အခန်းကြီး ၂၀
ယေရှုသည် မုန့်နှင့် စပျစ်ရည်ကို အလွန်တရာအံ့ဩဖွယ်ကောင်းစွာ ပေးသနားတော်မူပြီးလျှင်၊ လူတို့ထံ ပွဲတော်ကို တစ်ဖန်စီမံဆောင်ရွက်တော်မူ၏—ယာကုပ်အမျိုး၏ ကျန်ကြွင်းသောသူတို့သည် သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်အကြောင်းကို သိခြင်းပညာသို့ ရောက်ကြလိမ့်မည်၊ အမေရိကကိုလည်း အမွေခံကြလိမ့်မည်—ယေရှုသည် မောရှေကဲ့သို့ ပရောဖက်တစ်ပါး ဖြစ်တော်မူ၏၊ နီဖိုင်းအမျိုးသားတို့သည်လည်း ပရောဖက်တို့၏ အမျိုးအနွယ်များ ဖြစ်ကြ၏—ကိုယ်တော်ရှင်၏ အခြားသောလူမျိုးတို့သည် ယေရုရှလင်မြို့သို့ စုဝေးကြလိမ့်မည်။ အေဒီ ၃၄ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် လူအစုအဝေးကို၊ ထို့အတူ မိမိတပည့်တော်တို့ကိုလည်း ဆုတောင်းခြင်းမှ ရပ်တန့်ရန် မိန့်မှာ၏။ မိမိတို့စိတ်နှလုံး၌ ဆုတောင်းခြင်းကိုကား မရပ်တန့်ရန် မိန့်မှာ၏။
၂ သူတို့ကို ထ၍ မိမိတို့ခြေပေါ်၌ ရပ်ရန်လည်း မိန့်တော်မူ၏။ သူတို့သည်လည်း ထ၍ မိမိတို့ခြေပေါ်၌ ရပ်ကြ၏။
၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် မုန့်ကို တစ်ဖန်ဖဲ့၍၊ ကောင်းချီးပေးပြီးလျှင်၊ မိမိတပည့်တော်တို့အား စားစေခြင်းငှာ ပေးတော်မူ၏။
၄ သူတို့စား၍ ပြီးလျှင်၊ မုန့်ကိုဖဲ့၍၊ လူအစုအဝေးအား ပေးရမည့်အကြောင်း သူတို့ကို မိန့်မှာ၏။
၅ သူတို့လူအစုအဝေးအား ပေးပြီးလျှင်၊ သူတို့အား စပျစ်ရည်ကိုလည်း သောက်စေခြင်းငှာ ပေးတော်မူ၍၊ လူအစုအဝေးအား ပေးရမည့်အကြောင်းကိုလည်း မိန့်မှာ၏။
၆ ယခုတွင်၊ တပည့်တော်တို့အားဖြင့်သော်လည်းကောင်း၊ လူအစုအဝေးအားဖြင့်သော်လည်းကောင်း ဆောင်ယူသော မုန့်မရှိ၊ စပျစ်ရည်လည်းမရှိ။
၇ သို့ရာတွင်၊ သူတို့အား စားစရာမုန့်နှင့်၊ သောက်စရာစပျစ်ရည်ကိုလည်း အမှန်ပင်ပေးတော်မူ၏။
၈ သူတို့ကို မိန့်တော်မူလေသည်ကား၊ ဤမုန့်ကို စားသောသူသည် မိမိစိတ်ဝိညာဉ်အကျိုးအတွက် ငါ၏ကိုယ်ခန္ဓာတော်ကို စားခြင်းဖြစ်၏။ ဤစပျစ်ရည်ကို သောက်သောသူသည်လည်း မိမိစိတ်ဝိညာဉ်အကျိုးအတွက် ငါ၏အသွေးကို သောက်ခြင်းဖြစ်၏။ ထိုသူ၏စိတ်ဝိညာဉ်သည်လည်း အဘယ်တော့မျှ အစာမငတ်၊ ရေမငတ်ရ၊ ပြည့်ဝခြင်းသာရှိလိမ့်မည်။
၉ ယခုတွင်၊ အလုံးစုံသောလူအစုအဝေး စားသောက်၍ ပြီးလျှင်၊ ရှုလော့၊ သူတို့သည် ဝိညာဉ်တော်နှင့် ပြည့်စုံကြ၏။ သူတို့မြင်ရ၊ ကြားရသည့် ယေရှုကို တစ်သံတည်းဖြင့် ဟစ်အော်၍ ချီးမွမ်းကြ၏။
