ကျမ်းစာများ
အယ်လမာ ၄၅


ဟေလမန်​လက်ထက်၌ သိမ်းဆည်း​ထားခဲ့သည့် သူ၏​မှတ်တမ်းများ​အတိုင်း၊ ဟေလမန်​လက်ထက်၌ နီဖိုင်း​လူမျိုးများ၊ ထို့အတူ၊ သူတို့၏​စစ်တိုက်ခြင်းများနှင့် ငြင်းခုံခြင်းများ​အကြောင်း​မှတ်တမ်း။

အခန်းကြီး ၄၅ မှ ၆၂ အထိ ဖွဲ့စည်းပါဝင်၏။

အခန်းကြီး ၄၅

ဟေလမန်သည် အယ်လမာ၏​စကားများကို ယုံကြည်၏—အယ်လမာသည် နီဖိုင်း​အမျိုးသားတို့၏ ပျက်စီးခြင်းကို ပရောဖက်ပြု၍​ဟော၏—သူသည် ထိုပြည်ကို ကောင်းချီး​ပေးလျက်၊ ကျိန်၏—အယ်လမာသည် မောရှေကဲ့သို့ပင်၊ ဝိညာဉ်တော်​အားဖြင့် ဆောင်ယူ​တော်မူခြင်းကို ခံရနိုင်၏—အသင်းတော်၌ ငြင်းခုံခြင်း တိုးပွား​လာ၏။ ဘီစီ ၇၃ ခန့်။

ရှုလော့၊ ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ နီဖိုင်းလူမျိုးတို့သည် လွန်စွာရွှင်လန်း​ဝမ်းမြောက်ကြ၏၊ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် သူတို့ကို သူတို့​ရန်သူများ​လက်မှ တစ်ဖန်​ကယ်လွှတ်​တော်မူခဲ့၏။ ထို့ကြောင့်၊ သူတို့သည် သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်အား ကျေးဇူးတော် ချီးမွမ်းကြ၏။ ထိုမှတစ်ပါး၊ များစွာ​အစာ​ရှောင်၍ ဆုတောင်းကြ၏၊ ဘုရားသခင်အား အလွန်​ကြီးစွာသော ဝမ်းမြောက်ခြင်းနှင့်လည်း ကိုးကွယ်ကြ၏။

ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ နီဖိုင်း​လူမျိုးတို့​အပေါ်​တရား​သူကြီးများ​အုပ်စိုးခြင်း တစ်ဆယ်ကိုးနှစ်မြောက်တွင်၊ အယ်လမာသည် သူ၏သား ဟေလမန်ထံသို့​လာ၍၊ ဆိုသည်မှာ သိမ်းဆည်း​ထားသည့် မှတ်တမ်းများ​အကြောင်း သင့်ကို ငါ​ပြောခဲ့သည့်​စကားများကို သင်​ယုံကြည်သလောဟု​မေးလျှင်၊

ဟေလမန်ကလည်း၊ ဟုတ်ကဲ့ အကျွန်ုပ်​ယုံကြည်ပါ၏ဟု​ဖြေ၏။

အယ်လမာကလည်း၊ သင်သည် ကြွလာ​တော်မူမည့် ယေရှု​ခရစ်တော်ကို ယုံကြည်သလောဟု တစ်ဖန်​မေး၏။

သူကလည်း၊ ဟုတ်ကဲ့။ သင်ပြောလေသည့် စကားမှန်သမျှကို အကျွန်ုပ် ယုံကြည်ပါ၏ဟု ဖြေ၏။

အယ်လမာကလည်း၊ သင်သည် ငါ၏​မိန့်မှာချက်များကို စောင့်ထိန်းမည်​လောဟု တစ်ဖန်​မေး၏။

သူကလည်း၊ ဟုတ်ကဲ့၊ သင်၏​မိန့်မှာချက်များကို အကျွန်ုပ်​စိတ်နှလုံး အကြွင်းမဲ့ဖြင့် စောင့်ထိန်းပါမည်ဟု​ဖြေ၏။

ထို့နောက်တွင်၊ အယ်လမာက ဆိုလေသည်ကား၊ သင်သည် မင်္ဂလာ​ရှိ၏။ ကိုယ်တော်ရှင်ကလည်း သင့်ကို ဤပြည်၌ အောင်မြင်​စေလိမ့်မည်။

