နှင့် စပျစ်ရည်တို့ဖြင့် ပြန်လာကြသောအခါ၊ သူသည် မုန့်ကိုယူ၍ ဖဲ့ပြီးလျှင် ကောင်းချီးပေး၏။ တပည့်တော်တို့အား ပေး၍ စားရမည့်အကြောင်း မိန့်တော်မူ၏။
၄ သူတို့စားပြီး၍ ဝမ်းပြည့်လျှင်၊ လူအစုအဝေးအား ပေးစေရမည့်အကြောင်း မိန့်တော်မူ၏။
၅ လူအစုအဝေး စားပြီး၍ဝမ်းပြည့်လျှင်၊ တပည့်တော်တို့ကို မိန့်တော်မူလေသည်ကား၊ ရှုလော့၊ သင်တို့၌ တစ်ဦးသောသူသည် ခန့်ထားခံရလိမ့်မည်၊ ထိုသူသည် မုန့်ကိုဖဲ့၍၊ ကောင်းချီးပေးပြီးလျှင်၊ ငါ့အသင်းတော်၏လူများသို့၊ ငါ့ကို ယုံကြည်၍ ငါ၏နာမတော်၌ ဗတ္တိဇံခံမည့်သူ မှန်သမျှသို့ ပေးနိုင်စေမည့်အကြောင်း ထိုသူအား ငါသည် တန်ခိုးကို ပေးတော်မူမည်။
၆ ဤကဲ့သို့အားဖြင့်၊ ငါပြုသကဲ့သို့ပင်၊ ငါသည် မုန့်ကိုဖဲ့၍ ကောင်းချီးပေးပြီးလျှင်၊ သင်တို့ကို ပေးသကဲ့သို့ပင် သင်တို့သည် အစဉ်အမြဲလုပ်ဆောင်ရန် အားထုတ်ရမည်။
၇ သင်တို့ကို ငါပြတော်မူလေသည့် ငါ့ကိုယ်ခန္ဓာကို အောက်မေ့ဖို့ရာ သင်တို့သည် ဤအမှုကိုပြုကြလော့။ ထိုအမှုသည်လည်း သင်တို့ ငါ့ကို အစဉ်အမြဲအောက်မေ့ကြောင်း၊ ခမည်းတော်ထံသို့ သက်သေအဖြစ် ရှိလိမ့်မည်။ ထို့အတူ သင်တို့သည် ငါ့ကို အစဉ်အမြဲအောက်မေ့ကြလျှင်၊ ငါ၏ဝိညာဉ်တော်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။
၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် ဤစကားများကို ပြောပြီးလေလျှင်၊ သူ၏တပည့်တော်တို့အား၊ စပျစ်ရည်ဖလားကိုယူ၍ သောက်ရမည့်အကြောင်းကိုလည်းကောင်း၊ လူအစုအဝေးအား ထိုဖလားကို သောက်နိုင်စေခြင်းငှာ ပေးရမည်ကိုလည်းကောင်း မိန့်တော်မူ၏။
၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် မိန့်တော်မူလေသည့်အတိုင်း ထိုဖလားကို သောက်၍ ဝမ်းပြည့်ကြ၏။ ထို့အတူ လူအစုအဝေးအား ပေး၍သောက်ကြသဖြင့် ဝမ်းပြည့်ကြ၏။
၁၀ တပည့်တော်တို့ ဤအမှုကို ပြုကြပြီးနောက်၊ ယေရှုမိန့်တော်မူလေသည်ကား၊ သင်တို့သည် ပြုလေသည့် ဤအမှုကြောင့် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဤအမှုသည် ငါ၏ပညတ်တော်တို့ကို ပြီးပြည့်စေခြင်းပင်တည်း။ သင့်တို့သည် ငါမိန့်တော်မူလေသောအရာကို ဆောင်ရွက်ရန် လိုလိုလားလားရှိကြောင်း ဤအမှုက ခမည်းတော်ထံသို့ သက်သေခံ၏။
