အခန်းကြီး ၃၂
အယ်လမာသည် ဒုက္ခဆင်းရဲခြင်းများက နှိမ့်ချစေလေသည့် ဆင်းရဲသားတို့ကို သွန်သင်၏—ယုံကြည်ခြင်းသည်ကား၊ မှန်ကန်သည့်အရာ၊ မမြင်ရသည့်အရာ၌ မျှော်လင့်ခြင်းဖြစ်၏—အယ်လမာသည် ယောက်ျား၊ မိန်းမနှင့် ကလေးသူငယ်တို့ကို ကောင်းကင်တမန်တို့ အမှုတော်ဆောင်ကြောင်း သက်သေခံ၏—အယ်လမာသည် နှုတ်ကပတ်တော်ကို မျိုးစေ့နှင့် ပမာပြု၏—နှုတ်ကပတ်တော်ကို စိုက်၍ ပြုစုပျိုးထောင်ရမည်—ထို့နောက်တွင်ကား၊ ထာဝရအသက်သီးကို ဆွတ်ခူးရာ အပင်အဖြစ်သို့ ကြီးထွား၏။ ဘီစီ ၇၄ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ထွက်သွား၍၊ တရားဇရပ်များထဲသို့ ဝင်၍၊ အိမ်များထဲသို့လည်းဝင်၍၊ လူတို့အား ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဟောပြောစပြုကြ၏။ ထိုမှတစ်ပါး၊ သူတို့၏လမ်းများထဲ၌ပင် နှုတ်ကပတ်တော်ကို ဟောပြောကြ၏။
၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ထိုသူတို့၌ များစွာအလုပ်လုပ်ကြပြီးနောက်၊ ဆင်းရဲသားလူတန်းစားတို့၌ အောင်မြင်မှုရစပြုကြ၏။ အကြောင်းမူကား၊ ရှုလော့၊ သူတို့အဝတ်များ၏ကြမ်းတမ်းခြင်းကြောင့် တရားဇရပ်များမှ နှင်ထုတ်ခံရကြ၏—
၃ ထို့ကြောင့်၊ သူတို့သည် အညစ်အကြေးအဖြစ် မှတ်ယူခံရလျက်၊ ဘုရားသခင်ကို ကိုးကွယ်ရန်၊ ထိုသူတို့၏တရားဇရပ်ထဲသို့ဝင်ရန် အခွင့်မရကြ။ ထိုကြောင့်၊ သူတို့သည် ဆင်းရဲကြ၏။ ထိုမှတစ်ပါး၊ သူတို့ညီအစ်ကိုများက ချော်အဖြစ်မှတ်ယူသည်ကိုလည်း ခံရ၏။ ထို့ကြောင့်၊ သူတို့သည် လောကအရာများ၌ ဆင်းရဲကြ၏။ စိတ်နှလုံးလည်းနှိမ့်ချကြ၏။
၄ ယခုတွင်၊ အယ်လမာသည် ဩနိဒတောင်ကုန်းပေါ်၌ လူတို့အား သွန်သင်၍ ဟောပြောလျက်ရှိစဉ်၊ လောကအရာများ၌ သူတို့၏ဆင်းရဲနွမ်းပါးခြင်းကြောင့်၊ စိတ်နှလုံးနှိမ့်ချသည့်၊ ငါတို့ပြောလေသည့်သူတို့၏ ကြီးစွာသော လူအစုအဝေးသည် သူ့ထံသို့ လာကြ၏။
