အခန်းကြီး ၂၅
ဒုတိယအကြိမ် ကြွလာတော်မူသောအခါ၌ မာနကြီးသောသူနှင့် ဆိုးညစ်သောသူတို့သည် ရိုးပြတ်ကဲ့သို့ လောင်မြိုက်ခံရလိမ့်မည်—ဧလိယသည် ထိုကြီးစွာသောကြောက်မက်ဖွယ်နေ့ရက်မတိုင်မီ ပြန်လာလိမ့်မည်—မာလခိ အခန်းကြီး ၄ နှင့် နှိုင်းယှဉ်ပါ။ အေဒီ ၃၄ ခန့်။
၁ အကြောင်းမူကား၊ ရှုလော့၊ မီးဖို၌ လောင်မြိုက်သကဲ့သို့ လောင်မြိုက်သောကာလ ကျရောက်လာလိမ့်မည်။ ထိုမှတစ်ပါး၊ မာနကြီးသောသူခပ်သိမ်းနှင့် ဆိုးညစ်စွာပြုသော သူခပ်သိမ်းတို့သည် ရိုးပြတ်ဖြစ်လိမ့်မည်။ ကျရောက်လာသည့်ကာလ၌ ထိုသူတို့ကို လောင်မြိုက်စေသဖြင့် အရင်းအဖျားမျှချန်ထားလိမ့်မည်မဟုတ်ဟု ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင် မိန့်တော်မူ၏။
၂ သို့ရာတွင်၊ ငါ၏နာမတော်ကို ကြောက်ရွံ့သောသင်တို့၌ကား၊ ဖြောင့်မတ်ခြင်း၏သားတော်သည် အနာပျောက်စေသောအတောင်တို့ဖြင့် ပေါ်ထွန်းတော်မူမည်။ သင်တို့သည် ထွက်သွား၍ တင်းကုပ်၌ နွားသငယ်များကဲ့သို့ ကြီးထွားကြလိမ့်မည်။
၃ သင်တို့သည် ဆိုးညစ်သောသူတို့ကိုလည်း နင်းချေလိမ့်မည်။ ဤသို့ ငါပြုတော်မူမည့်နေ့ရက်၌ သူတို့သည် သင်တို့ခြေဖဝါးအောက်၌ ပြာဖြစ်ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင် မိန့်တော်မူ၏။
၄ ဣသရေလအမျိုးခပ်သိမ်းတို့အဖို့ ဟောရပ်အရပ်၌ ငါမှာထားသော၊ ငါ့ကျွန်မောရှေ၏ပညတ်တရားတည်းဟူသော ထုံးဥပဒေသများနှင့် စီရင်တော်မူချက်များကို သင်တို့အောက်မေ့ကြလော့။
၅ ရှုလော့၊ ကိုယ်တော်ရှင်၏ကြီးစွာသောကြောက်မက်ဖွယ်နေ့မကျရောက်လာမီ၊ ပရောဖက်ဧလိယကို သင်တို့ရှိရာသို့ ငါစေလွှတ်မည်။
၆ ငါလာ၍ မြေကြီးကို ကျိန်ခြင်းဖြင့် ဒဏ်မခတ်မည့်အကြောင်း၊ သူသည် ဘိုးဘေးတို့၏စိတ်နှလုံးကို သားသမီးများဆီသို့လည်းကောင်း၊ သားသမီးတို့၏စိတ်နှလုံးကို ဘိုးဘေးတို့ဆီသို့လည်းကောင်း လှည့်စေလိမ့်မည်။