ကျမ်းစာများ
အယ်လမာ ၅၇


အခန်းကြီး ၅၇

ဟေလမန်သည် အန္တိဖာရကို သိမ်းယူခြင်း၊ ကူမေနိမြို့ကို အညံ့​ခံခြင်းနှင့် နောက်ပိုင်း၌ ကာ​ကွယ်ခြင်းတို့​အကြောင်းကို ပြန်လည်​ပြောပြ၏—သူ၏​အမ္မုန်​ပြည်သား​လုလင်တို့သည် ရဲရင့်စွာ တိုက်​ခိုက်ကြ၏။ ခပ်သိမ်းသော​သူတို့ ဒဏ်ရာရ​ကြ၏၊ သို့ရာတွင် တစ်ဦးမျှ ကွပ်​မျက်​မခံရ—ဂိဒသည် လာမန်​အမျိုး​သား​စစ်​အကျဉ်း​သားတို့ကို ကွပ်​မျက်ခြင်းနှင့် ထွက်​ပြေးခြင်း​အကြောင်းတို့ကို သတင်း​ပြော​ကြား၏။ ဘီစီ ၆၃ ခန့်။

ယခုမူကား၊ အချိန်တန်​လာသော​အခါ ငါတို့​ဖမ်းယူခဲ့သော ထိုစစ်​အကျဉ်း​သားများကို ငါ​ပေး​အပ်လျှင်၊ အန္တိဖာရ​မြို့ကို ငါတို့​ထံသို့ ပေး​အပ်မည်ဟု ဖော်ပြလျက်​ရှိသော အမှာစာကို အမ်မော်ရုန်​မင်းကြီး​ထံမှ ငါ​ရရှိ၏။

သို့ရာတွင်၊ အမှာစာ​တစ်စောင်ကို မင်းကြီး​ထံသို့ ငါ​ပို့သည်ကား၊ ငါတို့​အင်အားစုများဖြင့် အန္တိဖာရ​မြို့ကို​သိမ်းယူရန်၊ ငါတို့၏​တပ်ဖွဲ့များ လုံလောက်စွာ​ရှိသည်မှာ သေချာ၏။ ထိုမြို့​အတွက် စစ်​အကျဉ်း​သားများကို ပေး​အပ်ခြင်းဖြင့် ငါတို့​ကိုယ်​ငါတို့ ဉာဏ်ပညာ​မရှိဟု မှတ်ယူရာ​ရောက်ကြောင်း၊ ထို့အတူ ငါတို့၏​စစ်​အကျဉ်း​သားများကို လဲလှယ်ခြင်း​အားဖြင့်​သာလျှင်၊ ငါတို့​ပေး​အပ်မည့်​အကြောင်းပေတည်း။

အမ်မော်ရုန်ကလည်း ငါ၏​အမှာစာကို ငြင်းပယ်၏။ အကြောင်းမူကား၊ သူသည် စစ်​အကျဉ်း​သားတို့ကို လဲလှယ်​လိုခြင်း​မရှိ။ ထို့ကြောင့်၊ ငါတို့သည် အန္တိဖာရ​မြို့ကို သွား၍​တိုက်ခြင်းငှာ၊ ပြင်ဆင်ခြင်းများ​ပြုရန် အစ​ပြုကြ၏။

သို့ရာတွင်၊ အန္တိဖာရမှ လူတို့သည် မြို့ကို​စွန့်ခွာကြ၏၊ သူတို့​သိမ်းပိုက်​ထားသည့် အခြား​မြို့များကို အင်အား​ခိုင်မာ​အောင်​ပြုခြင်းငှာ ထိုမြို့များသို့ ထွက်​ပြေးကြ၏။ ထိုကဲ့သို့​အားဖြင့်၊ အန္တိဖာရ​မြို့သည် ငါတို့​လက်ထဲသို့ ကျရောက်၏။

ထိုကဲ့သို့​အားဖြင့်၊ တရား​သူကြီးများ​အုပ်စိုးခြင်း​နှစ်ဆယ်​ရှစ်​နှစ်မြောက် ပြီးဆုံး၏။

ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ နှစ်ဆယ်ကိုး​နှစ်မြောက်၏​အစ၌၊ ငါတို့သည် ရိက္ခာ​အထောက်​အပံ့များ၊ ထို့အတူ သူတို့​ညီအစ်ကိုများ၊ ငါ၏​အယောက်​နှစ်ထောင်​ရှိသော တပ်ဖွဲ့ငယ်သို့ ပူးပေါင်းရန်​လာလေသူ အမ္မုန်​ပြည်သားတို့၏​သား အယောက်​ခြောက်ဆယ်တို့​အပြင်၊ လူခြောက်​ထောင်​အရေ​အတွက်​အထိ ဇရဟင်မလ​ပြည်မှ​လည်းကောင်း၊ ပတ်ဝန်းကျင်​အရပ်​ဒေသတို့မှ​လည်းကောင်း၊ ငါတို့၏​တပ်သို့ ထပ်ပေါင်းခြင်းကို လက်​ခံရ​ရှိကြ၏။ ယခု​မူကား၊ ရှုလော့၊ ငါတို့သည် အားကြီးလေပြီ။ ထိုမှတစ်ပါး၊ ငါတို့​ထံသို့ ဆောင်ယူခဲ့သည့် များစွာသော​ရိက္ခာတို့လည်း ငါတို့မှာ​ရှိလေပြီ။

ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ ကူမေနိ​မြို့ကို ကာကွယ်ခြင်းငှာ ချထားလေသည့်​တပ်နှင့် စစ်တိုက်ရန်မှာ ငါတို့၏​အလို​ဆန္ဒ​ဖြစ်၏။

ယခုမူကား၊ ရှုလော့၊ ငါတို့သည် မကြာမြင့်မီ၊ ငါတို့​အလို​ဆန္ဒများ၊ ပြီးပြည့်စုံ​တော့မည်​ဖြစ်​ကြောင်းကို သင့်ကို ငါ​ပြမည်။ ထိုမှတစ်ပါး၊ သူတို့ရိက္ခာ​အထောက်​အပံ့များ မရရှိမီ​အချိန်​အနည်းငယ်တွင်၊ ညဉ့်​အချိန်၌၊ ကူမေနိမြို့ကို ငါတို့၏​အားကြီးသော​တပ်ဖွဲ့၊ သို့မဟုတ်၊ ငါတို့၏​အားကြီးသော​တပ်ဖွဲ့၏ တစ်စိတ်​တစ်ပိုင်းဖြင့် ငါတို့​ဝိုင်း၏။

ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ ငါတို့သည် မြို့၏​ပတ်လည်၌ ညများစွာ​ကြာအောင် တပ်စခန်း​ချ၏။ သို့ရာတွင်၊ ငါတို့၏​ဓားများပေါ်၌ အိပ်၍၊ ညဉ့်​အချိန်၌ လာမန်​အမျိုးသားတို့ လာ၍​ငါတို့ကို မတိုက်ခိုက်၊ မကွပ်မျက်​နိုင်​စေခြင်းငှာ အစောင့်များ​ချထားကြ၏။ သူတို့သည် တိုက်​ခိုက်​ကွပ်မျက်ရန် အကြိမ်​များစွာ​ကြိုးစား​အား​ထုတ်ကြ၏။ ဤကဲ့သို့ ကြိုး​စား​အား​ထုတ်သမျှသော​အကြိမ်များ၌လည်း သူတို့၏​အသွေးကိုသာ သွန်း​လောင်းကြ၏။

၁၀ ခဏ​ကြာလျှင်၊ သူတို့​၏ရိက္ခာများ ရောက်လာ၍၊ သူတို့သည် ညဉ့်​အချိန်၌ မြို့တွင်းသို့ ဝင်တော့မည်​ပြုကြ၏။ ငါတို့​သည်ကား၊ လာမန်​အမျိုးသားတို့​အစား၊ နီဖိုင်း​အမျိုသားများ​ဖြစ်လေပြီ။ ထို့ကြောင့်၊ ငါတို့သည် သူတို့နှင့် သူတို့၏​ရိက္ခာများကို သိမ်းယူကြ၏။

၁၁ လာမန်​အမျိုးသားတို့သည် ဤကဲ့သို့​အားဖြင့် သူတို့၏​အထောက်​အပံ့မှ ဖြတ်​တောက်​ထားခြင်းကို ခံရ​သော်​ငြား​လည်း၊ မြို့ကို ထိန်းသိမ်းရန် သန္နိဌာန်​ချလျက်​ရှိသေး၏။ ထို့ကြောင့်၊ ငါတို့သည် ထို​ရိက္ခာများ​ကို​ယူ၍၊ ယုဒမြို့​သို့​လည်း​ကောင်း၊ ငါတို့၏​စစ်​အကျဉ်း​သားများကို ဇရဟင်မလ​ပြည်သို့​လည်း​ကောင်း ပို့ရန် လိုအပ်​လာ၏။

