အခန်းကြီး ၆၀
မော်ရော်နိုင်းသည် တပ်များအပေါ် အစိုးရ၏လျစ်လျူရှုခြင်းအကြောင်းကို ပါဟောရန်ထံသို့ တိုင်ကြား၏—ကိုယ်တော်ရှင်သည် ဖြောင့်မတ်သူတို့ ကွပ်မျက်ခံရစေရန် အခွင့်ပေး၏—နီဖိုင်းအမျိုးသားတို့သည် မိမိတို့ကိုယ်ကို မိမိတို့၏ရန်သူများထံမှလွတ်မြောက်စေရန် မိမိတို့အစွမ်းမှန်သမျှနှင့် နည်းလမ်းများကို အသုံးပြုရမည်—မော်ရော်နိုင်းသည် မိမိတပ်များ အကူအညီမရလျှင်၊ အစိုးရကို ဆန့်ကျင်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်၏။ ဘီစီ ၆၂ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် ထိုပြည်၏အုပ်ချုပ်သူပါဟောရန်ထံသို့ အမှာစာတစ်စောင်ကို တစ်ဖန်ရေး၍၊ ဤအရာတို့သည်ကား၊ သူရေးခဲ့သည့် စကားများဖြစ်၏၊ ဆိုလေသည်ကား၊ ရှုလော့၊ ပြည်အပေါ်၌၊ တရားသူကြီးချုပ်နှင့်အုပ်ချုပ်သူဖြစ်သော၊ ဇရဟင်မလမြို့ရှိ ပါဟောရန်နှင့်၊ ထို့အတူ၊ ဤစစ်တိုက်ခြင်း၏အမှုအမျိုးမျိုးကို အုပ်ချုပ်စီမံစေရန် ဤလူတို့အားဖြင့် ရွေးကောက်ခံရသူခပ်သိမ်းတို့ထံ လိပ်မူ၍ ငါ၏အမှာစာကို ပို့ပါ၏။
၂ အကြောင်းမူကား၊ ရှုလော့၊ အပြစ်တင်ရာအဖြစ် သူတို့ကိုပြောစရာ ငါ့မှာအတော်အသင့်ရှိ၏။ အကြောင်းမူကား၊ လူတို့ကို အတူတကွစုဝေးစေခြင်းငှာ၊ ဓားများဖြင့်၊ ဓားကောက်များနှင့် အမျိုးမျိုးသောစစ်တိုက်ရာလက်နက်မှန်သမျှဖြင့် စွဲကိုင်စေခြင်းငှာ၊ ငါတို့၏ပြည်ထဲသို့ လာမန်အမျိုးသားတို့ဝင်လာမည့် အရပ်မှန်သမျှသို့ စေလွှတ်ခြင်းငှာ သင်တို့ခန့်အပ်ခံရကြောင်းကို သင်တို့ကိုယ်တိုင်သိကြ၏။
၃ ယခုမူကား၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ငါကိုယ်တိုင်နှင့်အတူ ငါ၏လူတို့၊ ထို့အတူ ဟေလမန်နှင့် သူ၏လူတို့သည်လည်း အလွန်ကြီးစွာသော ဒုက္ခဝေဒနာခံစားရခြင်း၊ အထူးသဖြင့်၊ အစာငတ်ခြင်း၊ ရေငတ်ခြင်း၊ ပင်ပန်းခြင်းနှင့် အမျိုးမျိုးသောဆင်းရဲဒုက္ခမှန်သမျှကိုပင် ခံစားရ၏။
၄ သို့ရာတွင်၊ ရှုလော့၊ ငါတို့ခံစားရလေသည်မှာ ဤမျှသာဖြစ်လျှင်၊ မညည်းညူ၊ မတိုင်ကြားလို။
၅ သို့ရာတွင်၊ ရှုလော့၊ ငါတို့၏လူမျိုးတို့၌ ကြီးစွာသောသိမ်းရုံးသတ်ဖြတ်ခြင်းရှိလေပြီ။ ထောင်ပေါင်းများစွာသောသူတို့ ဓားဘေးဖြင့် ကျဆုံးလေပြီ။ သင်တို့သည် ငါတို့၏တပ်များသို့ လုံလောက်သောတပ်အင်အားကို ပေး၍၊ ကူညီမစခဲ့လေလျှင်၊ ထိုအမှုမှာ တစ်မျိုးတစ်ဖုံဖြစ်နိုင်ခဲ့ပေမည်။ အမှန်စင်စစ်၊ ကြီးမှားလှလေသည်ကား ငါတို့အပေါ် သင်တို့၏လျစ်လျူရှုခြင်းပေတည်း။
