အခန်းကြီး ၂
ဆိုးညစ်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများသည် လူတို့၌ တိုးပွား၏—နီဖိုင်းအမျိုးသားတို့နှင့် လာမန်အမျိုးသားတို့သည် ဂါဒျန်တန်ဓားပြတို့တစ်ဖက်၌ သူတို့ကိုယ်သူတို့ကာကွယ်ခြင်းငှာ ပူးပေါင်းကြ၏—ပြောင်းလဲသော လာမန်အမျိုးသားတို့သည် အသားဖြူလာ၍၊ နီဖိုင်းအမျိုးသားများဟု အခေါ်ခံရ၏။ အေဒီ ၅–၁၆ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိုးဆယ်ငါးနှစ်မြောက်သည်လည်း ထိုကဲ့သို့အားဖြင့်၊ ကုန်လွန်သွား၍၊ လူတို့သည် မိမိတို့ကြားလေသည့် ထိုနိမိတ်လက္ခဏာများနှင့် အံ့မခန်းချီးမွမ်းဖွယ်အမှုတို့ကို မေ့လျော့စပြုလျက်၊ ကောင်းကင်မှ နိမိတ်လက္ခဏာသို့မဟုတ်၊ အံ့မခန်းချီးမွမ်းဖွယ်အမှု၌ အံ့ဩခြင်း နည်းသည်ထက်နည်းလာသည်မှာ၊ သူတို့စိတ်နှလုံး၌မာကျောရန်၊ ထို့အတူ သူတို့၏အသိစိတ်ကွယ်စရန် အစပြုလျက်၊ သူတို့ကြားခဲ့ မြင်ခဲ့သည့် ခပ်သိမ်းသောအရာတို့၌ မယုံကြည်စပြုသည့်တိုင်အောင်ပင်တည်း—
၂ ထိုအရာမှာ၊ လူတို့စိတ်နှလုံးကို လှည့်ဖြားခေါ်ဆောင်သွား၍၊ လှည့်စားရန် နတ်ဆိုး၏တန်ခိုးအားဖြင့် ပြုပြင်စီရင်ထားသည်ဟူသော၊ အချည်းနှီးဖြစ်သည့်အရာအချို့ကို သူတို့စိတ်နှလုံး၌ ထင်မြင်လျက်ရှိကြ၏။ ထိုကဲ့သို့အားဖြင့်၊ စာတန်သည် လူတို့၏စိတ်နှလုံးကို တစ်ဖန် သိမ်းယူ၍၊ မျက်စိကို ကွယ်စေလျက်၊ ခရစ်တော်၏ဩဝါဒသည် မိုက်မဲ၍ အချည်နှီးဖြစ်သောအရာတစ်ခုဖြစ်သည်ဟု ယုံကြည်ကြစေရန် သူတို့ကို လှည့်ဖြားခေါ်ဆောင်သွား၏။
၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လူတို့သည် ဆိုးညစ်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများ၌ အားကြီးလာကြ၏။ နောက်ထပ်၍ပေးထားသော နိမိတ်လက္ခဏာ သို့မဟုတ် အံ့မခန်းချီးမွမ်းဖွယ်အမှုများရှိမည်ကို မယုံကြည်ကြ။ စာတန်သည်လည်း လူတို့စိတ်နှလုံးကို လှည့်ဖြားခေါ်ဆောင်သွားလျက်၊ သွေးဆောင်ဖြားယောင်း၍၊ သူတို့ကို ထိုပြည်၌ ကြီးစွာသောဆိုးညစ်ခြင်းကို ပြုစေလျက် အရပ်ရပ်သို့ သွား၏။
၄ ထိုကဲ့သို့အားဖြင့်၊ ကိုးဆယ်ခြောက်နှစ်မြောက်သည်လည်းကောင်း၊ ကိုးဆယ်ခုနစ်နှစ်မြောက်သည်လည်းကောင်း၊ ကိုးဆယ်ရှစ်နှစ်မြောက်သည်လည်းကောင်း၊ ကိုးဆယ်ကိုးနှစ်မြောက်သည်လည်းကောင်း ကုန်လွန်သွား၏။