၁၂ ဤသို့​အားဖြင့်​အချိန်တန်​လာ​သော​အခါ၊ များစွာသော​နေ့များ မကုန်​လွန်​မီတွင်၊ လာမန်​အမျိုး​သားတို့သည် အကူ​အညီ​အတွက် မျှော်လင့်​ချက်​အားလုံး ကုန်ဆုံး​စပြု၏။ ထို့ကြောင့်၊ သူတို့သည် ငါတို့၏​လက်သို့ မြို့ကို ပေးအပ်ကြ၏။ ထိုကဲ့သို့​အားဖြင့်၊ ငါတို့သည် ကူမေနိ​မြို့ကို ရရှိရာ၌ ငါတို့၏​အကြံ​အစည်ကို ပြီးပြည့်​စုံစေ၏။

၁၃ သို့ရာတွင်၊ အချိန်တန်​လာသော​အခါ၊ ငါတို့၏​စစ်​အကျဉ်း​သားတို့ အလွန်​အမြောက်​အမြား​ရှိ၍၊ ငါတို့၏​အရေ​အတွက်မှာ များ​ပြား​သော်​ငြား​လည်း၊ ငါတို့သည် သူတို့ကို​စောင့်ကြည့်ရန် သို့မဟုတ် အသေ​သတ်ရန် ငါတို့​၏ တပ်ဖွဲ့ရှိသမျှကို အသုံး​ပြုရလေ၏။

၁၄ အကြောင်းမူကား၊ ရှုလော့၊ သူတို့သည် များစွာသော​အရေ​အတွက်​အားဖြင့် ဖောက်​ထွက်​လိုကြ၊ ကျောက်ခဲများ၊ တင်း​ပုတ်များ သို့မဟုတ်၊ သူတို့​လက်ထဲသို့ ရနိုင်သမျှ​သော​အရာတို့နှင့် တိုက်​ခိုက်​လိုကြသဖြင့်၊ စစ်​အကျဉ်း​သားများ​အဖြစ် သူတို့​ကိုယ်သူတို့ အညံ့​ခံကြပြီးမှ၊ သူတို့​ထဲမှ​အယောက်​နှစ်ထောင်​ကျော်ကို ငါတို့​ကွပ်မျက်​ကြ၏။

၁၅ ထို့ကြောင့်၊ သူတို့​အသက်ကို အဆုံး​စီရင်ရန်၊ သို့မဟုတ် လက်ထဲ၌ ဓားကို​ကိုင်၍၊ သူတို့ကို စောင့်ကြည့်လျက်၊ ဇရဟင်မလ​ပြည်သို့ ဆင်းသွားရန် ငါတို့​အတွက်​လိုအပ်​လာ၏။ လာမန်​အမျိုး​သားတို့ထံမှ သိမ်းယူခဲ့​သော်​ငြား​လည်း ငါတို့၏​ရိက္ခာများမှာ ငါတို့​လူများ​အတွက်​လုံလောက်​သည်ထက် တစ်စုံ​တစ်ခုမျှ​ပို၍​မရှိ​လေတော့။

၁၆ ယခုမူကား၊ ထိုကဲ့သို့သော အကျပ်​အတည်း​အခြေ​အနေ​မျိုးတွင်၊ ဤစစ်​အကျဉ်း​သားများနှင့်​စပ်လျဉ်း၍ ဆုံးဖြတ်ရန်မှာ အလွန်​အရေး​ကြီးသော​အမှု ဖြစ်လာ၏။ အဘယ်သို့​ပင်ဖြစ်စေ၊ ငါတို့သည် သူတို့ကို ဇရဟင်မလ​ပြည်သို့​ပို့ရန် ဆုံးဖြတ်ကြ၏။ ထို့ကြောင့်၊ ငါတို့၏​လူ​အချို့ကို ရွေးချယ်၍၊ ငါတို့၏​စစ်​အကျဉ်း​သားများကို အုပ်​ချုပ်လျက်၊ ဇရဟင်မလ​ပြည်သို့​ဆင်းသွားရန် တာဝန်​ပေး၏။

