အခန်းကြီး ၃၅
နှုတ်ကပတ်တော်ကို ဟောပြောခြင်းက ဇော်ရမ်အမျိုးသားတို့၏အမှုကို ဖျက်ဆီး၏—သူတို့သည် ပြောင်းလဲသောသူများကို နှင်ထုတ်ကြ၏၊ ထို့နောက်တွင်၊ ပြောင်းလဲသောသူတို့သည် ယေရှုန်ပြည်၌ အမ္မုန်လူမျိုးတို့နှင့် ပူးပေါင်းကြ၏—အယ်လမာသည် လူတို့၏ဆိုးညစ်ခြင်းကြောင့် ဝမ်းနည်း၏။ ဘီစီ ၇၄ ခန့်။
၁ ယခုတွင်၊ အချိန်တန်လာသောအခါ၊ အာမြူးလက် ဤစကားများကို လက်စသတ်ပြီးလေလျှင်၊ သူတို့ကိုယ်သူတို့ လူအစုအဝေးမှ ခွဲထွက်၍၊ ယေရှုန်ပြည်ထဲသို့ လာကြ၏။
၂ ထိုမှတစ်ပါး၊ ကြွင်းသောညီအစ်ကိုတို့သည်လည်း၊ ဇော်ရမ်အမျိုးသားတို့အား နှုတ်ကပတ်တော်ကို ဟောပြောလေပြီးနောက်၊ ယေရှုန်ပြည်ထဲသို့ လာကြ၏။
၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ပို၍အရေးပါသော ဇော်ရမ်အမျိုးသားတို့သည် မိမိတို့အား ဟောပြောထားလေသည့် စကားများအကြောင်းကို အတူတကွ တိုင်ပင်နှီးနှော၍၊ နှုတ်ကပတ်တော်ကြောင့် အမျက်ထွက်ကြ၏။ အကြောင်းမူကား၊ နှုတ်ကပတ်တော်က သူတို့၏အမှုကို ဖျက်ဆီး၏။ ထို့ကြောင့်၊ သူတို့သည် ထိုစကားများကို စေ့စေ့နားမထောင်လိုကြ။
၄ သူတို့သည် သတင်းထုတ်ပြန်၍ ထိုပြည်တစ်လျှောက်လုံးရှိ လူခပ်သိမ်းတို့ကို အတူတကွစုဝေးကြ၏။ ဟောပြောထားလေသော စကားများအကြောင်းကိုလည်း သူတို့နှင့် တိုင်ပင်ကြ၏။
၅ ယခုတွင်၊ သူတို့၏အုပ်စိုးသူများ၊ သူတို့၏ယဇ်ပုရောဟိတ်များနှင့် သူတို့၏ဆရာတို့က သူတို့၏အလိုဆန္ဒများအကြောင်းကို လူတို့အား သိခွင့်မပေးကြ။ ထို့ကြောင့်၊ သူတို့သည် လူတို့၏စိတ်ကို လျှို့ဝှက်စွာလေ့လာကြ၏။
၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လူခပ်သိမ်းတို့၏စိတ်ကို သူတို့ လေ့လာပြီးနောက်၊ အယ်လမာနှင့် သူ၏ညီအစ်ကိုတို့ဟောပြောခဲ့လေသည့် စကားများကို ထောက်ခံသောသူတို့သည် ထိုပြည်မှ နှင်ထုတ်ခံရ၏။ သူတို့သည် များစွာရှိလေ၏။ ယေရှုန်ပြည်ထဲသို့ လာခဲ့ကြ၏။
၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အယ်လမာနှင့် သူ၏ညီအစ်ကိုတို့သည် ထိုသူတို့ကို အမှုတော်ဆောင်ကြ၏။
၈ ယခုတွင်၊ ဇော်ရမ်လူမျိုးတို့သည် ယေရှုန်ပြည်၌ရှိလေသည့် အမ္မုန်လူမျိုးတို့ကို အမျက်ထွက်ကြ၏။ ဇော်ရမ်အမျိုးသားတို့၏ အုပ်စိုးသူအကြီးအကဲသည် အလွန်ဆိုးညစ်သောသူဖြစ်လျက်၊ သူတို့ထံမှ အမ္မုန်လူမျိုးတို့၏ပြည်ထဲသို့ လာသောသူမှန်သမျှကို နှင်ထုတ်ရမည့်အကြောင်း တောင်းဆို၍ အမ္မုန်လူမျိုးတို့ထံ သတင်းစေလွှတ်၏။
၉ သူတို့တစ်ဖက်တွင်လည်း များစွာသောခြိမ်းခြောက်ခြင်းများဖြင့် ပြင်းစွာပြောဆို၏။ ယခုမူကား၊ အမ္မုန်လူမျိုးတို့သည် သူတို့၏စကားများကို မကြောက်ရွံ့ကြ။ ထို့ကြောင့် နှင်မထုတ်ကြ၊ သို့ရာတွင်၊ သူတို့ပြည်သို့ လာသည့် ဇော်ရမ်အမျိုးသားတို့အထဲမှ ဆင်းရဲသားခပ်သိမ်းတို့ကို လက်ခံ၍၊ ကျွေးမွေးလျက်၊ အဝတ်ကိုပေးလျက် သူတို့၏အမွေခံရာအဖြစ်မြေကို ပေးကြ၏။ သူတို့၏လိုအပ်ချက်များအတိုင်း ကူညီထောက်မကြ၏။
