အခန်းကြီး ၂၆
ယေရှုသည် အရာခပ်သိမ်းတို့ကို အစမှ အဆုံးအထိရှင်းပြ၏—ကလေးငယ်များနှင့် သူငယ်တို့သည် ရေး၍မရနိုင်သည့်အရာတည်းဟူသော အံ့ဩဖွယ်ကောင်းသောအရာတို့ကို ပြောဆိုကြ၏—ခရစ်တော်၏အသင်းတော်မှ လူတို့သည် မိမိတို့၌ ခပ်သိမ်းသောအရာတို့ကို အများပိုင်အဖြစ်ထား၍ အသုံးပြုကြ၏။ အေဒီ ၃၄ ခန့်။
၁ ယခုမူကား၊ အချိန်တန်လာသောအခါ၊ ယေရှုသည် ဤအရာတို့ကို ပြောပြလေပြီးနောက်၊ လူအစုအဝေးကို ရှင်းပြ၏။ ကြီးသောအရာနှင့် သေးငယ်သောအရာနှစ်မျိုးစလုံးကို သူတို့အား ရှင်းပြ၏။
၂ ထို့အတူ မိန့်တော်မူသည်ကား၊ သင်တို့နှင့်အတူ မရှိသည့် ဤကျမ်းစာတို့ကို သင်တို့အား ငါပေးရမည့်အကြောင်း ခမည်းတော် မိန့်မှာ၏။ အကြောင်းမူကား၊ ထိုအရာတို့ကို အနာဂတ်မျိုးဆက်တို့အား ပေးရမည်မှာ သူ့အထဲ၌ရှိသည့် ဉာဏ်ပညာတော်ဖြစ်၏။
၃ ထို့အတူ၊ သူရှင်းပြသည့်အရာတို့သည်ကား၊ ရှေးဦးစွာကတည်းကပင်၊ သူ၏ဘုန်းတော်ကို ဆောင်၍ ကြွလာတော်မူမည့် အချိန်ထိတိုင်အောင်ဖြစ်သည့် ခပ်သိမ်းသောအရာများ—အကယ်စင်စစ်၊ လောကဓာတ်တို့သည် အားကြီးသောအပူကြောင့် အရည်ပျော်၍၊ မြေကြီးသည် စာလိပ်ကဲ့သို့ လိပ်လျက်၊ ကောင်းကင်နှင့်မြေကြီး ကွယ်ပျောက်သွားသည့်အချိန်ထိ မြေကြီးမျက်နှာပြင်ပေါ်သို့ ကျရောက်လာမည့် ခပ်သိမ်းသောအရာများ၊
၄ ထို့အတူ၊ အမျိုးစု၊ ပြည်သားနှင့် အသီးသီးဘာသာစကားကို ပြောသူမှန်သမျှသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူတို့အကျင့်များအတိုင်း တရားစီရင်ခံရစေရန်၊ ဘုရားသခင်ရှေ့၌ ရပ်ရမည့် ထိုကြီးစွာသော နောက်ဆုံးနေ့တိုင်အောင်ပင်ဖြစ်သည့် အရာများဖြစ်လေသတည်း—
၅ ထိုအမှုတို့သည် ကောင်းမြတ်လျှင်၊ ထာဝရတည်မြဲသောအသက်၏ ရှင်ပြန်ထမြောက်ခြင်းသို့လည်းကောင်း၊ ဆိုးလျှင်၊ အပြစ်ဒဏ်ရောက်ခြင်း၏ ရှင်ပြန်ထမြောက်ခြင်းသို့လည်းကောင်း တစ်ဖက်တွင်တစ်မျိုး၊ အခြားတစ်ဖက်တွင် အခြားတစ်မျိုး အပြိုင်ဖြစ်လျက်၊ ကမ္ဘာမတည်မီကဖြစ်တော်မူလေသည့် ခရစ်တော်၌ ရှိတော်မူသော၊ ကရုဏာတော်၊ တရားမှုနှင့် သန့်ရှင်းခြင်းတို့အတိုင်း ရောက်ပေလိမ့်မည်။
၆ ယခုမူကား၊ လူတို့ကို ယေရှုအမှန်သွန်သင်တော်မူသည့်အရာတို့မှ အနည်းငယ်မျှကိုပင် ဤကျမ်း၌ ရေး၍မရ။