၁၇ သို့ရာတွင်၊ အချိန်တန်​လာသော​အခါ၊ နက်ဖြန်​နေ့တွင် သူတို့​ပြန်လာကြ၏။ ယခုမူကား၊ ရှုလော့၊ ငါတို့သည် သူတို့အား စစ်​အကျဉ်း​သားများ​အကြောင်းကို မမေး။ အကြောင်း​မူကား၊ ရှုလော့၊ လာမန်​အမျိုး​သားတို့သည် ငါတို့ကို တိုက်ခိုက်ကြလေပြီ၊ သူတို့​လက်ထဲသို့ ကျရောက်ခြင်းမှ ကယ်တင်ခြင်းငှာ၊ အချိန်မီ​ပြန်လာကြခြင်းဖြစ်၏။ အကြောင်းမူကား၊ ရှုလော့၊ အမ်မော်ရုန်သည် အထောက်​အမ​အတွက်၊ ရိက္ခာ​အထောက်​အပံ့​အသစ်များနှင့် တပ်​သား​အမြောက်​အမြားကိုလည်း ပို့၏။

၁၈ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ စစ်​အကျဉ်း​သားများနှင့်​အတူ ငါတို့​စေလွှတ်​ခဲ့သော​သူတို့သည် ထိုသူတို့ ငါတို့​အပေါ် အနိုင်​ရ​ခါနီး​အချိန်တွင်၊ ဟန့်​တားရန် အချိန်​မီရောက်​လာ၏။

၁၉ သို့ရာတွင်၊ ရှုလော့၊ ငါ၏​နှစ်ထောင်နှင့်​ခြောက်ဆယ်တို့၏​တပ်ဖွဲ့​ငယ်သည် အပြင်း​ထန်ဆုံး တိုက်​ခိုက်ကြ၏။ ထိုမှတစ်ပါး၊ သူတို့သည် လာမန်​အမျိုး​သားတို့၏​ရှေ့ ၌ ခိုင်မာကြ၏၊ သူတို့ကို ဆန့်ကျင်သူ​မှန်သမျှကို အဆုံး​စီရင်ကြ၏။

၂၀ ငါတို့​တပ်မှ ကျန်​ကြွင်းသော​သူတို့​သည်လည်း လာမန်​အမျိုး​သားတို့၏​ရှေ့မှ ဆုတ်ခွာ​တော့မည်​ပြုစဉ်တွင်၊ ရှုလော့၊ ထိုနှစ်ထောင်နှင့်​ခြောက်ဆယ်တို့သည် ခိုင်မာလျက် စိတ်ပျက်​အားလျော့ခြင်း​မရှိကြ။

၂၁ ထိုမှတစ်ပါး၊ သူတို့သည် နာခံလျက်၊ အမိန့်​စကား​တိုင်းကို တိကျစွာ​ဆောင်​ရွက်ခြင်းငှာ၊ အားထုတ်၏။ ထိုမှတစ်ပါး၊ သူတို့၏​ယုံကြည်ခြင်း​အတိုင်းပင်၊ သူတို့ထံ ဖြစ်လေပြီ။ သူတို့၏​မိခင်များ သူတို့ကို သွန်သင်​သည်ဟူသော ငါ့ကို သူတို့​ပြောသည့်​စကားများ​ကိုလည်း ငါ​သတိရ၏။

၂၂ ယခု​မူကား၊ ရှုလော့၊ ငါ၏​ဤသားတို့​သည်ကား၊ စစ်​အကျဉ်းသားတို့ကို ပို့ဆောင်ရန် ရွေးချယ်​ခံရသော ထိုလူများ၊ ဤ​ကြီးစွာသော​အောင်နိုင်ခြင်း​အတွက် ငါတို့​ဆပ်​စရာ​ရှိသော​သူများ​ပေတည်း။ အကြောင်းမူကား၊ သူတို့သည် လာမန်​အမျိုးသားတို့ကို နှိမ်နှင်း​အောင်မြင်သော​သူများ​ဖြစ်၏။ ထို့ကြောင့်၊ သူတို့​သည်လည်း မန်တိ​မြို့သို့ ပြန်၍​နှင်ထုတ်​ခံရကြ​လေ၏။

၂၃ ငါတို့​သည်လည်း ငါတို့၏​ကူမေနိ​မြို့ကို ထိန်းသိမ်းထားကြ၏၊ ဓား​ဘေး​အားဖြင့် အားလုံး​မပျက်စီးကြ။ သို့​သော်လည်း၊ ငါတို့သည် ကြီးစွာသော​ဆုံးရှုံးခြင်းကို ခံစားခဲ့​ရ၏။

