အခန်းကြီး ၄
နီဖိုင်းအမျိုးသားတို့သည် ဂါဒျန်တန်ဓားပြတို့ကို အနိုင်ရကြ၏—ဂိဒျန်ဟိသည် ကွပ်မျက်ခံရ၏၊ သူ၏နောက်မှတက်သူ ဇေမနာရိဟသည် လည်ဆွဲချခံရ၏—နီဖိုင်းအမျိုးသားတို့သည် မိမိတို့၏အောင်နိုင်ခြင်းတို့အတွက် ကိုယ်တော်ရှင်ကို ချီးမွမ်းကြ၏။ အေဒီ ၁၉–၂၂ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ တစ်ဆယ်ရှစ်နှစ်မြောက်၏နောက်ဆုံးပိုင်း၌၊ ထိုဓားပြတို့၏တပ်များသည် စစ်တိုက်ရန် ပြင်ဆင်၍၊ တောင်ကုန်းများမှ၊ ထို့အတူ တောင်တို့မှထွက်လာ၍၊ ထို့အတူ တောရိုင်း၊ ထို့အတူ သူတို့၏အခိုင်အမာစခန်းများ၊ ထို့အတူ သူတို့၏လျှို့ဝှက်သောအရပ်များမှဆင်းလာ၍ ရုတ်တရက်ထိုးဖောက်တိုက်ခိုက်စပြုလျက်၊ တောင်အရပ်ရှိပြည်နှင့် မြောက်အရပ်ရှိပြည် နှစ်ပြည်စလုံးကို သိမ်းယူစပြုလျက်၊ နီဖိုင်းလူမျိုးတို့ စွန့်ပစ်လေသောပြည်ခပ်သိမ်းနှင့် လူဆိတ်ညံရာအဖြစ်ကျန်လေသည့် မြို့တို့ကို သိမ်းယူစပြုကြ၏။
၂ သို့ရာတွင်၊ ရှုလော့၊ နီဖိုင်းအမျိုးသားတို့ စွန့်ပစ်လေသည့် ထိုပြည်များ၌ တောသားရဲများမရှိ၊ သားကောင်လည်းမရှိ။ တောရိုင်းထဲမှတစ်ပါး၊ ဓားပြတို့အတွက်လည်း သားကောင်မရှိ။
၃ ဓားပြတို့သည်လည်း စားစရာမရှိသောကြောင့် တောရိုင်းထဲမှတစ်ပါး မနေထိုင်နိုင်ကြ။ အကြောင်းမူကား၊ နီဖိုင်းအမျိုးသားတို့သည် သူတို့၏ပြည်များကို လူဆိတ်ညံရာအဖြစ်ထား၍၊ သူတို့၏သိုးစုများ၊ သူတို့၏နွားစုများနှင့် သူတို့၏ခပ်သိမ်းသော ဥစ္စာများကို စုဆောင်း၍၊ တစုတည်းရှိကြ၏။
၄ ထို့ကြောင့်၊ ဓားပြတို့အတွက်၊ နီဖိုင်းအမျိုးသားတို့ကို ထင်ရှားစွာစစ်တိုက်ခြင်းမှတစ်ပါး၊ လုယက်ရန်နှင့် စားစရာရရှိရန် အခွင့်အရေးမရှိလေကြ။ နီဖိုင်းအမျိုးသားတို့သည်လည်း တစ်စုတည်းရှိ၍၊ အလွန်များသောအရေအတွက်ရှိ၍၊ ဓားပြတို့ကို ထိုပြည်၏မျက်နှာပြင်မှ ဖျက်ဆီးရန် မျှော်လင့်သည့် ခုနစ်နှစ်ဟူသော ကာလကြာအောင် ထောက်ပံ့နိုင်ခြင်းငှာ ရိက္ခာများ၊ ထို့အတူ မြင်းများနှင့် တိရစ္ဆာန်များ၊ ထို့အတူ အမျိုးမျိုးသောသိုးစုတို့ကို သူတို့ကိုယ်တိုင်အတွက် သိမ်းထားကြ၏။ ထိုကဲ့သို့အားဖြင့် တစ်ဆယ်ရှစ်နှစ်မြောက် ကုန်လွန်သွား၏။
၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ တစ်ဆယ်ကိုးနှစ်မြောက်၌ ဂိဒျန်ဟိသည် နီဖိုင်းအမျိုးသားတို့ကို ဆန့်ကျင်၍စစ်တိုက်သွားရန် လိုအပ်ကြောင်း သိရှိ၏။ အကြောင်းမူကား၊ လုယက်ခြင်း၊ အနိုင်အထက်လုယူခြင်းနှင့် လူ့အသက်သတ်ခြင်းတို့ကို ပြုရန်မှတစ်ပါး သူတို့ထောက်ပံ့နိုင်သော နည်းလမ်းမရှိ။