၁၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့အားလုံးယေရှုကို ချီးမွမ်းကြပြီးလျှင်၊ သူမိန့်တော်မူသည်ကား၊ ရှုလော့၊ ယခုတွင်၊ ငါသည် ဣသရေလအမျိုးသားတို့၏ ကျန်ကြွင်းသောသူများဖြစ်သည့် ဤလူမျိုးတို့နှင့်စပ်လျဉ်း၍ ငါ့ကို ခမည်းတော်မိန့်တော်မူလေသည့် ပညတ်တော်ကို ပြီးမြောက်ပေပြီ။
၁၁ သင်တို့သည် ငါပြောသည်ကို သတိရကြ၏။ ဟေရှာယ၏စကားများ ပြီးပြည့်စုံမည့်အချိန်ကိုလည်း ဆို၏—ရှုလော့၊ ထိုစကားများကို ရေးထား၍၊ သင်တို့ရှေ့၌ ရှိ၏။ သို့ဖြစ်၍၊ ထိုစကားများကို စေ့စေ့ဖတ်ရှုကြလော့—
၁၂ ထို့အတူ၊ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ထို့အရာတို့ကို ပြီးပြည့်စုံစေသောအချိန်၌၊ ခမည်းတော် သူ၏လူမျိုးတို့ထံ ပြုတော်မူလေသည့် ပဋိညာဉ်၏ ပြီးပြည့်စုံစေခြင်းပေတည်း၊ အို ဣသရေလအမျိုးသားတို့။
၁၃ ထို့နောက်တွင်ကား၊ မြေကြီးမျက်နှာပြင်ပေါ်၌ အရပ်ရပ်သို့ ကွဲပြားပြန့်ကျဲမည့်သူများဖြစ်သည့် ကျန်ကြွင်းသောသူတို့သည် အရှေ့အရပ်မှလည်းကောင်း၊ အနောက်အရပ်မှလည်းကောင်း၊ ထို့အတူ၊ တောင်အရပ်မှလည်းကောင်း၊ မြောက်အရပ်မှလည်းကောင်း၊ စုဝေးခံရကြလိမ့်မည်။ သူတို့ကို ရွေးနှုတ်တော်မူသည့် သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်အကြောင်းကို သိခြင်းပညာသို့ ဆောင်ခြင်းကိုလည်း ခံရကြလိမ့်မည်။
၁၄ ခမည်းတော်ကလည်း ငါ့အား သင်တို့၏နေထိုင်ရာအတွက် ဤပြည်ကို သင်တို့အား ပေးရမည့်အကြောင်း မိန့်တော်မူ၏။
၁၅ ထို့အတူ၊ သင်တို့ကို ငါဆိုသည်ကား၊ တပါးအမျိုးသားတို့သည် ငါ၏လူမျိုးတို့ကို ကွဲပြားပြန့်ကျဲစေပြီးနောက်၊ သူတို့ရရှိမည်ဖြစ်သော ကောင်းချီးမင်္ဂလာ၏နောက်၌ နောင်တမရကြလျှင်—
၁၆ ထို့နောက်တွင်ကား၊ ယာကုပ်အမျိုးသားတို့၏ ကျန်ကြွင်းသောသူများဖြစ်သည့် သင်တို့သည် သူတို့ထံသို့ ထွက်သွားရကြမည်။ သင်တို့သည်လည်း များစွာရှိမည့် ထိုသူတို့အလယ်၌ ရှိလိမ့်မည်။ သင်တို့သည် ထို့သူတို့၌နေ၍ တောသားရဲတို့၌ ခြင်္သေ့ကဲ့သို့၊ သိုးစုတို့၌ ဝင်ပြီး နင်းချေ၍ အပိုင်းပိုင်းကိုက် ဖြတ်သည့် ခြင်္သေ့ပျိုကဲ့သို့ ဖြစ်လိမ့်မည်။ အဘယ်သူမျှလည်း မကယ်လွှတ်နိုင်။
၁၇ သင်တို့ရန်သူဘက်၌နေသူတို့ကို သင်တို့တိုက်၍ သင်တို့၏ခပ်သိမ်းသော ရန်သူတို့ ဆုံးရှုံးလိမ့်မည်။