၂၄ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ငါသည် လာမန်​အမျိုးသားတို့​ထွက်ပြေးကြ​ပြီးနောက်တွင်၊ ဒဏ်ရာ​ရလေသော ငါ၏​လူတို့ကို အသေ​ကောင်များ​ကြားမှ ဖယ်ရှားစေရန်နှင့် သူတို့၏​ဒဏ်ရာများကို စည်းနှောင်​စေရန် ချက်ချင်း အမိန့်​ပေး၏။

၂၅ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ငါ၏​နှစ်ထောင့်​ခြောက်ဆယ်တို့တွင် သွေး​လွန်ခြင်းကြောင့် မိန်းမောသူ အယောက်​နှစ်ရာ​ရှိ၏။ သို့သော်​လည်း၊ ဘုရားသခင်၏​ကောင်းမြတ်ခြင်း​အတိုင်း၊ ငါတို့ ကြီးစွာ​အံ့ဩ၍၊ ထို့အတူ၊ ငါတို့​တပ်​တစ်ခုလုံး ဝမ်းမြောက်ရ​သည်ကား၊ သူတို့​အထဲမှ ပျက်စီးသူ တစ်ယောက်မျှ​မရှိ။ ထိုမှတစ်ပါး၊ များစွာသော​ဒဏ်ရာ​မရ​ရှိသူ​လည်း သူတို့၌ တစ်ယောက်မျှ​မရှိ။

၂၆ ယခုမူကား၊ သူတို့​ကာကွယ်​စောင့်မ​ခံရခြင်း၊ အထူးသဖြင့်၊ ကွပ်မျက်ခံရလေသည့် ငါတို့၏​ညီအစ်ကို တစ်ထောင်​ရှိစဉ် သူတို့​ချမ်းသာ​ရခြင်းက ငါတို့၏​တပ်​တစ်ခုလုံးကို အံ့ဩ​စေလျက်​ရှိ၏။ ငါတို့သည်လည်း တရားမျှ​တတော်မူသော ဘုရားသခင်​ရှိတော်မူကြောင်းနှင့်၊ ယုံမှား​သံသယ​မဖြစ်​သူမှန်သမျှ သူ၏​အံ့ဩဖွယ်ရာ​တန်ခိုး​တော်​အားဖြင့် ကာကွယ်​စောင့်မ​တော်မူခြင်း​ခံရမည့်​အကြောင်း—ယုံကြည်စေရန် သူတို့​သွန်သင်​ခံရလေသည့်​သူကို သူတို့၏ ကြီးစွာသော​ယုံကြည်ခြင်းကြောင့်၊ ထိုအမှု​အတွက် ဘုရားသခင်၏ အလွန်​တရာ​အံ့ဩဖွယ်​ကောင်းသော​တန်ခိုးတော်ကို မှန်ကန်စွာ​ချီးမွမ်းကြ၏။

၂၇ ယခုတွင်၊ ဤအရာ​သည်ကား၊ ငါ​ပြောလေ​သူတို့၏ ယုံကြည်ခြင်း​ပေတည်း။ သူတို့သည် အသက်​ငယ်၏၊ သူတို့၏​စိတ်မှာ ခိုင်မာ၏၊ ဘုရားသခင်ကိုလည်း အစဉ်​မပြတ် ကိုးစားကြ၏။

၂၈ ယုခုမူကား၊ အချိန်တန်​လာသော​အခါ၊ ငါတို့သည် ဒဏ်ရာ​ရသော​ငါတို့​လူများကို ထိုကဲ့သို့​အားဖြင့်ဂရုစိုက်၍၊ များစွာ​ရှိလေသော ငါတို့​၏အသေ​ကောင်များနှင့် လာမန်​အမျိုးသားတို့၏​အသေ​ကောင်များ​ကိုလည်း သင်္ဂြိုဟ်​ပြီးလျှင်၊ ရှုလော့၊ ဇရဟင်မလ​ပြည်သို့ သူတို့နှင့်​အတူ ဆင်းသွားရန် စတင်သည့် စစ်​အကျဉ်း​သားများ​အကြောင်း ဂိဒကို မေး​မြန်းကြ၏။

၂၉ ယခုတွင်၊ ဂိဒသည်ကား၊ ထိုပြည်သို့​ဆင်းသွားရာ၌ သူတို့ကို​စောင့်ထိန်းရန် ခန့်အပ်​ခံရသူ၊ အဖွဲ့၏​ဗိုလ်ချုပ်မင်း​ဖြစ်၏။

