အခန်းကြီး ၁၁
နီဖိုင်းအမျိုးသားတို့၏ ငွေကြေးစနစ်ကို ဖော်ပြ၏—အာမြူးလက်သည် ဇေဇရုမ်နှင့် စကားစစ်ထိုး၏—ခရစ်တော်သည် လူတို့ကို သူတို့၏အပြစ်များ၌ ကယ်တင်လိမ့်မည်မဟုတ်—ကောင်းကင်နိုင်ငံတော်ကို အမွေခံသောသူများသာလျှင်၊ ကယ်တင်ခြင်းသို့ ရောက်၏—ခပ်သိမ်းသောလူသားတို့သည် သေခြင်းမရှိရာ၌ ထမြောက်ကြလိမ့်မည်—ရှင်ပြန်ထမြောက်ခြင်း၏နောက်၌ သေခြင်းမရှိ။ ဘီစီ ၈၂ ခန့်။
၁ ယခုတွင်၊ ဥပဒေတရားသူကြီး၊ သို့မဟုတ်၊ တရားသူကြီးများအဖြစ် ခန့်အပ်ခံရသောသူတိုင်း သူတို့ရှေ့သို့ တရားစီရင်ခံရစေရန် ဆောင်ယူခံခဲ့ရသောသူများကို တရားစီရင်ရန် အလုပ်လုပ်သည့် အချိန်အတိုင်း၊ အဖိုးအခကို ရရှိရမည်ဟု မောဇိယ၏ပညတ်တရား၌ ပါရှိ၏။
၂ ယခုတွင်၊ လူတစ်ဦးသည် တခြားသူတစ်ဦးကို ဆပ်ရန်ရှိခဲ့၍၊ သူသည် ဆပ်ရန်ရှိခဲ့သည့်အရာကို မပေးလျှင်၊ တရားသူကြီးထံသို့ တရားစွဲခံရ၏။ တရားသူကြီးကလည်း၊ အခွင့်အာဏာဖြင့်စီရင်၍၊ ထိုသူကို သူ့ရှေ့သို့ခေါ်ဆောင်ခံရစေခြင်းငှာ အရာရှိတို့ကို စေလွှတ်ပြီး၊ ထိုလူကို ပညတ်တရားနှင့် ထိုလူတစ်ဖက်၌ဆောင်ခဲ့သည့် သက်သေခံတို့အတိုင်း တရားစီရင်၏။ ထိုကဲ့သို့အားဖြင့်၊ ထိုသူသည် ဆပ်ရန်ရှိသည့်အရာကို ပေးစေရန်၊ သို့မဟုတ်၊ သူ့၌ရှိသည့်အရာကို ချွတ်ယူခံရစေရန်၊ သို့မဟုတ်၊ သူခိုးဓားပြအဖြစ် လူတို့အထဲမှ နှင်ထုတ်ခံရစေရန် အနိုင်အထက်စီရင်ခံရ၏။
၃ တရားသူကြီးသည်လည်း၊ မိမိအချိန်ကာလအတိုင်း အဖိုးအခကို ရရှိ၏—တစ်နေ့အတွက် ရွှေတစ်သေနိုင်း၊ သို့မဟုတ်၊ ရွှေတစ်သေနိုင်းနှင့် ညီမျှသော ငွေတစ်သေနုန်ဖြစ်၏။ ဤအရာသည်ကား၊ ပေးထားလေသော ဥပဒေအတိုင်းပေတည်း။
၄ ယခုတွင်၊ ဤအရာတို့သည်ကား၊ သူတို့၏ရွှေ၊ သူတို့၏ငွေအပိုင်းအစများ၏တန်ဖိုးအတိုင်း ဖြစ်သည့် ကွဲပြားသောအမည်များဖြစ်၏။ ဤအမည်များကို နီဖိုင်းအမျိုးသားတို့က ပေးထားခဲ့၏။ အကြောင်းမူကား၊ သူတို့သည် ယေရုရှလင်၌ရှိကြသော ယုဒလူမျိုးတို့၏ထုံးစံအတိုင်း မရေတွက်ကြ။ ယုဒလူမျိုးတို့၏ထုံးစံအတိုင်း၊ တိုင်းထွာခြင်းလည်း မရှိကြ၊ သူတို့၏ရေတွက်ခြင်းနှင့် အတိုင်းအထွာများကို မျိုးဆက်မှန်သမျှတို့၌၊ တရားသူကြီးတို့အုပ်စိုးခြင်းတိုင်အောင်၊ လူတို့၏စိတ်နှင့် အခြေအနေအလိုက် ပြောင်းလဲ၍သာ မောဇိယမင်းကြီးတည်ထောင်ထားလေ၏။