၁၁ ထို့အတူ ဤအမှုကို သင်တို့သည် နောင်တရ၍ ငါ၏နာမတော်၌ ဗတ္တိဇံခံကြသော သူတို့ထံ အစဉ်အမြဲ ပြုရမည်။ သင်တို့သည် ငါ့ကို အစဉ်အမြဲ အောက်မေ့ကြောင်း ခမည်းတော်ထံသို့ သက်သေခံနိုင်ကြစေခြင်းငှာ၊ သင်တို့အတွက် ငါသွန်းလောင်းတော်မူသော ငါ၏အသွေးတော်ကို အောက်မေ့ဖို့ရာ ထိုအမှုကို ပြုကြရမည်။ ထို့အတူ သင့်တို့သည် ငါ့ကို အစဉ်အမြဲအောက်မေ့ကြလျှင်၊ ငါ၏ဝိညာဉ်တော်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။
၁၂ ငါသည် သင်တို့ဤအမှုများကို ပြုရမည့်အကြောင်း သင်တို့အား ပညတ်တော်ကို ပေး၏။ သင်တို့သည် ဤအရာတို့ကို အစဉ်အမြဲပြုမည်ဆိုလျှင်၊ မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့ကို ငါ၏ ကျောက်ပေါ်၌ တည်ဆောက်ထား၏။
၁၃ သို့ရာတွင်၊ ဤအရာတို့ထက် ပို၍ သို့မဟုတ် လျော့၍ ပြုမည့်သူမှန်သမျှသည်ကား၊ ငါ၏ကျောက်ပေါ်၌ တည်ဆောက်ထားသည်မဟုတ်၊ သဲအုတ်မြစ်ပေါ်၌သာ တည်ဆောက်ထားသဖြင့်၊ မိုးရွာ၍ ရေလွှမ်းမိုးသည်နှင့် လေလာ၍ သူတို့ကို တိုက်သည်ရှိသော်၊ ပြိုလဲကြလိမ့်မည်။ ငရဲ၏တံခါးတို့သည် သူတို့ကို လက်ခံရန် ပွင့်လျက်ရှိလေပြီ။
၁၄ ထို့ကြောင့်၊ သင်တို့သည် ငါ သင်တို့အား ပေးရမည့်အကြောင်း၊ ငါ့ကို ခမည်းတော် မိန့်တော်မူလေသည့် ငါ၏ပညတ်တော်များကို စောင့်ထိန်းကြလျှင်၊ မင်္ဂလာရှိကြ၏။
၁၅ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ သင်တို့သည် နတ်ဆိုးအားဖြင့် သွေးဆောင်ဖြားယောင်း မခံရစေခြင်းငှာလည်းကောင်း၊ သူ့အားဖြင့် ဖမ်းဆီးချုပ်နှောင်၍ ဆောင်သွားခြင်းကို မခံရစေခြင်းငှာလည်းကောင်း၊ အစဉ်အမြဲ စောင့်၍ ဆုတောင်းရမည်။
၁၆ ငါသင်တို့၌ ဆုတောင်းသကဲ့သို့၊ နောင်တရ၍ ငါ၏နာမတော်၌ ဗတ္တိဇံခံသော ငါ၏လူမျိုးတို့ရှိရာ ငါ၏အသင်းတော်၌၊ သင်တို့သည် ထိုကဲ့သို့ပင် ဆုတောင်းကြလော့။ ရှုလော့၊ ငါသည် အလင်းဖြစ်၏။ ငါသည် သင်တို့အတွက် ပုံသက်သေကို ပြတော်မူလေပြီ။