၅ သူတို့သည် အယ်လမာထံသို့ လာ၏။ သူတို့အထဲ၌ အရေးပါသူက ဆိုလေသည်ကား၊ ရှုလော့၊ ဤငါ၏ညီအစ်ကိုတို့သည် သူတို့၏ဆင်းရဲနွမ်းပါးခြင်းကြောင့်၊ လူခပ်သိမ်းတို့၏ မထီမဲ့မြင်ပြုခြင်း၊ အထူးသဖြင့်၊ ငါတို့ယဇ်ပုရောဟိတ်တို့၏ မထီမဲ့မြင်ပြုခြင်းကို ခံရသဖြင့် အဘယ်သို့ပြုရမည်နည်း။ အကြောင်းမူကား၊ ငါတို့၏လက်ဖြင့် ကြိုးစား၍အလုပ်လုပ် တည်ဆောက်ခဲ့လေသည့် ငါတို့၏တရားဇရပ်များမှ ငါတို့ကို သူတို့နှင်ထုတ်ကြလေပြီ။ ငါတို့၏ အလွန်ဆင်းရဲနွမ်းပါးခြင်းကြောင့်လည်း ငါတို့ကို နှင်ထုတ်လေပြီ။ ငါတို့၏ဘုရားသခင်ကို ကိုးကွယ်ရန်လည်း ငါတို့မှာနေရာမရှိကြ။ ရှုဦးလော့၊ ငါတို့ အဘယ်သို့ ပြုရမည်နည်း။
၆ ယခုမူကား၊ အယ်လမာသည် ဤအမှုကိုကြားရလျှင်၊ ကိုယ်ကိုလှည့်၍၊ မျက်နှာကို ထိုသူဆီသို့ တည့်တည့်မူလျက်၊ ကြီးစွာသောဝမ်းမြောက်ခြင်းနှင့် ကြည့်၏။ အကြောင်းမူကား၊ သူတို့၏ဆင်းရဲဒုက္ခများက သူတို့ကို အမှန်ပင်နှိမ့်ချကြောင်းကိုလည်းကောင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကြားနာရန် ပြင်ဆင်ရာ၌ သူတို့ရှိလေသည်ကိုလည်းကောင်း တွေ့မြင်၏။
၇ ထို့ကြောင့် သူသည် အခြားသောလူအစုအဝေးကို မပြောတော့။ သို့ရာတွင် လက်ကိုဆန့်၍၊ သူမြင်သည့် သူများ၊ အမှန်ပင်နောင်တရသူများဆီသို့ ဟစ်ကြွေး၍ ဆိုလေသည်ကား၊
၈ သင်တို့သည် စိတ်နှလုံးနှိမ့်ချကြောင်း ငါသိမြင်၏။ ထိုသို့ဆိုလျှင်၊ သင်တို့သည် မင်္ဂလာရှိ၏။
၉ ရှုလော့၊ သင်၏အစ်ကိုက ဆိုလေသည်မှာ၊ ငါတို့အဘယ်သို့ ပြုရကြမည်နည်း—အကြောင်းမူကား၊ ငါတို့၏တရားဇရပ်များမှ နှင်ထုတ်ခံရ၍ ငါတို့၏ဘုရားသခင်ကို ငါတို့မကိုးကွယ်နိုင်ကြ။
၁၀ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် သင်တို့၏တရားဇရပ်များထဲတွင် မှတစ်ပါး၊ ဘုရားသခင်ကို မကိုးကွယ်နိုင်ဟု ထင်မှတ်ကြသလော။
၁၁ ထိုမှတစ်ဖန်၊ ဘုရားသခင်ကို တစ်ပတ်တွင် တစ်ကြိမ်မျှသာ ကိုးကွယ်ရမည်မဟုတ်ကြောင်း၊ သင်တို့ထင်မှတ်ကြသလောဟု ငါမေးလို၏။