၇ သို့ရာတွင်၊ ရှုလော့၊ နီဖိုင်း၏ပုရပိုက်ပြားများ၌ လူတို့ကို သူသွန်သင်တော်မူသည့် အရာအများစု ပါဝင်၏။
၈ ဤအရာတို့ကို ငါရေးလေ၏၊ လူတို့ကို သူသွန်သင်တော်မူသည့် အရာတို့မှ အနည်းစုဖြစ်၏။ ယေရှုဟောပြောလေသည့်အတိုင်း ထိုအရာတို့ကို တပါးအမျိုးသားတို့ထံမှ ဤလူမျိုးတို့ဆီသို့ တစ်ဖန်ပြန်လည်ဆောင်ယူနိုင်ခြင်းငှာဟူသော ရည်ရွယ်ချက်ဖြင့်လည်း ငါရေးလေ၏။
၉ သူတို့သည်လည်း သူတို့၏ယုံကြည်ခြင်းကို စမ်းသပ်ခြင်းငှာ၊ သူတို့ပထမဦးစွာ ရရှိရန်လိုအပ်သည့် ဤအရာတို့ကို လက်ခံရရှိပြီးနောက်၊ ဤအရာတို့ကို ယုံကြည်မည်ဆိုလျှင်၊ သာ၍ကြီးစွာသောအရာတို့ကို သူတို့အား ထင်ရှားစွာပြတော်မူလိမ့်မည်။
၁၀ သူတို့သည် ဤအရာတို့ကို မယုံကြည်လျှင်၊ သာ၍ကြီးစွာသောအရာတို့ကို မပေးဘဲထားလိမ့်မည်ဖြစ်၍၊ သူတို့အား ပြစ်ဒဏ်ချမှတ်ခြင်းသို့တိုင်အောင်ပင်တည်း။
၁၁ ရှုလော့၊ ငါသည် နီဖိုင်း၏ပုရပိုက်ပြားများပေါ်၌ ရေးထွင်းထားသည့် အရာအားလုံးကို ရေးတော့မည်ပြု၏၊ သို့ရာတွင် ကိုယ်တော်ရှင်တားမြစ်တော်မူ၏၊ ငါသည် ငါ့လူမျိုးတို့၏ယုံကြည်ခြင်းကို စမ်းသပ်တော်မူမည်ဟု မိန့်တော်မူ၏။
၁၂ ထို့ကြောင့်၊ ငါမော်မုန်သည် ငါ့အား ကိုယ်တော်ရှင်မိန့်မှာထားတော်မူလေသည့် အရာတို့ကို ရေး၏။ ယခုမူကား၊ ငါ၊ မော်မုန်သည် ငါ၏စကားများကို လက်စသတ်၏၊ ငါ့အား မိန့်မှာထားလေသည့်အရာတို့ကိုလည်း ဆက်၍ရေး၏။
၁၃ ထို့ကြောင့်၊ ငါသည် ကိုယ်တော်ရှင် လူတို့အား သုံးရက်ကြာအောင် အမှန်သွန်သင်တော်မူလေကြောင်းကို သင်တို့နားလည်စေရန် အလိုရှိ၏။ ထို့နောက်တွင်၊ သူကိုယ်တိုင် သူတို့ကို အကြိမ်ကြိမ်ကိုယ်ထင်ပြတော်မူ၍၊ မုန့်ကို အကြိမ်ကြိမ်ဖဲ့၍ ကောင်းချီးပေးပြီးလျှင်၊ ပေးတော်မူ၏။
၁၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် ပြောပြထားလေသော လူအစုအဝေး၏ သားသမီးများကို သွန်သင်၍၊ အမှုတော်ဆောင်၏၊ သူတို့၏လျှာကို လွတ်စေသဖြင့်၊ သူတို့သည် လူတို့အား သူဖော်ပြတော်မူသည့် အရာတို့ထက်ပင် သာ၍ကြီးမြတ်သည့် ကြီးမြတ်၍ အံဩဖွယ်ကောင်းသောအရာတို့ကို သူတို့၏အဘတို့ကို ပြောပြကြ၏။ သူတို့၏လျှာကိုလည်း လွတ်စေ၍ စကားပြောနိုင်ကြ၏။