၁၈ လူသည် မိမိကောက်လှိုင်းတို့ကို ကောက်နယ်တလင်း၌ စုသကဲ့သို့ ငါသည် ငါ၏လူမျိုးတို့ကို အတူတကွ စုဝေးတော်မူမည်။
၁၉ အကြောင်းမူကား၊ ငါသည် ခမည်းတော်ပဋိညာဉ်ပြုသည့် ငါ၏လူမျိုးတို့ကို စီရင်ရာတွင်၊ အမှန်စင်စစ်၊ သင့်ဦးချိုကို သံဖြစ်စေ၍၊ သင့်ခွာတို့ကို ကြေးဝါဖြစ်စေမည်။ သင်သည် များစွာသောလူတို့ကို ညက်ညက်ချေရမည်။ ငါသည် ထိုသူတို့၏စည်းစိမ်ကို ကိုယ်တော်ရှင်အတွက်၊ ထိုသူတို့၏ဥစ္စာကို မြေကြီးတစ်ခုလုံး၏ ကိုယ်တော်ရှင်အတွက် ရည်စူးတော်မူမည်။ ရှုဦးလော့၊ ငါသည် ထိုအမှုကို ပြုသောသူပေတည်း။
၂၀ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ ခမည်းတော်မိန့်တော်မူသည်ကား၊ ထိုကာလ၌ ငါ၏အပြစ်ပေးခြင်းဓားကို သူတို့အပေါ်၌ မိုးတော်မူမည်။ ခမည်းတော်မိန့်တော်မူသည်ကား၊ သူတို့နောင်တမရလျှင်၊ ထိုဓားသည် သူတို့အပေါ်၊ အထူးသဖြင့် တပါးအမျိုးသားတို့၏ ခပ်သိမ်းသောလူမျိုးတို့ အပေါ် ကျရောက်လိမ့်မည်။
၂၁ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ ငါသည် ငါ၏လူမျိုးတို့ကို တည်ထောင်မည်၊ အို ဣသရေလအမျိုးသားတို့။
၂၂ ရှုဦးလော့၊ ဤလူမျိုးတို့ကို ငါသည် ဤပြည်၌ တည်ထောင်မည်၊ သင်တို့၏အဘ ယာကုပ်နှင့် ငါပြုသည့် ပဋိညာဉ်ကို ပြီးပြည့်စုံစေသည့် တိုင်အောင်ပင်တည်း။ ထိုပြည်သည်လည်း ယေရုရှလင်မြို့သစ် ဖြစ်လိမ့်မည်။ ကောင်းကင်ဘုံ၏တန်ခိုးတို့သည်လည်း ဤလူမျိုးတို့၌ ရှိလိမ့်မည်။ အမှန်စင်စစ်၊ ငါသည် သင်တို့အလယ်၌ဧကန်အမှန် ရှိတော်မူမည်။
၂၃ ရှုလော့၊ ငါသည်ကား၊ မောရှေဟောသည့်သူပေတည်း။ ဟောလေသည်ကား၊ သင်တို့ညီအစ်ကိုတို့အထဲမှ ငါနှင့်တူသောပရောဖက်တစ်ပါးကို သင်တို့၏ဘုရားသခင်ကိုယ်တော်ရှင်သည် သင်တို့အဖို့ ပေါ်ထွန်းစေတော်မူလိမ့်မည်။ သင်တို့အား သူဟောသမျှအရာရာ၌ သူ့ကို သင်တို့ ကြားနာရမည်။ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ ထိုပရောဖက်ကို မကြားနာသော သူတိုင်းသည် လူမျိုးတို့မှ ပယ်ရှင်းခံရလိမ့်မည်။
၂၄ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ရှမွေလမှစ၍ နောက်ဟောသော ပရောဖက်မှန်သမျှတို့သည် ငါ့အကြောင်းကို သက်သေခံကြပြီ။