၅ နီဖိုင်းလူမျိုးတို့အပေါ်၌ ရှင်ဘုရင်ဖြစ်သူ မောဇိယမင်းကြီးလက်ထက်မှစ၍၊ နှစ်ပေါင်းတစ်ရာသည်လည်း ကုန်လွန်သွား၏။
၆ လေဟိ ယေရုရှလင်ကို စွန့်ခွာသည့်အချိန်မှစ၍ ခြောက်ရာကိုးနှစ်လည်း ကုန်လွန်သွား၏။
၇ လောကထဲသို့ ခရစ်တော်ကြွလာတော်မူမည့်အကြောင်း၊ ပရောဖက်တို့အားဖြင့် ဟောလေသည့် နိမိတ်လက္ခဏာကို ပေးထားလေသည့်အချိန်မှစ၍ ကိုးနှစ်လည်း ကုန်လွန်သွား၏။
၈ ယခုတွင်၊ နီဖိုင်းလူမျိုးတို့သည် နိမိတ်လက္ခဏာကို ပေးသည့် ဤကာလမှစ၍ သို့မဟုတ်၊ ခရစ်တော်၏ကြွလာတော်မူခြင်းမှစ၍ သူတို့၏အချိန်ကို ရေတွက်စပြုကြ၏။ ထို့ကြောင့် ကိုးနှစ်ကုန်လွန်သွား၏။
၉ ထိုမှတ်တမ်းများအတွက် တာဝန်ရှိသူ၊ နီဖိုင်း၏အဘဖြစ်သူ နီဖိုင်းသည်လည်း ဇရဟင်မလပြည်သို့ ပြန်မသွား။ ထိုပြည်တစ်ခုလုံး၌လည်း အဘယ်အရပ်တွင်မျှ၊ မတွေ့ရနိုင်ချေ။
၁၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လူတို့သည် သူတို့ထံသို့ စေလွှတ်သည့် များစွာသော ဟောပြောခြင်းနှင့် ပရောဖက်ပြုဟောခြင်းတို့ ရှိသော်ငြားလည်း ဆိုးညစ်ခြင်း၌ ဆက်၍ရှိနေကြသေး၏။ ထိုကဲ့သို့အားဖြင့်၊ တစ်ဆယ်နှစ်မြောက်သည်လည်း ကုန်လွန်သွား၏။ တစ်ဆယ်တစ်နှစ်မြောက်သည်လည်း ဒုစရိုက်ဖြင့် ကုန်လွန်သွား၏။
၁၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ တစ်ဆယ်သုံးနှစ်မြောက်၌၊ ထိုပြည်တစ်လျှောက်လုံး၌ စစ်တိုက်ခြင်းများနှင့် ရန်တွေ့ခြင်းများ အစပြု၏။ အကြောင်းမူကား၊ ဂါဒျန်တန်ဓားပြတို့သည် အလွန်မြောက်မြားလာ၍၊ အလွန်များစွာသောလူတို့ကို ကွပ်မျက်ကြ၏။ အလွန်များစွာသောမြို့တို့ကိုလည်း ဖျက်ဆီးကြ၊ ပြည်တစ်လျှောက်၌ အလွန်များစွာသော အသေသတ်ခြင်းနှင့် သိမ်းရုံးသတ်ဖြတ်ခြင်းတို့ကိုလည်း ပျံ့နှံ့စေသဖြင့်၊ ခပ်သိမ်းသောလူမျိုး၊ နီဖိုင်းအမျိုးသားတို့နှင့် လာမန်အမျိုးသားနှစ်မျိုးစလုံးတို့သည် ထိုသူတို့ကို ဆန့်ကျင်၍၊ လက်နက်စွဲကိုင်ရန် လိုအပ်လာ၏။
၁၂ ထို့ကြောင့် ကိုယ်တော်ရှင်ထံသို့ ပြောင်းလဲသူ လာမန်အမျိုးသားခပ်သိမ်းတို့သည် မိမိတို့၏ညီအစ်ကို နီဖိုင်းအမျိုးသားတို့နှင့် ပူးပေါင်း၍၊ သူတို့၏အသက်၊ သူတို့၏မိန်းမများနှင့် သူတို့သားသမီးများ၏ ဘေးလွတ်ခြင်းအတွက်၊ ထိုဂါဒျန်တန်ဓားပြတို့ကိုဆန့်ကျင်၍၊ လက်နက်စွဲကိုင်စေရန်၊ ထိုမှတစ်ပါး၊ သူတို့၏အခွင့်အရေးများ၊ ထို့အတူ သူတို့၏အသင်းတော်နှင့် သူတို့၏ကိုးကွယ်ခြင်း အထူးအခွင့်အရေးများ၊ ထို့အတူ၊ သူတို့၏လွတ်လပ်ခွင့်နှင့် သူတို့၏လွပ်လပ်ခြင်းတို့ကို ကာကွယ်စောင့်ရှောက်စေရန် အနိုင်အထက်စီရင်ခံရကြ၏။
