တတိယနီဖိုင်း
ဟေလမန်၏သားဖြစ်သော နီဖိုင်း၏သား
နီဖိုင်းကျမ်း
ဟေလမန်သည် ဟေလမန်၏ သားဖြစ်၏၊ ထိုဟေလမန်သည်ကား၊ ယုဒရှင်ဘုရင်ဇေဒကိ နန်းစံခြင်း ပထမနှစ်၌ ယေရုရှလင်မှထွက်လာခဲ့သူ လေဟိ၏သားဖြစ်သော နီဖိုင်း၏အမျိုးအနွယ်တစ်ဦးဖြစ်သော အယ်လမာ၏သား အယ်လမာ၊ ထိုအယ်လမာ၏သား ဖြစ်၏။
အခန်းကြီး ၁
ဟေလမန်၏သား နီဖိုင်းသည် ထိုပြည်မှ ထွက်ခွာ၏။ သူ၏သားနီဖိုင်းသည်လည်း မှတ်တမ်းများကို ရေးမှတ်၏—နိမိတ်လက္ခဏာများနှင့် အံ့မခန်းချီးမွမ်းဖွယ်အမှုတို့ များစွာရှိသော်လည်း ဆိုးညစ်သောသူတို့သည် ဖြောင့်မတ်သောသူများကို ကွပ်မျက်ခြင်းငှာ ကြံစည်ကြ၏—ခရစ်တော်ဖွားမြင်တော်မူရာညဉ့် ရောက်လာ၏—နိမိတ်လက္ခဏာကိုပေး၏၊ အသစ်ဖြစ်သောကြယ်တစ်လုံး ထွက်လာ၏—မုသားပြောခြင်းနှင့် လှည့်ဖြားခြင်းတို့ တိုးပွားလာ၏၊ ဂါဒျန်တန်ဓားပြတို့သည် များစွာသောသူတို့ကို သိမ်းရုံးသတ်ဖြတ်ကြ၏။ အေဒီ ၁–၄ ခန့်။
၁ ယခုတွင်၊ အချိန်တန်လာသောအခါ၊ ကိုးဆယ်တစ်နှစ်မြောက် ကုန်လွန်သွားလေ၏၊ လေဟိ ယေရုရှလင်ကို စွန့်ခွာခဲ့သည့်အချိန်မှစ၍ နှစ်ပေါင်းခြောက်ရာ ကြာခဲ့လေပြီ။ ထိုနှစ်သည် လာချော်နေရု ထိုပြည်အပေါ်၌ တရားသူကြီးချုပ်နှင့် အုပ်ချုပ်သူဖြစ်သောနှစ်လည်းဖြစ်၏။
၂ ဟေလမန်၏သားနီဖိုင်းသည် ဇရဟင်မလပြည်မှ ထွက်ခွာ၍၊ ကြေးပုရပိုက်ပြားများ၊ ထို့အတူ၊ သိမ်းဆည်းထားလေသည့် ခပ်သိမ်းသောမှတ်တမ်းများ၊ ထို့အတူ၊ ယေရုရှလင်မှ လေဟိထွက်ခွာချိန်ကတည်းက သန့်ရှင်းမွန်မြတ်စွာထိန်းသိမ်းထားလေသည့် ခပ်သိမ်းသောထိုအရာတို့နှင့်စပ်လျဉ်း၍ သူ၏သားအကြီးဆုံးနီဖိုင်းကို တာဝန်ပေး၏။
၃ ထို့နောက်တွင်၊ သူသည် ထိုပြည်မှ ထွက်ခွာ၍၊ အဘယ်အရပ်သို့ သွားသည်ကို အဘယ်သူမျှမသိ။ သူ၏သားနီဖိုင်းသည်လည်း သူ့အစား မှတ်တမ်းများ၊ အထူးသဖြင့် ဤလူမျိုးတို့၏မှတ်တမ်းများကို ရေးမှတ်၏။
၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိုးဆယ်နှစ်နှစ်မြောက်၏အစ၌၊ ရှုလော့၊ ပရောဖက်တို့၏ ပရောဖက်ပြုဟောချက်များ ပို၍ပြည့်စုံစွာ ပြီးပြည့်စပြု၏။ အကြောင်းမူကား၊ ပို၍ကြီးစွာသောနိမိတ်လက္ခဏာများနှင့် ပို၍ကြီးစွာသော အလွန်တရာအံ့ဩဖွယ်အမှုများကို လူတို့၌ ပြုပြင်စီရင်စပြု၏။
