လာမန်အမျိုးသားတို့ထံ၊ အာရုန်၊ မြူလော်ကိနှင့် သူတို့၏ညီအစ်ကိုတို့၏ ဟောပြောခြင်းအကြောင်း မှတ်တမ်း။
အခန်းကြီး ၂၁ မှ ၂၅ အထိဖွဲ့စည်းပါဝင်၏။
အခန်းကြီး ၂၁
အာရုန်သည် အာမလက်လူတို့အား ခရစ်တော်နှင့် သူ၏အပြစ်ဖြေခြင်းမင်္ဂလာအကြောင်းကို သွန်သင်ပေး၏—အာရုန်နှင့် သူ၏ညီအစ်ကိုတို့သည် မိဒေါနိပြည်တွင် ထောင်ထဲ၌လှောင်ထားခံရ၏—သူတို့သည် လွတ်မြောက်ပြီးနောက်တွင်၊ တရားဇရပ်များ၌ သွန်သင်ပေး၍၊ များစွာသောသူတို့ကို ပြောင်းလဲစေ၏—လာမောနိသည် ဣရှမေလပြည်ရှိ လူတို့အား ဘာသာရေးလွတ်လပ်ခွင့်ကို ပေး၏။ ဘီစီ ၉၀–၇၇ ခန့်။
၁ ယခုတွင်၊ အမ္မုန်နှင့် သူ၏ညီအစ်ကိုတို့သည် လာမန်အမျိုးသားတို့ပြည်၏နယ်နိမိတ်၌ သီးခြားစီခွဲကြပြီးလျှင်၊ ရှုလော့၊ အာရုန်သည် လာမန်အမျိုးသားတို့ ယေရုရှလင်ဟု သူတို့ဘိုးဘေးတို့ဖွားရာပြည်အတိုင်း ခေါ်သည့် ထိုပြည်ဆီသို့ ခရီးသွား၏။ ထိုအရပ်သည်ကား၊ မော်မုန်ပြည်နှင့် နယ်နိမိတ်ခြင်းထိစပ်လျက်ရှိပြီး၊ ဝေးရာအရပ်၌ရှိလေ၏။
၂ ယခုတွင်၊ လာမန်အမျိုးသားများ၊ အာမလက်လူများနှင့် အာမြူလုန်လူမျိုးတို့သည် ယေရုရှလင်ဟုခေါ်သည့် မြို့ကြီးကို တည်ဆောက်ကြလေ၏။
၃ ယခုတွင်၊ လာမန်အမျိုးသားတို့ကိုယ်တိုင်သည် အပြည့်အဝမာကျောကြ၏။ သို့ရာတွင်၊ အာမလက်လူတို့နှင့် အာမြူလုန်အမျိုးသားတို့သည် သာ၍မာကျောလျက်ရှိကြသေး၏။ ထို့ကြောင့်၊ သူတို့သည် လာမန်အမျိုးသားတို့ကို၊ ဆိုးညစ်ခြင်းနှင့် သူတို့၏စက်ဆုပ်ရွံရှာဖွယ်ရာအမှုတို့၌ အားကြီး၍လာစေကြောင်း၊ သူတို့စိတ်နှလုံးကို မာကျောစေကြ၏။
၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အာရုန်သည် ယေရုရှလင်မြို့သို့ လာခဲ့ပြီး၊ အာမလက်လူတို့ကို ပထမဦးဆုံး ဟောပြောစပြု၏။ သူတို့၏ တရားဇရပ်များ၌ သူဟောပြောစပြု၏။ အကြောင်းမူကား၊ သူတို့သည် နေဟောနောက်လိုက်များ၏အသင်းအတိုင်း တရားဇရပ်များကို တည်ဆောက်ကြ၏။ အာမလက်လူများနှင့် အာမြူလုန်အမျိုးသားတို့မှ များစွာသောသူတို့သည်လည်း နေဟောနောက်လိုက်များ၏အသင်းအတိုင်း ရှိကြ၏။