၂၅ ရှုဦးလော့၊ သင်တို့သည် ပရောဖက်တို့၏ အမျိုးအနွယ်များဖြစ်ကြ၏။ သင်တို့သည် ဣသရေလအမျိုးသားများလည်း ဖြစ်ကြ၏။ ထို့အတူ သင်တို့သည် ခမည်းတော်က အာဗြဟံကို သင်၏အမျိုးအနွယ်အားဖြင့် မြေကြီးပေါ်ရှိ အမျိုးစုခပ်သိမ်းတို့ ကောင်းချီးခံစားရကြလိမ့်မည်ဟု မိန့်တော်မူလျက်၊ သင်တို့ဘိုးဘေးတို့နှင့် ပြုတော်မူသည့် ပဋိညာဉ်နှင့် ဆိုင်သောသူများဖြစ်ကြ၏။
၂၆ ခမည်းတော်သည် ငါ့ကိုထမြောက်စေတော်မူ၍၊ သင်တို့ထံသို့ ပထမဦးဆုံး စေလွှတ်တော်မူ၏။ သင်တို့အယောက်တိုင်းကို ကိုယ့်ဒုစရိုက်မှ လွှဲရှောင်စေခြင်းအားဖြင့် ကောင်းချီးပေးတော်မူခြင်းငှာလည်း၊ ငါ့ကို စေလွှတ်တော်မူ၏။ ဤသို့ပြုခြင်းသည်ကား၊ သင်တို့သည် ပဋိညာဉ်နှင့်ဆိုင်သော သားသမီးများ ဖြစ်ကြသောကြောင့်ပေတည်း—
၂၇ ထို့နောက်တွင်၊ သင်တို့သည် ကောင်းချီးမင်္ဂလာကို ခံရပြီးသောအခါ၊ ခမည်းတော်သည် အာဗြဟံကို သင်၏အမျိုးအနွယ်အားဖြင့် မြေကြီးပေါ်ရှိ အမျိုးစုခပ်သိမ်းတို့ ကောင်းချီးခံစားရကြလိမ့်မည်ဟု မိန့်တော်မူသည့် သူပြုတော်မူသောပဋိညာဉ်ကို ပြီးပြည့်စုံစေလိမ့်မည်—တပါးအမျိုးသားများအပေါ်သို့ ငါအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်းသည့်တိုင်အောင်ဖြစ်၏၊ တပါးအမျိုးသားတို့အပေါ်ရှိ ထိုကောင်းချီးမင်္ဂလာသည် သူတို့ကို ခပ်သိမ်းသောသူတို့ထက်သာ၍ အားကြီးစေသည်မှာ ငါ၏လူမျိုးတို့ကို ကွဲပြားပြန့်ကျဲစေခြင်းသို့ တိုင်အောင်ပင်တည်း၊ အို ဣသရေလအမျိုးသားတို့။
၂၈ သူတို့သည် ဤပြည်ရှိ လူမျိုးတို့အတွက် ကျာပွတ်တစ်ချောင်း ဖြစ်လိမ့်မည်။ သို့သော်လည်း၊ သူတို့သည် ငါ၏ဧဝံဂေလိတရားတော်အပြည့်အစုံကို လက်ခံရရှိပြီးနောက်၊ ငါ့ကို ဆန့်ကျင်၍ သူတို့စိတ်နှလုံးကို မာကျောစေကြလျှင်၊ ငါသည် သူတို့၏ဒုစရိုက်များကို သူတို့ကိုယ်တိုင်၏ဦးခေါင်းပေါ်သို့ ပြန်၍ကျရောက်စေတော်မူမည်ဟု ခမည်းတော်မိန့်တော်မူ၏။
၂၉ ငါသည် ငါ၏လူမျိုးတို့နှင့် ပြုထားသောပဋိညာဉ်တို့ကိုလည်း အောက်မေ့တော်မူမည်။ ငါ၏ကာလအချိန်တန်သောအခါ၌ သူတို့ကို အတူတကွစုဝေးတော်မူမည့်အကြောင်းကိုလည်းကောင်း၊ ယေရုရှလင်နယ်မြေဖြစ်သည့်၊ သူတို့အဖို့ ကာလအစဉ်အဆက် ကတိတော်မြေဖြစ်သည့် သူတို့ဘိုးဘေးတို့၏ပြည်ကို သူတို့နေထိုင်ရာအတွက် သူတို့အား တစ်ဖန်ပေးတော်မူမည့် အကြောင်းကိုလည်းကောင်း သူတို့နှင့် ပဋိညာဉ်ပြုတော်မူပြီဟု ခမည်းတော်မိန့်တော်မူ၏။
