အခန်းကြီး ၄၂
သေခြင်းရှိရာအဖြစ်သည် လူသားအတွက် နောင်တရရန်နှင့် ဘုရားသခင်ကို အစေခံရန် စွမ်းဆောင်နိုင်စေခြင်းငှာ အစမ်းသပ်ခံရာ အချိန်ကာလဖြစ်၏—ကျရှုံးခြင်းသည် ခပ်သိမ်းသောလူသားတို့အပေါ် ဝိညာဉ်ပကတိနှင့် ဇာတိပကတိသေခြင်းကို ဖြစ်ပေါ်စေ၏—ရွေးနှုတ်ခြင်းသည် နောင်တရခြင်းအားဖြင့် ရောက်လာ၏—ဘုရားသခင်ကိုယ်တော်တိုင် လောကီသားတို့၏ အပြစ်များအတွက် အပြစ်ဖြေတော်မူ၏—ကရုဏာတော်သည် နောင်တရသောသူများအတွက် ဖြစ်၏—အခြားသောသူခပ်သိမ်းတို့သည် ဘုရားသခင်၏ တရားတော်မူခြင်း လွှမ်းမိုးမှုအောက်၌ ရှိ၏—ကရုဏာတော်သည် အပြစ်ဖြေခြင်းမင်္ဂလာကြောင့် ရောက်လာ၏—အမှန်နောင်တရသောသူများသာလျှင် ကယ်တင်ခြင်းသို့ ရောက်ကြ၏။ ဘီစီ ၇၄ ခန့်။
၁ ယခုမူကား၊ ငါ့သား၊ သင်၏စိတ်ကို စိုးရိမ်စေသည့်အရာ အတော်အသင့် ထပ်၍ရှိသေးသည်ကို ငါသိမြင်၏။ ထိုအရာကို သင်နားမလည်နိုင်—ထိုအရာသည်ကား၊ အပြစ်ရှိသူအား အပြစ်ဒဏ်ကိုပေးရာ၌ ဘုရားသခင်၏ တရားတော်မူခြင်းအကြောင်းပေတည်း။ အကြောင်းမူကား၊ သင်သည် ဝမ်းနည်းပူဆွေးမှုအခြေအနေသို့ အပြစ်ရှိသူလွှဲအပ်ခံရမည်မှာ တရားမမျှတဟု ထင်မှတ်ရန် ကြိုးစား၏။
၂ ယခုတွင်၊ ရှုလော့၊ ငါ့သား၊ ငါသည် ဤအမှုကို သင့်အား ရှင်းပြမည်။ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်ဘုရားသခင်သည် ငါတို့၏ ပထမဦးဆုံးသောမိဘတို့အား သူတို့ကို နှုတ်ယူရာမြေကြီးကို ထွန်ယက်စေရန် ဧဒင်ဥယျာဉ်မှ နှင်ထုတ်ပြီးနောက်—ထိုမှတစ်ပါး၊ သူသည် လူသားကို ပယ်ရှား၏။ အသက်ပင်ကို စောင့်ရှောက်စေခြင်းငှာလည်း၊ ခေရုဗိမ်နှင့် လမ်းမှန်သမျှကို လွှဲစေသည့် မီးစက်လက်နက်ကို ဧဒင်ဥယျာဉ်အရှေ့ဘက်စွန်း၌ ထားတော်မူ၏—
