အခန်းကြီး ၂၅
လာမန်အမျိုးသားကျူးကျော်တိုက်ခိုက်ခြင်း ပျံ့နှံ့၏—နောဧ၏ယဇ်ပုရောဟိတ်တို့၏ အမျိုးအနွယ်တို့သည် အဘိနဒိပရောဖက်ပြု၍ဟောခဲ့သည့်အတိုင်း ပျက်စီးကြ၏—လာမန်အမျိုးသားများစွာတို့သည် ပြောင်းလဲ၍၊ အန္တိနီဖိုင်းလေဟိလူမျိုးတို့နှင့် ပူးပေါင်းကြ၏—သူတို့သည် ခရစ်တော်ကို ယုံကြည်ပြီး မောရှေ၏ပညတ်တရားကို စောင့်ထိန်းကြ၏။ ဘီစီ ၉၀–၇၇ ခန့်။
၁ ရှုဦးလော့၊ ယခုတွင်၊ အချိန်တန်လာသောအခါ၊ ထိုလာမန်အမျိုးသားတို့သည် မိမိတို့ညီအစ်ကိုများကို ကွပ်မျက်လေသောကြောင့် ပို၍အမျက်ထွက်ကြ၏။ ထို့ကြောင့်၊ သူတို့သည် နီဖိုင်းအမျိုးသားတို့ကို လက်တုံ့ပြန်ရန် ကျိန်ဆိုကြ၏။ ထိုအချိန်၌၊ အန္တိနီဖိုင်းလေဟိလူမျိုးတို့ကို ကွပ်မျက်ရန် အားမထုတ်ကြတော့။
၂ သို့ရာတွင်၊ သူတို့၏တပ်များကို ခေါ်၍ ဇရဟင်မလပြည်၏နယ်နိမိတ်ထဲသို့ သွားကြပြီး၊ အမ္မုန်နိဟပြည်ထဲ၌ရှိသောလူမျိုးတို့ကို တိုက်ခိုက်ဖျက်ဆီးကြ၏။
၃ ထို့နောက်တွင်ကား၊ သူတို့သည် နီဖိုင်းအမျိုးသားတို့နှင့် တိုက်ပွဲများစွာ ဖြစ်ကြလေပြီး၊ နှင်ထုတ်ခြင်းနှင့် ကွပ်မျက်ခြင်းကို ခံရလေ၏။
၄ ကွပ်မျက်ခံရလေသောလာမန်အမျိုးသားများတွင်၊ နောဧ၏ယဇ်ပုရောဟိတ်များဖြစ်သော အာမြူလုန်နှင့် သူ့ညီအစ်ကိုတို့၏ အမျိုးအနွယ်အားလုံးနီးပါးဖြစ်လေပြီး၊ နီဖိုင်းအမျိုးသားတို့၏လက်ဖြင့် ကွပ်မျက်ခံရလေ၏။
၅ ကျန်ကြွင်းသောသူတို့သည်လည်း၊ အရှေ့တောရိုင်းထဲသို့ ထွက်ပြေးကြပြီးမှ၊ လာမန်အမျိုးသားတို့အပေါ် တန်ခိုးနှင့် အခွင့်အာဏာကို အနိုင်အထက်သိမ်းယူလေပြီး၊ များစွာသောလာမန်အမျိုးသားတို့ကို သူတို့၏ယုံကြည်မှုကြောင့် မီးဘေးဖြင့် ပျက်စီးစေ၏—
၆ အကြောင်းမူကား၊ သူတို့မှ များစွာသောသူတို့သည် များစွာသောဆုံးရှုံးမှုနှင့် အလွန် များစွာသော ဆင်းရဲဒုက္ခများကို ခံစားရလေပြီးနောက်၊ သူတို့ပြည်ထဲ၌ အာရုန်နှင့် သူ့ညီအစ်ကိုတို့ ဟောပြောသော စကားများကို အောက်မေ့စေရန် နှိုးဆော် ခံရစပြု၏။ ထို့ကြောင့်၊ သူတို့သည် မိမိတို့ဘိုးဘေးတို့၏ နည်းဥပဒေသများကို မယုံကြည်ရန်၊ ကိုယ်တော်ရှင်ကို ယုံကြည်ရန်နှင့် နီဖိုင်းအမျိုးသားတို့အား ကြီးစွာသောတန်ခိုးကို သူပေးတော်မူကြောင်း ယုံကြည်ရန် အစပြု၏။ ထိုကဲ့သို့အားဖြင့်၊ သူတို့မှ များစွာသောသူတို့သည် တောရိုင်းထဲ၌ ပြောင်းလဲကြ၏။
၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အာမြူလုန်၏သားသမီးတို့မှ ကျန်ကြွင်းသောသူများဖြစ်သည့် ထိုအုပ်စိုးသူတို့က သူတို့ကို အမှန်စင်စစ်၊ ဤအမှုများကို ယုံကြည်သူခပ်သိမ်းတို့ကို အသေသတ်ခံရစေ၏။
၈ ယခုတွင်၊ ဤအသက်စတေးခြင်းက သူတို့၏များစွာသောညီအစ်ကိုတို့ကို အမျက်ထွက်စေကြောင်း နှိုးဆော်ခံရစေ၏။ ထို့အတူ၊ တောရိုင်းထဲ၌ တိုက်ခိုက်ခြင်းကို အစပြုကြ၏။ လာမန်အမျိုးသားတို့သည်လည်း အာမြူလုန်နှင့် သူ့ညီအစ်ကိုတို့၏ အမျိုးအနွယ်များကို လိုက်၍ရှာစပြုပြီး၊ ကွပ်မျက်စပြုကြ၏။ သူတို့သည်လည်း အရှေ့တောရိုင်းထဲသို့ ထွက်ပြေးကြ၏။
၉ ရှုဦးလော့၊ သူတို့သည် ဤကာလတွင်၊ လာမန်အမျိုးသားတို့၏လိုက်၍ရှာခြင်းကို ခံရ၏။ ထိုကဲ့သို့အားဖြင့်၊ အဘိနဒိကို မီးဘေးဖြင့် သေခြင်းကို ခံစားစေသည့်ယဇ်ပုရောဟိတ်တို့၏ အမျိုးအနွယ်တို့နှင့်စပ်လျဉ်း၍ သူပြောခဲ့သည့် စကားများ ပြီးပြည့်စုံလေ၏။
၁၀ အကြောင်းမူကား၊ သင်တို့ ငါ့ကို ပြုမည့် အရာသည်၊ ဖြစ်လာမည့်အရာတို့၏ သင်္ကေတဖြစ်ပေမည်ဟု သူဆိုလေပြီ။
၁၁ ယခုမူကား၊ အဘိနဒိသည် ဘုရားသခင်၌ သူ၏ယုံကြည်မှုကြောင့် မီးဘေးဖြင့် သေခြင်းကို ခံစားရသည့် ပထမဦးဆုံးသောသူ ဖြစ်၏။ ယခုတွင်၊ ဤအရာသည်ကား၊ များစွာသောသူတို့သည် သူခံစားရသည့်အတိုင်း၊ မီးဘေးဖြင့် သေခြင်းခံစားရလိမ့်မည်ဟု သူဆိုလိုသည့်အရာပေတည်း။
၁၂ သူတို့၏အမျိုးအနွယ်တို့သည် သူ့နည်းတူ များစွာသောသူတို့ အသေသတ်ခံရစေမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ သူတို့သည်ကား၊ သိုးထိန်းမရှိသောသိုးသည် တောသားရဲတို့အားဖြင့် နှင်ထုတ်၍ အသတ်ခံရသကဲ့သို့ပင်၊ အရပ်ရပ်သို့ ကွဲပြားပြန့်ကျဲ၍ ကွပ်မျက်ခံရလိမ့်မည်ဖြစ်ကြောင်းကိုလည်းကောင်း၊ နောဧ၏ယဇ်ပုရောဟိတ်တို့ကို သူဆိုခဲ့၏။ ယခုမူကား၊ ရှုလော့၊ ဤစကားများ မှန်ကန်ကြောင်းကို သက်သေပြပေပြီ။ အကြောင်းမူကား၊ သူတို့သည် လာမန်အမျိုးသားတို့အားဖြင့် နှင်ထုတ်ခံခဲ့ရ၊ လိုက်၍အရှာခံခဲ့ရ၊ ပြင်းစွာအရိုက်ခံခဲ့ရပေပြီ။