၃၀ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ ငါ၏ဧဝံဂေလိတရားတော်အပြည့်အစုံကို သူတို့အား ဟောပြောရမည့်ကာလသည် ကျရောက်လာ၏။
၃၁ သူတို့သည်လည်း ငါ့ကို ဘုရားသခင်၏သားတော်၊ ယေရှုခရစ်တော်ဖြစ်ကြောင်း ငါ့ကို ယုံကြည်ကြလိမ့်မည်။ ငါ၏နာမတော်အားဖြင့်လည်း ခမည်းတော်ထံသို့ ဆုတောင်းကြလိမ့်မည်။
၃၂ ထို့နောက်တွင်၊ သူတို့၏ကင်းစောင့်တို့သည် ကြွေးကြော်၍၊ တညီတညွတ်တည်းသောအသံဖြင့် သီဆိုကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ကိုယ်တိုင်မြင်ရကြလိမ့်မည်။
၃၃ ထို့နောက်တွင်၊ ခမည်းတော်သည် သူတို့ကို တစ်ဖန်အတူတကွစုဝေးတော်မူ၍၊ ယေရုရှလင်ကို သူတို့၏အမွေခံရာမြေအဖြစ် သူတို့အား ပေးတော်မူလိမ့်မည်။
၃၄ ထို့နောက်တွင်၊ သူတို့သည် ဝမ်းမြောက်စွာကြွေးကြော်ကြလိမ့်မည်—အတူတကွသီချင်းဆိုကြလော့၊ ယေရုရှလင်ရှိပြိုပျက်ရာအရပ်တို့။ အကြောင်းမူကား၊ ခမည်းတော်သည် မိမိလူမျိုးတို့ကို နှစ်သိမ့်စေတော်မူလေပြီ၊ ယေရုရှလင်ကို ရွေးနှုတ်တော်မူလေပြီ။
၃၅ ခမည်းတော်သည် သူ၏သန့်ရှင်းသောလက်တော်ကို ခပ်သိမ်းသောပြည်သားတို့ရှေ့၌၊ ဖွင့်ပြတော်မူလေ၏။ မြေကြီးစွန်းသား ခပ်သိမ်းတို့သည်လည်း ခမည်းတော်၏ကယ်တင်ခြင်းကို မြင်ရလိမ့်မည်။ ခမည်းတော်နှင့် ငါသည်လည်း တစ်လုံးတစ်ဝတည်း ဖြစ်တော်မူ၏။
၃၆ ထို့နောက်တွင်၊ ပြီးမြောက်လိမ့်မည့် ရေးထားသောအရာတို့သည်ကား၊ အို ဇိအုန်မြို့၊ နိုးလော့၊ တစ်ဖန်နိုးလော့၊ သင်၏ခွန်အားကို ဝတ်ဆင်လော့။ အို သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့၊ သင်၏ တင့်တယ်သောအဝတ်တန်ဆာတို့ကို ဝတ်ဆင်လော့။ အကြောင်းမူကား၊ အရေပြားလှီးခြင်းကို မခံသောသူနှင့်၊ ညစ်ညူးသောသူတို့သည် ယခုမှစ၍၊ သင့်အထဲသို့ မဝင်ရတော့လတ္တံ့။
၃၇ အို ယေရုရှလင်မြို့၊ သင့်ကိုယ်ကို မြေမှုန့်မှ ခါလိုက်လော့၊ ထ၍ ထိုင်လော့။ အို ဖမ်းဆီးချုပ်နှောင်ခံရသော ဇိအုန်သတို့သမီး၊ သင်၏လည်ကြိုးတို့မှ သင့်ကိုယ်ကို ဖြေလွှတ်လော့။
၃၈ အကြောင်းမူကား၊ ကိုယ်တော်ရှင်မိန့်တော်မူလေသည်မှာ၊ သင်တို့သည် သင်တို့ကိုယ်ကို အကျိုးမရှိသောအရာအတွက် ရောင်းသဖြင့်၊ ငွေမပေးဘဲ ရွေးနှုတ် ခံရကြလိမ့်မည်။
၃၉ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်မှာ၊ ငါ၏လူမျိုးတို့သည် ငါ၏နာမတော်ကို သိကြလိမ့်မည်။ ထိုမှတစ်ပါး၊ ထိုကာလ၌ သူတို့သည် ဟောပြောသောသူမှာ ငါဖြစ်တော်မူကြောင်းကို သိကြလိမ့်မည်။