၅ သို့ရာတွင်၊ လာမန်အမျိုးသား ရှမွေလပြောသည့် စကားများ ပြီးပြည့်စုံစေဖို့ အချိန်ကုန်လွန်သွားလေပြီဟု ပြောစပြုသူအချို့ ရှိ၏။
၆ သူတို့သည်လည်း မိမိတို့ညီအစ်ကိုတို့အပေါ်၌ ရွှင်လန်းဝမ်းမြောက်စပြု၍၊ ဆိုကြလေသည်ကား၊ ရှုလော့၊ အချိန် ကုန်လွန်သွား၍၊ ရှမွေလ၏စကားများလည်း မပြီးပြည့်စုံ။ ထို့ကြောင့်၊ ဤအမှုတို့နှင့်စပ်လျဉ်း၍ သင်တို့၏ပျော်ရွှင်ခြင်းနှင့် ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်လေပြီ။
၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ထိုပြည်တစ်လျှောက် အုတ်အုတ်သဲသဲ ပြုကြ၏။ ယုံကြည်သောသူတို့သည်လည်း ဟောလေသောထိုအရာများ တစ်စုံတစ်ခုသောအကြောင်းကြောင့် ဖြစ်မလာနိုင်မည်ကို စိုးရိမ်၍ အလွန်ဝမ်းနည်းစပြု၏။
၈ သို့ရာတွင်၊ ရှုလော့၊ သူတို့၏ယုံကြည်ခြင်း အချည်းနှီးမဖြစ်လေကြောင်းသိနိုင်ကြခြင်းငှာ၊ ညမရှိသည့်ပမာ၊ တစ်နေ့တည်းဖြစ်မည့် ထိုနေ့၊ ထိုညနှင့် ထိုနေ့တို့ကို မြဲမြံစွာစောင့်ကြည့်ကြ၏။
၉ ယခုတွင်၊ အချိန်တန်လာသောအခါ၊ ပရောဖက်ရှမွေလဟောပြောသည့် နိမိတ်လက္ခဏာ ဖြစ်လာခြင်းမရှိလျှင်၊ ထိုနည်းဥပဒေသများကို ယုံကြည်သောသူခပ်သိမ်းတို့အသေသတ် ခံရမည့် နေ့တစ်နေ့ကို မယုံကြည်သူတို့က ရွေးထား၏။
၁၀ ယခုတွင်၊ အချိန်တန်လာသောအခါ နီဖိုင်း၏သား နီဖိုင်းသည် သူ့လူမျိုးတို့၏ဤဆိုးညစ်ခြင်းကို မြင်လျှင်၊ သူ၏စိတ်နှလုံးသည် အလွန်ဝမ်းနည်း၏။
၁၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် ထွက်သွား၍၊ သူ့ကိုယ်ကို မြေကြီးပေါ်သို့ ဦးညွှတ်ချလျက်၊ သူ့လူမျိုးတို့ကိုယ်စား၊ အထူးသဖြင့်၊ သူတို့ဘိုးဘေးတို့၏ နည်းဥပဒေသများကို သူတို့၏ ယုံကြည်ခြင်းကြောင့် ဖျက်ဆီးခံရတော့မည့် ထိုသူတို့၏ကိုယ်စား သူ၏ဘုရားသခင်ထံသို့ စိတ်အားထက်သန်စွာ တောင်းလျှောက်၏။
၁၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် ကိုယ်တော်ရှင်ထံသို့ ထိုတစ်နေ့လုံး စိတ်အားထက်သန်စွာတောင်းလျှောက်၏။ ရှုဦးလော့၊ သူ့ထံသို့ ကိုယ်တော်ရှင်၏အသံ ရောက်လာ၍၊ မိန့်တော်မူလေသည်ကား၊