၃ ယခုတွင်၊ ငါတို့ သိမြင်ကြသည်မှာ၊ လူသားသည် အကောင်းနှင့် အဆိုးကိုသိ၍ ဘုရားသခင်ကဲ့သို့ ဖြစ်လာခဲ့လေခြင်းပေတည်း။ ထို့အတူ၊ သူ့အား၊ လက်ကိုမထုတ်၊ အသက်ပင်၏ အသီးကိုလည်းမခူး၊ မစား၍၊ ကာလအစဉ်အဆက် အသက်မရှင်စေခြင်းငှာလည်းကောင်း၊ သူ့အား ထိုအသီးကို မသုံးဆောင်ရစေခြင်းငှာလည်းကောင်း၊ ကိုယ်တော်ရှင်ဘုရားသခင်သည် ခေရုဗိမ်နှင့် မီးစက်လက်နက်ကို ထားတော်မူ၏—
၄ ထိုကဲ့သို့အားဖြင့်၊ ငါတို့သိမြင်ကြသည်မှာ လူသားအား နောင်တရရန် ကာလတစ်ခု၊ အမှန်စင်စစ်၊ အစမ်းသပ်ခံရာကာလတစ်ခု၊ နောင်တရ၍၊ ဘုရားသခင်ကို အစေခံရန်ကာလတစ်ခု ပေးထားတော်မူကြောင်းပေတည်း။
၅ အကြောင်းမူကား၊ ရှုလော့၊ အာဒံသည် မိမိလက်ကို ရုတ်တရက်ထုတ်၍ အသက်ပင်၏အသီးကို သုံးဆောင်ခဲ့လေလျှင်၊ ကာလအစဉ်အဆက် အသက်ရှင်လိမ့်မည်ဖြစ်၍၊ ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်း၊ နောင်တရခြင်းအတွက် ကာလအပိုင်းအခြားမရှိလေ၍၊ ထိုမှတစ်ပါး၊ ဘုရားသခင်၏နှုတ်ကပတ်တော်သည်လည်း အချည်းနှီးဖြစ်၍၊ ကြီးမြတ်တော်မူသည့် ကယ်တင်ခြင်းအစီအစဉ်လည်း အထမမြောက်ဘဲရှိလိမ့်မည်။
၆ သို့ရာတွင်၊ ရှုလော့၊ လူသားကို သေစေရန် စီရင်တော်မူနှင့်လေပြီ—ထို့ကြောင့်၊ သူတို့သည် အသက်ပင်မှ တားဆီးထားခံရသကဲ့သို့၊ မြေကြီးမျက်နှာပြင်မှ ပယ်ရှင်းခံရ၏—လူသားသည်လည်း ကာလအစဉ်အဆက် ပျောက်ဆုံးလာ၏။ ထိုမှတစ်ပါး၊ သူတို့သည် ကျရှုံးသောသူဖြစ်လာ၏။
၇ ယခုမူကား၊ ငါတို့၏ ပထမဦးဆုံးသောမိဘများသည် ကိုယ်တော်ရှင်၏မျက်မှောက်မှ ဇာတိပကတိနှင့် ဝိညာဉ်ပကတိနှစ်ခုစလုံး၌ ပယ်ရှင်းခံရလေသည်ကို ဤအမှုအားဖြင့် သင်သိမြင်၏။ ထိုကဲ့သို့အားဖြင့်၊ ငါတို့သိမြင်ကြသည်မှာ သူတို့သည် သူတို့ကိုယ်တိုင်၏အလိုဆန္ဒနောက်သို့ လိုက်စေရန် ဩဇာခံများဖြစ်လာခြင်းပေတည်း။
၈ ယခုတွင်ရှုလော့၊ လူသားသည် ဤဇာတိပကတိသေခြင်းမှ ကယ်ဆယ်ခံရရန် မလိုအပ်။ အကြောင်းမူကား၊ ကြီးမြတ်သည့် ပျော်ရွှင်ခြင်းအစီအစဉ်ကို ထိုအမှုက ဖျက်ဆီးလိမ့်မည်။
