ကျမ်းစာများ
၃ နီဖိုင်း ၁၆


အခန်းကြီး ၁၆

ယေရှုသည် ဣသရေလ​အမျိုးသားတို့ထံမှ ပျောက်ဆုံးသည့် အခြားသော​သိုးများသို့ အကြည့်​အရှု ကြွတော်မူမည်—နောက်​ပိုင်း​ကာလများ၌၊ ဧဝံဂေလိ​တရားတော်သည် တပါး​အမျိုးသားတို့​ထံသို့၊ ထို့နောက်တွင် ဣသရေလ​အမျိုးသားတို့ထံသို့ ရောက်​လိမ့်မည်—ကိုယ်တော်ရှင်၏​လူမျိုးတို့သည် သူဇိအုန်​မြို့ကို ပြန်လည်​တည်​ရှိစေတော်မူသော​အခါ၊ ကိုယ်တိုင်​မြင်ရ​ကြလိမ့်မည်။ အေဒီ ၃၄ ခန့်။

သင်တို့ကို ငါ​အမှန်၊ အမှန်​ဆိုသည်ကား၊ ငါသည် ဤပြည်မှ​မဟုတ်သည့်၊ ယေရုရှလင်​နယ်မြေမှ​လည်း မဟုတ်သည့်၊ အမှုတော်​ဆောင်ရန် ငါ​သွားတော်မူသော ပတ်ဝန်းကျင်​ပြည်​တစ်စုံ​တစ်ခုမှ​လည်း မဟုတ်သည့် အခြားသော​သိုးတို့ကိုလည်း ပိုင်၏။

အကြောင်း​မူကား၊ ငါ​ပြောသည့်​သူများမှာ၊ ငါ၏​အသံကို မကြားနာ​ရသေးသော​သူများ ဖြစ်ကြ၏။ အဘယ်သော​အခါက​မျှလည်း သူတို့​ထံသို့ ငါကိုယ်တိုင် ထင်ရှားစွာ​မပြ​ရသေး။

သို့ရာတွင်၊ သိုးထိန်း​တစ်ပါးနှင့် သိုးခြံ​တစ်ခု​ရှိနိုင်​စေခြင်းငှာ၊ ငါသည် သူတို့​ထံသို့​သွား၍၊ ငါ့​အသံကို သူတို့​ကြားနာ​ရမည့်​အကြောင်းနှင့် ငါ၏​သိုးများ၌ ရေတွက်​ခံရကြမည့်​အကြောင်း၊ ပညတ်တော်တစ်ခုကို ခမည်းတော်ထံမှ လက်​ခံရ​ရှိ၏။ ထို့ကြောင့်၊ သူတို့​ထံသို့ ငါ​ကိုယ်တိုင် ထင်ရှားစွာ​ပြ​တော်မူခြင်းငှာ သွား၏။

ငါ​ကြွ​သွားတော်မူ​ပြီးနောက်၊ ဤစကားများကို သင်တို့​ရေး​ရမည်ကို​လည်း​ကောင်း၊ ငါ့ကို​မြင်၍၊ ငါ၏​အမှုတော်​ဆောင်ခြင်း၌ ငါ​နှင့်​အတူ​ရှိသည့် ယေရုရှလင်​မြို့​ရှိ ငါ၏​လူမျိုးတို့သည် သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့်၊ သင်တို့​အကြောင်း၊ ထို့အတူ၊ သူတို့​သိခြင်း​မရှိသည့် အခြားသော မျိုးနွယ်စုတို့​အကြောင်း​သိခြင်းကိုလည်း လက်ခံ​ရရှိ​နိုင်​စေခြင်းငှာ ငါ၏​နာမတော်​အားဖြင့်၊ ခမည်းတော်​ထံသို့ မတောင်းကြလျှင်၊ သင်တို့​ရေးမည့် ဤစကားများကို သိမ်း​ဆည်း​ထား၍၊ သူတို့၏ မယုံကြည်ခြင်းကြောင့်၊ မြေကြီး​မျက်နှာ​ပြင်ပေါ်၌ ကွဲပြား​ပြန့်ကျဲ​သွားမည့် သူတို့​အမျိုး​အနွယ်​များ၏ ကျန်​ကြွင်းသော​သူတို့ကို ဆောင်ယူ​နိုင်ခြင်းငှာ၊ သို့မဟုတ်၊ သူတို့၏​ရွေးနှုတ်ရှင်၊ ငါ့​အကြောင်းကို​သိခြင်းသို့ ဆောင်ယူခံရကြနိုင်​စေခြင်းငှာ၊ တပါး​အမျိုးသား​ခပ်သိမ်းတို့​အားဖြင့်၊ တပါး​အမျိုးသားများ​ထံသို့ ထင်ရှားစွာ​ပြရမည့်​အကြောင်းကို​လည်း​ကောင်း သင်တို့ကို ငါ​မိန့်မှာ၏။