၆ သူတို့သည်လည်း မိမိတို့ကို နီဖိုင်းအမျိုးသားတို့လာ၍တိုက်ခိုက်ပြီး ကွပ်မျက်မည်ကို စိုးရိမ်သဖြင့် စပါးကိုစိုက်ပျိုးနိုင်စေကြောင်း ထိုပြည်၏မျက်နှာပြင်ပေါ်၌ အနှံ့အပြားမနေဝံ့ကြ။ ထို့ကြောင့်၊ ဂိဒျန်ဟိသည် မိမိ၏တပ်များကို ဤနှစ်၌ နီဖိုင်းအမျိုးသားတို့ကိုဆန့်ကျင်၍ စစ်တိုက်သွားရမည့်အကြောင်း မိန့်မှာ၏။
၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် စစ်တိုက်ရန် လာကြ၏။ ထိုအချိန်မှာ ခြောက်လမြောက်အချိန်ဖြစ်၏။ ရှုဦးလော့၊ ကြီးစွာသောကြောက်မက်ဖွယ်အရာမှာ စစ်တိုက်ရန် သူတို့လာသောနေ့ဖြစ်၏။ သူတို့သည် ဓားပြများကဲ့သို့လည်း ဝတ်ဆင်ကြ၏။ သူတို့၏ခါးပတ်လည်၌လည်း သိုးသားရေကိုဝတ်၍၊ သူတို့သည် သွေးဖြင့်အရောင်ဆိုးလျက်၊ သူတို့ဦးခေါင်းကိုလည်း ရိတ်ထား၏၊ သူတို့အပေါ်၌ ဦးခေါင်းတန်ဆာများကိုလည်း ဝတ်ဆင်ထားကြ၏။ သူတို့၏ချပ်ဝတ်တန်ဆာကြောင့်လည်းကောင်း၊ သူတို့သွေးဖြင့်အရောင်ဆိုးလျက်ရှိခြင်းကြောင့်လည်းကောင်း ကြီးစွာသောကြောက်မက်ဖွယ်အရာမှာ ဂိဒျန်ဟိတပ်များ၏ သဏ္ဌာန်ဖြစ်၏။
၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နီဖိုင်းအမျိုးသားတို့၏တပ်များသည် ဂိဒျန်ဟိတပ်၏ သဏ္ဌာန်ကို မြင်ကြလျှင်၊ အားလုံး မြေကြီးသို့လဲကျကြ၏၊ သူတို့ကို ချမ်းသာပေး၍၊ သူတို့ရန်သူများ၏လက်မှ ကယ်လွှတ်တော်မူပါမည့်အကြောင်း သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်ထံသို့ တောင်းလျှောက်ကြ၏။
၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဂိဒျန်ဟိ၏တပ်များသည် ဤအမှုကို မြင်ကြလျှင်၊ ဝမ်းမြောက်ခြင်းကြောင့် ကျယ်သောအသံနှင့် အော်ဟစ်စပြုကြ၏။ အကြောင်းမူကား၊ နီဖိုင်းအမျိုးသားတို့ သူတို့တပ်များကို ကြောက်သောစိတ်ကြောင့် ကြောက်ရွံ့ခြင်းဖြင့် လဲကျလေပြီဟု ထင်မှတ်ကြ၏။
၁၀ သို့ရာတွင်၊ ဤအမှု၌ သူတို့ စိတ်ပျက်ကြ၏။ အကြောင်းမူကား၊ နီဖိုင်းအမျိုးသားတို့သည် သူတို့ကို မကြောက်ရွံ့ကြ၊ သူတို့၏ဘုရားသခင်ကိုသာ ကြောက်၍ အကာအကွယ်အတွက် သူ့ကို ပဌနာပြုကြ၏။ ထို့ကြောင့်၊ ဂိဒျန်ဟိ၏တပ်များ သူတို့အပေါ်သို့ တစ်ဟုန်တည်းရောက်လာသောအခါ၊ ရင်ဆိုင်ရန် ပြင်ဆင်ကြ၏။ ထိုမှတစ်ပါး၊ ကိုယ်တော်ရှင်၏ခွန်အားဖြင့် ခုခံကြ၏။