၆ ယခုမူကား၊ ရှုလော့၊ ငါတို့သည် ဤအလွန်ကြီးစွာသောလျစ်လျူရှုခြင်း၏အကြောင်းရင်းကို သိလိုကြ၏။ ထိုမှတစ်ပါး၊ သင်တို့၏မစဉ်းစားမဆင်ခြင်သောအဖြစ်၏အကြောင်းရင်းကို သိလိုကြ၏။
၇ သင်တို့သည် သင်တို့၏ရန်သူများက သင်တို့ပတ်ပတ်လည်၌ အသေသတ်ခြင်းအမှုကို ဖြန့်ကြက်လျက်ရှိစဉ်၊ မစဉ်းစားမဆင်ခြင်သော တွေဝေရာအခြေအနေ၌ သင်တို့၏ပလ္လင်ပေါ်မှာထိုင်နေရန် တွေးနိုင်ကြသလော။ ထိုမှတစ်ပါး၊ သူတို့သတ်နေကြသောသူများမှာ၊ သင်တို့၏ထောင်ပေါင်းများစွာသောညီအစ်ကိုများ—
၈ အထူးသဖြင့်၊ အကာအကွယ်အတွက်၊ သင်တို့ကို မှီခိုအားထားကြသောသူများ၊ အထူးသဖြင့် သင်တို့ကူညီမစနိုင်ခဲ့မည့်၊ ထိုမှတစ်ပါး၊ ခွန်အားဖြည့်ပေးရန် သူတို့ထံသို့ တပ်များကို သင်တို့စေလွှတ်နိုင်ခဲ့မည့်၊ သူတို့၏ထောင်ပေါင်းများစွာတို့အား ဓားဘေးဖြင့်ကျဆုံးခြင်းမှ သင်တို့ကယ်တင်နိုင်ခဲ့မည့် အခြေအနေ၌ သင်တို့ကို နေရာပေးကြသူများပေတည်း။
၉ သို့ရာတွင်၊ ရှုလော့၊ ဤအရာမှာ အလုံးစုံတို့မဟုတ်—သင်တို့၏ရိက္ခာများကို သူတို့အား မပေးဘဲထားလေသဖြင့်၊ များစွာသောသူတို့သည် ဤလူတို့၏ကောင်းကျိုးအတွက် သူတို့မှာရှိသည့် ကြီးစွာသောအလိုဆန္ဒများကြောင့် တိုက်ခိုက်၍၊ သွေးလွန်၍သေကြလေပြီ။ ထိုမှတစ်ပါး၊ သူတို့အပေါ်၌ သင်တို့၏အလွန်ကြီးစွာသောလျစ်လျူရှုခြင်းကြောင့် အစာငတ်မွတ်ခြင်းဖြင့် သူတို့ပျက်စီးခါနီးအချိန်၌ ဤအမှုကိုပြုကြလေပြီ။
၁၀ ယခုမူကား၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့—သင်တို့သည် ချစ်ခြင်းကို ခံသင့်ပေ၏။ သင်တို့သည် ဤလူတို့၏ကောင်းကျိုးနှင့် လွတ်လပ်ခွင့်အတွက် သင်တို့ကိုယ်သင်တို့ ပို၍လုံလဝီရိယထက်သန်စွာ နှိုးဆော်သင့်ပေပြီ။ သို့ရာတွင်၊ ရှုလော့၊ သူတို့ကို သင်တို့ လျစ်လျူရှုကြသဖြင့်၊ ထောင်ပေါင်းများစွာသောသူတို့၏အသွေးသည် လက်တုံ့ပြန်ခြင်းအတွက် သင်တို့၏ဦးခေါင်းပေါ် ကျရောက်ပေလိမ့်မည်။ ထိုမှတစ်ပါး၊ ဘုရားသခင်သိတော်မူလေသည်မှာ၊ သူတို့၏အလုံးစုံသော အော်ဟစ်သံများနှင့် သူတို့၏အလုံးစုံသော ဒုက္ခဝေဒနာခံစားခြင်းတို့ ဖြစ်လေသောကြောင့်ပေတည်း—