၄၀ ထို့နောက်တွင်၊ သူတို့ဆိုကြမည်မှာ၊ ဝမ်းမြောက်စရာသင်တင်းကို သူတို့ထံသို့ ဆောင်ယူလာသောသူ၊ ငြိမ်းချမ်းခြင်းကို ပြောကြားသောသူ၊ ကောင်းမြတ်ခြင်း၏ ဝမ်းမြောက်စရာသတင်းကို သူတို့ထံသို့ ဆောင်ယူလာသောသူ၊ ကယ်တင်ခြင်းကို ပြောကြားသောသူ၊ သင်၏ဘုရားသခင် စိုးစံတော်မူ၏ဟု ဇိအုန်မြို့ကို ပြောကြားသောသူ၏ ခြေတို့သည်ကား၊ တောင်ပေါ်မှာ အလွန်တင့်တယ်လှပေစွတကားဟု ဖြစ်လေသတည်း။
၄၁ ထို့နောက်တွင်၊ ထွက်ကြ။ ထွက်ကြ။ ထိုအရပ်မှ ထွက်သွားကြလော့။ မစင်ကြယ်သောအရာကို မတို့ကြနှင့်။ ထိုအရပ်ထဲက ထွက်သွားကြလော့။ ကိုယ်တော်ရှင်၏ တန်ဆာတို့ကို သယ်ဆောင်သော သင်တို့ သန့်ရှင်းခြင်းရှိကြလော့ဟူသော ဟစ်ကြွေးခြင်း ထွက်လာလိမ့်မည်။
၄၂ သင်တို့သည် အလျင်အမြန် မထွက်ရကြ။ ပြေး၍မသွားရကြ။ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် သင်တို့ရှေ့မှ ကြွတော်မူမည်။ ဣသရေလအမျိုး၏ဘုရားသခင်သည် သင်တို့နောက်၌လည်း သင်တို့၏အကွယ်အကာ ဖြစ်တော်မူမည်။
၄၃ ရှုလော့၊ ငါ၏ကျွန်သည် နှိုင်းနှိုင်းချိန်ချိန်အမှုဆောင်လိမ့်မည်။ သူသည် ချီးမြှောက်၊ ချီးမြှင့်ခြင်းသို့လည်း ရောက်၍၊ အထွဋ်အမြတ်ဖြစ်လိမ့်မည်။
၄၄ သင့်ကို များစွာသောသူတို့အံ့ဩကြသကဲ့သို့ပင်—သူ့မျက်နှာသည် လူတိုင်းထက် လွန်စွာပျက်၍၊ သူ့အဆင်းအသရေသည်လည်း လူသားတို့ထက် လွန်စွာပျက်၏—
၄၅ ထို့အတူ၊ သူသည် များစွာသောလူမျိုးတို့ကို သန့်ရှင်းစေလိမ့်မည်။ ရှင်ဘုရင်တို့သည် သူ့ကြောင့် မိမိတို့နှုတ်ကို ပိတ်၍နေရကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့ကို မပြောဖူးသောအရာကို သူတို့မြင်ကြလိမ့်မည်။ သူတို့မကြားဖူးသောအရာကိုလည်း သူတို့နားလည်ကြလိမ့်မည်။
၄၆ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ငါ့ကို ခမည်းတော်မိန့်တော်မူထား သကဲ့သို့ပင် ဤအရာခပ်သိမ်းတို့ ဧကန်အမှန် ဖြစ်လာလိမ့်မည်။ ထို့နောက်တွင်၊ ခမည်းတော် သူ၏လူမျိုးတို့နှင့် ပဋိညာဉ်ပြုထားတော်မူသည့် ဤပဋိညာဉ်သည် ပြီးပြည့်စုံလိမ့်မည်။ ထို့နောက်တွင်၊ ယေရုရှလင်မြို့ ၌ ငါ၏လူမျိုးတို့ တစ်ဖန် နေထိုင်ကြလိမ့်မည်။ ထိုအရပ်သည် သူတို့၏အမွေခံရာမြေဖြစ်လိမ့်မည်။