၁၃ သင့်ခေါင်းကို မော့၍ ရွှင်လန်းလော့။ အကြောင်းမူကား၊ ရှုလော့၊ အချိန်သည် နီးကပ်လာ၍၊ ဤညတွင် နိမိတ်လက္ခဏာကို ပေးလိမ့်မည်။ နက်ဖြန့်နေ့၌လည်း ငါသည် ငါ၏သန့်ရှင်းသောပရောဖက်တို့၏နှုတ်အားဖြင့် ပြောစေခဲ့သည့် အရာခပ်သိမ်းတို့ကို ပြီးပြည့်စုံစေမည့်အကြောင်း လောကကိုပြတော်မူခြင်းငှာ၊ လောကထဲသို့ ကြွလာတော်မူမည်။
၁၄ ရှုလော့၊ ငါသည် ကမ္ဘာတည်ကတည်းက လူသားများသို့ ဖော်ပြသည့်အရာတို့ကို ပြီးပြည့်စုံစေခြင်းငှာလည်းကောင်း၊ ခမည်းတော်နှင့် သားတော်နှစ်ပါးစလုံး၏ အလိုကိုဆောင်ခြင်းငှာလည်းကောင်း၊ ငါ၏လူမျိုးတို့ထံသို့ ကြွလာတော်မူ၏—ငါ့ကြောင့် ခမည်းတော်၏အလိုဖြစ်၏၊ ငါ့ကိုယ်ခန္ဓာကြောင့်၊ သားတော်၏အလိုဖြစ်၏။ ရှုဦးလော့၊ အချိန်သည် နီးကပ်လာ၍၊ ဤည၌ နိမိတ်လက္ခဏာကို ပေးတော်မူမည်။
၁၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နီဖိုင်းထံသို့ ရောက်လာသောစကားများသည် ပြောထားခဲ့သည့်အတိုင်းပင် ပြီးပြည့်စုံ၏။ အကြောင်းမူကား၊ ရှုလော့၊ နေဝင်သွားချိန်၌ မှောင်မိုက်ခြင်းမရှိ။ လူတို့သည်လည်း ညဉ့်အချိန်ရောက်လာသောအခါ၌ မှောင်မိုက်ခြင်းမရှိသောကြောင့် အံ့ဩစပြုကြ၏။
၁၆ ပရောဖက်တို့၏စကားများကို မယုံကြည်သူ၊ မြေကြီးသို့လဲကျ၍ သေသကဲ့သို့ ဖြစ်လာသောသူများစွာရှိ၏။ အကြောင်းမူကား၊ သူတို့သည် ပရောဖက်တို့၏စကားများကို ယုံကြည်သောသူများအတွက် သူတို့ချမှတ်ထားသည့် ကြီးသောဖျက်ဆီးခြင်းအစီအစဉ် အထမမြောက်လေပြီဖြစ်ကြောင်းကို သိကြ၏။ ပေးထားသော နိမိတ်လက္ခဏာသည်လည်း ဖြစ်ပျက်နှင့်လေပြီ။
၁၇ ဘုရားသခင်၏သားတော် မကြာမြင့်မီ ထွက်ပေါ်လာတော့မည်ကိုလည်း သိစပြု၏။ ထိုမှတစ်ပါး၊ အချုပ်အားဖြင့်၊ အရှေ့မှ အနောက်၊ မြောက်အရပ်ရှိပြည်နှင့် တောင်အရပ်ရှိပြည် နှစ်ခုစလုံးနှင့် မြေကြီးတစ်ခုလုံး၏ မျက်နှာပြင်ပေါ်မှ ခပ်သိမ်းသောလူတို့သည် လွန်စွာအံ့ဩ၍ မြေကြီးသို့ လဲကျကြ၏။
၁၈ အကြောင်းမူကား၊ ဤအရာများအကြောင်းကို နှစ်ပေါင်းများစွာကတည်းက ပရောဖက်များ သက်သေခံကြသည်ကို သိကြ၏။ ပေးထားသော နိမိတ်လက္ခဏာသည်လည်း ဖြစ်ပျက်နှင့်လေပြီ။ သူတို့၏ဒုစရိုက်နှင့် သူတို့၏မယုံကြည်မှုကြောင့်လည်း ကြောက်ရွံ့စပြုကြ၏။
၁၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ထို့တစ်ညဉ့်လုံး၌ မှောင်မိုက်ခြင်းမရှိ၊ နေ့လည်မှာကဲ့သို့ပင် အလင်းသာရှိ၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နေသည် နံနက်အချိန်၌ သူ့ပုံမှန်အစီအစဉ်အတိုင်း ထွက်လာ၏။ ပေးထားလေသည့် နိမိတ်လက္ခဏာကြောင့်၊ သူတို့သည် ကိုယ်တော်ရှင်ကို ဖွားမြင်မည့်နေ့ဖြစ်ကြောင်းကိုလည်း သိကြ၏။
