အခန်းကြီး ၉
မှောင်မိုက်ထဲ၌ ခရစ်တော်၏အသံသည် များစွာသောလူတို့နှင့် မြို့များ သူတို့၏ဆိုးညစ်ခြင်းကြောင့်ပျက်စီးခြင်းကို ကြေညာ၏—သူ၏ဘုရားဂုဏ်တော်ကိုလည်း ကြေညာ၏၊ မောရှေ၏ပညတ်တရား ပြီးပြည့်စုံပြီဖြစ်ကြောင်းကို ကြေညာ၏၊ လူသားတို့ကို သူ့ထံသို့လာ၍၊ ကယ်တင်ခြင်းသို့ရောက်စေရန် ဖိတ်ခေါ်၏။ အေဒီ ၃၄ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ထိုပြည်၏မျက်နှာပြင် တစ်ခုလုံးပေါ်ရှိ မြေကြီးပေါ်၌နေထိုင်သူခပ်သိမ်းတို့၌ အသံကိုကြားရ၍၊ ဟစ်ကြော်လေသည်ကား၊
၂ ဤလူမျိုးသည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာရှိ၏။ သူတို့နောင်တမရလျှင်၊ မြေကြီးတစ်ခုလုံးမှ နေထိုင်သူများသည် နောင်တမရကြလျှင်၊ အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ ငါ့လူမျိုးတို့၏ချောမောသော သားသမီးများထဲမှ ကွပ်မျက်ခံရသူများကြောင့် နတ်ဆိုးသည် ရယ်၍ သူ၏ကောင်းကင်တမန်တို့သည် ရွှင်လန်းဝမ်းမြောက်ကြ၏။ ထိုအမှုသည်ကား၊ သူတို့၏ဒုစရိုက်နှင့် စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကြောင့်ဖြစ်၍၊ သူတို့ကျဆုံးလေပြီတကား။
၃ ရှုလော့၊ ထိုဇရဟင်မလမြို့ကြီးနှင့် ၎င်း၌နေထိုင်သောသူတို့ကို ငါသည် မီးနှင့်ရှို့လေပြီ။
၄ ရှုဦးလော့၊ ငါသည် ထိုမော်ရော်နိုင်းမြို့ကြီးကို ပင်လယ်ရေနက်၌မြုပ်စေပြီး၊ ထိုမြို့ ၌နေထိုင်သောသူတို့ကို နစ်မြုပ်စေပြီ။
၅ ရှုဦးလော့၊ ငါသည် ထိုမော်ရော်နိဟမြို့ကြီးနှင့်၊ ထိုမြို့၌နေထိုင်သူတို့အား၊ သူတို့၏ ဒုစရိုက်များနှင့် သူတို့၏စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို ငါ့မျက်နှာရှေ့မှ ကွယ်ဝှက်ရန် မြေကြီးဖြင့်ဖုံးလွှမ်းသည်ကား၊ ပရောဖက်များနှင့် သန့်ရှင်းသူတို့၏အသွေးသည် သူတို့တစ်ဖက်၌ ငါ့ထံသို့နောက်ထပ်၍ အဘယ်တော့မျှ မလာရောက်နိုင်တော့စေခြင်းငှာပေတည်း။
၆ ရှုဦးလော့၊ ငါသည် ဂိလဂါလမြို့ကို မြုပ်စေ၏၊ ထိုမြို့၌ နေထိုင်သောသူတို့ကို မြေကြီးနက်ရာ၌ ပို့စေပြီ။
၇ ထိုမှတစ်ပါး၊ ဩနိဟမြို့ကို မြုပ်စေလျက်၊ ထိုမြို့၌နေထိုင်သောသူများကို မြေကြီးနက်ရာ၌ ပို့စေပြီ။ မောကုံမြို့ကို မြုပ်စေပြီး၊ ထိုမြို့၌နေထိုင်သောသူများကို မြေကြီးနက်ရာ၌ ပို့စေပြီ။ ယေရုရှလင်မြို့ကို မြုပ်စေပြီး၊ ထိုမြို့၌ နေထိုင်သောသူများကို မြေကြီးနက်ရာ၌ ပို့စေပြီ။ သူတို့၏ဆိုးညစ်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများကို ငါမျက်နှာရှေ့မှ ကွယ်ဝှက်ရန် ပရောဖက်များနှင့် သန့်ရှင်းသူတို့၏အသွေးသည် သူတို့တစ်ဖက်၌ ငါ့ထံသို့ နောက်ထပ်၍၊ အဘယ်တော့မျှ တက်မလာစေခြင်းငှာ၊ ငါသည် ထိုမြို့များ၏နေရာ၌ ရေများကို ရောက်စေပြီ။