သို့ရာတွင်၊ ရှုလော့၊ သင့်ကို ပရောဖက်​ပြု၍​ဟောစရာ ငါ့မှာ​အတော်​အသင့်​ရှိ၏။ သို့ရာတွင်၊ သင့်အား ငါ​ပရောဖက်​ပြု၍​ဟောသည့်​အရာကို မဖော်ပြရ။ ထိုမှတစ်ပါး၊ သင့်အား ငါ​ပရောဖက်​ပြု၍​ဟောသည့်​အရာသည် ဖော်ပြခံရမည်​မဟုတ်၊ ပရောဖက်​ပြုဟောချက်ကို ပြီးပြည့်စုံ​စေသည့်​အချိန်​အထိ​တိုင်အောင်ပင်တည်း။ ထို့ကြောင့်၊ ငါပြောမည့်​စကားများကို ရေးလော့။

၁၀ ဤစကားများ​သည်ကား၊ ရှုလော့၊ ဤလူမျိုးပင်​ဖြစ်သည့်၊ နီဖိုင်း​အမျိုးသားတို့သည် သူတို့ထံ ယေရှုခရစ်တော်​ကိုယ်တိုင် ထင်ရှားစွာ​ပြတော်မူမည့် အချိန်မှ နှစ်ပေါင်း​လေးရာ​ကြာသော​အခါ၌၊ ယုံကြည်မှု​လျော့ပါး​ဆုတ်ယုတ်​လာမည်ကို ငါ့၌​ရှိသည့် ဗျာဒိတ်တော်​ဝိညာဉ်​အတိုင်း ငါ​သိမြင်၏။

၁၁ ထိုမှတစ်ပါး၊ ယင်း​အချိန်၌၊ သူတို့သည် စစ်တိုက်ခြင်းများနှင့် ကာလ​နာဘေး၊ အမှန်စင်စစ်၊ နီဖိုင်း​လူမျိုးတို့ ဆိတ်သုဉ်း​သွားသည့်​တိုင်အောင်ပင်၊ ငတ်မွတ်​ခေါင်းပါးခြင်း​ဘေးနှင့် အသွေး​သွန်းလောင်းခြင်းတို့ကို တွေ့ကြုံ​ရလိမ့်မည်—

၁၂ ထိုမှတစ်ပါး၊ ဤအမှု​သည်ကား၊ သူတို့​ယုံကြည်မှု​လျော့ပါး​ဆုတ်ယုတ်​လာ၍၊ မှောင်မိုက်ခြင်း​အမှုများ၊ ကိလေ​သာလွန်​ကျူးခြင်းနှင့် အမျိုးမျိုးသော​ဒုစရိုက်များထဲသို့ လဲကျလိမ့်မည်​ဖြစ်သော​ကြောင့်ပေတည်း။ ထိုမှတစ်ပါး၊ သင့်ကို ငါဆိုသည်ကား၊ သူတို့သည် ထိုမျှလောက်​ကြီးစွာသော အလင်းနှင့် အသိ​ပညာကို ဆန့်ကျင်၍ အပြစ်​ပြုလိမ့်မည်​ဖြစ်သောကြောင့်၊ ထိုမှတစ်ပါး၊ သင့်ကို ငါဆိုသည်ကား၊ ထိုကာလမှ​စ၍၊ ဤကြီးစွာသော​ဒုစရိုက် မကျရောက်မီ၊ လေးဆက်​မြောက်သော မျိုးဆက်အားလုံး ကွန်လွန်​သွားလိမ့်မည်​မဟုတ်။

၁၃ ထိုကြီးစွာသောနေ့ ကျရောက်​လာသော​အခါ၊ ရှုလော့၊ ယခု​ရှိလေသူများ၊ သို့မဟုတ် နီဖိုင်း​လူမျိုးတို့၌ ယခု​ရေတွက်ခြင်းကို ခံရသူတို့၏ အမျိုး​အနွယ်တို့ နီဖိုင်း​လူမျိုးတို့၌ ရေတွက်​မခံရတော့မည့် အချိန်​ကာလသည် မကြာမြင့်မီ ကျရောက်​လာပေမည်။