၁၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဤတစ်ဆယ်သုံးနှစ်မြောက် မကုန်လွန်မီ၌၊ အလွန်ပြင်းထန်လာသည့် ဤစစ်တိုက်ခြင်းကြောင့်၊ နီဖိုင်းအမျိုးသားတို့သည် ရှင်းရှင်းပျက်စီးခြင်းဖြင့် ခြိမ်းခြောက်ခံရ၏။
၁၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နီဖိုင်းအမျိုးသားတို့နှင့် ပူးပေါင်းသူ ထိုလာမန်အမျိုးသားတို့သည် နီဖိုင်အမျိုးသားတို့၌ ရေတွက်ခံရ၏။
၁၅ သူတို့၏ကျိန်ခြင်းကိုလည်း သူတို့ထံမှ ပယ်ရှားသဖြင့် သူတို့၏အသားသည် နီဖိုင်းအမျိုးသားတို့ကဲ့သို့ ဖြူလာ၏။
၁၆ သူတို့၏လူပျိုများနှင့် သူတို့၏သမီးတို့သည်လည်း အလွန်ချောမောလာ၏၊ နီဖိုင်းအမျိုးသားတို့၌ ရေတွက်၍ နီဖိုင်းအမျိုးသားများဟု အခေါ်ခံရ၏။ ထိုကဲ့သို့အားဖြင့်၊ တစ်ဆယ်သုံးနှစ်မြောက် ပြီးဆုံး၏။
၁၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ တစ်ဆယ်လေးနှစ်မြောက်အစ၌၊ ဓားပြများနှင့် နီဖိုင်းလူမျိုးတို့အကြားရှိစစ်တိုက်ခြင်း ဆက်၍ဖြစ်၏၊ အလွန်ပြင်းထန်လာ၏။ သို့သော်လည်း၊ နီဖိုင်းလူမျိုးတို့သည် ဓားပြတို့အပေါ်၌ အခွင့်သာခြင်းအချို့ကို ရသဖြင့်၊ ထိုသူတို့ကို မိမိတို့၏ပြည်မှနေ၍ တောင်များထဲသို့လည်းကောင်း၊ ထိုသူတို့၏ လျှို့ဝှက်သောနေရာများထဲသို့လည်းကောင်း ပြန်၍နှင်ထုတ်ကြ၏။
၁၈ ထိုကဲ့သို့အားဖြင့် တစ်ဆယ်လေးနှစ်မြောက်ပြီးဆုံး၏။ တစ်ဆယ်ငါးနှစ်မြောက်၌လည်း သူတို့သည် နီဖိုင်းလူမျိုးတို့ကို ထွက်လာ၍၊ တိုက်ခိုက်ကြ၏။ နီဖိုင်းလူမျိုးတို့၏ ဆိုးညစ်ခြင်း၊ ထို့အတူ သူတို့၏ များစွာသော ရန်တွေ့ခြင်းများနှင့် ငြင်းခုံခြင်းတို့ကြောင့်၊ ဂါဒျန်တန်ဓားပြတို့သည် သူတို့အပေါ်၌ များစွာအခွင့်သာခြင်းကို ရကြ၏။
၁၉ ထိုကဲ့သို့အားဖြင့် တစ်ဆယ်ငါးနှစ်မြောက်ပြီးဆုံး၍၊ ဤရွေ့ကား၊ ထိုလူမျိုးတို့ များစွာသော ဆင်းရဲဒုက္ခရောက်ရာအခြေအနေဖြစ်၏။ ဖျက်ဆီးခြင်းဓားလည်း သူတို့အပေါ် မိုးသဖြင့်၊ သူတို့သည် ခုတ်ချခံရတော့မည်ကဲ့သို့ဖြစ်၍၊ ဤသို့ဖြစ်ရသည်မှာလည်း သူတို့၏ဒုစရိုက်ကြောင့်ပေတည်း။