၈ ရှုဦးလော့၊ ငါသည် ဂါဒျန်ဒိမြို့၊ ဂါဒိယမ်နမြို့၊ ယာကုပ်မြို့နှင့် ဂင်ဂိမနောမြို့၊ ဤခပ်သိမ်းသောမြို့တို့ကို မြုပ်စေ၍၊ ထိုမြို့တို့၏နေရာများ၌ တောင်ကုန်းများနှင့် ချိုင့်ဝှမ်းများကို ဖြစ်စေပြီ။ သူတို့၏ဆိုးညစ်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများကို ငါ့မျက်နှာရှေ့မှ ကွယ်ဝှက်ရန် ပရောဖက်များနှင့် သန့်ရှင်းသူတို့၏အသွေး သူတို့တစ်ဖက်၌ ငါ့ထံသို့၊ အဘယ်တော့မျှ တက်မလာတော့စေခြင်းငှာ၊ ငါသည် ထိုမြို့များ၌ နေထိုင်သူတို့ကို မြေကြီးနက်ရာတို့၌ ပို့စေပြီ။
၉ ရှုဦးလော့၊ ငါသည် ယာကုပ်မင်းကြီး၏လူများနေထိုင်သည့် ထိုယာကုပ်ဗုဂတ်မြို့ကြီးကို၊ သူတို့၏အပြစ်များနှင့် မြေကြီးတစ်ခုလုံး၏ဆိုးညစ်ခြင်းအားလုံးတို့ထက် ပိုသည့် သူတို့၏ဆိုးညစ်ခြင်းကြောင့်လည်းကောင်း၊ သူတို့၏ လျှို့ဝှက်သောလူ့အသက်သတ်ခြင်းနှင့် ဂိုဏ်းများကြောင့်လည်းကောင်း၊ မီးနှင့်လောင်မြိုက်စေပြီ။ အကြောင်းမူကား၊ သူတို့သည် ငါ့လူမျိုးတို့၏ငြိမ်းချမ်းခြင်းနှင့် ထိုပြည်၏အစိုးရကို ဖျက်ဆီးသောသူများဖြစ်၏။ ထို့ကြောင့်၊ သူတို့ကို ငါ့မျက်နှာရှေ့မှ ဖျက်ဆီးရန်၊ ပရောဖက်များနှင့် သန့်ရှင်းသူတို့၏အသွေးသည် သူတို့တစ်ဖက်၌ ငါ့ထံသို့ အဘယ်တော့မျှ တက်မလာတော့စေခြင်းငှာ၊ ငါသည် သူတို့ကို လောင်မြိုက်စေပြီ။
၁၀ ရှုဦးလော့၊ လာမန်မြို့၊ ယောရှမြို့၊ ဂဒ်မြို့၊ ခိရှခူမင်မြို့နှင့် ထိုမြို့၌နေထိုင်သူတို့အား၊ ပရောဖက်များကို နှင်ထုတ်ရာ၌လည်းကောင်း၊ သူတို့၏ ဆိုးညစ်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုတို့အကြောင်း သူတို့ကို ဟောပြောစေခြင်းငှာ၊ ငါစေလွှတ်ခဲ့သောသူများကို ကျောက်ခဲနှင့်ပစ်ရာ၌လည်းကောင်း သူတို့၏ဆိုးညစ်ခြင်းကြောင့် မီးနှင့်လောင်မြိုက်စေပြီ။
၁၁ အားလုံးကို နှင်ထုတ်ခဲ့သောကြောင့်လည်း၊ သူတို့၌ ဖြောင့်မတ်သောသူတစ်ဦးမျှမရှိတော့။ သူတို့၏ဆိုးညစ်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများကို ငါ့မျက်နှာရှေ့မှ ကွယ်ဝှက်ရန်၊ ပရောဖက်များနှင့် သူတို့၌ ငါစေလွှတ်ခဲ့သည့် သန့်ရှင်းသူတို့၏အသွေးသည် သူတို့တစ်ဖက် မြေကြီးမှနေ၍ ငါထံသို့ မဟစ်ကြွေးနိုင်ကြစေခြင်းငှာ၊ ငါသည် မီးကိုစေလွှတ်၍ သူတို့ကို ဖျက်ဆီး၏။
၁၂ ကြီးစွာသော ဖျက်ဆီးခြင်းများစွာကိုလည်း ငါသည် ဤပြည်အပေါ်၊ ထို့အတူ ဤလူမျိုးတို့အပေါ်သို့ကျရောက်စေလေပြီ၊ သူတို့၏ဆိုးညစ်ခြင်းနှင့် သူတို့၏စက်ဆုပ်ရွံရှာဖွယ်အမှုများကြောင့်ပေတည်း။
၁၃ အို သူတို့ထက် ပို၍ဖြောင့်မတ်သောကြောင့် ချမ်းသာရသည့် ခပ်သိမ်းသောသင်တို့၊ ငါသည် သင်တို့ကို အနာကင်းစေနိုင်မည့်အကြောင်း၊ သင်တို့သည် ယခုတွင် ငါ့ထံသို့ ပြန်လာ၍၊ သင်တို့၏အပြစ်များမှ နောင်တရ၍ ပြောင်းလဲကြမည်မဟုတ်လော။