၁၂ သင်တို့ကို ငါဆိုသည်မှာ၊ သင်တို့သည် နှိမ့်ချနိုင်စေခြင်းငှာလည်းကောင်း၊ သင်တို့သည် ဉာဏ်ပညာကို သင်ယူနိုင်စေခြင်းငှာလည်းကောင်း သင်တို့၏တရားဇရပ်များမှ နှင်ထုတ်ခံရသည်မှာ အကျိုးရှိပေ၏။ အကြောင်းမူကား၊ သင်တို့သည် ဉာဏ်ပညာကို သင်ယူရန် လိုအပ်ပေ၏။ အကြောင်းမူကား၊ သင်တို့၏အလွန်ဆင်းရဲနွမ်းပါးမှုကြောင့် နှင်ထုတ်ခံရ၊ သင်တို့ညီအစ်ကိုတို့၏ မထီမဲ့မြင်အပြုခံရသဖြင့်၊ စိတ်နှလုံးနှိမ့်ချခြင်းသို့ ဆောင်ခြင်းကို ခံရပေ၏။ အကြောင်းမူကား၊ သင်တို့သည် နှိမ့်ချခြင်းသို့ ဆောင်ခြင်းကို မလွှဲမရှောင်သာဘဲ ခံရကြ၏။
၁၃ ယခုမူကား၊ သင်တို့သည် နှိမ့်ချစေရန် အနိုင်အထက်စီရင်ခံရသောကြောင့်၊ မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူသားသည် တစ်ခါတစ်ရံ၌ နှိမ့်ချစေရန် အနိုင်အထက်စီရင် ခံရလျှင်၊ နောင်တရခြင်းကို ရှာ၏။ ယခုမူကား၊ ဧကန်အမှန်နောင်တရသောသူမှန်သမျှသည် ကရုဏာတော်ကို ခံရလိမ့်မည်။ ထို့အတူ၊ ကရုဏာတော်ကို ခံရ၍ အဆုံးတိုင်အောင် တည်ကြည်သောသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။
၁၄ ယခုမူကား၊ သင်တို့သည် နှိမ့်ချစေရန် အနိုင်အထက်စီရင် ခံရသောကြောင့်၊ ကောင်းချီးခံစားရကြောင်း၊ သင်တို့ကို ငါပြောလေသကဲ့သို့ပင် နှုတ်ကပတ်တော်ကြောင့်၊ သူတို့ကိုယ်သူတို့ အမှန်ပင်နှိမ့်ချကြသောသူတို့သည် သာ၍ကောင်းချီးခံစားရသည်ဟု သင်တို့ မထင်မှတ်ကြသလော။
၁၅ ထိုမှတစ်ပါး၊ သူ့ကိုယ်သူ အမှန်ပင်နှိမ့်ချ၍၊ မိမိအပြစ်များမှ နောင်တရလျက်၊ အဆုံးတိုင်အောင်တည်ကြည်သော ထိုသူသည် ကောင်းချီးခံစားရလိမ့်မည်—အမှန်စင်စစ်၊ သူတို့၏ အလွန်ဆင်းရဲနွမ်းပါးမှုကြောင့်၊ နှိမ့်ချစေရန် အနိုင်အထက်စီရင် ခံရသူများထက် သာ၍မြောက်မြားစွာ ကောင်းချီးခံစားရ၏။
၁၆ ထို့ကြောင့်၊ နှိမ့်ချစေရန် အနိုင်အထက်စီရင်ခံရခြင်းမရှိဘဲနှင့် သူတို့ကိုယ်သူတို့ နှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည်၍၊ စိတ်နှလုံးခေါင်းမာခြင်းမရှိဘဲ၊ ထိုမှတစ်ပါး၊ နှုတ်ကပတ်တော်ကိုသိစေခြင်းငှာ ဆောင်ယူခံရခြင်း၊ သို့မဟုတ်၊ သူတို့မယုံကြည်မီ သိစေခြင်းငှာ အနိုင်အထက်စီရင်ခံရခြင်းမရှိဘဲနှင့် ဗတ္တိဇံခံသောသူသည် မင်္ဂလာရှိ၏။