၁၁ ရှုလော့၊ သင်တို့သည် သင်တို့ပလ္လင်များပေါ်၌ထိုင်နိုင်၍၊ ဘုရားသခင်၏ အလွန်ကြီးစွာသောကောင်းမြတ်ခြင်းကြောင့် အဘယ်အရာကိုမျှမပြုဘဲနေနိုင်လျက်၊ သင်တို့ကို ကယ်လွှတ်တော်မူလိမ့်မည်ဟု ထင်မှတ်နိုင်ကြသလော။ ရှုလော့၊ သင်တို့သည် ဤကဲ့သို့ ထင်မှတ်ကြလျှင်၊ အချည်းနှီး ထင်မှတ်ကြလေပြီ။
၁၂ သင်တို့သည် သင်တို့၏အလွန်များစွာသောညီအစ်ကိုတို့ အသတ်ခံရလေသောကြောင့်၊ ထိုအမှုမှာ သူတို့၏ဆိုးညစ်ခြင်းကြောင့်ဖြစ်သည်ဟု ထင်မှတ်ကြသလော။ ငါဆိုသည်ကား၊ ဤကဲ့သို့ ထင်မှတ်ကြလျှင်၊ အချည်းနှီး ထင်မှတ်ကြလေပြီ။ အကြောင်းမူကား၊ သင်တို့ကို ငါဆိုသည်မှာ၊ ဓားဘေးဖြင့် ကျဆုံးလေသူများစွာရှိ၏။ ရှုဦးလော့၊ ထိုအမှုမှာ သင်တို့အပေါ်သို့ ပြစ်ဒဏ်ချမှတ်ခြင်းပေတည်း။
၁၃ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် သူ၏အပြစ်ပေးခြင်းနှင့် တရားစီရင်တော်မူခြင်းကို ဆိုးညစ်သောသူများအပေါ်သို့ ကျရောက်စေခြင်းငှာ၊ ဖြောင့်မတ်သောသူတို့အား ကွပ်မျက်ခံရစေရန် အခွင့်ပေးတော်မူ၏။ ထို့ကြောင့်၊ သင်တို့သည် ဖြောင့်မတ်သောသူတို့သည် ကွပ်မျက်ခံရသောကြောင့် ဆုံးရှုံးကြပြီဟု မထင်မှတ်ကြနှင့်။ သို့ရာတွင်၊ ရှုလော့၊ သူတို့သည် သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်၏ချမ်းသာခြင်းထဲသို့ ဝင်ကြ၏။
၁၄ ယခုမူကား၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ငါသည် ဘုရားသခင်၏တရားစီရင်တော်မူခြင်းများ ဤလူတို့အပေါ်သို့၊ သူတို့၏အလွန်ပျင်းရိခြင်း၊ အထူးသဖြင့်၊ ငါတို့အစိုးရ၏ပျင်းရိခြင်းနှင့် သူတို့၏ညီအစ်ကိုတို့အပေါ် ၊ အထူးသဖြင့် ကွပ်မျက်ခံရလေပြီဖြစ်သောသူတို့အပေါ် သူတို့၏အလွန်ကြီးစွာသော လျစ်လျူရှုခြင်းတို့ကြောင့်၊ ကျရောက်လာလိမ့်မည်ကို လွန်စွာစိုးရိမ်၏။
၁၅ အကြောင်းမူကား၊ ငါတို့၏အကြီးအကဲများ၌ ပထမဦးဆုံးစတင်သည့် ဆိုးညစ်ခြင်းကြောင့်မဟုတ်လေလျှင်၊ ငါတို့သည် ငါတို့၏ရန်သူတို့ကို ခုခံနိုင်ခဲ့မည်ဖြစ်၍၊ သူတို့သည်လည်း ငါတို့အပေါ် အနိုင်ရနိုင်ခဲ့ကြလေမည်မဟုတ်။