၁၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လာမန်အမျိုးသားတို့သည် နီဖိုင်းအမျိုးသားတို့ကို အနိုင်မရနိုင်ကြောင်း သိမြင်ကြသောအခါ၊ သူတို့နေရင်းပြည်သို့ တစ်ဖန်ပြန်လာကြ၏။ သူတို့မှ များစွာသောသူတို့သည် ဣရှမေလပြည်နှင့် နီဖိုင်းပြည်တို့၌ နေခြင်းငှာလာ၍၊ အန္တိနီဖိုင်းလေဟိလူမျိုးများဖြစ်သည့် ဘုရားသခင်၏လူမျိုးတို့နှင့် သူတို့ကိုယ်သူတို့ ပူးပေါင်းကြ၏။
၁၄ သူတို့၏ စစ်တိုက်ရာလက်နက်များကိုလည်း သူတို့ညီအစ်ကိုများ ပြုလေသည့်အတိုင်း၊ မြေမြှုပ်ပြီး၊ ဖြောင့်မတ်သောလူမျိုးများအဖြစ် အစပြုကြ၏။ ကိုယ်တော်ရှင်၏ လမ်းစဉ်များသို့ လိုက်၍၊ သူ၏ပညတ်တော်များနှင့် ထုံးဥပဒေသများကို စောင့်ထိန်းရန် သူတို့အားထုတ်ကြ၏။
၁၅ ထိုမှတစ်ပါး၊ သူတို့သည် မောရှေ၏ပညတ်တရားများကို စောင့်ထိန်းကြ၏။ အကြောင်းမူကား၊ မောရှေ၏ပညတ်တရားများကို သူတို့စောင့်ထိန်းရန် လိုအပ်လျက်ရှိသေးသည်မှာ၊ အလုံးစုံမပြီးပြည့်စုံလေသောကြောင့်ပေတည်း။ သို့ရာတွင်၊ မောရှေ၏ပညတ်တရား ရှိသော်ငြားလည်း၊ သူတို့သည် ခရစ်တော်၏ကြွလာတော်မူခြင်းကို မျှော်လင့်ကြပြီး၊ မောရှေ၏ပညတ်တရားကို သူကြွလာတော်မူခြင်း၏ သင်္ကေတတစ်ခုဖြစ်ကြောင်း ဆင်ခြင်လျက်၊ သူတို့ထံဖော်ပြတော်မူမည့် အချိန်အထိ ထိုအပြင်ပိုင်းစီရင်တော်မူခြင်းများကို သူတို့ စောင့်ထိန်းရမည့်အကြောင်း ယုံကြည်လျက်ရှိကြ၏။
၁၆ ယခုတွင်၊ မောရှေ၏ပညတ်တရားအားဖြင့် ကယ်တင်ခြင်း ဖြစ်လာနိုင်သည်ဟု သူတို့မထင်မှတ်ကြ။ သို့ရာတွင်၊ မောရှေ၏ပညတ်တရားသည် ခရစ်တော်ကို သူတို့၏ယုံကြည်ခြင်းအား ခွန်အားဖြည့်ပေးရန် ကူညီ၏။ ထိုကဲ့သို့အားဖြင့်၊ သူတို့သည် ဖြစ်လာမည့်အရာများအကြောင်း ဟောပြတော်မူသည့် ပရောဖက်ပြုဟောသောဝိညာဉ်ကို မှီခိုလျက်၊ ယုံကြည်ခြင်းအားဖြင့် ထာဝရကယ်တင်ခြင်းသို့ မျှော်လင့်ခြင်းကို သတိရကြ၏။
၁၇ ယခုမူကား၊ ရှုလော့၊ အမ္မုန်၊ အာရုန်၊ ဩမနာ၊ ဟိမနိနှင့် သူတို့၏ညီအစ်ကိုတို့သည် သူတို့ဆုတောင်းခြင်းများအတိုင်း၊ ကိုယ်တော်ရှင်ပေးတော်မူလေသည်ကိုလည်းကောင်း၊ သူတို့ထံသို့ အသေးစိတ်မှန်သမျှတို့နှင့် စပ်လျဉ်းသည့် သူ၏စကားအား ပြည့်စုံစေခဲ့လေသည်ကိုလည်းကောင်း မြင်ရ၍၊ လာမန်အမျိုးသားတို့၌ သူတို့ရရှိလေသည့် အောင်မြင်မှုကြောင့်၊ လွန်စွာရွှင်လန်းဝမ်းမြောက်ကြ၏။