အခန်းကြီး ၂၈
လာမန်အမျိုးသားတို့သည် အံ့ဩတုန်လှုပ်ဖွယ်သောတိုက်ပွဲ၌ အနိုင်ခံရ၏—သောင်းပေါင်းများစွာသောသူတို့ ကွပ်မျက်ခံရ၏—ဆိုးညစ်သောသူတို့သည် အဆုံးမရှိသည့် အမင်္ဂလာအခြေအနေသို့ လွှဲအပ်ခံရ၏။ ဖြောင့်မတ်သောသူတို့သည် အဘယ်တော့မျှအဆုံးမရှိသော ပျော်ရွှင်ခြင်းကို ရရှိကြ၏။ ဘီစီ ၇၇–၇၆ ခန့်။
၁ ယခုမူကား၊ အချိန်တန်လာသောအခါ၊ အမ္မုန်လူမျိုးတို့ကို ယေရှုန်ပြည်ထဲ၌ တည်ထောင်၏၊ အသင်းတော်တစ်ခုကိုလည်း ယေရှုန်ပြည်ထဲ၌ တည်ထောင်၏၊ နီဖိုင်းအမျိုးသားတို့၏ တပ်များကို ယေရှုန်ပြည်တစ်ဝိုက်၌ ထိုမှတစ်ပါး၊ ဇရဟင်မလပြည်တစ်ဝိုက် ခပ်သိမ်းသော နယ်နိမိတ်တို့၌ ချထားလေပြီးနောက်၊ ရှုလော့၊ လာမန်အမျိုးသားတို့၏ တပ်များသည် သူတို့ညီအစ်ကိုများနောက် တောရိုင်းထဲသို့ လိုက်ခဲ့ကြလေ၏။
၂ ထိုကဲ့သို့အားဖြင့်၊ အံ့ဩတုန်လှုပ်ဖွယ်သော တိုက်ပွဲဖြစ်လေ၏။ အမှန်စင်စစ်၊ လေဟိယေရုရှလင်ကို စွန့်ခွာခဲ့သည့်အချိန်မှစ၍ ထိုပြည်ရှိ ခပ်သိမ်းသောလူမျိုးတို့၌ ထိုကဲ့သို့သောတိုက်ပွဲကို မတွေ့ကြုံစဖူးပေ။ ထိုမှတစ်ပါး၊ သောင်းပေါင်းများစွာသော လာမန်အမျိုးသားတို့ ကွပ်မျက်ခံရလျက်၊ အရပ်ရပ်သို့ ကွဲပြားပြန့်ကျဲကြလေ၏။
၃ ထိုမှတစ်ပါး၊ နီဖိုင်းလူမျိုးတို့၌ အံ့ဩတုန်လှုပ်ဖွယ်သော သိမ်းရုံးသတ်ဖြတ်ခြင်းလည်း ရှိလေ၏။ သို့သော်လည်း၊ လာမန်အမျိုးသားတို့သည် မောင်းထုတ်ခံရသဖြင့်၊ ကွဲပြားပြန့်ကျဲကြ၏။ နီဖိုင်းလူမျိုးတို့သည်လည်း မိမိတို့ပြည်သို့ တစ်ဖန်ပြန်လာကြ၏။
၄ ယခုမူကား၊ နီဖိုင်းလူမျိုးခပ်သိမ်းတို့၌ ထိုပြည်တစ်လျှောက်လုံးတွင်၊ ကြီးစွာသော ငိုကြွေးမြည်တမ်းခြင်းနှင့် မြည်တမ်းခြင်းကို ကြားရသောကာလပေတည်း—
၅ အထူးသဖြင့်၊ မုဆိုးမများက မိမိတို့ခင်ပွန်းများအတွက် ငိုကြွေးမြည်တမ်းလျက်ရှိသည့် ငိုကြွေးသံ၊ ထို့အတူ၊ အဘတို့က မိမိတို့သားများအတွက် ငိုကြွေးမြည်တမ်းလျက်ရှိသည့်၊ သမီးက အစ်ကိုအတွက်၊ ထိုမှတစ်ပါး၊ ညီအစ်ကိုက အဘအတွက် ထိုကဲ့သို့အားဖြင့်၊ ကွပ်မျက်ခံရလေသည့် သူတို့ဆွေမျိုးအတွက် ငိုကြွေးမြည်တမ်းလျက်ရှိသည့် ငိုကြွေးမြည်တမ်းသံကို သူတို့အားလုံး၌ ကြားရလေ၏။
၆ ယခုမူကား၊ ဤကာလသည် ဝမ်းနည်းဖွယ်ကောင်းသောကာလ၊ ထိုမှတစ်ပါး၊ တည်ကြည်လေးနက်ရာအချိန်၊ များစွာသော အစာရှောင်ရာနှင့်၊ ဆုတောင်းရာ အချိန်ဖြစ်လေ၏။
၇ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်းလူမျိုးတို့အပေါ် တရားသူကြီးများအုပ်စိုးခြင်း တစ်ဆယ်ငါးနှစ်မြောက် ပြီးဆုံး၏။