၁၆ ထိုမှတစ်ပါး၊ ငါတို့အချင်းချင်း၌ ပြင်းထန်စွာဖြစ်ပွားသည့် စစ်တိုက်ခြင်းကြောင့် မဟုတ်ခဲ့လေလျှင်၊ ထိုမှတစ်ပါး၊ ငါတို့၌ များစွာသောအသွေးသွန်းလောင်းခြင်းကို ဖြစ်စေသူ ဘုရင့်လူများကြောင့် မဟုတ်လေလျှင်၊ ထိုမှတစ်ပါး၊ ငါတို့အချင်းချင်း တိုက်ခိုက်သောအချိန်၌၊ ယခင်ကပြုခဲ့လေသကဲ့သို့ ငါတို့၏တပ်အင်အား၌ ငါတို့ညီညွတ်လေလျှင်၊ ဘုရင့်လူများက ငါတို့အပေါ် တန်ခိုးနှင့် အခွင့်အာဏာအတွက် ရှိလေသည့် အလိုဆန္ဒကြောင့်မဟုတ်လေလျှင်၊ သူတို့သည် ငါတို့၏လွတ်လပ်ခွင့်အမှု၌ သစ္စာရှိ၍၊ ငါတို့နှင့်ပူးပေါင်းလျက်၊ ငါတို့၌ အလွန်များစွာသောအသွေးသွန်းလောင်းခြင်း၏ အကြောင်းရင်းဖြစ်လေသည့် ငါတို့ကိုဆန့်ကျင်၍ သူတို့၏ဓားများကို စွဲကိုင်ခြင်းအစား ငါတို့၏ရန်သူများကို သွား၍တိုက်ခိုက်လေမည်ဆိုလျှင်၊ ထိုမှတစ်ပါး၊ ငါတို့သည် ကိုယ်တော်ရှင်၏ခွန်အားဖြင့် သူတို့ကို သွား၍တိုက်ခိုက်လေလျှင်၊ ငါတို့သည် ငါတို့ရန်သူများကို အရပ်ရပ်သို့ ထွက်ပြေးစေခဲ့ပေလိမ့်မည်။ အကြောင်းမူကား၊ သူ၏နှုတ်ကပတ်တော်ကို ပြီးပြည့်စုံစေခြင်းအတိုင်း၊ ထိုအမှုကို ပြုတော်မူခဲ့ပေလိမ့်မည်။
၁၇ သို့ရာတွင်၊ ရှုလော့၊ ယခုတွင်၊ လာမန်အမျိုးသားတို့သည် ငါတို့ကို လာ၍တိုက်ခိုက်လျက်၊ ငါတို့၏ပြည်များကို သိမ်းယူလျက်ရှိကြ၏။ ထို့အတူ၊ ငါတို့၏လူများ၊ အမှန်စင်စစ်၊ ငါတို့၏မိန်းမများနှင့် သားသမီးများကို ဓားဖြင့် သတ်လျက်၊ ဖမ်းဆီးချုပ်နှောင်၍လည်း ဆောင်ယူသွားလျက်၊ အမျိုးမျိုးသောဆင်းရဲဒုက္ခများ ခံစားစေလျက်ရှိကြ၏။ ဤသို့ဖြစ်ရသည်ကား၊ တန်ခိုးနှင့် အခွင့်အာဏာကို ရရှိခြင်းငှာ ကြိုးစားအားထုတ်နေသူများ၊ အထူးသဖြင့်၊ ထိုဘုရင့်လူများ၏ ကြီးစွာသောဆိုးညစ်ခြင်းကြောင့်ပေတည်း။
၁၈ သို့ရာတွင်၊ ငါသည် ဤအမှုအကြောင်းကို အဘယ့်ကြောင့် များစွာပြောရမည်နည်း။ အကြောင်းမူကား၊ ငါတို့မသိသော်လည်း၊ သင်တို့ကိုယ်တိုင်သည် အခွင့်အာဏာကို ရှာလျက် ရှိနိုင်ကြပေ၏။ ငါတို့မသိသော်လည်း၊ သင်တို့သည် သင်တို့တိုင်းပြည်ကို သစ္စာဖျက်သောသူများလည်း ဖြစ်နိုင်ကြပေ၏။
၁၉ သို့မဟုတ်၊ သင်တို့သည် ငါတို့တိုင်းပြည်အလယ်၌ရှိလျက်၊ လုံခြုံခြင်းအားဖြင့် ဝန်းရံထားသောကြောင့် ငါတို့ကို လျစ်လျူရှုကြသလော၊ ငါတို့၏တပ်များကို ခွန်အားဖြည့်ပေးရန် ငါတို့ထံသို့ စားစရာနှင့် လူတို့ကိုလည်း မပို့စေကြသလော။