၉ ထို့ကြောင့်၊ စိတ်ဝိညာဉ်သည် အဘယ်တော့မှ မသေနိုင်သဖြင့်၊ ခပ်သိမ်းသော လူသားတို့၌၊ ကျရှုံးခြင်း၊ ဇာတိပကတိသေခြင်းနှင့်အတူ ဝိညာဉ်ပကတိသေခြင်းကိုလည်း ဖြစ်ပေါ်စေလေ၏။ ဆိုလိုသည်မှာ၊ လူသားတို့သည် ကိုယ်တော်ရှင်၏မျက်မှောက်မှ ပယ်ရှင်းခံရ၍၊ ဤဝိညာဉ်ပကတိသေခြင်းမှ ကယ်ဆယ်ခံရရန် လိုအပ်ပေ၏။
၁၀ ထို့ကြောင့်၊ သူတို့သည် လောကီဆိုင်ရာ၊ ရာဂစိတ်ဖြင့်စွဲလန်းခြင်းနှင့် နတ်ဆိုးကဲ့သို့ဖြစ်ခြင်း အလိုအလျောက်ဖြစ်လာ၍ ဤအစမ်းသပ်ခံရာနေရာသည် သူတို့အတွက်၊ ပြင်ဆင်ရန်နေရာ ဖြစ်လာ၏။ ပြင်ဆင်ရာနေရာတစ်ခု ဖြစ်လာ၏။
၁၁ ယခုမူကား၊ ငါ့သား၊ ရွေးနှုတ်ခြင်းအစီအစဉ် မရှိဘဲနှင့် (ထိုအစီအစဉ်ကို ပယ်ရှားလျက်) သူတို့သည် သေလျှင်သေချင်း၊ သူတို့၏စိတ်ဝိညာဉ်များသည် ကိုယ်တော်ရှင်၏ မျက်မှောက်မှ ပယ်ရှားခံရ၍ ဝမ်းနည်းပူဆွေးစရာဖြစ်ရမည့်အကြောင်းကို သတိရလော့။
၁၂ ယခုမူကား၊ လူသားကိုယ်တိုင်၏ မနာခံခြင်းကြောင့်၊ သူ့အပေါ်သို့ ကျရောက်စေသည့် ဤကျရှုံးရာအခြေအနေမှ၊ လူသားတို့ကို ကယ်ဆယ်ရန် နည်းလမ်းမရှိ။
၁၃ ထို့ကြောင့်၊ တရားတော်မူခြင်းအတိုင်း၊ ဤအစမ်းသပ်ခံရာနေရာ၊ အထူးသဖြင့်၊ ဤပြင်ဆင်ရာနေရာ၌ လူသားတို့နောင်တရခြင်းအခွင့်များအားဖြင့်မှတစ်ပါး၊ ရွေးနှုတ်ခြင်းအစီအစဉ်ကို အကျိုးပြုသက်ရောက်စေနိုင်တော်မူမည်မဟုတ်။ အကြောင်းမူကား၊ ဤအခွင့်များအားဖြင့်မှတစ်ပါး၊ ကရုဏာတော်သည် တရားသောအမှုတော်ကို မဖျက်ဆီးဘဲနှင့် အကျိုးမသက်ရောက်နိုင်။ ယခုတွင်၊ တရားသောအမှုတော်ကို မဖျက်ဆီးနိုင်။ အကယ်၍ဖျက်ဆီးလျှင်၊ ဘုရားသခင်သည် ဘုရားသခင်အဖြစ်မှ ရပ်တန့်တော်မူလိမ့်မည်။
၁၄ ထိုကဲ့သို့အားဖြင့်၊ ငါတို့သိမြင်ကြသည်မှာ ခပ်သိမ်းသောလူသားတို့သည် ကျရှုံး၍၊ အပြစ်ပေးခြင်း၏ချုပ်ကိုင်ခြင်း၌ ရှိလေပြီး၊ အမှန်စင်စစ်၊ သူတို့ကို မျက်မှောက်တော်မှ ကာလအစဉ်အဆက် ပယ်ရှင်းခံရစေရန် လွှဲအပ်တော်မူသည့် ဘုရားသခင်၏အပြစ်ပေးခြင်း၌ ရှိလေကြောင်းပေတည်း။
