အခန်းကြီး ၂၆
အမ္မုန်သည် ကိုယ်တော်ရှင်၌ ဂုဏ်ယူဝမ်းမြောက်၏—သစ္စာရှိသောသူများသည် ကိုယ်တော်ရှင်အားဖြင့် ခွန်အားဖြည့်ပေးတော်မူခြင်းခံရပြီး၊ အသိပညာပေးတော်မူခြင်းကိုလည်း ခံရ၏—ယုံကြည်ခြင်းအားဖြင့် လူသားတို့သည် ထောင်ပေါင်းများစွာသော စိတ်ဝိညာဉ်များကို နောင်တရခြင်းသို့ ဆောင်ယူနိုင်ကြ၏—ဘုရားသခင်၌ အလုံးစုံသောတန်ခိုးတော်ရှိပြီး၊ အရာခပ်သိမ်းတို့ကို သိနားလည်တော်မူ၏။ ဘီစီ ၉၀–၇၇ ခန့်။
၁ ယခုမူကား၊ အမ္မုန်က သူ၏ညီအစ်ကိုတို့ကို ဆိုလေသည့် စကားများမှာ၊ ငါ၏အစ်ကိုများနှင့် ငါ၏ညီအစ်ကိုတို့၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်မှာ၊ ငါတို့ ရွှင်လန်းဝမ်းမြောက်ခြင်းရှိသည့် အကြောင်းသည်ကား၊ ကြီးမားလှပေစွတကား။ အကြောင်းမူကား၊ ဇရဟင်မလပြည်မှ ငါတို့စတင်ခဲ့သည့်အချိန်တွင်၊ ဘုရားသခင်သည် ထိုမျှလောက် ကြီးစွာသော ကောင်းချီးမင်္ဂလာတို့ကို ငါတို့အား ပေးတော်မူလေကြောင်း ငါတို့ထင်မှတ်နိုင်ခဲ့ခြင်းရှိလေသလော။
၂ ယခုမူကား၊ ငါတို့အပေါ် အဘယ်ကြီးစွာသော ကောင်းချီးမင်္ဂလာများကို ပေးတော်မူလေပြီနည်းဟု သင်တို့ကို ငါမေး၏။ သင်တို့ ပြောပြနိုင်ကြသလော။
၃ ရှုလော့၊ သင်တို့ကိုယ်စား ငါဖြေကြား၏။ အကြောင်းမူကား၊ ငါတို့၏ညီအစ်ကို လာမန်အမျိုးသားတို့သည် မှောင်မိုက်၌၊ အမှန်စင်စစ်၊ အမှောင်မိုက်ဆုံးဖြစ်သည့် နက်ရှိုင်းလှသော ချောက်ကြီးထဲ၌ပင် ရှိခဲ့လေ၏။ သို့ရာတွင်၊ ရှုလော့၊ သူတို့မှ များစွာသောသူတို့ကို ဘုရားသခင်၏ အံ့ဩဖွယ်ကောင်းသောအလင်းတော်ကို မြင်စေခြင်းငှာ၊ ဆောင်လေပြီတကား။ ဤအရာသည်ကား၊ ဤကြီးစွာသောအမှုတော်ကို ပြီးမြောက်စေခြင်းငှာ၊ ငါတို့ကို ဘုရားသခင်၏လက်တော်၌ တန်ဆာများအဖြစ် ပြုထားတော်မူခြင်းဟူသော၊ ငါတို့အပေါ်ပေးတော်မူလေသည့် ကောင်းချီးမင်္ဂလာပေတည်း။
၄ ရှုလော့၊ သူတို့မှ ထောင်ပေါင်းများစွာသောသူတို့သည် ရွှင်လန်းဝမ်းမြောက်၍၊ ဘုရားသခင်၏သိုးစုထဲသို့ ဆောင်ခြင်းကို ခံရလေပြီ။