၁၄ သို့ရာတွင်၊ ကိုယ်တော်ရှင်၏​တပည့်တော်များဟု အခေါ်​ခံရမည့်သူ အနည်းငယ်တို့​မှတစ်ပါး၊ ကျန်ကြွင်းသော​သူမှန်သမျှသည် ထိုကြီးစွာသော​ကြောက်မက်ဖွယ်နေ့၌၊ ဖျက်ဆီး​မခံရ။ လာမန်​အမျိုးသားတို့၌ ရေတွက်​ခံရမည်၊ သူတို့ကဲ့သို့​ဖြစ်လာ​လိမ့်မည်။ သူတို့ကို ဆိတ်သုဉ်း​သွားသည့်​တိုင်အောင်ပင် လာမန်​အမျိုးသားတို့က လိုက်လိမ့်မည်။ ယခုမူကား၊ ဒုစရိုက်ကြောင့်၊ ဤပရောဖက်​ပြုဟောချက်သည် ပြီးပြည့်စုံလိမ့်မည်။

၁၅ ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ အယ်လမာသည် ဟေလမန်အား ဤအရာတို့ကို ပြောလေ​ပြီးနောက်၊ သူနှင့် မိမိ​အခြားသော သားများကိုလည်း ကောင်းချီး​ပေး၏။ ဖြောင့်မတ်သော​သူများ​အတွက် မြေကြီးကိုလည်း ကောင်းချီး​ပေး၏။

၁၆ သူပြောလေသည်မှာ၊ ကိုယ်တော်ရှင်​ဘုရားသခင်​မိန့်တော်မူလေသည်ကား ကျိန်ခြင်းသည် ဤပြည်၌ ရှိလိမ့်မည်၊ အမှန်စင်စစ်၊ ဤပြည်သည် ဆိုးညစ်စွာ​ပြုသည့် ပြည်သား၊ အမျိုးစု၊ အသီးသီး​ဘာသာစကားကို​ပြောသူနှင့် လူမျိုး​မှန်သမျှ၊ လုံးလုံးရင့်မှည့်သော​အခါ၊ သူတို့​အတွက် ပျက်စီးခြင်းသို့​တိုင်အောင်ရှိလိမ့်မည်ဟု ဖြစ်လေသတည်း။ ငါ​ပြောလေသကဲ့သို့ပင် ဖြစ်လိမ့်မည်။ အကြာင်းမူကား၊ ဤအမှု​မှာ၊ ထိုပြည်ပေါ်၌​ရှိသည့် ဘုရားသခင်၏​ကျိန်ခြင်း​အမင်္ဂလာနှင့် ကောင်းချီး​မင်္ဂလာများဖြစ်၏၊ ကိုယ်တော်ရှင်သည် အပြစ်​တရားကို အနည်းဆုံးသော​ပမာဏဖြင့် အခွင့်​ပေးခြင်းကိုပင် မစဉ်းစားနိုင်။

၁၇ ယခုမူကား၊ အယ်လမာသည် ဤစကားများကို ပြောခဲ့​ပြီးလေလျှင်၊ အသင်းတော်ကို၊ အထူးသဖြင့်၊ ထိုအချိန်မှ​စ၍၊ ယုံကြည်ခြင်း၌ မြဲမြံစွာတည်သော သူခပ်သိမ်းတို့ကို ကောင်းချီး​ပေး၏။

၁၈ အယ်လမာ​သည်လည်း ဤအမှုကို ပြုပြီးလေလျှင်၊ မိလက်​ပြည်ထဲသို့ သွားခြင်းငှာ၊ ဇရဟင်မလ​ပြည်မှ ထွက်ခွာ၏။ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူ့​အကြောင်းကို မကြားရတော့။ သူ၏​သေခြင်း၊ သို့မဟုတ် သင်္ဂြိုဟ်ခြင်း အကြောင်းနှင့်​စပ်လျဉ်း၍၊ ငါတို့​သိရခြင်း​မရှိ။