၂၀ သင်တို့သည် သင်တို့၏ဘုရားသခင်ကိုယ်တော်ရှင်၏ပညတ်တော်များကို မေ့ကြလေပြီလော။ ထိုမှတစ်ပါး၊ ငါတို့၏ဘိုးဘေးတို့ဖမ်းဆီးချုပ်နှောင်ခံရခြင်းကို မေ့ကြလေပြီလော။ ငါတို့ရန်သူများ၏လက်မှ ငါတို့အကြိမ်များစွာ ကယ်လွှတ်ခြင်းခံရလေကြောင်းကို မေ့ကြလေပြီလော။
၂၁ သို့မဟုတ်၊ ငါတို့သည် ငါတို့၏ပလ္လင်များပေါ်၌ ထိုင်၍၊ ငါတို့အတွက် ကိုယ်တော်ရှင် ပေးသနားတော်မူလေသည့် အရာတို့ကို အသုံးမပြုဘဲနေစဉ်၊ ငါတို့ကို ကိုယ်တော်ရှင် ကယ်လွှတ်တော်မူဦးမည်ဟု သင်တို့ထင်မှတ်ကြသလော။
၂၂ ထိုမှတစ်ပါး၊ သင်တို့သည် ထောင်ပေါင်းမျာစွာသောထိုသူတို့၊ အမှန်စင်စစ်၊ ပျင်းရိစွာထိုင်သည့် သောင်းပေါင်းများစွာသောသူတို့နှင့် ဝန်းရံလျက်ရှိစဉ်တွင်၊ ဓားဘေးဖြင့်ကျဆုံးလျက်ရှိသည့်၊ ထိုမှတစ်ပါး၊ ဒဏ်ရာရ၍ သွေးသွန်လျက်ရှိသူတို့ ထိုပြည်၏နယ်နိမိတ်ပတ်ဝန်းကျင်တို့၌ ထောင်ပေါင်းများစွာရှိနေစဉ်တွင် ပျင်းရိစွာထိုင်ကြမည်လော။
၂၃ သင်တို့သည် ထိုင်နေလျက် ဤအမှုများကို ကြည့်နေစဉ်တွင်၊ သင်တို့ကို အပြစ်ကင်းသူအဖြစ် ဘုရားသခင်မှတ်ယူတော်မူလိမ့်မည်ဟု ထင်မှတ်ကြသလော။ ရှုလော့၊ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။ ယခုတွင်၊ ခွက်၏အတွင်းကို ပထမဦးစွာ သန့်စင်စေပြီးမှ၊ ခွက်၏အပြင်ကိုလည်းသန့်စင်စေရမည်ဖြစ်ကြောင်း ဘုရားသခင်မိန့်တော်မူလေသည်ကို သင်တို့သတိရစေရန် ငါအလိုရှိ၏။
၂၄ ယခုမူကား၊ သင်တို့သည် သင်တို့ပြုလေသည့်အရာတို့မှနောင်တရခြင်း၊ ထ၍အလုပ်လုပ်ရန်အစပြုခြင်း၊ ငါတို့ထံသို့၊ ထို့အတူ၊ ဟေလမန်ထံသို့လည်း သူပြန်လည်ရရှိသည့် ငါတို့တိုင်းပြည်၏ထိုအရပ်တို့ကို သူထောက်မနိုင်စေခြင်းငှာနှင့်၊ ဤအရပ်၌ ငါတို့ပိုင်ဆိုင်ရာတို့မှ ကျန်ကြွင်းသောအရာတို့ကိုလည်း ငါတို့ပြန်လည်ရယူနိုင်စေခြင်းငှာ၊ စားစရာနှင့် လူတို့ကို စေလွှတ်ခြင်းတို့မရှိကြလျှင်၊ ရှုလော့၊ ငါတို့သည် ငါတို့၏ခွက်အတွင်း၊ အထူးသဖြင့်၊ ငါတို့အစိုးရ၏များစွာသောအကြီးအကဲတို့ကို ပထမဦးစွာ သန့်စင်စေခြင်းမရှိမီအထိ၊ လာမန်အမျိုးသားတို့နှင့် မတိုက်ခိုက်ကြတော့မှ သင့်လျော်ပေလိမ့်မည်။