၁၇ ထိုမှတစ်ပါး၊ သင်သည် ငါတို့အား ကောင်းကင်ဘုံမှဖြစ်သော နိမိတ်လက္ခဏာကို ပြမည်ဆိုလျှင်၊ ငါတို့ဧကန်အမှန်သိလိမ့်မည်။ ထို့နောက်မှ၊ ငါတို့ယုံကြည်မည်ဟု ဆိုသောသူ များစွာရှိ၏။
၁၈ ယခုတွင်၊ ဤအရာသည် ယုံကြည်ခြင်းဖြစ်သလောဟု ငါမေး၏။ ရှုလော့၊ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။ အကြောင်းမူကား၊ လူသားသည် အကြောင်းအရာတစ်ခုကို သိလျှင်၊ ထိုအရာကို သိသောကြောင့် သူ့၌ ယုံကြည်ရန် အကြောင်းပြချက်မရှိ။
၁၉ ယခုမူကား၊ ဘုရားသခင်၏အလိုတော်ကို သိ၍၊ ဆောင်ရွက်ခြင်းမရှိသောသူသည် ယုံကြည်ရုံမျှ၊ သို့မဟုတ် ယုံကြည်ရန်အကြောင်းပြချက်မျှသာရှိပြီး၊ လွန်ကျူးခြင်းထဲသို့ လဲကျသောသူထက် ကျိန်ခြင်းကို သာ၍များစွာ မခံရလေသလော။
၂၀ ယခုတွင်၊ ဤအမှုကို သင်တို့ စီရင်ရမည်။ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ အခြားတစ်ဖက်တွင် ဖြစ်သကဲ့သို့ပင် ဤတစ်ဖက်၌ ဖြစ်၏။ ထို့အတူ၊ လူတိုင်းအဖို့ ကိုယ့်အကျင့်အတိုင်း ဖြစ်လိမ့်မည်။
၂၁ ယခုမူကား၊ ယုံကြည်ခြင်းနှင့်စပ်လျဉ်း၍ ငါဆို၏—ယုံကြည်ခြင်းဆိုသည်မှာ၊ အမှုအရာတို့အကြောင်းကို စုံလင်သောအသိပညာရှိရန် မဟုတ်။ ထို့ကြောင့်၊ သင်တို့၌ ယုံကြည်ခြင်းရှိမည်ဆိုလျှင်၊ မမြင်ရသည့်အရာ၊ မှန်ကန်သည့်အရာတို့အတွက် သင်တို့မျှော်လင့်ကြ၏။
၂၂ ယခုမူကား၊ ရှုလော့၊ သင်တို့ကို ငါဆို၍၊ ဘုရားသခင်သည် သူ၏နာမတော်ကို ယုံကြည်သည့်သူခပ်သိမ်းတို့ကို ကရုဏာကြီးတော်မူကြောင်း သင်တို့သတိရစေရန် ငါအလိုရှိ၏။ ထို့ကြောင့်၊ ရှေးဦးစွာ၌၊ အမှန်စင်စစ်၊ သူ၏နှုတ်ကပတ်တော်၌ပင် သင်တို့ယုံကြည်စေရန် သူအလိုရှိတော်မူ၏။