၁၉ ရှုလော့၊ ငါတို့​သိရသည်မှာ၊ သူသည် ဖြောင့်မတ်သော​သူတစ်ဦး ဖြစ်ကြောင်းပေတည်း။ သူသည် မောရှေကဲ့သို့ပင် ဝိညာဉ်တော်​အားဖြင့် ဆောင်ယူခြင်းကို သို့မဟုတ် ကိုယ်တော်ရှင်၏​လက်တော်ဖြင့် သင်္ဂြိုဟ်ခြင်းကို ခံရသည်ဟူသော​သတင်း​စကားသည် အသင်းတော်ထဲ၌ ပျံ့နှံ့၏။ သို့ရာတွင်၊ ရှုလော့၊ ကျမ်းစာ​လာသည်ကား၊ ကိုယ်တော်ရှင်သည် မောရှေကို သူ့ထံသို့ ဆောင်ယူ​တော်မူခဲ့၏။ အယ်လမာကိုလည်း ဝိညာဉ်အားဖြင့် သူ့ထံ၌ လက်ခံသည်ဟု ငါတို့​ထင်မှတ်ကြ၏။ ထို့ကြောင့်၊ ဤအကြောင်းရင်းကြောင့်ပင်၊ ငါတို့သည် သူ၏​သေခြင်းနှင့် သင်္ဂြိုဟ်ခြင်း​အကြောင်း အဘယ်အရာကိုမျှ မသိကြ။

၂၀ ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ နီဖိုင်း​လူမျိုးတို့​အပေါ် တရား​သူကြီးများ​အုပ်စိုးခြင်း တစ်ဆယ်ကိုးနှစ်မြောက်​အစတွင်၊ ဟေလမန်သည် လူတို့၌ နှုတ်ကပတ်တော်ကို ဟောကြားခြင်းငှာ ထွက်​သွား၏။

၂၁ အကြောင်းမူကား၊ ရှုလော့၊ လာမန်​အမျိုးသားတို့နှင့်​တိုက်သည့် သူတို့၏​စစ်တိုက်ခြင်းများ၊ လူတို့၌ ရှိလေသည့် သေးငယ်သည့် ငြင်းခုံခြင်းနှင့် နှောင့်ယှက်ခြင်း​များစွာတို့ကြောင့်၊ ဘုရားသခင်၏​နှုတ်ကပတ်တော်ကို သူတို့၌​ဟောကြားရမည်မှာ မရှိမဖြစ်​လိုအပ်​လာပေ၏။ ထိုမှတစ်ပါး၊ စည်းမျဉ်း​တစ်ခုကိုလည်း အသင်းတော်​တစ်ခုလုံး၌ တည်ထောင်​ရပေမည်။

၂၂ ထို့ကြောင့်၊ ဟေလမန်နှင့် သူ၏​ညီအစ်ကိုတို့သည် အသင်းတော်ကို ထိုပြည်​တစ်ခုလုံး၌၊ အထူးသဖြင့်၊ ထိုပြည်​တစ်လျှောက်ရှိ၊ နီဖိုင်း​လူမျိုးတို့​ပိုင်သည့် မြို့တိုင်း၌ တစ်ဖန်​တည်ထောင်ခြင်းငှာ၊ ထွက်​သွားကြ၏။ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် ထိုပြည်​တစ်လျှောက်လုံး​ရှိ၊ ခပ်သိမ်းသော​အသင်းတော်တို့၌ ယဇ်ပုရောဟိတ်များနှင့် ဆရာများကို ခန့်အပ်ထားကြ၏။

၂၃ ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ ဟေလမန်နှင့် သူ၏​ညီအစ်ကိုတို့က အသင်းတော်များ၌ ယဇ်ပုရောဟိတ်များနှင့် ဆရာများကို ခန့်အပ်ထားလေ​ပြီးနောက်တွင်၊ သူတို့​ကြား၌ ငြင်းခုံခြင်း​ဖြစ်ပွား​လာ၏၊ သူတို့သည် ဟေလမန်နှင့် သူ၏​ညီအစ်ကိုတို့၏​စကားကို ပမာဏမပြု​လိုကြ။

၂၄ သို့ရာတွင်၊ သူတို့သည် အလွန်​ကြီးစွာသော စည်းစိမ်​ဥစ္စာများကြောင့်၊ စိတ်နှလုံး၌ ဘဝင်မြင့်၍၊ မာန​တရား​တိုးပွား၏။ ထို့ကြောင့်၊ ကိုယ်တိုင်၏​အမြင်၌ ကြွယ်ဝ​လာလျက်၊ ဘုရားသခင်ရှေ့၌ ဖြောင့်မတ်စွာ​ကျင့်ရန် သူတို့​စကားကို ပမာဏမပြုလိုကြ။

ပုံနှိပ်သည်