ထို့နောက်တွင်၊ ငါသည် သူတို့ကို မြေကြီး​လေး​မျက်နှာ​ပေါ်မှ စုဝေး​စေမည်။ ထို့နောက်တွင်၊ ဣသရေလ​အမျိုးသားတို့၏ လူမျိုးခပ်သိမ်းတို့ထံ ခမည်းတော်​ပြုတော်မူသည့် ပဋိညာဉ်ကို ပြီးပြည့်စုံ​စေမည်။

တပါး​အမျိုးသားတို့​သည်​လည်း ငါ့​အကြောင်းနှင့် ခမည်းတော်၏​အကြောင်းကို သူတို့​ထံသို့ သက်သေ​ခံသည့် သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် ငါ့​ထံသို့​ရှိသည့် သူတို့၏​ယုံကြည်မှု​ကြောင့် မင်္ဂလာ​ရှိကြ၏။

ရှုလော့၊ ငါ့ထံသို့ ရှိသည့် သူတို့၏​ယုံကြည်မှုကြောင့် ခမည်းတော်​မိန့်တော်မူ​လေသည်ကား၊ အို ဣသရေလ​အမျိုးသားတို့၊ သင်တို့၏​မယုံကြည်မှု​ကြောင့်၊ နောက်​ပိုင်း​ကာလတွင်၊ သမ္မာ​တရားသည် ဤအရာတို့၏​ပြည့်စုံခြင်းကို ဖော်ပြရန် တပါး​အမျိုးသားတို့ထံသို့ ရောက်​ရှိ​လာလိမ့်မည်။

သို့ရာတွင်၊ တပါး​အမျိုးသားတို့မှ မယုံကြည်သော​သူတို့သည် အမင်္ဂလာ​ရှိကြ၏။ ခမည်းတော်​မိန့်တော်မူ​သည်မှာ—အကြောင်း​မူကား၊ သူတို့သည် ဤပြည်၏​မျက်နှာ​ပြင်ပေါ်သို့ ရောက်​လာ​သော်​ငြား​လည်း၊ ဣသရေလ​အမျိုးသားများ​ဖြစ်သည့် ငါ၏​လူမျိုးတို့ကို ကွဲပြား​ပြန့်ကျဲ​စေကြ၏။ ဣသရေလ​အမျိုးသားများ​ဖြစ်သည့် ငါ၏​လူမျိုးတို့​သည်​လည်း သူတို့​ကြားမှ နှင်ထုတ်​ခံရ၍၊ သူတို့​အားဖြင့် ခြေဖြင့်​နင်းချေ​ခံရကြ၏။

တပါး​အမျိုးသားတို့​အပေါ်သို့ ခမည်းတော်၏​ကရုဏာတော်များ၊ ထို့အတူ၊ ဣသရေလ​အမျိုးသားများ​ဖြစ်သည့် ငါ၏​လူမျိုးတို့​အပေါ်၌ ခမည်းတော်၏ တရား​စီရင်တော်မူခြင်းများကြောင့်၊ သင်တို့ကို ငါ​အမှန်၊ အမှန်​ဆိုသည်ကား၊ ဤအမှု​ခပ်သိမ်းတို့၏​နောက်၌၊ ငါသည် ဣသရေလ​အမျိုးသားများ​ဖြစ်သည့် ငါ၏​လူမျိုးတို့ကို၊ ပြင်းစွာ​အရိုက်​ခံရ​စေ၊ ထို့အတူ ဒုက္ခ​ရောက်စေ၊ ထို့အတူ ကွပ်မျက်​ခံရ​စေ၊ ထို့အတူ၊ သူတို့ထံမှ နှင်ထုတ်​ခံရစေ၊ ထို့အတူ၊ သူတို့၏​မုန်းတီးခြင်းကို ခံလာ​ရစေ၊ ထို့အတူ သူတို့၌ ပုံခိုင်း​ကဲ့ရဲ့ရာ​ဖြစ်​လာစေ၏—