၃၀ ယခုမူကား၊ ဂိဒ ငါ့ကို ဆိုလေသည့် ဤစကားများမှာ၊ ရှုလော့၊ ငါတို့သည် ငါတို့၏​စစ်​အကျဉ်း​သားများနှင့်​အတူ ဇရဟင်မလ​ပြည်သို့ ဆင်းသွားရန် စတင်ကြ၏။ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုးသားတို့၏​တပ်​စခန်းများကို စောင့်ကြည့်​စေခြင်းငှာ စေလွှတ်​ခံရသော ငါတို့​တပ်များမှ သူလျှိုတို့ကို တွေ့ကြ၏။

၃၁ သူတို့​ကလည်း ငါတို့ကို အော်ဟစ်​သည်ကား—ရှုလော့၊ လာမန်​အမျိုးသား​တပ်များသည် ကူမေနိ​မြို့သို့ ချီတက်​လာနေကြပြီ။ ရှုဦးလော့၊ သူတို့​တိုက်ခိုက်လိမ့်မည်၊ ထိုမှတစ်ပါး ငါတို့​လူများကို ဖျက်ဆီး​လိမ့်မည်ဟု ဆိုကြ၏။

၃၂ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ငါတို့၏​စစ်​အကျဉ်းသားတို့သည် ထိုသူတို့၏​အော်သံကို​ကြားကြ၏၊ ထိုအသံများက သူတို့ကို ရဲရင့်​စေ၏။ သူတို့သည်လည်း ငါတို့ကို ဆန့်ကျင်၍ ပုန်ကန်​ထကြွခြင်းကို စတင်ကြ၏။

၃၃ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့၏​ပုန်ကန်ခြင်းကြောင့်၊ ငါတို့သည် ငါတို့၏​ဓားများကို သူတို့​အပေါ်သို့ ရောက်စေကြ၏။ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် ငါတို့၏​ဓားများ​ဆီသို့ အစု​လိုက်တိုး​ဝင်သဖြင့်၊ သူတို့ထဲမှ ပို၍​များစွာသော​သူတို့သည် ကွပ်မျက် ခံရကြ၏။ သူတို့ထဲမှ ကျန်ကြွင်းသော​သူတို့​သည်လည်း ငါတို့ထံမှ ထိုးဖောက်၍ ထွက်​ပြေးကြ၏။

၃၄ ရှုဦးလော့၊ သူတို့ ထွက်ပြေးကြသောအခါ၊ ငါတို့သည် အနိုင်​မရနိုင်ကြ၊ ကူမေနိ​မြို့သို့ လျင်မြန်စွာ ချီတက်ကြ၏။ ရှုဦးလော့၊ ငါတို့သည် ငါတို့၏​ညီ​အစ်​ကိုတို့အား မြို့ကို ကာကွယ်​စောင့်မရာ၌​ကူညီရန် အချိန်မီ၊ ရောက်​လာကြ၏။

၃၅ ရှုဦးလော့၊ ငါတို့သည် ငါတို့​ရန်သူများ၏​လက်မှ ကယ်လွှတ်ခြင်းကို တစ်ဖန်​ခံရ​ပြန်လေပြီ။ ငါတို့​ဘုရားသခင်၏​နာမတော်သည် မင်္ဂလာ​ရှိပါ၏။ အကြောင်းမူကား၊ ရှုလော့၊ သူသည်ကား၊ ငါတို့ကို ကယ်လွှတ်​တော်မူသော​သူဖြစ်၏။ ထိုမှတစ်ပါး၊ ငါတို့​အတွက် ဤကြီးစွာ​သော​အမှုကို ပြုတော်မူ​လေသော​သူပေတည်း။

၃၆ ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ ငါ၊ ဟေလမန်သည် ဂိဒ၏​ဤစကားများကို ကြားရလျှင်၊ ငါတို့​အားလုံး မပျက်စီးနိုင်​စေခြင်းငှာ၊ ငါတို့ကို ကာကွယ်​စောင့်မ​တော်မူရာ၌ ဘုရားသခင်၏​ကောင်း​မြတ်ခြင်းကြောင့်၊ ငါသည် ကြီးစွာသော​ဝမ်းမြောက်ခြင်းနှင့်​ပြည့်၏။ ထိုမှတစ်ပါး၊ ငါသည် ကွပ်မျက်​ခံရလေသော​သူတို့၏​ဝိညာဉ်များ သူတို့​ဘုရားသခင်၏​ချမ်းသာထဲသို့ ဝင်​လေ​ပြီဖြစ်​ကြောင်းကို​လည်း ယုံကြည်​စိတ်ချ၏။