၅ ထို့ကြောင့်၊ အာရုန်သည် လူတို့ကို ဟောပြောခြင်းငှာ သူတို့၏တရားဇရပ်များထဲမှ တစ်ခုထဲသို့ ဝင်၍၊ ဟောပြောစဉ်တွင်၊ ရှုလော့၊ အာမလက်လူတစ်ဦး ထ၍လာပြီး၊ သူနှင့်ငြင်းခုံစပြု၍ ဆိုလေသည်ကား၊ သင်သက်သေခံလေသည့်အရာကား၊ အဘယ်နည်း။ သင်သည် ကောင်းကင်တမန်ကို မြင်လေသလော။ ကောင်းကင်တမန်တို့သည် ငါတို့ထံသို့ အဘယ့်ကြောင့် ပေါ်မလာကြသနည်း။ ရှုလော့၊ ဤလူမျိုးတို့သည် သင်၏လူမျိုးတို့ကဲ့သို့ မကောင်းမြတ်သလော။
၆ ငါတို့နောင်တမရလျှင်၊ ပျက်စီးရမည့်အကြောင်းကိုလည်း သင်ပြော၏။ ငါတို့စိတ်နှလုံး၏ အတွေးများနှင့် အကြံအစည်များကို သင်အဘယ်သို့အားဖြင့် သိသနည်း။ ငါတို့၌ နောင်တရရန်အကြောင်းရှိသည်ကို သင်အဘယ်သို့အားဖြင့် သိသနည်း။ ငါတို့သည် ဖြောင့်မတ်သောလူမျိုးများ မဟုတ်ကြောင်း သင်အဘယ်သို့အားဖြင့် သိသနည်း။ ရှုလော့၊ ငါတို့သည် ဝတ်ပြုရာဌာနများကို ဆောက်ကြလေပြီ။ ငါတို့သည် ဘုရားသခင်ကို ကိုးကွယ်ရန် ငါတို့ကိုယ်ငါတို့ အတူတကွ စည်းဝေးကြ၏။ ခပ်သိမ်းသောလူသားတို့ကို ဘုရားသခင်ကယ်တင်တော်မူမည့်အကြောင်း ငါတို့ ယုံကြည်ကြ၏။
၇ ယခုတွင်၊ အာရုန်က ဆိုလေသည်မှာ လူသားတို့ကို၊ သူတို့၏အပြစ်များမှ ရွေးနှုတ်တော်မူခြင်းငှာ ဘုရားသခင်၏သားတော် ကြွလာတော်မူလိမ့်မည်ကို အသင်ယုံကြည်သလောဟု မေး၏။
၈ ထိုလူကလည်း ဆိုလေသည်ကား၊ ထိုကဲသို့သောအရာတစ်စုံတစ်ခုကို သင်သိသည့်အကြောင်း ငါတို့မယုံကြည်ကြ။ ဤမိုက်မဲသောနည်းဥပဒေသများကို ငါတို့မယုံကြည်ကြ။ ဖြစ်လာမည့်အရာများအကြောင်း သင်သိသည်ကို ငါတို့မယုံကြည်ကြ။ သင်၏ဘိုးဘေးတို့၊ ထို့အတူ ငါတို့ဘိုးဘေးတို့သည် ဖြစ်လာမည့်အရာများအကြောင်း၊ သူတို့ပြောခဲ့သည့်အရာများနှင့်စပ်လျဉ်း၍ သိလေသည်ကိုလည်း ငါတို့မယုံကြည်ကြ။
၉ ယခုတွင်၊ အာရုန်သည် ခရစ်တော်ကြွလာတော်မူမည့်အကြောင်းနှင့်စပ်လျဉ်း၍၊ ထို့အတူ၊ သေသူတို့၏ရှင်ပြန်ထမြောက်ခြင်းနှင့်စပ်လျဉ်း၍၊ ခရစ်တော်၏သေခြင်းနှင့် ဒုက္ခဝေဒနာခံစားခြင်း၊ သူ့အသွေးတော်ဖြင့် အပြစ်ဖြေခြင်းမင်္ဂလာတို့အားဖြင့်မှတစ်ပါး၊ လူသားတို့အတွက် ရွေးနှုတ်ခြင်း မရှိနိုင်ကြောင်း ထိုသူတို့အား ကျမ်းစာများကို ဖွင့်ပြစပြု၏။