၅ ရှုလော့၊ လယ်သည် မှည့်လေပြီ၊ သင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် တံစဉ်ကိုရမ်း၍ အစွမ်းသတ္တိရှိသမျှနှင့် ရိတ်၍၊ အမှန်စင်စစ်၊ တစ်နေ့လုံး အလုပ်လုပ်ကြ၏။ သင်တို့၏ကောက်လှိုင်းအရေအတွက်ကိုလည်း ရှုလော့။ ထိုကောက်လှိုင်းများကို ကျီထဲသို့ စုသိမ်းမည်ဖြစ်၍ မလေလွင့်ချေ။
၆ ထိုမှတစ်ပါး၊ ၎င်းတို့သည် နောက်ဆုံးသောနေ့၌၊ မုန်တိုင်းဖြင့် တိုက်ဖျက်မခံရ။ ထိုမှတစ်ပါး၊ လေပွေဖြင့် မွှေနှောက်မခံရ။ သို့ရာတွင်၊ မုန်တိုင်းလာသောအခါ၊ မိမိတို့နေရာ၌ အတူတကွ စုဝေးကြလိမ့်မည်ဖြစ်၍၊ မုန်တိုင်းက ၎င်းတို့ကို မထိုးဖောက်နိုင်။ ထိုမှတစ်ပါး၊ ရန်သူသယ်ဆောင်လိုရာ အရပ်မှန်သမျှသို့ ပြင်းစွာသောလေဖြင့် မောင်းနှင်ခြင်းကိုလည်း မခံရ။
၇ သို့ရာတွင်၊ ရှုလော့၊ ၎င်းတို့သည် ရိတ်သိမ်းခြင်းကိုယ်တော်ရှင်၏လက်ထဲ၌ရှိသဖြင့်၊ သူပိုင်သောအရာများ ဖြစ်၏။ နောက်ဆုံးသောနေ့၌ သူတို့ကို ချီးမြှောက်တော်မူလိမ့်မည်။
၈ ငါတို့ဘုရားသခင်၏နာမတော်သည် မင်္ဂလာရှိပါစေသတည်း။ ငါတို့သည် သူ့ကို ချီးမွမ်းခြင်းငှာ သီချင်းဆိုကြကုန်အံ့။ ငါတို့သည် သူ၏သန့်ရှင်းသောနာမတော်ကို ကျေးဇူးတော်ချီးမွမ်းကြကုန်အံ့။ အကြောင်းမူကား၊ သူသည် ဖြောင့်မတ်ခြင်းကို ကာလအစဉ်အဆက် ကျင့်တော်မူ၏။
၉ အကြောင်းမူကား၊ ငါတို့သည် ဇရဟင်မလပြည်မှ ထွက်မလာခဲ့လေလျှင်၊ ငါတို့ကို အလွန်ချစ်လေသည့် ငါတို့၏ချစ်လှစွာသော ညီအစ်ကိုတို့သည် ငါတို့ကို ဆန့်ကျင်၍ အမုန်းတရားနှင့် နှိပ်စက်လျက်ရှိပေဦးမည်။ ထိုမှတစ်ပါး၊ သူတို့သည် ဘုရားသခင်နှင့် သူတစိမ်းများဖြစ်လေမည်။
၁၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အမ္မုန်ဤစကားများကို ပြောပြီးလေလျှင်၊ အစ်ကိုအာရုန်က သူ့အား အမ္မုန်၊ သင်၏ဝမ်းမြောက်ခြင်းသည် သာလွန်သွားသဖြင့် ဝါကြွားခြင်းသို့ ရောက်မည်ကို ငါစိုးရိမ်၏ဟုဆို၍ ဆုံးမ၏။