၁၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ယေရှုသည် ဤစကားများကို သူ၏တပည့်တော်တို့အား ဟောလေပြီးလျှင်၊ လူအစုအဝေးဘက်သို့ တစ်ဖန်လှည့်၍၊ မိန့်တော်မူလေသည်ကား၊
၁၈ ရှုလော့၊ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ သင်တို့သည် သွေးဆောင်ဖြားယောင်းခြင်းထဲသို့ မဝင်ကြစေခြင်းငှာ၊ အစဉ်အမြဲစောင့်လျက် ဆုတောင်းကြရမည်။ အကြောင်းမူကား၊ စာတန်သည် သင်တို့ကို ဂျုံဆန်ကဲ့သို့ ဆန်ကာချရမည့်အကြောင်း၊ အုပ်စိုးခြင်းငှာ အလိုရှိ၏။
၁၉ ထို့ကြောင့်၊ သင်တို့သည် ငါ၏နာမတော်အားဖြင့် ခမည်းတော်ထံသို့ အစဉ်အမြဲ ဆုတောင်းကြရမည်။
၂၀ ငါ၏နာမတော်အားဖြင့် ခမည်းတော်ထံသို့ သင်တို့တောင်းမည့်အရာ၊ ဖြောင့်မှန်သောအရာ၊ ရရှိလိမ့်မည်ဟု ယုံကြည်လျက်ရှိသောအရာမှန်သမျှကို၊ ရှုလော့၊ သင်တို့အား ပေးတော် မူလိမ့်မည်။
၂၁ သင်တို့၏ဇနီးများနှင့် သင်တို့၏သားသမီးတို့ ကောင်းချီးခံစားရနိုင်စေခြင်းငှာ၊ သင်တို့မိသားစုများ၌ ငါ၏နာမတော်အားဖြင့် ခမည်းတော်ထံသို့ အစဉ်အမြဲဆုတောင်းကြလော့။
၂၂ ရှုဦးလော့၊ သင်တို့သည် အကြိမ်ကြိမ် အတူတကွ တွေ့ဆုံကြလော့။ သင်တို့သည် အတူတကွ တွေ့ဆုံသောအခါတိုင်း၊ သင်တို့ထံသို့လာသောသူ အဘယ်သူ့ကိုမျှ မဆီးတားနှင့်၊ သူတို့ကို သင်တို့ထံသို့ လာနိုင်စေခြင်းငှာသာ အခွင့်ပေး၍ ဆီးတားခြင်း မပြုကြနှင့်။
၂၃ သို့ရာတွင်၊ သင်တို့သည် သူတို့အတွက် ဆုတောင်းကြရမည်။ သူတို့ကို နှင်မထုတ်ရ။ သူတို့ သင်တို့ထံ အကြိမ်ကြိမ်လာလျှင်၊ သင်တို့သည် သူတို့အတွက် ငါ၏နာမတော်အားဖြင့် ခမည်းတော်ထံသို့ဆုတောင်းကြရမည်။
၂၄ ထို့ကြောင့်၊ သင်တို့၏ အလင်းကို လောကသို့ တောက်ပနိုင်စေခြင်းငှာ မြှောက်လော့။ ရှုလော့၊ ငါသည်ကား၊ သင်တို့မြှောက်မည့်အလင်း—သင်တို့လိုက်လျှောက်ရန် ပြုတော်မူ၍ သင်တို့ မြင်ရလေသောသူ ပေတည်း။ ရှုလော့၊ သင်တို့သည် ငါခမည်းတော်ထံသို့ ဆုတောင်းသည်ကို မြင်၍၊ သင်တို့အားလုံး သက်သေခံကြလေပြီ။
၂၅ ငါသည် သင်တို့မှ အဘယ်သူ့ကိုမျှ အဝေးသို့ ထွက်သွားရစေကြောင်း မိန့်တော်မူသည် မဟုတ်၊ သင်တို့ တို့စမ်း၍ မြင်နိုင်စေခြင်းငှာ၊ ငါ့ထံသို့ လာရစေမည့်အကြောင်းကိုသာ မိန့်တော်မူသည်ကို သင်တို့ သိကြ၏။ ထိုကဲ့သို့ပင်၊ သင်တို့သည် လောကသားတို့ကို ပြုရမည်။ ဤပညတ်တော်ကို ချိုးဖောက်သူမှန်သမျှသည် သွေးဆောင်ဖြားယောင်းခြင်းထဲသို့ ပို့ဆောင်ခံရစေရန် မိမိကိုယ်ကို အခွင့်ပေး၏။