၅ ယခုတွင်၊ ရေတွက်ခြင်းသည်ကား—ရွှေတစ်သေနိုင်း၊ ရွှေတစ်စေရုန်၊ ရွှေတစ်ရှုမနှင့် ရွှေတစ်လင်မနတို့ ဖြစ်၏။
၆ ငွေတစ်သေနုန်၊ ငွေတစ်အာမနော်၊ ငွေတစ်ဧဇရုမ်နှင့် ငွေတစ်ဩတိတို့ဖြစ်၏။
၇ ငွေတစ်သေနုန်သည် ရွှေတစ်သေနိုင်းနှင့်သော်လည်းကောင်း၊ မုယောတစ်စေ့အတိုင်းအထွာနှင့်သော်လည်းကောင်း၊ ထို့အတူ၊ ဆန်စပါးအမျိုးမျိုး၏တစ်စေ့သော အတိုင်းအထွာနှင့်သော်လည်းကောင်း ညီမျှ၏။
၈ ယခုတွင်၊ ရွှေတစ်စေရုန်၏ပမာဏသည်ကား၊ တစ်သေနိုင်း၏နှစ်ဆသောတန်ဖိုးဖြစ်၏။
၉ ရွှေတစ်ရှုမသည်ကား၊ တစ်စေရုန်၏နှစ်ဆသောတန်ဖိုးဖြစ်၏။
၁၀ ရွှေတစ်လင်မနသည်ကား ၎င်းတို့အားလုံးပေါင်း၏တန်ဖိုးဖြစ်၏။
၁၁ ငွေတစ်အာမနော်သည်ကား၊ နှစ်သေနုန်နှင့်တူညီ၏။
၁၂ ငွေတစ်ဧဇရုမ်သည် လေးသေနုန်နှင့် တူညီ၏။
၁၃ တစ်ဩတိကား၊ ၎င်းတို့အားလုံးပေါင်းနှင့် တူညီ၏။
၁၄ ယခုတွင်၊ ဤအရာသည်ကား၊ သူတို့ရေတွက်ခြင်း၏ သာ၍သေးငယ်သောအရေအတွက်တို့၏တန်ဖိုးဖြစ်၏—
၁၅ တစ်ရှိဗလုန်သည် တစ်သေနုန်၏တစ်ဝက်ဖြစ်၏။ ထို့ကြောင့်၊ တစ်ရှိဗလုန်သည်ကား၊ မုယောတစ်စေ့အတိုင်းအထွာ၏ တစ်ဝက်ဖြစ်၏။
၁၆ တစ်ရှိဗလမ်သည် တစ်ရှိဗလုန်၏တစ်ဝက်ဖြစ်၏။
၁၇ တစ်လေအာသည် တစ်ရှိဗလမ်၏တစ်ဝက်ဖြစ်၏။
၁၈ ယခုတွင်၊ ဤအရာသည်ကား၊ ၎င်းတို့ရေတွက်ခြင်းအတိုင်းဖြစ်သောအရေအတွက်ပေတည်း။
၁၉ ယခုတွင်၊ ရွှေတစ်အန္တိရုန်သည် သုံးရှိဗလုန်နှင့်ညီမျှ၏။
၂၀ ယခုတွင်၊ သူတို့သည် မိမိတို့၏အဖိုးအခကို မိမိတို့အမှုဆောင်သည့်အတိုင်း ရရှိကြသောကြောင့်၊ ထိုအရာသည်ကား၊ အကျိုးအမြတ်ရရှိရန်ဟူသည့် တစ်ခုတည်းသော အကြံအစည်အတွက် ဖြစ်ပေ၏။ ထို့ကြောင့်၊ သူတို့သည် လူတို့ကို ပွဲလုပ်ခြင်း၊ အမျိုးမျိုးသောနှောင့်ယှက်ခြင်းများနှင့် ဆိုးညစ်ခြင်းတို့ကို နှိုးဆော်ခဲ့ကြသည်မှာ၊ အမှုများပို၍ ရရှိနိုင်ကြစေကြောင်း၊ သူတို့ရှေ့ရောက်လာသော တရားစွဲချက်များအတိုင်း၊ ငွေရရှိနိုင်ကြစေကြောင်းပင်တည်း။ ထို့ကြောင့်၊ သူတို့သည် အယ်လမာနှင့် အာမြူးလက်တို့ကို ဆန့်ကျင်ဘက်ပြု၍ လူတို့ကိုနှိုးဆော်ကြ၏။