၁၁ သို့ရာတွင်၊ အမ္မုန်က ဆိုလေသည်ကား၊ ငါ၏ကိုယ်ပိုင်ခွန်အား သို့မဟုတ်၊ ငါ၏ကိုယ်ပိုင်ဉာဏ်ပညာ၌ ငါမဝါကြွား။ သို့ရာတွင်၊ ရှုလော့၊ ငါ၏ဝမ်းမြောက်ခြင်းသည် ပြည့်စုံ၏။ထိုမှတစ်ပါး၊ ငါ့စိတ်နှလုံးသည် ဝမ်းမြောက်ခြင်းနှင့် ပြည့်လျှံ၍၊ ငါ၏ဘုရားသခင်၌ ငါရွှင်လန်းဝမ်းမြောက်မည်။
၁၂ ထိုမှတစ်ပါး၊ ငါသည် အချည်းနှီးသက်သက်ဖြစ်သည်ကို သိ၏။ ကိုယ့်ခွန်အားအရာ၌ အားနည်း၏။ ထို့ကြောင့်၊ ငါကိုယ်တိုင်၏အကြောင်းကို ဝါကြွားမည်မဟုတ်၊ သို့ရာတွင် ငါ့ဘုရားသခင်၏အကြောင်းကို ဝါကြွားမည်။ အကြောင်းမူကား၊ သူ၏ခွန်အားဖြင့်၊ ခပ်သိမ်းသော အရာတို့ကို ငါပြုနိုင်၏။ ထိုမှတစ်ပါး၊ ရှုလော့၊ ဤပြည်၌ ကြီးစွာသော အလွန်တရာအံ့ဩဖွယ်အမှုများစွာတို့ကို ငါတို့ပြုပြင်စီရင်ကြလေပြီ။ ထိုအမှုအတွက်၊ သူ၏နာမတော်ကို ငါတို့ကာလအစဉ်အဆက်ချီးမွမ်းကြမည်။
၁၃ ရှုလော့၊ အဘယ်မျှလောက်ထောင်ပေါင်းများစွာသော ငါတို့ညီအစ်ကိုတို့ကို ငရဲ၏ဘေးတို့မှ သူကလွတ်စေတော်မူလေပြီနည်း။ ရွေးနှုတ်တော်မူသော ချစ်ခြင်းကို သီဆိုရန်လည်း သူတို့ကို ဆောင်၏။ ဤအမှုသည်ကား၊ ငါတို့၌ရှိသည့် သူ့နှုတ်ကပတ်တော်၏ တန်ခိုးတော်ကြောင့်ဖြစ်၏။ ထို့ကြောင့်၊ ငါတို့၌ ရွှင်လန်းဝမ်းမြောက်စရာ ကြီးစွာသောအကြောင်း မရှိသလော။
၁၄ ထိုမှတစ်ပါး၊ သူသည် အမြင့်ဆုံးသောဘုရားသခင်ဖြစ်၍၊ ငါတို့၏ညီအစ်ကိုတို့ကို ငရဲ၏သံကြိုးများမှ လွှတ်ပေးတော်မူလေသောကြောင့်၊ သူ့ကို ကာလအစဉ်အဆက် ချီးမွမ်းစရာအကြောင်း ငါတို့၌ရှိ၏။
၁၅ အကြောင်းမူကား၊ သူတို့သည် ထာဝရတည်မြဲသောမှောင်မိုက်နှင့် ဖျက်ဆီးခြင်းတို့အားဖြင့် ဝိုင်းပတ်ထားခြင်းကို ခံရ၏။ သို့ရာတွင်၊ ရှုလော့၊ သူတို့ကို သူ၏ထာဝရတည်မြဲသောအလင်းထဲသို့၊ ထိုမှတစ်ပါး၊ ထာဝရတည်မြဲသောကယ်တင်ခြင်းထဲသို့ သူဆောင်တော်မူလေပြီ။ သူ့ချစ်ခြင်းမေတ္တာတော်၏ အတုမရှိသောရက်ရောမှုဖြင့် ဝိုင်းပတ်ထားခြင်းကိုလည်း သူတို့ခံရ၏။ ထိုမှတစ်ပါး၊ ဤကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသောအမှုကို ပြုခြင်းအတွက်၊ ငါတို့သည် သူ၏လက်တော်၌ တန်ဆာများဖြစ်ကြလေပြီ။