၁၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဤအရာတို့ကို သူရှင်းပြစပြုလျှင်၊ သူတို့သည် အမျက်ထွက်၍ သူ့ကို ပြက်ရယ်ပြုစပြုကြ၏။ သူပြောသည့် စကားများကိုလည်း ကြားနာလိုခြင်းမရှိကြ။
၁၁ ထို့ကြောင့်၊ သူ၏စကားများကို သူတို့ကြားနာလိုခြင်းမရှိကြောင်း သူသိမြင်လျှင်၊ သူတို့၏တရားဇရပ်မှ ထွက်ခွာသွားပြီး၊ အန္နိ-အန္တိဟုခေါ်သည့်ရွာသို့ လာသဖြင့်၊ ထိုအရပ်၌ မြူလော်ကိက သူတို့အား ဟောပြောလျက်ရှိသည်ကိုလည်းကောင်း၊ ထို့အတူ၊ အမ္မနှင့် သူ၏ညီအစ်ကိုတို့ကိုလည်းကောင်း တွေ့ရှိ၏။ သူတို့သည် နှုတ်ကပတ်တော်အကြောင်းကို များစွာသောသူတို့နှင့် ဆွေးနွေးကြ၏။
၁၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လူတို့သည် စိတ်နှလုံးကို မာကျောစေလိုကြကြောင်း သူတို့သိမြင်ကြ၏။ ထို့ကြောင့်၊ သူတို့သည် ထွက်ခွာသွားပြီး၊ မိဒေါနိပြည်ထဲသို့ လာကြ၏။ နှုတ်ကပတ်တော်ကိုလည်း များစွာသောသူတို့အား ဟောပြောလျက်၊ အနည်းငယ်သောသူတို့သည် သူတို့သွန်သင်ပေးသည့် စကားများကို ယုံကြည်ကြ၏။
၁၃ သို့သော်လည်း၊ အာရုန်နှင့် သူ၏ညီအစ်ကိုအချို့တို့သည် ဖမ်းဆီးခြင်းနှင့် ထောင်ထဲ၌လှောင်ထားခြင်းကို ခံရပြီး၊ သူတို့မှ ကျန်ကြွင်းသောသူတို့သည် မိဒေါနိပြည်မှ နေ၍ ပတ်ဝန်းကျင်ဒေသသို့ ထွက်ပြေး၏။
၁၄ ထောင်ထဲ၌ လှောင်ထားခံရလေသောသူတို့သည် ဒုက္ခများစွာခံစားရ၍၊ လာမောနိနှင့် အမ္မုန်တို့၏လက်ဖြင့် ကယ်လွှတ်ခံရပြီးမှ၊ ကျွေးမွေး၍ အဝတ်တန်ဆာဆင်သည်ကိုလည်း ခံရလေ၏။
၁၅ သူတို့သည်လည်း နှုတ်ကပတ်တော်ကို ဟောကြားခြင်းငှာ တစ်ဖန်ထွက်သွား၍၊ ထိုကဲ့သို့အားဖြင့်၊ ပထမဦးဆုံးအကြိမ်အဖြစ် ထောင်ထဲမှ ကယ်လွှတ်ခံရ၏။ ထိုကဲ့သို့အားဖြင့်၊ သူတို့သည် ဒုက္ခဝေဒနာခံစားရ၏။
၁၆ သူတို့သည် ကိုယ်တော်ရှင်၏ဝိညာဉ်တော်အားဖြင့် ဆောင်သွား ခံရသည့် အရပ်မှန်သမျှသို့ ထွက်သွားကြပြီး၊ အာမလက်လူတို့၏တရားဇရပ်တိုင်း၌၊ သို့မဟုတ်၊ သူတို့အခွင့်ရနိုင်သည့် လာမန်အမျိုးသားတို့၏ အစည်းအဝေးတိုင်း၌ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဟောပြောနေကြ၏။