၈ ဤအရာသည်ကား၊ အမ္မုန်နှင့် သူ၏ညီအစ်ကိုများ၊ နီဖိုင်းပြည်၌ သူတို့၏ခရီးသွားခြင်းများ၊ ထိုပြည်ထဲ၌ သူတို့၏ဒုက္ခဝေဒနာခံစားရခြင်းများ၊ သူတို့၏ဆင်းရဲဒုက္ခများ၊ သူတို့၏ နားမလည်နိုင်လောက်အောင်ရှိလှသော ဝမ်းမြောက်ခြင်း၊ ယေရှုန်ပြည်၌ ညီအစ်ကိုတို့၏ လက်ခံခြင်းနှင့် ဘေးလွတ်ခြင်းတို့အကြောင်း မှတ်တမ်းပေတည်း။ ယခုမူကား၊ ကိုယ်တော်ရှင်၊ ခပ်သိမ်းသော လူသားတို့၏ ရွေးနှုတ်ရှင်သည် သူတို့၏စိတ်ဝိညာဉ်များကို ကာလအစဉ်အဆက် ကောင်းချီးပေးတော်မူပါစေ။
၉ ထို့အတူ၊ ဤအရာသည်ကား၊ နီဖိုင်းအမျိုးသားတို့၌ စစ်တိုက်ခြင်းများနှင့် ရန်တွေ့ခြင်းများ၊ ထို့အတူ၊ နီဖိုင်းအမျိုးသားတို့နှင့် လာမန်အမျိုးသားတို့ကြား၌ ရှိလေသော စစ်တိုက်ခြင်းများအကြောင်း မှတ်တမ်းပေတည်း။ တရားသူကြီးများအုပ်စိုးခြင်းတစ်ဆယ်ငါးနှစ်မြောက်သည်လည်း ပြီးဆုံး၏။
၁၀ ပထမဦးဆုံးနှစ်မှ တစ်ဆယ်ငါးနှစ်အတွင်း၊ ထောင်ပေါင်းများစွာသော အသက်များပျက်စီးခြင်းကို ဖြစ်ပေါ်စေလေ၏။ ထိုမှတစ်ပါး၊ ယင်းကာလအတွင်း၊ အသွေးသွန်းလောင်းခြင်း၏ အလွန်ဆိုးရွားသောမြင်ကွင်းကို ဖြစ်ပေါ်စေလေ၏။
၁၁ ထောင်ပေါင်းများစွာသောသူတို့၏ ကိုယ်ခန္ဓာများ မြေကြီးမျက်နှာပြင်ပေါ်၌ အစုအပုံလိုက် ပုပ်ပျက်လျက်ရှိစဉ်တွင်၊ ထောင်ပေါင်းများစွာသောသူတို့၏ ကိုယ်ခန္ဓာတို့ကို မြေကြီးထဲသို့ ချကြ၏။ ထိုမှတစ်ပါး၊ ထောင်ပေါင်းများစွာသောသူတို့သည် မိမိတို့၏ဆွေမျိုးများဆုံးရှုံးရခြင်းကြောင့်၊ ကိုယ်တော်ရှင်၏ကတိတော်အတိုင်း၊ အဆုံးမရှိသည့် အမင်္ဂလာအခြေအနေသို့ လွှဲအပ်ခံရလေသည့် ကြောက်ရွံ့စရာအကြောင်းရှိလေသဖြင့်၊ ငိုကြွေးမြည်တမ်းလျက်ရှိကြ၏။
၁၂ ထောင်ပေါင်းများစွာသောအခြားသူတို့သည် မိမိတို့ဆွေမျိုးများ ဆုံးရှုံးရခြင်းကြောင့်၊ အမှန်ပင်၊ ငိုကြွေးမြည်တမ်းကြသော်လည်း၊ ကိုယ်တော်ရှင်၏ကတိတော်အတိုင်း၊ အဘယ်တော့မျှ အဆုံးမရှိသော ပျော်ရွှင်ခြင်းအခြေအနေဖြင့် ဘုရားသခင်၏လက်ယာတော်ဘက်တွင် နေထိုင်ရန် ထိုသူတို့ ထမြောက်ရမည်ကို မျှော်လင့်ခြင်းနှင့် သိ၍ ရွှင်လန်းဝမ်းမြောက်ပြီး၊ ကျေနပ်အားရကြ၏။
၁၃ ထိုကဲ့သို့အားဖြင့်၊ ငါတို့သိမြင်ကြသည်မှာ၊ လူတို့စိတ်နှလုံးကို ထောင်ချောက်ဆင်၍ဖမ်းခြင်းငှာ ကြံစည်သည့် စဉ်းလဲသောအစီအစဉ်တို့အားဖြင့် ဖြစ်လာသည့် နတ်ဆိုး၏တန်ခိုးနှင့်အတူ၊ အပြစ်နှင့် လွန်ကျူးခြင်းတို့ကြောင့်၊ လူသား၌ မမျှတခြင်း အဘယ်မျှကြီးမားလေကြောင်းပေတည်း။
၁၄ ထိုကဲ့သို့အားဖြင့်၊ ငါတို့သိမြင်ကြသည်မှာ၊ ကိုယ်တော်ရှင်၏ဥယျာဉ်ထဲ၌၊ လုံ့လဝီရိယဖြင့် အလုပ်လုပ်စေရန် လူသားတို့ကို ကြီးစွာသော ခေါ်တော်မူခြင်းဖြစ်၏။ ထိုကဲ့သို့အားဖြင့်၊ ငါတို့သိမြင်ကြသည်မှာ၊ ဝမ်းနည်းခြင်းနှင့် ထို့အတူ၊ ရွှင်လန်းဝမ်းမြောက်ခြင်းအတွက်လည်း ကြီးစွာသောအကြောင်းရင်းပေတည်း—ဝမ်းနည်းခြင်းမှာ လူသားများ၌ သေခြင်းနှင့် ဖျက်ဆီးခြင်းကြောင့်ဖြစ်ပြီး၊ ဝမ်းမြောက်ခြင်းသည်ကား၊ အသက်ရှင်ရာသို့ရောက်ရာ ခရစ်တော်၏အလင်းကြောင့် ဖြစ်လေသတည်း။