၁၆ ထို့ကြောင့်၊ ငါတို့ ဂုဏ်ယူဝမ်းမြောက်ကြကုန်အံ့။ အထူးသဖြင့်၊ ငါတို့သည် ကိုယ်တော်ရှင်၌ ဂုဏ်ယူဝမ်းမြောက်ကြမည်။ အထူးသဖြင့်၊ ငါတို့ ရွှင်လန်းဝမ်းမြောက်ကြမည်။ အကြောင်းမူကား၊ ငါတို့၏ဝမ်းမြောက်ခြင်းသည် ပြည့်စုံ၏။ ထိုမှတစ်ပါး၊ ငါတို့သည် ငါတို့၏ဘုရားသခင်ကို ကာလအစဉ်အဆက် ချီးမွမ်းကြမည်။ ရှုလော့၊ အဘယ်သူသည် ကိုယ်တော်ရှင်၌ အလွန်များစွာ ဂုဏ်ယူဝမ်းမြောက်နိုင်သနည်း။ ထိုမှတစ်ပါး၊ အဘယ်သူသည် သူ၏ကြီးစွာသောတန်ခိုး၊ သူ၏ ကရုဏာတော်နှင့် လူသားတို့အပေါ် သူ၏စိတ်ရှည်တော်မူခြင်းတို့ အကြောင်းကို အလွန်များစွာ ပြောနိုင်သနည်း။ ရှုလော့၊ ငါခံစားရသည့် အနည်းဆုံးသော အစိတ်အပိုင်းကိုပင် မဖော်ပြနိုင်ဟု သင်တို့ကို ငါဆို၏။
၁၇ ငါတို့၏ဘုရားသခင်သည် ငါတို့၏အလွန်ဆိုးရွားပြီး၊ အပြစ်များ၍ ညစ်ညူးသောအခြေအနေမှ ငါတို့ကို ရုတ်တရက်ဆွဲယူလောက်အောင် အလွန်ကရုဏာကြီးတော်မူခဲ့လိမ့်မည်ဟု အဘယ်သူ ထင်မှတ်နိုင်ခဲ့လေသနည်း။
၁၈ ရှုလော့၊ ငါတို့သည် သူ၏အသင်းတော်ကို ဖျက်ဆီးခြင်းငှာ၊ ဒေါသဖြင့်၊ ကြီးစွာသော ခြိမ်းခြောက်ခြင်းတို့နှင့်ပင် ထွက်သွားကြ၏။
၁၉ အို ထိုသို့ဆိုလျှင်၊ သူသည် ငါတို့ကို ကြောက်ရွံ့ဖွယ်ကောင်းသော ဖျက်ဆီးခြင်းသို့ အဘယ်ကြောင့်၊ မလွှဲအပ်သနည်း။ ထိုမှတစ်ပါး၊ သူ၏အပြစ်ပေးခြင်းဓားကို ငါတို့အပေါ်သို့ အဘယ်ကြောင့် မကျစေသနည်း။ ထာဝရစိတ်ပျက်ရာသို့လည်း ငါတို့ကို ပြစ်ဒဏ်မစီရင်သနည်း။
၂၀ အို၊ ငါ၏ ဝိညာဉ်၊ ထိုအတွေးကြောင့်၊ ထွက်သွားလုမတတ် ဖြစ်လေပြီ။ ရှုလော့၊ သူသည် မိမိတရားစီရင်တော်မူခြင်းကို ငါတို့အပေါ် ပြုတော်မမူ၊ သို့ရာတွင် သူ၏ ကြီးစွာသော ကရုဏာတော်ဖြင့် ငါတို့ကို သေခြင်းနှင့် ဝမ်းနည်းပူဆွေးမှုတို့၏ ထာဝရတည်မြဲသော ချောက်ပေါ်မှ ဖြတ်၍ ငါတို့၏ ဝိညာဉ်များကို ကယ်တင်ခြင်းသို့ပင် ဆောင်တော်မူလေ၏။