၁၄ ထိုမှတစ်ပါး၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ငါ့ထံသို့ လာမည်ဆိုလျှင်၊ ထာဝရအသက်ကို ရလိမ့်မည်။ ရှုလော့၊ ငါ၏ကရုဏာတော်လက်ရုံးသည် သင်တို့ဆီသို့ ဆန့်တန်း၏၊ လာမည့်သူမှန်သမျှကို ငါလက်ခံတော်မူမည်။ ငါ့ထံသို့ လာသောသူတို့သည်လည်း မင်္ဂလာရှိကြ၏။
၁၅ ရှုလော့၊ ငါသည် ဘုရားသခင်၏သားတော်၊ ယေရှုခရစ်တော်ဖြစ်၏။ ငါသည် ကောင်းကင်၊ မြေကြီးနှင့် ၎င်းတို့၌ရှိသမျှသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ငါသည် ရှေးဦးစွာကတည်းက ခမည်းတော်နှင့်အတူ ရှိ၏။ ငါသည် ခမည်းတော်၌ ရှိ၏၊ ခမည်းတော်သည် ငါ၌ ရှိတော်မူ၏။ ထို့အတူ၊ ငါ့၌ ခမည်းတော်သည် သူ၏နာမတော်ကို ချီးမြှောက်တော်မူလေ၏။
၁၆ ငါသည် ငါ၏လူမျိုးတို့ထံသို့ ကြွလာသော်လည်း ငါ၏လူမျိုးတို့သည် ငါ့ကို လက်ခံခြင်းမရှိကြ။ ငါ၏ကြွလာတော်မူခြင်းနှင့်စပ်လျဉ်းသည့် ကျမ်းစာတို့သည်လည်း ပြီးပြည့်စုံလေပြီ။
၁၇ ငါ့ကို လက်ခံသမျှသောသူတို့ကိုလည်း ဘုရားသခင်၏သားများဖြစ်ရသောအခွင့်ကို ငါပေးလေပြီ။ ငါ၏နာမတော်ကို ယုံကြည်သောသူမှန်သမျှကို ထိုကဲ့သို့ပင် ငါပြုတော်မူမည်။ အကြောင်းမူကား၊ ရှုလော့၊ ငါအားဖြင့် ရွေးနှုတ်ခြင်း ရောက်လာ၍၊ ငါ့၌ မောရှေ၏ပညတ်တရား ပြီးပြည့်စုံလေပြီ။
၁၈ ငါသည် လောက၏ အလင်းနှင့် အသက်ဖြစ်၏။ ငါသည် အာလဖနှင့် ဩမေဃ၊ အစနှင့် အဆုံးဖြစ်၏။
၁၉ သင်တို့သည်လည်း ငါ့ထံသို့ အသွေးသွန်းလောင်းခြင်းဖြင့် ပူဇော်ခြင်းကို မပြုရတော့။ ထိုမှတစ်ပါး၊ သင်တို့၏ယဇ်များနှင့် မီးရှို့ရာပူဇော်သက္ကာများရပ်စဲလိမ့်မည်။ အကြောင်းမူကား၊ ငါသည် သင်တို့၏ ယဇ်များနှင့် မီးရှို့ရာပူဇော်သက္ကာများမှ အဘယ်အရာတစ်ခုကိုမျှ လက်ခံမည်မဟုတ်။
၂၀ သင်တို့သည် ကျိုးပဲ့သောနှလုံးသားနှင့် ကြေကွဲသောစိတ်ကို ယဇ်အဖြစ် ငါ့ထံသို့ ပူဇော်ရမည်။ ကျိုးပဲ့သောနှလုံးသားနှင့် ကြေကွဲသောစိတ်ဖြင့် ငါ့ထံသို့ လာသောသူမှန်သမျှကို ငါသည် မီးဖြင့်၊ ထို့အတူ သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် ဗတ္တိဇံပေးမည်။ လာမန်အမျိုးသားများ ကဲ့သို့ပင်တည်း၊ သူတို့၏ ပြောင်းလဲရာကာလ၌၊ ငါ့ကို သူတို့၏ ယုံကြည်ခြင်းကြောင့်၊ မီးဖြင့်၊ ထို့အတူ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဗတ္တိဇံခံရကြ၏၊ ထိုအမှုကို သိခြင်းမရှိကြ။
၂၁ ရှုလော့၊ ငါသည် လောကအတွက် ရွေးနှုတ်ခြင်းကို ဖြစ်စေခြင်းအလို့ငှာလည်းကောင်း၊ လောကကို အပြစ်မှကယ်တင်ခြင်းအလို့ငှာလည်းကောင်း လောကသို့ ကြွတော်မူလေပြီ။
၂၂ ထို့ကြောင့်၊ နောင်တရ၍၊ ငါ့ထံသို့ ကလေးသူငယ်ကဲ့သို့ လာသောသူမှန်သမျှကို ငါလက်ခံမည်။ ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့အတွက် ဖြစ်၏။ ရှုလော့၊ ထိုသို့သောသူတို့အတွက် ငါ့အသက်ကိုစွန့်၍၊ တစ်ဖန်ပြန်ယူလေပြီ။ ထို့ကြောင့်၊ အသင်မြေကြီးစွန်းသားတို့၊ နောင်တရ၍၊ ငါ့ထံသို့လာ၍၊ ကယ်တင်ခြင်းသို့ ရောက်စေကြလော့။