၂၁ ဤဇေဇရုမ်သည် အာမြူးလက်အား သင်တို့ကို ငါမေးမည့် မေးခွန်းအနည်းငယ်ကို သင်တို့ ဖြေကြားကြမည်လောဟုဆို၍ မေးမြန်းစပြု၏။ ယခုတွင်၊ ဇေဇရုမ်သည်ကား၊ ကောင်းမြတ်သောအရာကို ဖျက်ဆီးနိုင်ခြင်းငှာ၊ နတ်ဆိုး၏အစီအမံများ၌ ကျွမ်းကျင်သောသူတစ်ဦးဖြစ်၏။ ထို့ကြောင့်၊ အာမြူးလက်အား သင်တို့ထံ ငါတင်သွင်းမည့် မေးခွန်းများကို ဖြေကြားကြမည်လောဟု မေး၏။
၂၂ အာမြူးလက်ကလည်း၊ ငါ၏အထဲ၌ရှိသော ကိုယ်တော်ရှင်၏ဝိညာဉ်တော်အတိုင်းဆိုလျှင်၊ ဖြေကြားမည်။ အကြောင်းမူကား၊ ငါသည် ကိုယ်တော်ရှင်၏ဝိညာဉ်တော်နှင့် ဆန့်ကျင်သည့်အရာ အဘယ်အရာကို မျှပြောလိမ့်မည်မဟုတ်ဟု ဆို၏။ ဇေဇရုမ်ကလည်း၊ ရှုလော့၊ ဒီမှာ ငွေခြောက်ဩတိရှိ၏၊ သင်သည် အထွဋ်အမြတ်ဖြစ်သောဘုရား ဖြစ်တည်ခြင်းကို ငြင်းဆိုမည်ဆိုလျှင်၊ ဤအရာခပ်သိမ်းကို သင့်အား ငါပေးမည်ဟု ဆို၏။
၂၃ ယခုတွင် အာမြူးလက်က ဆိုလေသည်ကား၊ အို အသင် ငရဲ၏သား၊ သင်သည် ငါ့ကို အဘယ်ကြောင့် သွေးဆောင်ဖြားယောင်းသနည်း။ ဖြောင့်မတ်သောသူတို့သည် ထိုကဲ့သို့သော သွေးဆောင်ဖြားယောင်းခြင်းများကို အရှုံးမပေးကြောင်း သင်မသိလေသလော။
၂၄ ဘုရားသခင်မရှိဟု သင်ယုံကြည်သလော။ မဟုတ်ပေဟု သင့်ကို ငါဆို၏။ သင်သည် ဘုရားသခင်ရှိတော်မူကြောင်းကို သိသော်လည်း၊ စီးပွားကို သူ့ထက်သာ၍ ချစ်၏။
၂၅ ယခုမူကား၊ သင်သည် ဘုရားသခင်ရှေ့၌ ငါ့ကို မုသားပြောလေပြီ။ သင်က ငါ့ကို ဆိုလေသည်မှာ—ကြီးစွာအဖိုးထိုက်သည့် ဤခြောက်ဩတိကို ရှုလော့၊ သင့်ကို ငါပေးမည်—သို့သော်လည်း သင်၏စိတ်နှလုံး၌ကား၊ ၎င်းတို့ကို ငါထံမှ ထိန်းသိမ်းထားရန် စဉ်းစားလေပြီ။ သင်သည် ငါ့ကို ဖျက်ဆီးရန် အကြောင်းရှာနိုင်ခြင်းငှာ၊ မှန်ကန်သည့် အသက်ရှင်တော်မူသော ဘုရားသခင်အား ငါငြင်းဆိုစေကြောင်းသည်သာလျှင် သင်၏အလိုဆန္ဒဖြစ်၏။ ယခုမူကား၊ ရှုလော့၊ သင်သည် ဤကြီးစွာသော မကောင်းမှုအတွက် သင်၏အကျိုးကျေးဇူးကို ရလိမ့်မည်။