၂၁ ယခုမူကား၊ ရှုလော့၊ ငါ၏ညီအစ်ကိုတို့၊ ဤအရာတို့ကို သိသည့် အဘယ်သို့သော ဇာတိပကတိလူ ရှိသနည်း။ နောင်တရသောသူမှတစ်ပါး၊ ဤအရာတို့ကို သိသောသူ တစ်ဦးမျှမရှိဟု သင်တို့ကို ငါဆို၏။
၂၂ ထိုမှတစ်ပါး၊ နောင်တရ၍၊ ယုံကြည်မှုပြုသဖြင့်၊ ကောင်းမြတ်သောအမှုများကို ပြုပြီး၊ မခြားမလပ်၊ အစဉ်မပြတ်ဆုတောင်းသောသူ—ထိုကဲ့သို့သောသူအား၊ ဘုရားသခင်၏နက်နဲသောအရာတို့ကို သိစေရန် အခွင့်ပေးတော်မူ၏။ ထိုမှတစ်ပါး၊ ဖော်ပြဖူးခြင်းမရှိလေသောအရာတို့ကို ဖော်ပြစေရန် ထိုကဲ့သို့သောသူအား၊ အခွင့်ပေးတော်မူလိမ့်မည်။ ထိုမှတစ်ပါး၊ ငါတို့၏ ဤညီအစ်ကိုတို့ကို နောင်တရခြင်းသို့ ဆောင်ယူခြင်းငှာ၊ ငါတို့အား အခွင့်ပေးထားတော်မူလေသကဲ့သို့ပင်၊ ထောင်ပေါင်းများစွာသောစိတ်ဝိညာဉ်တို့ကို နောင်တရခြင်းသို့ ဆောင်ယူခြင်းငှာ၊ ထိုကဲ့သို့သောသူအား အခွင့်ပေးတော်မူလိမ့်မည်။
၂၃ ယခုတွင်၊ ငါ၏ညီအစ်ကိုတို့၊ ငါတို့သည် ငါတို့ညီအစ်ကို လာမန်အမျိုးသားတို့ကို ဟောပြောရန် နီဖိုင်းပြည်သို့ တက်သွားကြ၏ဟု ဇရဟင်မလပြည်ရှိ ငါတို့ညီအစ်ကိုတို့ကို ဆိုကြစဉ်က၊ ငါတို့ကို သူတို့ပြက်ရယ်ပြု၍ ရယ်ကြသည်ကို သင်တို့သတိရကြလော့။
၂၄ အကြောင်းမူကား၊ သူတို့က ငါတို့ကို ဆိုလေသည်မှာ၊ သင်တို့သည် လာမန်အမျိုးသားတို့ကို သမ္မာတရားကို သိခြင်းသို့ ဆောင်ယူနိုင်မည်ဟု ထင်မှတ်ကြသလော။ လာမန်အမျိုးသားတို့သည်ကား၊ အသွေးသွန်းလောင်းခြင်း၌ မွေ့လျော်သည့် စိတ်နှလုံးရှိသောသူ၊ အဆိုးရွားဆုံးဒုစရိုက်များဖြင့် ဘဝကို ဖြုန်းတီးလေသောသူ၊ ဘာသာဓလေ့များမှာ ရှေးဦးစွာကတည်းက လွန်ကျူးသူ၏ ဘာသာဓလေ့များဖြစ်လေသောသူ လည်ပင်းခိုင်မာသည့် လူမျိုးဖြစ်၍၊ သူတို့ဘိုးဘေးတို့၏နည်းဥပဒေသများမမှန်ကြောင်း သူတို့ကို၊ သင်တို့နားသွင်းနိုင်မည်ဟု ထင်မှတ်ကြသလော။ ယခုတွင်၊ ငါ၏ညီအစ်ကိုတို့ ဤအရာမှာ၊ သူတို့၏ဘာသာစကားဖြစ်ကြောင်း သင်တို့သတိရကြလော့။