၁၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိုယ်တော်ရှင်သည် သူတို့ကို ကောင်းချီးပေးတော်မူစပြုသဖြင့် သူတို့သည် များစွာသောသူတို့အား သမ္မာတရားကိုသိခြင်းသို့ ဆောင်ယူကြ၏။ အထူးသဖြင့်၊ ထိုသူတို့၏ များစွာသောအပြစ်များအကြောင်းနှင့် သူတို့ဘိုးဘေးတို့၏နည်းဥပဒေသများ မမှန်ကြောင်းကို နားသွင်းကြ၏။
၁၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အမ္မုန်နှင့် လာမောနိတို့သည် မိဒေါနိပြည်မှ သူတို့၏အမွေခံရာမြေဖြစ်သည့် ဣရှမေလပြည်သို့ ပြန်လာကြ၏။
၁၉ လာမောနိမင်းကြီးကလည်း အမ္မုန်အား မိမိကိုအစေခံရန် သို့မဟုတ် သူ၏ကျွန်ဖြစ်စေရန် အခွင့်မပေးလိုပေ။
၂၀ သို့ရာတွင်၊ သူသည် ဣရှမေလပြည်၌ တရားဇရပ်များကို တည်ဆောက်စေ၏။ သူ၏လူတို့ သို့မဟုတ်၊ သူ့အုပ်စိုးခြင်းအောက်၌ရှိသောလူတို့ကိုလည်း သူတို့ကိုယ်သူတို့အတူတကွ စည်းဝေးစေ၏။
၂၁ ထိုသူတို့၌ သူရွှင်လန်းဝမ်းမြောက်၍ များစွာသောအရာတို့ကိုလည်း သွန်သင်ပေး၏။ သူတို့သည် သူ၏အုပ်စိုးခြင်းအောက်၌ ရှိသောသူများဖြစ်လေကြောင်း၊ ထို့အတူ၊ လွတ်လပ်သောလူမျိုးများ ဖြစ်လေကြောင်း၊ သူ၏အဘက သူ့အား ဣရှမေလပြည်နှင့် ပတ်ဝန်းကျင်ရှိပြည် ခပ်သိမ်းတို့၌ရှိသော လူမျိုးတို့အပေါ်အုပ်စိုးရန် အခွင့်ပေးသောကြောင့်၊ မိမိအဘမင်းကြီး၏ ညှဉ်းပန်းနှိပ်စက်ခြင်းမှ သူတို့ကင်းဝေးလေကြောင်း သူဟောကြား၏။
၂၂ သူတို့သည် လာမောနိမင်းကြီး၏ အုပ်စိုးမှုအောက်ရှိပြည်အတွင်း၌ ရှိလေသမျှ၊ အဘယ်အရပ်၌ပင်ဖြစ်စေ သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်ကို သူတို့အလိုဆန္ဒများအတိုင်း လွတ်လပ်စွာကိုးကွယ်ခွင့် ရှိနိုင်ကြောင်းကိုလည်း သူဟောကြား၏။
၂၃ အမ္မုန်သည်လည်း လာမောနိမင်းကြီး၏လူတို့အား ဟောပြော၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဖြောင့်မတ်ခြင်းနှင့်စပ်ဆိုင်သည့်အရာမှန်သမျှကိုလည်း သွန်သင်ပေး၏။ သူတို့ကို လုံ့လဝီရိယရှိသမျှနှင့် နေ့စဉ်တိုက်တွန်း၏။ သူတို့သည်လည်း သူ၏ စကားကို ပမာဏပြု၍၊ ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်ထိန်းရာ၌ စိတ်အားကြီးကြလေသတည်း။