၂၆ ဇေဇရုမ်ကလည်း သင်သည် မှန်ကန်သည့် အသက်ရှင်တော်မူသောဘုရားသခင် ရှိတော်မူသည်ဟု ဆိုသလောဟု မေး၏။
၂၇ အာမြူးလက်ကလည်း ဟုတ်ပေ၏၊ မှန်ကန်သည့် အသက်ရှင်တော်မူသောဘုရားသခင်ရှိတော်မူ၏ဟု ဆို၏။
၂၈ ယခုတွင်၊ ဇေဇရုမ်က ဘုရားသခင်တစ်ပါးထက်ပို၍ရှိသလောဟု မေး၏။
၂၉ သူကလည်း မရှိဟု ဖြေ၏။
၃၀ ယခုတွင်၊ ဇေဇရုမ်က သင်သည် ဤအမှုတို့ကို အဘယ်သို့အားဖြင့် သိသနည်းဟု တစ်ဖန် မေး၏။
၃၁ ကောင်းကင်တမန်တစ်ပါးက ငါ့ကို ဖော်ပြခဲ့သည်ဟု သူကလည်း ဆို၏။
၃၂ ကြွလာတော်မူမည့်သူကား၊ အဘယ်သူနည်း။ ဘုရားသခင်၏သားတော် ဖြစ်သလောဟု ဇေဇရုမ်ကတစ်ဖန်မေးပြန်၏။
၃၃ သူကလည်း ဟုတ်ပေ၏ဟု ဆို၏။
၃၄ သူ၏လူတို့ကို သူတို့အပြစ်များ၌ သူကယ်တင်လိမ့်မည်လောဟု ဇေဇရုမ်က တစ်ဖန်ဆို၏။ အာမြူးလက်ကလည်း၊ သင့်ကို ငါဆိုသည်ကား၊ သူပြုတော်မူလိမ့်မည်မဟုတ်။ အကြောင်းမူကား၊ သူ့အတွက် ကိုယ့်စကားကို ဆန့်ကျင်ရန်မှာ မဖြစ်နိုင်ဟုဆို၍ဖြေ၏။
၃၅ ယခုတွင်၊ ဇေဇရုမ်က လူတို့ကို ဆိုလေသည်ကား၊ ဤအရာတို့ကို သင်တို့ သတိရရမည့်အကြောင်း ဂရုပြုကြလော့။ အကြောင်းမူကား၊ ဘုရားသခင်တစ်ပါးတည်းသာလျှင် ရှိ၏ဟုသူဆိုပြီ။ဘုရားသခင်၏သားတော်သည် ကြွလာတော်မူလိမ့်မည်၊ သို့ရာတွင်၊ သူ၏လူမျိုးတို့ကို ကယ်တင်လိမ့်မည်မဟုတ်ကြောင်း—ဘုရားသခင်ကို မိန့်မှာရန် သူ့၌ အခွင့်အာဏာရှိလေသကဲ့သို့ပင် ဆိုသေး၏။
၃၆ ယခုတွင်၊ အာမြူးလက်က သူ့ကို တစ်ဖန်ဆိုပြန်သည်ကား၊ ရှုလော့၊ သင်သည် မုသားပြောလေပြီ။ အကြောင်းမူကား၊ သူသည် မိမိလူတို့ကို သူတို့အပြစ်များ၌ ကယ်တင်တော်မူလိမ့်မည်မဟုတ်ဟု ငါဆိုသောကြောင့်၊ ဘုရားသခင်ကို မိန့်မှာရန် ငါ့၌ အခွင့်အာဏာ ရှိလေသကဲ့သို့ ငါပြောသည်ဟု သင်ဆို၏။