၁၀ ထိုကဲ့သို့​အားဖြင့်၊ ခမည်းတော်သည် သင်တို့ကို ငါ​ဆို​ရမည့်​အကြောင်း၊ မိန့်တော်မူ​သည်​ကား၊ တပါး​အမျိုးသားတို့သည် ငါ၏​ဧဝံဂေလိ​တရားတော်ကို ဆန့်​ကျင်၍​အပြစ်​ပြုကြမည့်၊ ငါ၏​ဧဝံဂေလိ​တရားတော်​အပြည့်​အစုံကို ငြင်း​ပယ်ကြမည့်၊ ပြည်သား​ခပ်သိမ်းတို့​အထက်၌​လည်း​ကောင်း၊ မြေကြီး​တစ်ခုလုံး၌​ရှိသည့် လူမျိုးခပ်သိမ်းတို့ အထက်၌​လည်း​ကောင်း၊ မိမိမာန​စိတ်နှလုံးဖြင့် ဘဝင်​မြင့်မည့်၊ ထို့အတူ၊ အမျိုးမျိုးသော မုသား​ပြောခြင်း၊ ထို့အတူ လှည့်​ဖြားခြင်း၊ ထို့အတူ မကောင်းသော​အကြံ၊ ထို့အတူ အမျိုး​မျိုးသော သူတော်​ကောင်း​ယောင်​ဆောင်ခြင်း၊ ထို့အတူ လူ့​အသက်ကို​သတ်ခြင်း၊ ထို့အတူ ဘာသာရေးဖြင့်​ကိုယ်ကျိုး​ရှာခြင်း၊ ထို့အတူ မတရားသော​မေထုန်​အမှု၊ ထို့အတူ လျှို့ဝှက်သော စက်ဆုပ်​ရွံရှာဖွယ်​အမှုတို့နှင့်​ပြည့်မည့်​ကာလ၌၊ ထိုအမှုခပ်သိမ်းတို့ကို ပြု၍၊ ငါ၏​ဧဝံဂေလိ​တရား​တော်​အပြည့်​အစုံကို ငြင်း​ပယ်ကြ​မည်​ဆိုလျှင်၊ ရှုလော့၊ ခမည်းတော်​မိန့်တော်မူ​သည်ကား၊ ငါသည် ငါ၏​ဧဝံဂေလိ​တရားတော်​အပြည့်​အစုံကို သူတို့ထံမှ နှုတ်ယူ​တော်မူမည်။

၁၁ ထို့နောက်တွင်၊ ငါသည် ငါ၏​လူမျိုးများထံ ပြုတော်မူသည့် ငါ၏​ပဋိညာဉ်ကို အောက်မေ့​တော်မူမည်။ အို ဣသရေလ​အမျိုးသားတို့၊ ငါသည် ငါ၏​ဧဝံဂေလိ​တရားတော်ကို သူတို့ထံသို့ ဆောင်​ယူ​တော်မူမည်။

၁၂ သင်တို့ကိုလည်း ပြတော်မူမည်၊ အို ဣသရေလ​အမျိုးသားတို့၊ တပါး​အမျိုးသားတို့ သင်တို့​အပေါ်၌ အစိုး​ရခြင်း​ရှိလိမ့်မည် မဟုတ်​။ သို့ရာတွင် ငါသည် သင်တို့​အပေါ်​ရှိ ငါ၏​ပဋိညာဉ်ကို အောက်မေ့​တော်မူမည်၊ အို ဣသရေလ​အမျိုးသားတို့၊ သင်တို့​သည် ငါ၏ ဧဝံဂေလိ​တရားတော်​အပြည့်​အစုံကို သိခြင်းသို့လည်း ရောက်ကြ​လိမ့်မည်။

၁၃ သို့ရာတွင်၊ တပါး​အမျိုးသားတို့သည် နောင်တ​ရ၍၊ ငါ့ထံသို့​ပြန်​လာကြမည်​ဆိုလျှင်၊ ခမည်းတော် မိန့်တော်မူသည်ကား၊ ရှုလော့ သူတို့သည် ငါ၏​လူမျိုးတို့၌ ရေတွက်​ခံရကြမည်၊ အို ဣသရေလ​အမျိုးသားတို့။