၂၃ ယခုမူကား၊ သူသည် မိမိနှုတ်ကပတ်တော်ကို ကောင်းကင်တမန်တို့အားဖြင့်၊ ယောက်ျားများသို့၊ ထိုမှတစ်ပါး၊ ယောက်ျားများသာလျှင်မဟုတ်၊ မိန်းမများသို့လည်း ပေးတော်မူ၏။ ယခုတွင်၊ ဤအမှုသည်ကား၊ အလုံးစုံတို့ မဟုတ်။ ကလေးသူငယ်တို့၌ အကြိမ်များစွာပေးထားသော၊ စကားများရှိ၏၊ ထိုစကားများသည် ဉာဏ်ပညာရှိသောသူများနှင့် စာတတ်သောသူများကို အရှက်ရစေ၏။
၂၄ ယခုမူကား၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ သင်တို့သည် ဆင်းရဲဒုက္ခရောက်၍၊ နှင်ထုတ်ခံရသောကြောင့် အဘယ်သို့ ပြုရမည်ကို ငါ့ထံမှသိလိုကြသဖြင့်—ယခုတွင် မှန်ကန်သည့်အရာအတိုင်းသာလျှင်၊ သင်တို့ကို ငါစီရင်လိုကြောင်း၊ သင်တို့ထင်မှတ်စေရန် ငါအလိုမရှိ—
၂၅ အကြောင်းမူကား၊ သင်တို့အားလုံးသည် သင်တို့ကိုယ်သင်တို့ နှိမ့်ချစေရန် အနိုင်အထက်စီရင်ခံထားရသည်ဟု ငါမဆိုလိုသည်မှာ၊ အဘယ်သို့သောအခြေအနေ၌ပင် ရှိနိုင်ခဲ့သော်ငြားလည်း သူတို့ကိုယ်သူတို့နှိမ့်ချလိုသူအချို့ သင်တို့၌ရှိသည်ကို ငါအမှန်ယုံကြည်သောကြောင့်ပေတည်း။
၂၆ ယခုတွင်၊ ယုံကြည်ခြင်းနှင့်စပ်လျဉ်း၍ ငါဆိုသည်ကား—၎င်းသည် စုံလင်သောအသိပညာမဟုတ်—ငါ၏စကားများသည်လည်း ထိုကဲ့သို့ပင်တည်း။ ယုံကြည်ခြင်းသည် စုံလင်သောအသိပညာမဟုတ်သကဲ့သို့ပင်၊ သင်တို့သည် ရှေးဦးစွာ၌၊ ထိုအရာတို့၏ ဧကန်အမှန်ဖြစ်ခြင်းအကြောင်းကို စုံလင်စွာမသိနိုင်ကြ။
၂၇ သို့ရာတွင်၊ ရှုလော့၊ သင်တို့သည် ငါ၏စကားများကို စမ်းသပ်သည့်တိုင်အောင်ပင်၊ သင်တို့၏စွမ်းရည်ကို နှိုး၍ လှုပ်ရှားထကြွစေလျက်၊ အနည်းငယ်မျှသောယုံကြည်မှုကို ပြုကြမည်ဆိုလျှင်၊ ထိုမှတစ်ပါး၊ သင်တို့သည် ယုံကြည်လိုခြင်းထက်မပိုနိုင်သော်လည်း၊ ငါ့စကားများ၏ တစ်စိတ်တစ်ပိုင်းအတွက် နေရာပေးနိုင်သောနည်းလမ်းဖြင့်၊ ယုံကြည်သည့်တိုင်အောင်ပင်၊ ထိုဆန္ဒကို သင်တို့အထဲ၌ အလုပ်လုပ်စေလော့။