၂၆ ယခုမူကား၊ အချိန်တန်လာသောအခါ၊ ယေရှုသည် ဤစကားများကို ဟောလေပြီးလျှင်၊ သူ၏မျက်စိကို သူရွေးကောက်ထားတော်မူသည့် တပည့်တော်တို့ထံ တစ်ဖန်လှည့်၍ မိန့်တော်မူ လေသည်ကား၊
၂၇ ရှုလော့၊ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ငါသည် သင်တို့အား တခြားပညတ်တော်တစ်ခုကို ပေး၏။ ထို့နောက်တွင်၊ ငါ့ကို ပေးတော်မူသည့် အခြားပညတ်တော်များကို ပြီးပြည့်စုံနိုင်စေခြင်းငှာ၊ ငါ၏ခမည်းတော်ထံသို့ သွားရမည်။
၂၈ ယခုမူကား၊ ရှုလော့၊ သင်တို့ကို ငါပေးတော်မူသည့် ဤပညတ်တော်မှာ၊ ထိုအမှုကို သင်တို့စီမံဆောင်ရွက်သောအခါတိုင်း၊ အဘယ်သူတစ်ဦးတစ်ယောက်ကိုမျှ မထိုက်တန်မှန်း သိလျက်နှင့် ငါ၏အသားတော်နှင့် အသွေးတော်ကို သုံးဆောင်စေရန် အခွင့်မပေးကြနှင့်။
၂၉ အကြောင်းမူကား၊ ငါ၏အသားတော်နှင့် အသွေးတော်ကို မထိုက်တန်ဘဲ စားသောက်သောသူသည် မိမိစိတ်ဝိညာဉ်သို့ အပြစ်ဒဏ်ရောက်ခြင်းကို စားသောက်၏။ ထို့ကြောင့်၊ သင်တို့သည် လူတစ်ဦး ငါ၏အသားတော်နှင့် အသွေးတော်ကို စားသောက်ရန် မထိုက်တန်ကြောင်း သိလျှင်၊ ထိုသူကို တားမြစ်ရမည်။
၃၀ သို့သော်လည်း၊ ထိုသူကို သင်တို့ထံမှ နှင်မထုတ်နှင့်၊ အမှုတော်ဆောင်၍သာ ထိုသူ့အတွက်၊ ငါ၏နာမတော်အားဖြင့် ခမည်းတော်ထံသို့ ဆုတောင်းကြရမည်။ ထိုသူသည် နောင်တရ၍ ငါ၏နာမတော်၌ ဗတ္တိဇံခံလျှင်၊ သင်တို့သည်လက်ခံ၍ သူ့အတွက် ငါ၏အသားတော်နှင့် အသွေးတော်ကို စီမံဆောင်ရွက်ကြရမည်။
၃၁ သို့ရာတွင်၊ ထိုသူသည် နောင်တရခြင်း မရှိလျှင်၊ ငါ၏လူမျိုးတို့ကို သူမဖျက်ဆီးနိုင်စေခြင်းငှာ၊ ငါ၏လူမျိုးတို့၌ ရေတွက်ခံရမည်မဟုတ်။ အကြောင်းမူကား၊ ရှုလော့၊ ငါသည် ငါ၏သိုးတို့ကို သိတော်မူ၏၊ သူတို့ကို ရေတွက်ထား၏။