၃၇ ထို့အတူ၊ သင့်ကို ငါတစ်ဖန်ဆိုပြန်သည်ကား၊ သူတို့၏အပြစ်များ၌ သူတို့ကို သူမကယ်တင်နိုင်ပေ။ အကြောင်းမူကား၊ ငါသည် သူ၏နှုတ်ကပတ်တော်ကို မငြင်းဆိုနိုင်။ ထို့အတူ၊ မစင်ကြယ်သောအရာသည် ကောင်းကင်နိုင်ငံတော်ကို အမွေမခံနိုင်ကြောင်း သူမိန့်တော်မူလေ၏။ ထို့ကြောင့်၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်ကို အမွေမခံရလျှင်၊ အဘယ်သို့အားဖြင့် ကယ်တင်ခြင်းသို့ ရောက်နိုင်မည်နည်း။ ထို့ကြောင့်၊ သင်တို့သည် သင်တို့၏အပြစ်များ၌ ကယ်တင်ခြင်းသို့ မရောက်နိုင်ကြ။
၃၈ ထာဝရအဘအမှန်ဖြစ်တော်မူသည့် ဘုရားသခင်၏သားတော်လောဟု ယခုတွင် ဇေဇရုမ်က တစ်ဖန်ဆိုပြန်၏။
၃၉ အာမြူးလက်ကလည်း ဆိုလေသည်ကား၊ ဟုတ်ပေ၏။ သူသည် ကောင်းကင်နှင့် မြေကြီး၊ ၎င်းတို့၌ရှိသောအရာမှန်သမျှတို့၏ ထာဝရအဘအမှန်ဖြစ်တော်မူ၏။ သူသည် အစနှင့် အဆုံး၊ ပထမဦးဆုံးနှင့် နောက်ဆုံးသောသူ ဖြစ်တော်မူ၏။
၄၀ ထို့အတူ၊ သူသည် မိမိလူမျိုးတို့ကို ရွေးနှုတ်တော်မူခြင်းငှာ၊ လောကထဲသို့ ကြွလာတော်မူလိမ့်မည်။ သူ၏နာမတော်ကို ယုံကြည်သူတို့၏လွန်ကျူးခြင်းများကို သူ့အပေါ်၌ ခံယူတော်မူလိမ့်မည်။ ဤသူတို့သည်ကား၊ ထာဝရအသက်ကို ရရှိမည့်သူများဖြစ်၍၊ ကယ်တင်ခြင်းသည် အခြား အဘယ်သူ့ဆီကိုမျှရောက်မလာပေ။
၄၁ ထို့ကြောင့်၊ ဆိုးညစ်သောသူများသည် သေခြင်း၏ကြိုးများမှ ဖြေလွှတ်ခြင်းမှတစ်ပါး၊ ရွေးနှုတ်ခြင်းကို ပြုထားခြင်းမရှိလေသကဲ့သို့ ဆက်၍တည်ရှိကြ၏။ အကြောင်းမူကား၊ ခပ်သိမ်းသောသူတို့ သေခြင်းမှထမြောက်လျက်၊ ဘုရားသခင်ရှေ့၌ရပ်၍ သူတို့၏အကျင့်များအတိုင်း တရားစီရင်ခံရမည့်ကာလ ကျရောက်လာလိမ့်မည်။
၄၂ ယခုတွင်၊ ဇာတိပကတိသေခြင်းဟု ခေါ်သည့် သေခြင်းရှိ၏။ ခရစ်တော်၏သေခြင်းကလည်း ဤဇာတိပကတိသေခြင်း၏ကြိုးများကို ဖြေလွှတ်ပေးတော်မူလိမ့်မည်ဖြစ်၍၊ ခပ်သိမ်းသောသူတို့သည် ဤဇာတိပကတိသေခြင်းမှ ထမြောက်ကြလိမ့်မည်။
၄၃ ဝိညာဉ်နှင့် ကိုယ်ခန္ဓာသည် ၎င်း၏စုံလင်သောပုံသဏ္ဌာန်ဖြင့် တစ်ဖန်ပြန်လည်၍ ပေါင်းစည်းလိမ့်မည်။ ဤအချိန်၌၊ ယခုငါတို့ဖြစ်လေသကဲ့သို့ပင် ခြေလက်နှင့် အရိုးအဆစ်နှစ်မျိုးစလုံးသည် ၎င်း၏ပကတိကိုယ်သို့ ပြန်လည်ပေါင်းစည်းလိမ့်မည်။ ငါတို့သည်လည်း၊ ယခုငါတို့ သိသကဲ့သို့ပင် သိလျက်၊ငါတို့၏ အပြစ်ရောက်ခြင်းခပ်သိမ်းကို ထင်ရှားစွာအောက်မေ့၍၊ ဘုရားသခင်ရှေ့၌ ရပ်ရန် ဆောင်ယူခံရလိမ့်မည်။