၁၄ ငါသည် ဣသရေလ​အမျိုးသားများ​ဖြစ်သည့် ငါ၏​လူမျိုးတို့အား ထိုသူတို့​ကြားသို့ ဖြတ်၍​သွားရန်နှင့် ထိုသူတို့ကို နင်းချေရန် အခွင့်​ပေး​တော်မူမည်​မဟုတ်ဟု ခမည်းတော်မိန့်တော်မူ၏။

၁၅ သို့ရာတွင်၊ ထိုသူတို့သည် ငါ့ထံသို့​ပြန်​မလာကြ၊ ငါ၏​အသံကို စေ့စေ့နား​မထောင်ကြလျှင်၊ ငါ​အခွင့်​ပေးတော်မူမည်။ အထူးသဖြင့်၊ အို ဣသရေလ​အမျိုးသားတို့၊ ငါသည် ငါ၏​လူမျိုးတို့အား၊ ထိုသူတို့​ကြား၌ ဖြတ်​သွား၍၊ ထိုသူတို့ကို နင်းချေရန် အခွင့်​ပေးတော်မူမည်​ဖြစ်၍၊ ထိုသူတို့​သည်​လည်း အရသာ​ကင်း​ပျောက်သည့် ဆားကဲ့သို့ ဖြစ်လိမ့်မည်၊ ထိုအချိန်မှစ၍ ဆားသည် ပြင်သို့အပစ်ခံရရန်နှင့် ငါ့လူမျိုးတို့၏ ခြေအောက်၌ နင်းချေခံရရန်မှတစ်ပါး၊ အဘယ်​အသုံးမျှ​မဝင်၊ အို ဣသရေလ​အမျိုးသားတို့။

၁၆ သင်တို့ကို ငါ​အမှန်၊ အမှန်​ဆို​သည်ကား၊ ထိုကဲ့သို့ ခမည်းတော်​သည် ငါ့ကို မိန့်တော်မူ​လေသည်မှာ—ငါသည် ဤလူမျိုးတို့အား ဤပြည်ကို သူတို့၏​အမွေ​ခံရာ​အဖြစ် ပေး​ရမည့်အကြောင်း​ပေတည်း။

၁၇ ထို့နောက်​တွင်ကား၊ ပရောဖက်​ဟေရှာယ၏​စကားများ ပြီးပြည့်စုံ​လိမ့်မည်၊ ဆိုလေ​သည်ကား၊

၁၈ သင်၏​ကင်း​စောင့်တို့သည် ကြွေး​ကြော်၍၊ တညီ​တညွတ်တည်းသော​အသံဖြင့်၊ သီဆိုကြ​လိမ့်မည်။ အကြောင်း​မူကား၊ ကိုယ်တော်ရှင် ဇိအုန်မြို့ကို ပြန်လည်​တည်​ရှိစေ​တော်မူသော​အခါ၊ သူတို့သည် ကိုယ်တိုင်​မြင်ကြ​ရလိမ့်မည်။

၁၉ ဝမ်းမြောက်စွာ​ကြွေးကြော်ကြလော့၊ အတူတကွ သီချင်း​ဆိုကြ​လော့၊ ယေရုရှလင်​မြို့ရှိ ပြိုပျက်ရာ​အရပ်တို့။ အကြောင်း​မူကား၊ ကိုယ်တော်ရှင်သည် မိမိလူမျိုးတို့ကို နှစ်သိမ့်​စေတော်မူလေပြီ၊ ယေရုရှလင်ကို ရွေးနှုတ်​တော်မူ​လေပြီ။

၂၀ ကိုယ်တော်ရှင်သည် သူ၏​သန့်ရှင်းသော​လက်တော်ကို ခပ်သိမ်းသောပြည်သားတို့​ရှေ့၌၊ ဖွင့်ပြ​တော်မူ၏။ မြေကြီး​စွန်းသား ခပ်သိမ်းတို့​သည်​လည်း ဘုရားသခင်၏ ကယ်တင်ခြင်းကို မြင်​ရလိမ့်မည်။

ပုံနှိပ်သည်