၃၂ သို့သော်လည်း၊ သင်တို့သည် ထိုသူကို သင်တို့၏တရားဇရပ်များ၊ သို့မဟုတ်၊ သင်တို့၏ ကိုးကွယ်ရာနေရာတို့မှ နှင်မထုတ်ရ။ အကြောင်းမူကား၊ သင်တို့သည် ထိုကဲ့သို့သောသူတို့ကို ဆက်၍ အမှုတော်ဆောင်ကြရမည်။ အကြောင်းမူကား၊ သင်တို့သည် သူတို့ပြန်လာ၍၊ နောင်တရလျက်၊ စိတ်နှလုံးမှ အကြွင်းမဲ့ဆက်ကပ်ခြင်းဖြင့် ငါ့ထံသို့ လာကြမည်ကို သိခြင်းမရှိကြ။ ငါသည်လည်း သူတို့ကို အနာကင်းစေမည်။ သင်တို့သည်လည်း ထိုသူတို့ထံသို့ ကယ်တင်ခြင်းကို ဆောင်ယူရာ လက်နက်များ ဖြစ်ကြလိမ့်မည်။
၃၃ ထို့ကြောင့်၊ သင်တို့သည် ပြစ်ဒဏ်ချမှတ်ခြင်းသို့ မရောက်နိုင်စေခြင်းငှာ၊ ငါမိန့်မှာသည့် ဤစကားများကို စောင့်ထိန်းကြလော့။ အကြောင်းမူကား၊ ခမည်းတော်ပြစ်ဒဏ်ချမှတ်သောသူသည် အမင်္ဂလာရှိ၏။
၃၄ ငါသည်လည်း သင်တို့၌ ရှိသည့် ငြင်းခုံခြင်းများကြောင့်၊ ဤပညတ်တော်များကို သင်တို့အား ပေးတော်မူ၏။ သင်တို့၌ ငြင်းခုံခြင်းများ မရှိလျှင်၊ သင်တို့သည် မင်္ဂလာရှိကြ၏။
၃၅ ယခုမူကား၊ ငါသည် သင်တို့အတွက် ခမည်းတော်ထံသို့ သွားရန် လိုအပ်သောကြောင့်၊ ခမည်းတော်ထံသို့ သွားတော်မူမည်။
၃၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ယေရှုသည် ဤစကားများကို လက်စသတ်ပြီးလျှင်၊ သူရွေးကောက်သော သူ၏တပည့်တော်တို့ကို သူ့လက်ဖြင့် တစ်ယောက်ပြီးတစ်ယောက်တို့၍၊ သူတို့အားလုံးကိုပင် တို့တော်မူလျက်၊ သူတို့ကို တို့တော်မူစဉ်တွင် ဟောပြောတော်မူ၏။
၃၇ လူအစုအဝေးသည်လည်း သူဟောပြောသည့် စကားများကို မကြားရကြ။ ထို့ကြောင့်၊ သူတို့သည် သက်သေမခံကြ။ သို့ရာတွင်၊ တပည့်တော်တို့က သူသည် မိမိတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို ပေးရန် အခွင့်ကို ပေးတော်မူကြောင်း သက်သေခံကြ၏။ ငါသည်လည်း ဤမှတ်တမ်း မှန်ကန်ကြောင်းကို နောင်ကာလ၌ သင်တို့အား ပြမည်။
၃၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ယေရှု သူတို့အားလုံးကို တို့တော်မူပြီးလျှင်၊ တိမ်တိုက်တစ်ခု ကျလာ၍၊ လူအစုအဝေးကို ဖုံးလွှမ်းသဖြင့် သူတို့သည် ယေရှုကို မမြင်နိုင်ကြ။
၃၉ သူတို့ဖုံးလွှမ်းခံရလျက်ရှိစဉ်တွင်၊ သူတို့ထံမှ ထွက်ခွာ၍၊ ကောင်းကင်ဘုံသို့ တက်သွားတော်မူ၏။ တပည့်တော်တို့သည်လည်း မြင်၍၊ သူကောင်းကင်ဘုံသို့ တစ်ဖန်တက်သွားတော်မူကြောင်းကို သက်သေခံကြ၏။