၁၁ တိုက်ပွဲသည်လည်း ဤခြောက်လမြောက်၌ စတင်၍၊ ကြီးစွာသော ကြောက်မက်ဖွယ်အရာမှာ ထိုတိုက်ပွဲပင်တည်း။ အမှန်စင်စစ်၊ ကြီးစွာသောကြောက်မက်ဖွယ်အရာမှာ ထိုသိမ်းရုံးသတ်ဖြတ်ခြင်းဖြစ်၍၊ လေဟိ၏ လူမျိုးခပ်သိမ်းတို့၌ သူယေရုရှလင်ကို စွန့်ခွာပြီးကတည်းက ထိုကဲ့သို့ အလွန်ကြီးစွာသော သိမ်းရုံးသတ်ဖြတ်ခြင်းကို မသိရစဖူးပေ။
၁၂ ဂိဒျန်ဟိပြုလေသည့် ခြိမ်းခြောက်ခြင်းများနှင့် ကျိန်ဆိုခြင်းများ ရှိသော်ငြားလည်း၊ ရှုလော့၊ နီဖိုင်းအမျိုးသားတို့အနိုင်ရသဖြင့်၊ သူတို့သည်လည်း ရှေ့မှဆုတ်ခွာသွားကြ၏။
၁၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဂိဂိဒေါနိသည် မိမိတပ်များကို တောရိုင်းနယ်နိမိတ်အထိတိုင်အောင် လိုက်စေ၍၊ လမ်းတစ်လျှောက်၌လည်း မိမိတို့လက်ထဲသို့ ကျရောက်လာသူမှန်သမျှကို ချမ်းသာမပေးရမည့်အကြောင်း အမိန့်ပေး၏။ ထိုကဲ့သို့အားဖြင့်၊ သူတို့ကို လိုက်၍၊ ကွပ်မျက်ရာ တောရိုင်းနယ်နိမိတ်သို့ရောက်၍၊ ဂိဂိဒေါနိ၏အမိန့်ကို ပြီးပြည့်စေသည့်တိုင်အောင်ပင်တည်း။
၁၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ရဲရင့်စွာရပ်၍တိုက်ခိုက်သူ ဂိဒျန်ဟိသည် ထွက်ပြေးစဉ် အလိုက်ခံရ၏။ သူ၏တိုက်ခိုက်ခြင်းများစွာကြောင့် မောပန်းသဖြင့်၊ ဖမ်းမိ၍ ကွပ်မျက်ခံရ၏။ ဤရွေ့ကား၊ ဓားပြဂိဒျန်ဟိ၏အဆုံးဖြစ်လေသတည်း။
၁၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နီဖိုင်းအမျိုးသားတို့၏တပ်များသည် မိမိတို့၏လုံခြုံရာအရပ်သို့ တစ်ဖန်ပြန်လာကြ၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဤတစ်ဆယ်ကိုးနှစ်မြောက်ကုန်လွန်၍၊ ဓားပြတို့သည် စစ်တိုက်ရန် တစ်ဖန်မလာကြ။ သူတို့သည် နှစ်ဆယ်နှစ်မြောက်၌လည်း တစ်ဖန်မလာကြ။
၁၆ နှစ်ဆယ်တစ်နှစ်မြောက်၌လည်း၊ သူတို့သည် စစ်တိုက်ရန် တက်မလာကြ။ သို့ရာတွင်၊ သူတို့သည် နီဖိုင်းလူမျိုးတို့၏ပတ်ဝန်းကျင်၌ ဝိုင်းထားခြင်းငှာ အလုံးစုံသောအရပ်တို့မှ တက်လာကြ၏။ အကြောင်းမူကား၊ နီဖိုင်းလူမျိုးတို့ကို သူတို့ပြည်များမှ ဟန့်တားထားလျှင်လည်းကောင်း၊ အဘက်ဘက်မှ လှောင်ပိတ်၍၊ သူတို့၏အပြင်ဘက်အထူးအခွင့်အရေးမှန်သမျှကို ဟန့်တားထားလျှင်လည်းကောင်း၊ သူတို့ဆန္ဒအတိုင်း သူတို့ကိုယ်တိုင်အရှုံးပေးစေရန် ပြုနိုင်မည်ဟု ထင်မှတ်ကြ၏။