၂၅ ထို့အတူ၊ သင်တို့သည် ငါ၏အမှာစာအတိုင်းအခွင့်ပေးခြင်း၊ ထွက်လာ၍ မှန်ကန်သော လွတ်လပ်ခွင့်စိတ်သဘောကို ငါ့အား ပြခြင်း၊ ငါတို့၏တပ်များကို ခွန်အားဖြည့်ပေး၍ အင်အားခိုင်မာစေရန် ကြိုးစားခြင်း၊ သူတို့၏အထောက်အပံ့အတွက် စားစရာပေးခြင်းတို့မရှိကြလျှင်၊ ရှုလော့၊ ငါသည် ငါ၏လွတ်လပ်သူများမှ အချို့ကို၊ ငါတို့ပြည်၏ဤအရပ်ကိုထိန်းသိမ်းရန် ထားလိမ့်မည်၊ အခြားအဘယ်တန်ခိုးကမျှသူတို့ကို ဆန့်ကျင်၍မပြုနိုင်စေခြင်းငှာ၊ ဘုရားသခင်ထံမှ ခွန်အားနှင့် ကောင်းချီးမင်္ဂလာများဖြင့် သူတို့ကို ကောင်းချီးပေးမည်—
၂၆ ဤအမှုသည်ကား၊ သူတို့၏ကြီးစွာသောယုံကြည်ခြင်း၊ ထို့အတူ သူတို့၏အတိဒုက္ခများ၌ သူတို့၏သည်းခံခြင်းတို့ကြောင့်ပေတည်း—
၂၇ ငါသည်လည်း၊ သင်တို့ထံသို့လာမည်၊ သင်တို့၌ လွတ်လပ်ခွင့်ကို အလိုရှိသောသူ တစ်စုံတစ်ဦးရှိလျှင်၊ ထိုမှတစ်ပါး၊ လွတ်လပ်ခွင့်၏မီးပွားအနည်းငယ်မျှ၊ ကျန်ကြွင်းလျက်ရှိနေလျှင်၊ ရှုလော့၊ ငါသည် တန်ခိုးနှင့် အခွင့်အာဏာကို အနိုင်အထက်သိမ်းယူရန်အလိုဆန္ဒရှိသောသူများ ဆိတ်သုဉ်းသွားသည့်တိုင်အောင်ပင် သင်တို့၌ထကြွသောင်းကျန်းခြင်းကို နှိုးဆော်မည်။
၂၈ ထိုမှတစ်ပါး၊ ရှုလော့၊ ငါသည် သင်တို့၏အင်အား သို့မဟုတ် အခွင့်အာဏာကို မကြောက်၊ သို့ရာတွင်၊ ငါကြောက်သောသူမှာ ငါ၏ဘုရားသခင်ဖြစ်၏။ ငါ့တိုင်းပြည်၏အမှုကို ကာကွယ်ရန် ငါ၏ဓားကို ငါကိုင်ဆောင်သည်ကား၊ သူ၏ပညတ်တော်များအတိုင်း ပေတည်း။ များစွာသောဆုံးရှုံးမှုကို ငါတို့ခံစားရသည်မှာ၊ သင်တို့၏ဒုစရိုက်ကြောင့်ပေတည်း။
၂၉ ရှုလော့၊ အချိန်ရောက်ပေပြီ။ အမှန်စင်စစ်၊ သင်တို့သည် သင်တို့တိုင်းပြည်နှင့် သင်တို့၏ကလေးသူငယ်တို့ကို ကာကွယ်ရာ၌ သင်တို့ကိုယ်သင်တို့ မလှုံ့ဆော်လျှင်၊ အပြစ်ပေးခြင်းဓား သင့်တို့အပေါ်မိုးသည့် အချိန်နီးကပ်လာပေပြီ။ ထိုမှတစ်ပါး၊ သင်တို့အပေါ် ကျရောက်၍၊ ရှင်းရှင်းပျက်စီးခြင်းသို့ တိုင်အောင်ပင် ဆုံးမလိမ့်မည်။
၃၀ ရှုလော့၊ ငါသည် သင်တို့ထံမှ အကူအညီကို စောင့်မျှော်၏။ သင်တို့သည် ငါတို့၏သက်သာခြင်းအတွက် ကူညီထောက်မခြင်းမရှိလျှင်၊ ရှုလော့၊ ငါသည် သင်တို့ထံသို့ လာ၍၊ ဇရဟင်မလပြည်၌ပင်၊ သင်တို့ကို ဓားနှင့်ခုတ်၍၊ သင်တို့သည် ငါတို့၏လွတ်လပ်ခွင့်အမှု၌ ဤလူတို့၏တိုးတက်ခြင်းကို ဟန့်တားရန် တန်ခိုးရှိတော့မည်မဟုတ်။
၃၁ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်သည် သင်တို့ သူ၏ဖြောင့်မတ်သောလူမျိုးတို့ကို ဖျက်ဆီးရန် အသက်ရှင်လျက်၊ သင်တို့၏ဒုစရိုက်များ၌ အားကြီးလာစေမည်ကို အခွင့်ပေးမည်မဟုတ်။