၁၅ ယခုမူကား၊ အပြစ်ဖြေခြင်းမင်္ဂလာကို ပြုမထားလျှင်၊ ကရုဏာတော်အစီအစဉ်ကို မဖြစ်စေနိုင်။ ထို့ကြောင့်၊ ဘုရားသခင်သည် စုံလင်သော၊ တရားမျှတတော်မူသည့် ဘုရားသခင်နှင့် ကရုဏာကြီး တော်မူသော ဘုရားသခင်လည်း ဖြစ်နိုင်ခြင်းငှာ၊ ကရုဏာတော် အစီအစဉ်ကို ဖြစ်စေရန်နှင့် တရားတော်မူခြင်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန်၊ ဘုရားသခင်ကိုယ်တော်တိုင်သည် လောကီသားတို့၏ အပြစ်များအတွက် အပြစ်ဖြေတော်မူ၏။
၁၆ ယခုတွင်၊ စိတ်ဝိညာဉ်ဘဝကဲ့သို့ပင် ထာဝရဖြစ်သည့် ပျော်ရွှင်ခြင်းအစီအစဉ်ကို ဆန့်ကျင်၍ ဆက်စပ်လျက်ရှိသော၊ စိတ်ဝိညာဉ်ဘဝကဲ့သို့လည်း ထာဝရဖြစ်သည့် အပြစ်ဒဏ်မရှိလျှင်၊ နောင်တရခြင်းသည် လူသားတို့ထံ မရောက်နိုင်။
၁၇ ယခုတွင်၊ လူသားသည် အပြစ်ကျူးလွန်ခြင်းမရှိလျှင်၊ အဘယ်သို့အားဖြင့် နောင်တရနိုင်ခဲ့မည်နည်း။ ဥပဒေမရှိလျှင်၊ အဘယ်သို့အားဖြင့် အပြစ်ကျူးလွန်နိုင်ခဲ့မည်နည်း။ အပြစ်ဒဏ်မရှိလျှင်၊ အဘယ်သို့အားဖြင့် ဥပဒေရှိနိုင်ခဲ့မည်နည်း။
၁၈ ယခုတွင်၊ ဆက်စပ်လျက်ရှိသောအပြစ်ဒဏ်ရှိလေ၍၊ လူသားသို့ သံဝေဂရရာ အသိစိတ်ကိုဆောင်သည့်တရားတည်းဟူသော၊ ပြုထားရာတရားမျှတသော ပညတ်တရားရှိ၏။
၁၉ ယခုတွင်၊ ပြုထားသောဥပဒေမရှိလျှင်—လူသားသည် လူ့အသက်ကိုသတ်လျှင်၊ သူလည်း သေရလိမ့်မည်—လူ့အသက်ကိုသတ်၍၊ သူလည်းသေရမည့်အတွက် ကြောက်လန့်မည်လော။
၂၀ ထို့အတူ၊ အပြစ်၏တစ်ဖက်၌ ဥပဒေကိုလည်း ပြုထားခြင်းမရှိလျှင်၊ လူသားတို့သည် အပြစ်ကျူးလွန်ရန် ကြောက်လန့်မည်မဟုတ်။
၂၁ ပညတ်တရားကို ပေးမထားလျှင်၊ လူသားတို့ အပြစ်ကျူးလွန်လျှင်လည်း၊ တရားတော်မူခြင်း သို့မဟုတ်၊ ကရုဏာတော်သည် လူသတ္တဝါအပေါ်၌ သက်ရောက်ခြင်း ရှိခဲ့လိမ့်မည် မဟုတ်သောကြောင့်၊ အဘယ်သို့ ပြုနိုင်ခဲ့သနည်း။