၄၄ ယခုတွင်၊ ဤပြန်လည်ပေါင်းစည်းခြင်းသည် အသက်ကြီးသူနှင့် အသက်ငယ်သူနှစ်မျိုးစလုံး၊ ကျွန်နှင့် လူလွတ်နှစ်မျိုးစလုံး၊ ယောက်ျားနှင့် မိန်းမနှစ်မျိုးစလုံး၊ ဆိုးညစ်သောသူနှင့် ဖြောင့်မတ်သောသူနှစ်မျိုးစလုံး ခပ်သိမ်းသောသူများဆီသို့ ရောက်လာလိမ့်မည်။ ထို့အတူ၊ သူတို့၏ဦးခေါင်းမှ ဆံချည်တစ်မျှင်မျှပင် မပျောက်ဆုံးရ။ အရာမှန်သမျှသည် ယခုအတိုင်း သို့မဟုတ်၊ ကိုယ်ခန္ဓာ၌ ရှိသည့်အတိုင်း၊ ၎င်း၏စုံလင်သောကိုယ်သို့ ပြန်လည်၍သာ ပေါင်းစည်းရလိမ့်မည်၊ သူတို့သည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူတို့၏အကျင့်များအတိုင်း တရားစီခံရရန် တစ်ပါးတည်းသော ထာဝရဘုရားသခင်ဖြစ်သည့် သားတော်ခရစ်တော်၊ ခမည်းတော်ဘုရားသခင်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့၏ တရားစီရင်တော်မူရာတိုင်ရှေ့သို့ ဆောင်ယူ၍ စွဲဆိုခံရလိမ့်မည်။
၄၅ ယခုတွင်၊ ရှုလော့၊ ငါသည် သင်တို့အား သေခြင်းရှိသောကိုယ်ခန္ဓာ၏ သေခြင်းအကြောင်းနှင့် ထို့အတူ၊ သေခြင်းရှိသောကိုယ်ခန္ဓာ၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်းတို့ကို ပြော၍ပြီးလေပြီ။ သင်တို့ကို ငါဆိုသည်ကား၊ ဤသေခြင်းရှိသောကိုယ်ခန္ဓာကို သေခြင်းမရှိသောကိုယ်ခန္ဓာသို့၊ ဆိုလိုသည်ကား၊ သေခြင်းမှ၊ ပထမသေခြင်းမှပင် အသက်ရှင်ရာသို့ ထမြောက်စေ၍၊ သူတို့ မသေနိုင်တော့။ သူတို့၏ဝိညာဉ်သည် သူတို့၏ကိုယ်ခန္ဓာနှင့် ပေါင်းစပ်၍ အဘယ်တော့မျှ အခွဲမခံရ။ ထိုကဲ့သို့အားဖြင့်၊ ပေါင်းစပ်ခြင်းတစ်ခုလုံးသည် ဝိညာဉ်ပကတိနှင့် သေခြင်းမရှိသောအဖြစ်သို့ ရောက်လာ၍၊ သူတို့သည် ပုပ်ပျက်ခြင်းကို မမြင်နိုင်တော့။
၄၆ ယခုတွင်၊ အာမြူးလက်က ဤစကားများကို ပြောပြီးလေလျှင်၊ လူတို့သည် အံ့ဩစပြု၍၊ ဇေဇရုမ်သည်လည်း တုန်စပြု၏။ ထို့ကဲ့သို့အားဖြင့်၊ အာမြူးလက်၏စကားများ ပြီးဆုံး၍၊ သို့မဟုတ်၊ ဤအရာသည်ကား ငါရေးလေသမျှပေတည်း။