၁၀ ယခုတွင်၊ ဤအမှုသည် အမ္မုန်လူမျိုးတို့တစ်ဖက်၌ ဇော်ရမ်အမျိုးသားတို့ကို အမျက်ထွက်စေရန် နှိုးဆော်သဖြင့်၊ ဇော်ရမ်အမျိုးသားတို့သည် လာမန်အမျိုးသားတို့နှင့်ရောနှောလျက်၊ သူတို့ကိုလည်း အမ္မုန်အမျိုးသားတို့တစ်ဖက်၌ အမျက်ထွက်စေရန် နှိုးဆော်စပြုကြ၏။
၁၁ ထိုကဲ့သို့အားဖြင့်၊ ဇော်ရမ်အမျိုးသားတို့နှင့် လာမန်အမျိုးသားတို့သည် အမ္မုန်လူမျိုးတို့နှင့် ဆန့်ကျင်၍၊ ထို့အတူ နီဖိုင်းလူမျိုးတို့နှင့်လည်း ဆန့်ကျင်၍ စစ်တိုက်ခြင်းအတွက် ပြင်ဆင်ခြင်းကို အစပြုကြ၏။
၁၂ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်းလူမျိုးတို့အပေါ် တရားသူကြီးများအုပ်စိုးခြင်း တစ်ဆယ် ခုနစ်နှစ်မြောက် ပြီးဆုံး၏။
၁၃ အမ္မုန်လူမျိုးတို့သည်လည်း ယေရှုန်ပြည်မှ ထွက်ခွာခဲ့ကြပြီး၊ မိလက်ပြည်ထဲသို့ လာ၍၊ နီဖိုင်းအမျိုးသားတို့အား လာမန်အမျိုးသားတို့၏တပ်များ၊ ထို့အတူ၊ ဇော်ရမ်အမျိုးသားတို့၏ တပ်များနှင့် တိုက်ခိုက်နိုင်စေခြင်းငှာ သူတို့တပ်များအတွက် ယေရှုန်ပြည်ထဲ၌ နေရာပေးကြ၏။ ထိုကဲ့သို့အားဖြင့်၊ တရားသူကြီးများအုပ်စိုးခြင်းတစ်ဆယ်ရှစ်နှစ်မြောက်တွင် လာမန်အမျိုးသားတို့နှင့် နီဖိုင်းအမျိုးသားတို့ကြား၌ စစ်တိုက်ခြင်း စတင်ခဲ့၏။ သူတို့စစ်တိုက်ခြင်းများအကြောင်း မှတ်တမ်းကိုလည်း နောင်ကာလမှ ရေးဦးမည်။
၁၄ အယ်လမာ၊ အမ္မုန်နှင့် သူတို့၏ညီအစ်ကိုများ၊ ထို့အတူ၊ အယ်လမာ၏ သားနှစ်ယောက်တို့သည်လည်း များစွာသောဇော်ရမ်အမျိုးသားတို့ကို နောင်တရခြင်းသို့ ဆောင်ယူရာတွင်၊ ဘုရားသခင်၏လက်တော်၌ တန်ဆာများဖြစ်လျက်ရှိနေပြီးမှ၊ ဇရဟင်မလပြည်သို့ ပြန်သွားကြ၏။ နောင်တရခြင်းသို့ ဆောင်ယူခံရသူမှန်သမျှသည်လည်း သူတို့ပြည်မှ နှင်ထုတ်ခံရ၏။ သို့ရာတွင်၊ သူတို့သည် ယေရှုန်ပြည်ထဲ၌ သူတို့၏အမွေခံရာအဖြစ် မြေများကို ရရှိလျက်၊ သူတို့ကိုယ်တိုင်၊ သူတို့၏ဇနီးများနှင့် သားသမီးများ၊ ထို့အတူ သူတို့၏မြေများကို ကာကွယ်ခြင်းငှာ လက်နက်စွဲကိုင်ကြ၏။
၁၅ ယခုတွင်၊ အယ်လမာသည် သူ့လူမျိုးတို့၏ဒုစရိုက်ကြောင့်၊ အထူးသဖြင့်၊ သူတို့၌ ရှိလေသော စစ်တိုက်ခြင်းများ၊ အသွေးသွန်းလောင်းခြင်းများနှင့် ရန်တွေ့ခြင်းများကြောင့် ဝမ်းနည်းပူဆွေးလျက်၊ ထို့အတူ၊ မြို့တိုင်းရှိ လူခပ်သိမ်းတို့၌ နှုတ်ကပတ်တော်ကို ဟောကြားလျက်၊ သို့မဟုတ် နှုတ်ကပတ်တော်ကို ဟောကြားရန် စေလွှတ်တော်မူခြင်းကို ခံရလျက်၊ လူတို့စိတ်နှလုံး မာကျောစပြုလာကြောင်းနှင့် နှုတ်ကပတ်တော်၏တင်းကျပ်ပြင်းထန်ခြင်းကြောင့် စိတ်ပျက်စပြုကြောင်းတို့ကို သိမြင်လျက် သူ၏စိတ်နှလုံးသည် အလွန်ဝမ်းနည်း၏။
၁၆ ထို့ကြောင့်၊ သူသည် မိမိသားတို့ကို၊ ဖြောင့်မတ်ခြင်းနှင့်စပ်ဆိုင်သည့် အရာများနှင့်စပ်လျဉ်း၍၊ သူတို့အယောက်စီတိုင်းကို အသီးအခြား မှာထားနိုင်ခြင်းငှာ၊ အတူတကွစုဝေးစေ၏။ သူ၏ကိုယ်ပိုင်မှတ်တမ်းအတိုင်း သူတို့ကို မှာထားသည့် သူ၏မိန့်မှာချက်များအကြောင်း မှတ်တမ်းတစ်ခုသည်လည်း ငါတို့၌ရှိ၏။