၂၂ သို့ရာတွင်၊ ပြုထားသော ဥပဒေ၊ ထို့အတူ ဆက်စပ်လျက်ရှိသောအပြစ်ဒဏ်၊ ထို့အတူ အခွင့်ပေးထားသော နောင်တရခြင်းရှိပေ၏။ ထိုနောင်တရခြင်းကို ကရုဏာတော်က လက်ခံ၍ သက်ရောက်ခြင်းရှိပေ၏။ သို့မဟုတ်လျှင်၊ တရားမျှတခြင်းက လူသတ္တဝါကိုတောင်းဆို၍ ဥပဒေကို စီရင်သဖြင့်၊ ဥပဒေက အပြစ်ဒဏ်ချမှတ်၏။ ထိုသို့မဟုတ်လေလျှင်၊ တရားမျှတသောအမှုတော်များ ပျက်စီးလိမ့်မည်ဖြစ်၍၊ ဘုရားသခင်သည် ဘုရားသခင်အဖြစ်မှ ရပ်တန့်တော်မူလိမ့်မည်။
၂၃ သို့ရာတွင်၊ ဘုရားသခင်သည် ဘုရားသခင်အဖြစ်မှ ရပ်တန့်တော်မူခြင်းမရှိ။ ကရုဏာတော်သည်လည်း နောင်တရသောသူအပေါ် အကျိုးပြုသက်ရောက်၍၊ အပြစ်ဖြေခြင်းမင်္ဂလာကြောင့်၊ ကရုဏာတော်ရောက်လာ၏။ ထို့အတူ၊ အပြစ်ဖြေခြင်းမင်္ဂလာက သေသူတို့၏ရှင်ပြန်ထမြောက်ခြင်းကို ဖြစ်ပေါ်စေ၏။ သေသူတို့၏ ရှင်ပြန်ထမြောက်ခြင်းကလည်း လူသားတို့ကို ဘုရားသခင်၏ မျက်မှောက်တော်သို့ ပြန်၍ဆောင်ယူ၏။ ထိုကဲ့သို့အားဖြင့်၊ သူတို့သည် မိမိတို့၏အကျင့်များအတိုင်း၊ ပညတ်တရားနှင့် တရားတော်မူခြင်းတို့အတိုင်း တရားစီရင်ခံရစေရန် မျက်မှောက်တော်သို့ ပြန်လည်ဆောင်ယူခံရ၏။
၂၄ အကြောင်းမူကား၊ ရှုလော့၊ တရားတော်မူခြင်းက၊ သူ၏ခပ်သိမ်းသောလိုအပ်ချက်များကို ကျင့်သုံးလျက်၊ ကရုဏာတော်ကလည်း မိမိပိုင်ဆိုင်သမျှကို တောင်းဆို၍၊ ထိုကဲ့သို့အားဖြင့်၊ အမှန်နောင်တရသောသူမှတစ်ပါး အဘယ်သူမျှ ကယ်တင်ခြင်းသို့ မရောက်။
၂၅ သင်သည် ကရုဏာတော်က တရားတော်မူခြင်းကို ဖယ်ရှားနိုင်သည်ဟု အဘယ်သို့အားဖြင့် ထင်မှတ်သနည်း။ မဟုတ်ပေ၊ အလျှင်းမဟုတ်ဟု သင့်ကို ငါဆို၏။ ထိုကဲ့သို့ ဖြစ်လေလျှင်၊ ဘုရားသခင်သည် ဘုရားသခင်အဖြစ်မှ ရပ်တန့်တော်မူလိမ့်မည်။
၂၆ ထိုကဲ့သို့အားဖြင့်၊ ဘုရားသခင်သည် ကမ္ဘာတည်ကတည်းက ပြင်ဆင်ထားတော်မူလေသော သူ၏ကြီးမြတ်တော်မူသည့် ထာဝရအကြံအစည်တော်များကို ပြီးမြောက်စေတော်မူ၏။ ထိုကဲ့သို့အားဖြင့်၊ လူသားတို့၏ ကယ်တင်ခြင်းနှင့် ရွေးနှုတ်ခြင်း၊ ထို့အတူ၊ သူတို့၏ ပျက်စီးခြင်းနှင့် ဝမ်းနည်းပူဆွေးမှု ဖြစ်ပေါ်လာ၏။