၂၀ ဤသို့အားဖြင့်၊ ခပ်သိမ်းသောအရာမှန်သမျှသည် ပရောဖက်တို့၏စကားများအတိုင်း ဖြစ်လာ၏။
၂၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အသစ်ဖြစ်သော ကြယ်တစ်လုံးသည်လည်း စကားအတိုင်း ပေါ်ထွက်လာ၏။
၂၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ယခုအချိန်မှစ၍၊ လူတို့၌ သူတို့မြင်ခဲ့ရလေသည့် ထိုနိမိတ်လက္ခဏာများနှင့် အံ့မခန်းချီးမွမ်းဖွယ်အမှုတို့ကို သူတို့မယုံကြည်နိုင်ကြစေခြင်းငှာဟူသော ရည်ရွယ်ချက်အတွက် သူတို့စိတ်နှလုံးကို မာကျောစေရန်၊ စာတန်လွှတ်သည့် မုသားပြောခြင်းများ ရှိစပြု၏။ သို့ရာတွင်၊ ဤမုသားပြောခြင်းနှင့် လှည့်စားခြင်းတို့ ရှိသော်ငြားလည်း၊ လူတို့မှ အများစုသည် ယုံကြည်၍ ကိုယ်တော်ရှင်ထံသို့ ပြောင်းလဲကြ၏။
၂၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နီဖိုင်းနှင့် အခြားသူများစွာတို့သည်လည်း လူတို့ထံ ထွက်သွား၍၊ နောင်တရခြင်းအလို့ငှာ၊ ဗတ္တိဇံပေးလျက်ရှိရာတွင်၊ အပြစ်များမှလွှတ်ခြင်း များစွာရှိ၏။ ထိုကဲ့သို့အားဖြင့်၊ လူတို့သည် ထိုပြည်၌ ငြိမ်းချမ်းခြင်း တစ်ဖန်ရှိစပြု၏။
၂၄ မောရှေ၏ပညတ်တရားကိုလည်း ကျင့်စောင့်ရန် မလိုအပ်တော့ကြောင်း၊ ကျမ်းစာများအားဖြင့် သက်သေပြခြင်းငှာ ကြိုးစားလျက်ဟောပြောစပြုသူ အနည်းငယ်တို့မှတစ်ပါး၊ ငြင်းခုံခြင်းများ မရှိ။ ယခုတွင်၊ ဤအရာ၌ သူတို့တိမ်းမှားကြသည်မှာ ကျမ်းစာများကို နားမလည်သောကြောင့်ဖြစ်၏။
၂၅ သို့ရာတွင်၊ အချိန်တန်လာသောအခါ၊ သူတို့သည် မကြာမြင့်မီ ပြောင်းလဲလာ၏၊ သူတို့ရောက်နေသည့်အရာ၏ မှားယွင်းခြင်းအကြောင်း၊ နားသွင်းခြင်းကိုလည်း ခံရကြ၏။ အကြောင်းမူကား၊ ပညတ်တရား မပြီးပြည့်စုံသေးသည်ကိုလည်းကောင်း၊ ထိုပညတ်တရားသည် အလုံးစုံတို့၌ ပြီးပြည့်စုံရမည်ကိုလည်းကောင်း၊ ထိုမှတစ်ပါး၊ သူတို့ထံသို့ရောက်လာသည့် စကား ပြီးပြည့်စုံရမည်ကိုလည်းကောင်း၊ ထိုမှတစ်ပါး၊ အငယ်ဆုံးသောစာလုံးနှင့် ဗိန္ဒုတို့ ထိုတရားပြီးပြည့်စုံသည့်တိုင်အောင် ကွယ်ပျောက်လိမ့်မည်မဟုတ်ကြောင်းကိုလည်းကောင်း၊ သူတို့ထံသို့ ဖော်ပြတော်မူလေ၏။ ထို့ကြောင့်၊ ဤတစ်နှစ်တည်းတွင်၊ သူတို့၏မှားယွင်းခြင်းအကြောင်းကို သိခြင်းသို့ ဆောင်ယူခံရ၍၊ သူတို့၏အမှားများကို ဝန်ခံကြ၏။