၃၂ ရှုလော့၊ သင်တို့သည် လောက၏ချီးမွမ်းခြင်းနှင့် အချည်းနှီးသောအရာများကို သင်တို့၏ ချစ်ခြင်းကြောင့် သင်တို့၏ဒုစရိုက်ရှိနေစဉ်၊ လာမန်အမျိုးသားတို့ဘိုးဘေးတို့၏ နည်းဥပဒေသများက သူတို့၏မုန်းတီးမှု၊ ထိုမှတစ်ပါး၊ ငါတို့ထံမှ ခွဲထွက်သူတို့က ထိုမုန်းတီးမှုကို ပြင်းထန်စေသောအခါ၊ ကိုယ်တော်ရှင်က သင်တို့ကို ချမ်းသာပေး၍၊ သူတို့ကို တရားစီရင်တော်မူခြင်းဖြင့်၊ ကြွလာတော်မူလိမ့်မည်ဟု ထင်မှတ်နိုင်ကြသလော။
၃၃ သင်တို့သည် ဘုရားသခင်၏ပညတ်တရားများကို လွန်ကျူးကြောင်း သိကြ၏။ ၎င်းတို့ကို သင်တို့ခြေအောက်၌ အမှန်နင်းချေကြောင်းကိုလည်း သိကြ၏။ ရှုလော့၊ ငါ့ကို ကိုယ်တော်ရှင် မိန့်တော်မူလေသည်ကား၊ သင်တို့၏အုပ်ချုပ်သူများအဖြစ် သင်တို့ခန့်အပ်ထားသောသူတို့သည် သူတို့၏အပြစ်များနှင့် ဒုစရိုက်များမှ နောင်တမရကြလျှင်၊ သင်တို့သည် သူတို့ကိုဆန့်ကျင်၍ စစ်တိုက်သွားရမည်။
၃၄ ယခုမူကား၊ ရှုလော့၊ ငါမော်ရော်နိုင်းသည် ငါ့ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းစေရန်၊ ငါပြုသည့် ပဋိညာဉ်အတိုင်း အတင်းစေခိုင်းခံရ၏။ ထို့ကြောင့်၊ သင်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို နာခံလျက်၊ သင်တို့၏ရိက္ခာများနှင့် သင်တို့၏လူတို့ကို ငါ့ထံသို့၊ ထို့အတူ ဟေလမန်ထံသို့လည်း အလျင်အမြန်စေလွှတ်ကြလော့။
၃၅ ရှုဦးလော့၊ သင်တို့ ဤသို့မပြုလျှင်၊ ငါသည် သင်တို့ထံ အလျင်အမြန်လာမည်။ အကြောင်းမူကား၊ ရှုလော့၊ ဘုရားသခင်သည် ငါတို့အား အစာငတ်မွတ်ခြင်းကြောင့် ပျက်စီးရမည်ကို အခွင့်ပေးတော်မူမည်မဟုတ်။ ထို့ကြောင့်၊ သင်တို့၏စားစရာကို၊ ငါတို့အား ဓားဖြင့်ပင် ပေးတော်မူလိမ့်မည်။ ယခုတွင်၊ သင်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဧကန်အမှန်ပြီးပြည့်စုံစေကြလော့။
၃၆ ရှုလော့၊ ငါသည် သင်တို့၏ဗိုလ်ချုပ်မင်း မော်ရော်နိုင်းဖြစ်၏။ ငါသည် အခွင့်အာဏာကို ရရှိခင်းငှာမဟုတ်၊ အဆုံးသတ်ခြင်းငှာသာ ကြိုးစားအားထုတ်၏။ လောက၏ဂုဏ်အသရေအတွက်မဟုတ်၊ ငါ့ဘုရားသခင်၏ဘုန်းတော်အတွက်၊ ထို့အတူ၊ ငါ့တိုင်းပြည်၏လွတ်လပ်ခွင့်နှင့် ကောင်းကျိုးတို့အတွက်သာ ကြိုးစားအားထုတ်၏။ ထိုကဲ့သို့အားဖြင့်၊ ငါ၏အမှာစာကို အဆုံးသတ်၏။