၂၈ ယခုတွင်၊ ငါတို့သည် နှုတ်ကပတ်တော်ကို မျိုးစေ့နှင့် ပမာပြုကြမည်။ ယခုတွင်၊ သင်တို့သည် သင်တို့၏စိတ်နှလုံး၌ မျိုးစေ့ကိုစိုက်နိုင်ရန် နေရာပေးလျှင်၊ ရှုလော့၊ မှန်သောမျိုးစေ့ သို့မဟုတ်၊ ကောင်းသောမျိုးစေ့ဖြစ်လျှင်၊ သင်တို့၏မယုံကြည်ခြင်းအားဖြင့် မစွန့်ပစ်ဘဲ၊ ကိုယ်တော်ရှင်၏ဝိညာဉ်တော်ကို မဆီးတားလျှင်၊ ရှုလော့၊ ထိုမျိုးစေ့သည် သင်တို့ရင်တွင်း၌ ကြီးထွားစပြုလိမ့်မည်။ ဤကြီးထွားခြင်းလှုပ်ရှားမှုကို သင်တို့ခံစားရသောအခါ၊ သင်တို့ကိုယ်တွင်း၌ ဆင်ခြင်စပြုမည်ကား—ဤအရာသည် ကောင်းသောမျိုးစေ့၊ သို့မဟုတ် နှုတ်ကပတ်တော်သည် ကောင်းမြတ်ရပေမည်။ အကြောင်းမူကား၊ ထိုမျိုးစေ့သည် ငါ၏ စိတ်ဝိညာဉ်ကို ကြီးထွားစပြုစေ၏။ ထိုမှတစ်ပါး၊ ငါ၏နားလည်ခြင်းကို အလင်းသို့ရောက်စပြုစေ၏။ ထိုမှတစ်ပါး၊ ငါ့အဖို့ နှစ်လိုဖွယ်ဖြစ်စပြုလေပြီ။
၂၉ ယခုတွင်၊ ရှုလော့၊ ဤအမှုက သင်တို့၏ယုံကြည်ခြင်းကို တိုးပွားစေသလော။ ဟုတ်ပေ၏ဟု သင်တို့ကို ငါဆို၏။ သို့သော်လည်း၊ ထိုအရာသည် စုံလင်သောအသိပညာသို့တိုင်အောင် မကြီးထွား။
၃၀ သို့ရာတွင် ရှုလော့၊ မျိုးစေ့သည် ပွ၍၊ အပင်ပေါက်ပြီးလျှင်၊ ကြီးထွားစပြုသောအခါ၊ သင်တို့ဆင်ခြင်ရမည်ကား၊ မျိုးစေ့သည်ကောင်း၏။ အကြောင်းမူကား၊ ပွ၍၊ အပင်ပေါက်ပြီးလျှင် ကြီးထွားစပြု၏။ ယခုမူကား၊ ရှုလော့၊ ဤအမှုသည် သင်တို့၏ယုံကြည်ခြင်းကို ခွန်အားဖြည့်မပေးလေသလော။ ဟုတ်ပေ၏။ ထိုအမှုက သင်တို့၏ယုံကြည်ခြင်းကို ခွန်အားဖြည့်ပေး၏။ ဤအရာသည်ကား၊ ကောင်းသောမျိုးစေ့ဖြစ်၏။ အကြောင်းမူကား၊ ရှုလော့၊ ပွ၍၊ အပင်ပေါက်ပြီးလျှင်၊ ကြီးထွားစပြုပြီဟု သင်တို့ ဆိုမည်ဖြစ်သောကြောင့်ပေတည်း။
၃၁ ယခုမူကား၊ ရှုလော့၊ ဤအရာသည် ကောင်းသောမျိုးစေ့ဖြစ်ကြောင်း သင်တို့စိတ်ချသလော။ ဟုတ်ပေ၏ဟု သင်တို့ကို ငါဆို၏။ အကြောင်းမူကား၊ မျိုးစေ့တိုင်းသည် ၎င်းနှင့် တညီ တစ်သဏ္ဌာန်တည်း အသီးကို သီး၏။
၃၂ ထို့ကြောင့်၊ မျိုးစေ့သည် ကြီးထွားလျှင်၊ ကောင်း၏။ သို့ရာတွင်၊ ကြီးထွားခြင်းမရှိလျှင်၊ မကောင်း။ ထို့ကြောင့်၊ စွန့်ပစ်ခံရ၏။
၃၃ ယခုမူကား၊ ရှုလော့၊ သင်တို့သည် လက္ခဏာသက်သေကို စမ်းသပ်လေပြီးလျှင်၊ မျိုးစေ့ကို စိုက်သဖြင့်၊ ပွ၍ အပင်ပေါက်၏၊ ကြီးထွားစလည်းပြုသဖြင့်၊ မျိုးစေ့ကောင်းကြောင်း သိရကြပေမည်။