၁၇ ယခုတွင်၊ သူတို့ ၌ ဇေမနာရိဟအမည်ရှိသောသူတစ်ဦးကို တခြားအကြီးအကဲအဖြစ် ခန့်အပ်ထားကြ၏။ ထို့ကြောင့်၊ ဇေမနာရိဟသည်ကား၊ ဤဝိုင်းထားခြင်းကို ဖြစ်စေသောသူပေတည်း။
၁၈ သို့ရာတွင် ရှုလော့၊ ဤအမှုမှာ နီဖိုင်းအမျိုးသားတို့အတွက် အခွင့်သာခြင်းတစ်ခု ဖြစ်၏။ အကြောင်းမူကား၊ နီဖိုင်းအမျိုးသားတို့ သိုလှောင်ထားသည့် များစွာသော ရိက္ခာများကြောင့် ဓားပြတို့အတွက် သူတို့အပေါ် တစ်စုံတစ်ခုသော အကျိုးကို သက်ရောက်စေရန်၊ လုံလောက်အောင်ကြာရှည်စွာဝိုင်းထားရန်မှာ မဖြစ်နိုင်ပေ။
၁၉ ဓားပြများ၌ ရိက္ခာ မလုံလောက်ခြင်းကြောင့်လည်းဖြစ်၏။ အကြောင်းမူကား၊ ရှုလော့၊ သူတို့၏အထောက်အပံ့အတွက် တောရိုင်းထဲ၌ သူတို့ ရရှိလေသည့် အသားတည်းဟူသော ထိုအသားမှတစ်ပါး၊ သူတို့၌ အဘယ်အရာမျှ မရှိကြ။
၂၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ တောရိုင်းထဲ၌ တောသားကောင်များ ရှားပါးလာ၍၊ ဓားပြတို့သည် အစာငတ်မွတ်ခြင်းဖြင့် ပျက်စီးတော့မည်ကဲ့သို့ရှိလေ၏။
၂၁ နီဖိုင်းအမျိုးသားတို့သည်လည်း နေ့ရောညရောထွက်၍အစဉ်မပြတ်ချီတက်လျက်၊ သူတို့တပ်များကို တိုက်ခိုက်လျက်၊ သူတို့ကို ထောင်ပေါင်းများစွာ၊ သောင်းပေါင်းများစွာ ပယ်ရှင်းလျက် ရှိကြ၏။
၂၂ ထိုကဲ့သို့အားဖြင့်၊ ဇေမနာရိဟ၏လူတို့အလိုဆန္ဒမှာ သူတို့အပေါ်သို့ ညရောနေ့ရော ကျရောက်သည့် ကြီးစွာသောပျက်စီးခြင်းကြောင့် သူတို့အကြံအစည်ကို စွန့်လွှတ်စေရန်ဖြစ်၏။
၂၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဇေမနာရိဟသည် မိမိလူများကို ဝိုင်းထားခြင်းမှ သူတို့ကိုယ်ကို ဆုတ်ခွာ၍ မြောက်ဘက်လားရာပြည်၏ အဝေးဆုံးသောအရပ်များသို့ ချီတက်ရမည့် အကြောင်း အမိန့်ပေး၏။
၂၄ ယခုမူကား၊ ဂိဂိဒေါနိသည် သူတို့၏အကြံအစည်ကို သတိပြုမိ၍၊ စားစရာမရှိခြင်းနှင့် သူတို့၌ ပြုလေသည့် ကြီးစွာသောသိမ်းရုံးသတ်ဖြတ်ခြင်းတို့ကြောင့် သူတို့၏အားနည်းခြင်းကို သိလျက်၊ ထို့ကြောင့်၊ မိမိတပ်များကို ညဉ့်အချိန်၌ စေလွှတ်၍၊ သူတို့၏ဆုတ်ခွာရာလမ်းကို ဟန့်တားလျက်၊ သူတို့၏ဆုတ်ခွာရာလမ်း၌ မိမိတပ်များကို နေရာချထား၏။
၂၅ ဤအမှုကိုလည်း ညဉ့်အချိန်၌ပြု၍၊ ချီတက်ရာ၌ ဓားပြတို့၏ရှေ့သို့လွန်၍ ရောက်သဖြင့်၊ နက်ဖြန်နေ့၌၊ ဓားပြများသည် ချီတက်စပြုသောအချိန်တွင်၊ သူတို့၏ရှေ့နှင့် နောက်နှစ်ဖက်စလုံး၌ နီဖိုင်းအမျိုးသားတို့၏တပ်များနှင့် ရင်ဆိုင်ရကြ၏။