၂၇ ထို့ကြောင့်၊ အို ငါ့သား၊ လာလိုသူမှန်သမျှလာ၍၊ အသက်ရေကို လွတ်လပ်စွာ သုံးဆောင်နိုင်၏။ မလာလိုသူမှန်သမျှသည်လည်း လာရန် အနိုင်အထက်စီရင်မခံရ။ သို့ရာတွင်၊ နောက်ဆုံးသောနေ့ ၌၊ သူ၏အကျင့်များအတိုင်း သူ့ထံသို့ ပြန်လည်ပေးအပ်လိမ့်မည်။
၂၈ အကျင်သူသည် မကောင်းမှုကို ပြုလို၏၊ မိမိဘဝ၌ နောင်တလည်းမရလျှင်၊ ရှုလော့၊ ဘုရားသခင်သည် ပြန်လည်ဆောင်ယူခြင်းအတိုင်း မကောင်းမှုကို ထိုသူထံသို့ ပြုတော်မူလိမ့်မည်။
၂၉ ယခုမူကား၊ ငါ့သား၊ ငါအလိုရှိသည်ကား၊ သင်သည် ဤအရာတို့က သင့်ကို စိတ်ညှိုးငယ်စေခြင်း မရှိစေတော့နှင့်၊ သင်၏အပြစ်များကသာ သင့်ကို စိတ်ညှိုးငယ်ပါလေစေ။ ထိုစိတ်ညှိုးငယ်ခြင်းအားဖြင့် သင့်ကို နောင်တရခြင်းသို့ ဆောင်ယူလိမ့်မည်။
၃၀ အို ငါ့သား၊ သင်သည် ဘုရားသခင်၏တရားတော်မူခြင်းအား မငြင်းဆိုတော့စေကြောင်း ငါအလိုရှိ၏။ ဘုရားသခင်၏တရားတော်မူခြင်းကို ငြင်းဆိုခြင်းအားဖြင့်၊ သင်၏အပြစ်များကြောင့်၊ အနည်းငယ်သောအမှု၌ပင် သင့်ကိုယ်ကို အပြစ်တင်ခြင်းမှ ကင်းလွတ်စေရန် အားမထုတ်နှင့်။ သို့ရာတွင်၊ သင်သည် ဘုရားသခင်၏တရားတော်မူခြင်း၊ သူ၏ကရုဏာတော်နှင့် သူ၏စိတ်ရှည်တော်မူခြင်းတို့အား သင်၏စိတ်နှလုံး၌ အကြွင်းမဲ့လွှမ်းမိုးခြင်း ရှိစေလော့။ သင့်ကို မြေမှုန့်သို့တိုင်အောင် နှိမ့်ချခြင်းသို့ ထိုအမှုက ပို့ဆောင်ပါလေစေ။
၃၁ ယခုမူကား၊ အို ငါ့သား၊ သင်သည် နှုတ်ကပတ်တော်ကို ဤလူမျိုးတို့အား ဟောပြောစေရန် ဘုရားသခင်၏ ခေါ်သွင်းတော်မူခြင်းကို ခံရသူဖြစ်၏။ ယခုမူကား၊ ငါ့သား၊ သင်သည် လူတို့ကို နောင်တရခြင်းသို့ ဆောင်ယူနိုင်ခြင်းငှာလည်းကောင်း၊ သူတို့အပေါ် ကြီးမြတ်သော ကရုဏာတော်အစီအစဉ် အကျိုးပြုသက်ရောက်စေခြင်းငှာလည်းကောင်း၊ သင့်လမ်းသင်သွား၍ နှုတ်ကပတ်တော်ကို သစ္စာတရားနှင့် တည်ကြည်လေးနက်ခြင်းတို့ဖြင့် ဟောကြားလော့။