၃၄ ယခုမူကား၊ ရှုလော့၊ သင်တို့၏အသိပညာသည် စုံလင်သလော။ ဟုတ်ပေ၏။ သင်တို့၏ အသိပညာသည် ထိုအရာ၌ စုံလင်၏၊ သင်တို့၏ယုံကြည်ခြင်းသည် အသက်မဝင်။ ဤအမှုသည်ကား၊ သင်တို့သိသောကြောင့်ပေတည်း။ အကြောင်းမူကား၊ နှုတ်ကပတ်တော်က သင်တို့၏စိတ်ဝိညာဉ်ကို ကြီးထွားစေလေကြောင်း သင်တို့ သိကြ၏။ နှုတ်ကပတ်တော်ပေါ်ပေါက်၍ သင်တို့၏နားလည်ခြင်းသည်လည်း အလင်းသို့ရောက်စပြုလျက်၊ သင်တို့၏စိတ်က ပို၍နားလည်နိုင်ကြောင်းကိုလည်း သင်တို့သိပေ၏။
၃၅ အို ထိုသို့ဆိုလျှင်၊ ဤအမှုသည် အစစ်အမှန် မဟုတ်လေသလော။ ထိုအရာသည်ကား၊ အလင်းဖြစ်သောကြောင့်၊ ဟုတ်ပေ၏ဟု သင်တို့ကို ငါဆို၏။ ပိုင်းခြား၍သိမြင်နိုင်ခြင်းကြောင့်၊ အလင်းဖြစ်သောအရာမှန်သမျှသည် ကောင်းမြတ်၏။ ထို့ကြောင့်၊ ကောင်းမြတ်သည်ကို သင်တို့ သိရမည်။ ယခုမူကား၊ ရှုလော့၊ သင်တို့သည် ဤအလင်းကို တွေ့ကြုံလေပြီးနောက်၌ သင်တို့၏အသိပညာသည် စုံလင်လေသလော။
၃၆ ရှုလော့၊ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။ သင်တို့၏ယုံကြည်ခြင်းကိုလည်း သင်တို့ပယ်ရှားရမည်မဟုတ်။ အကြောင်းမူကား၊ သင်တို့သည် ထိုမျိုးစေ့ကောင်းမကောင်းကို သိရန် လက္ခဏာသက်သေကို စမ်းသပ်နိုင်ခြင်းငှာ၊ ထိုမျိုးစေ့ကို စိုက်ရန် ယုံကြည်မှုပြုရုံမျှသာ ရှိလေပြီတကား။
၃၇ ရှုဦးလော့၊ အပင်သည်လည်း ကြီးထွားစပြုသောအခါ၊ ငါတို့သည် ထိုအပင်ကို အမြစ်စွဲ၍ ကြီးထွားလျက်၊ ငါတို့အတွက် အသီးသီးနိုင်စေခြင်းငှာ၊ ကြီးစွာဂရုစိုက်၍ ပြုစုပျိုးထောင်ကြကုန်အံ့ဟု သင်တို့ဆိုလိမ့်မည်။ ယခုမူကား၊ ရှုလော့၊ သင်တို့သည် များစွာဂရုစိုက်၍ ပြုစုပျိုးထောင်ကြလျှင်၊ အပင်သည် အမြစ်စွဲ၍၊ ကြီးထွားလျက်၊ အသီးသီးပေလိမ့်မည်။
၃၈ သို့ရာတွင်၊ သင်တို့သည် အပင်ကို ဂရုမစိုက်၊ ပြုစုပျိုးထောင်ခြင်းအတွက် မစဉ်းစားလျှင်၊ ရှုလော့၊ အမြစ်တစ်မြစ်မျှ မစွဲလတ္တံ့။ နေပူလာ၍ အပူလောင်သောအခါ၊ အမြစ်မရှိသောကြောင့် ညှိုးနွမ်းသွားသဖြင့်၊ သင်တို့နှုတ်၍ပစ်ကြ၏။