၂၆ တောင်ဘက်၌ ရှိသောဓားပြတို့သည်လည်း သူတို့၏ဆုတ်ခွာရာအရပ်တို့၌ ဟန့်တားခြင်းကို ခံရကြ၏။ ဤအရာခပ်သိမ်းတို့ကို ဂိဂိဒေါနိ၏အမိန့်အားဖြင့် ပြုကြ၏။
၂၇ သူတို့ကိုယ်ကို နီဖိုင်းအမျိုးသားတို့ထံ စစ်အကျဉ်းသားများအဖြစ် အရှုံးပေးသူ ထောင်ပေါင်းများစွာတို့လည်း ရှိ၏။ သူတို့မှ ကျန်ကြွင်းသောသူတို့သည်လည်း ကွပ်မျက်ခံရကြ၏။
၂၈ သူတို့၏အကြီးအကဲ၊ ဇေမနာရိဟသည်လည်း ဖမ်းဆီးခံရ၏၊ သစ်ပင်၌၊ အထူးသဖြင့်၊ သစ်ပင်၏ထိပ်၌ သေသည့်တိုင်အောင်ပင် လည်ဆွဲချခံရ၏။ သေသည့်တိုင်အောင် လည်ဆွဲချပြီးလျှင်၊ သစ်ပင်ကိုလည်း မြေကြီးသို့ ခုတ်လှဲ၍၊ ကျယ်သောအသံနှင့် ဟစ်ကြွေး၍ ဆိုကြလေသည်ကား၊
၂၉ ကိုယ်တော်ရှင်သည် မိမိလူမျိုးတို့ကို၊ စိတ်နှလုံးဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ဖြင့် ကာကွယ်စောင့်မတော်မူပါစေ။ အစိုးရခြင်းနှင့် လျို့ဝှက်ဂိုဏ်းများကြောင့် သူတို့ကို ကွပ်မျက်ရန်ကြိုးစားသူခပ်သိမ်းတို့အား၊ ဤလူမြေကြီးသို့ လဲကျသကဲ့သို့ပင်၊ မြေကြီးသို့ လှဲချနိုင်ကြပါစေ။
၃၀ သူတို့သည် ရွှင်လန်းဝမ်းမြောက်၍၊ တစ်သံတည်းဖြင့်ဟစ်အော်၍၊ ဆိုကြသည်ကား၊ ဤလူမျိုးတို့သည် အကာအကွယ်အတွက် သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်၏နာမတော်အား ပဌနာပြုကြသမျှ အာဗြဟံ၏ဘုရားသခင်၊ ဣဇာတ်၏ဘုရားသခင်၊ ယာကုပ်၏ဘုရားသခင်သည် သူတို့ကို ဖြောင့်မတ်ခြင်းဖြင့်ကာကွယ်တော်မူပါစေ။
၃၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် မိမိတို့ကို ရန်သူများ၏ လက်ထဲသို့ ကျရောက်ခြင်းမှ ကာကွယ်စောင့်မတော်မူရာ၌ မိမိတို့အတွက် ပြုတော်မူသည့် ကြီးစွာသောအမှုအတွက် အားလုံးတညီတညွတ်တည်းဖြင့် ဘုရားသခင်ကို ချီးမွမ်းထောမနာသီချင်းဆိုကြ၏။
၃၂ ထိုမှတစ်ပါး၊ အမြင့်ဆုံးသောဘုရားသခင်သည် ဟောရှဏ္ဏဖြစ်စေသတည်းဟု ဟစ်ကြွေးကြ၏။ ကိုယ်တော်ရှင်ဘုရားသခင်အနန္တတန်ခိုးရှင်၊ အမြင့်ဆုံးသောဘုရားသခင်၏ နာမတော်သည် မင်္ဂလာရှိတော်မူပါစေသတည်းဟုလည်း ဟစ်ကြွေးကြ၏။
၃၃ သူတို့၏စိတ်နှလုံးသည်လည်း မျက်ရည်များစွာစီးထွက်သည့်တိုင်အောင်ပင် ဝမ်းမြောက်ခြင်းနှင့် ပြည့်၏၊ သူတို့ရန်သူများ၏လက်မှ သူတို့ကို ကယ်လွှတ်တော်မူရာ၌ ဘုရားသခင်၏ ကြီးစွာသော ကောင်းမြတ်ခြင်းကြောင့်ပေတည်း။ သူတို့၏နောင်တရခြင်းနှင့် သူတို့၏ နှိမ့်ချခြင်းတို့ကြောင့်၊ ထာဝရတည်မြဲသောပျက်စီးခြင်းမှ ကယ်လွှတ်တော်မူခြင်းကို သူတို့ခံရကြောင်းကိုလည်းသိကြ၏။