၁၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် ကောင်းကင်ဘုံသို့ တက်သွားတော်မူပြီးနောက်တွင်—သူတို့၏ဖျားနာခြင်းခပ်သိမ်း၊ ထို့အတူ သူတို့၏ ခြေမစွမ်းခြင်းတို့ကို ကုစားလျက်၊ မျက်စိကန်းသောသူတို့၏မျက်စိကို ဖွင့်၍၊ ထို့အတူ နားပင်သူတို့ကို နားပင်းရာမှ လွတ်စေခြင်း၊ ထို့အတူ သူတို့၌ အမျိးမျိုးသောအနာငြိမ်းစေခြင်း၊ ထို့အတူ လူတစ်ဦးကို သေရာမှ ထမြောက်စေ၍၊ ထို့အတူ မိမိတန်ခိုးတော်ကို သူတို့ထံသို့ ပြတော်မူခဲ့လေပြီးနောက်တွင် ထိုသူတို့အား ဒုတိယအကြိမ် ကိုယ်ထင်ပြတော်မူပြီးလျှင်၊ ခမည်းတော်ဆီသို့ သွားတော်မူ၏။ ထို့နောက်တွင်၊ ခမည်းတော်ဆီသို့ တက်သွားတော်မူ၏—
၁၆ ရှုလော့၊ အချိန်တန်လာသောအခါ၊ နက်ဖြန်နေ့၌ လူအစုအဝေးသည် သူတို့ကိုယ်သူတို့ အတူတကွ စုဝေး၍၊ ဤကလေးများကို မြင်ရ၊ ကြားရကြ၏။ အမှန်စင်စစ်၊ ကလေးငယ်တို့သည်ပင် မိမိတို့နှုတ်ကိုဖွင့်၍ အံ့ဩဖွယ်ကောင်းသောအရာတို့ကို ပြောဆိုကြ၏။ သူတို့ပြောဆိုသည့်အရာတို့ကို အဘယ်သူမျှ မရေးနိုင်စေခြင်းငှာ တားမြစ်ထားတော်မူ၏။
၁၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ယေရှုရွေးကောက်ထားတော်မူသည့် တပည့်တော်တို့သည် သူတို့ထံသို့ လာသောသူမှန်သမျှကို ဗတ္တိဇံပေး၍ သွန်သင်ပေးခြင်းငှာ၊ ထိုအချိန်မှစ၍ ထွက်သွားစပြုကြ၏။ ခရစ်တော်၏နာမတော်၌ ဗတ္တိဇံခံကြသောသူ မှန်သမျှသည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ကြ၏။
၁၈ မရေးအပ်သည့်အရာတည်းဟူသော၊ ပြောမပြနိုင်သည့်အရာတို့ကို ထိုသူတို့မှ များစွာသောသူတို့ မြင်ရ၊ ကြားရကြ၏။
၁၉ သူတို့သည် တစ်ယောက်ကိုတစ်ယောက်သွန်သင်၍လည်း အမှုတော်ဆောင်ကြ၏။ လူတိုင်း အချင်းချင်း တရားမျှတစွာ ဆက်ဆံပြီး၊ မိမိတို့၌ အရာမှန်သမျှကို အများပိုင်အဖြစ်ထား၍ အသုံးပြုကြ၏။
၂၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ယေရှုမိန့်မှာတော်မူလေသည့်အတိုင်းပင် ခပ်သိမ်းသော အရာတို့ကို ဆောင်ရွက်ကြ၏။
၂၁ ယေရှု၏နာမတော်၌ ဗတ္တိဇံခံကြသူများကိုလည်း ခရစ်တော်၏အသင်းတော်ဟု ခေါ်ဝေါ်ကြ၏။