၂၆ ထိုကဲ့သို့အားဖြင့်၊ သန့်ရှင်းသော ပရောဖက် ခပ်သိမ်းတို့၏ ပရောဖက်ပြုဟောချက် စကားများအတိုင်း ဖြစ်လာသည့် နိမိတ်လက္ခဏာများကြောင့် လူတို့ထံသို့ ဝမ်းသာစရာသတင်းကို ဆောင်ယူလျက် ကိုးဆယ်နှစ်နှစ်မြောက် ကုန်လွန်သွား၏။
၂၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ တောင်များပေါ်၌နေထိုင်သူ၊ ထိုပြည်၌ထကြွသူ ဂါဒျန်တန်ဓားပြများမှတစ်ပါး၊ ကိုးဆယ်သုံးနှစ်မြောက်သည်လည်း ငြိမ်းချမ်းစွာ ကုန်လွန်သွား၏။ အကြောင်းမူကား၊ သူတို့၏စခန်းများနှင့် လျှို့ဝှက်သောနေရာများမှာ အလွန်ခိုင်မာလေသဖြင့်၊ သူတို့ကို လူတို့အနိုင်မရနိုင်ကြ။ ထို့ကြောင့်၊ သူတို့သည် လူ့အသက်သတ်ခြင်းများစွာကို ကျူးလွန်၍၊ လူတို့၌ သိမ်းရုံးသတ်ဖြတ်ခြင်းများစွာတို့ကို ပြုကြ၏။
၂၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိုးဆယ်လေးနှစ်မြောက်၌၊ သူတို့ထံသို့ ထွက်ပြေးသူ၊ နီဖိုင်းအမျိုးသားတို့ထံမှသဘောကွဲလွဲသောသူများစွာရှိသောကြောင့်၊ သူတို့သည် ကြီးစွာသောပမာဏအထိ တိုးပွားစပြုကြ၏။ ထိုထွက်ပြေးခြင်းအမှုက ပြည်၌ ဆက်၍နေထိုင်ခဲ့သည့် နီဖိုင်းအမျိုးသားတို့ကို ဝမ်းနည်းခြင်းများစွာဖြစ်စေ၏။
၂၉ ထို့အတူ၊ လာမန်အမျိုးသားတို့၌ များစွာသောဝမ်းနည်းခြင်း၏ အကြောင်းရင်းတစ်ခုလည်း ရှိ၏။ အကြောင်းမူကား၊ ရှုလော့၊ သူတို့၌ နှစ်များကြာ၍ ကြီးပြင်းလျက် အားကြီးစပြုလာသော သားသမီးများ များစွာရှိကြလေရာ၊ ထိုသူတို့သည် ကိုယ့်စိတ်အတိုင်း ပြုလာကြ၊ ထို့အတူ ဇော်ရမ်အမျိုးသားဖြစ်သူအချို့၏ မုသားပြောခြင်းများနှင့် မြှောက်ပင့်သောစကားများအားဖြင့် ဂါဒျန်တန်ဓားပြများနှင့် ပူးပေါင်းစေရန် လှည့်ဖြားခေါ်ဆောင်သွားခံရကြ၏။
၃၀ ထိုကဲ့သို့အားဖြင့်၊ လာမန်အမျိုးသားတို့သည် ဒုက္ခလည်းရောက်ကြ၏၊ ထို့အတူ ကြီးပြင်းလာသော မျိုးဆက်၏ ဆိုးညစ်ခြင်းကြောင့်၊ သူတို့၏ယုံကြည်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့၌ ဆုတ်ယုတ်စပြုကြ၏။