၃၉ ယခုတွင်၊ ဤအမှုသည်ကား၊ မျိုးစေ့မကောင်းသောကြောင့် မဟုတ်၊ ထိုအပင်မှ အသီးသည်လည်း နှစ်လိုဖွယ်မဖြစ်လေသောကြောင့် မဟုတ်။ သင်တို့၏မြေသည် မဖြစ်ထွန်းသောကြောင့်သာ ဖြစ်၏၊ သင်တို့သည် အပင်ကို ပြုစုပျိုးထောင်လိုခြင်းလည်းမရှိကြ။ ထို့ကြောင့်၊ ထိုအပင်မှ အသီးကို မရရှိနိုင်ကြ။
၄၀ ထိုကဲ့သို့အားဖြင့်၊ သင်တို့သည် ထိုအပင်၏အသီးကို ယုံကြည်ခြင်းမျက်လုံးဖြင့်ကြည့်၍၊ မျှော်လင့်လျက်၊ နှုတ်ကပတ်တော်ကို အားမဖြည့်လျှင်၊ အသက်ပင်၏အသီးကို အဘယ်တော့မျှ မခူးနိုင်ကြ။
၄၁ သို့ရာတွင်၊ သင်တို့သည် နှုတ်ကပတ်တော်ကို အားဖြည့်၍၊ ထိုမှတစ်ပါး၊ သစ်ပင်ကို ကြီးထွားစပြုသောအချိန်တွင်၊ ထိုအပင်၏အသီးကို မျှော်လင့်လျက်၊ ကြီးစွာသောလုံ့လဝီရိယနှင့်ယုံကြည်ခြင်း၊ သည်းခံခြင်းတို့ဖြင့် ပြုစုပျိုးထောင်လျှင် အပင်မှ အမြစ်ထွက်လိမ့်မည်။ ရှုဦးလော့၊ ထာဝရတည်မြဲသောအသက်သို့တိုင်အောင်ဖွံ့ဖြိုးသည့် အပင်ဖြစ်လိမ့်မည်။
၄၂ နှုတ်ကပတ်တော်ကို သင်တို့၌ အမြစ်စွဲနိုင်စေကြောင်း၊ ၎င်းနှင့်စပ်လျဉ်း၍ အားဖြည့်ခြင်း၌ သင်တို့၏လုံ့လဝီရိယ၊ သင်တို့၏ယုံကြည်ခြင်းနှင့် သင်တို့၏သည်းခံခြင်းတို့ကြောင့်၊ အဖိုးအထိုက်ဆုံးဖြစ်သော၊ ချိုသောအရာအားလုံးတို့ထက် သာ၍ချိုသော၊ ဖြူသည့်အရာအားလုံးတို့ထက် သာ၍ဖြူသော၊ ထိုမှတစ်ပါး၊ စင်ကြယ်သောအရာအားလုံးထက် သာ၍စင်ကြယ်သောအသီးကို မကြာမီ ထိုအပင်မှ သင်တို့ခူးရလိမ့်မည်။ ထို့အတူ၊ သင်တို့သည် ဝသည့်တိုင်အောင်ပင် ဤအသီးကို ပွဲခံပျော်မွေ့သဖြင့်၊ မွတ်သိပ်ခြင်းမရှိကြ၊ ရေငတ်ခြင်းလည်းမရှိလတ္တံ့။
၄၃ ထို့နောက်တွင်၊ ငါ၏ညီအစ်ကိုတို့၊ သင်တို့သည် အပင်ကို သင်တို့အတွက် အသီးသီးစေရန် စောင့်နေစဉ်၌ရှိသည့် သင်တို့၏ယုံကြည်ခြင်း၊ သင်တို့၏လုံ့လဝီရိယ၊ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့၏ အကျိုးကျေးဇူးများကို ရိတ်သိမ်းရလိမ့်မည်။