၂၅ ထိုမှတစ်ဖန်၊ သူတို့ဆိုကြသည်ကား၊ ငါတို့ကို သူတို့ မချေမှုန်း၊ မဖျက်ဆီးစေခြင်းငှာ၊ သူတို့နှင့် သူတို့၏ဒုစရိုက်များကို ဤပြည်မှ ဖျက်ဆီးရန်၊ သူတို့ကို ဆန့်ကျင်၍ ငါတို့လက်နက်စွဲကိုင်ကြကုန်အံ့။
၂၆ သို့ရာတွင်၊ ရှုလော့၊ ငါ၏ချစ်လှစွာသော ညီအစ်ကိုတို့၊ တောရိုင်းထဲသို့ ငါတို့လာခဲ့သည်မှာ ငါတို့ညီအစ်ကိုတို့ကို ဖျက်ဆီးရန်ဟူသော ရည်ရွယ်ချက်နှင့်မဟုတ်၊ သို့ရာတွင်၊ သူတို့မှ အချို့သော စိတ်ဝိညာဉ် အနည်းငယ်ကို ကယ်တင်ကောင်း ကယ်တင်နိုင်ခြင်းငှာဖြစ်၏။
၂၇ ယခုတွင်၊ ငါတို့သည် စိတ်ပျက်အားလျော့ပြီး၊ နောက်သို့လှည့်၍ ပြန်တော့မည်ပြုစဉ်တွင်၊ ကိုယ်တော်ရှင်သည် ငါတို့ကို နှစ်သိမ့်စေတော်မူ၍ မိန့်တော်မူလေသည်ကား၊ သင်၏ညီအစ်ကို လာမန်အမျိုးသားတို့ဆီသို့ သွား၍၊ သင်တို့၏ဆင်းရဲဒုက္ခများကို သည်းခံခြင်းနှင့် ခံယူကြလော့။ ငါသည် သင်တို့အား အောင်မြင်မှုကို ပေးမည်။
၂၈ ယခုမူကား၊ ရှုလော့၊ ငါတို့လာလေပြီး၊ သူတို့၌ ပျံ့နှံ့ကြလေပြီ။ ငါတို့၏ ဒုက္ခဝေဒနာခံစားခြင်းတို့ကို သည်းခံ၍၊ ချို့တဲ့မှုတိုင်းကို ငါတို့ခံစားကြလေပြီ။ ထိုမှတစ်ပါး၊ ငါတို့သည် လောက၏ကရုဏာများကို မှီခိုလျက်—လောက၏ကရုဏာများကိုသာလျှင် မဟုတ်ဘဲ၊ ဘုရားသခင်၏ကရုဏာတော်တို့ကိုလည်း မှီခိုလျက်၊ တစ်အိမ်မှ တစ်အိမ်သို့ ခရီးသွားကြ၏။
၂၉ ငါတို့သည် သူတို့၏အိမ်များထဲသို့ ဝင်၍၊ သူတို့ကို သွန်သင်ပေးလေ၏။ သူတို့၏လမ်းများထဲ၌လည်း သူတို့ကို သွန်သင်ပေးလေ၏။ ထိုမှတစ်ပါး၊ ငါတို့သည် သူတို့၏တောင်များပေါ်၌လည်း သူတို့ကို သွန်သင်ပေးလေ၏။ ငါတို့သည် သူတို့၏ ဗိမာန်တော်များနှင့် သူတို့၏တရားဇရပ်များထဲသို့လည်း ဝင်၍ သူတို့ကို သွန်သင်ပေးလျက်၊ နှင်ထုတ်ခြင်း၊ ထို့အတူ ပြက်ရယ်ပြုခြင်း၊ ထို့အတူ တံတွေးဖြင့်ထွေးခြင်း၊ ထို့အတူ ပါးရိုက်ခြင်းတို့ကို ငါတို့ခံရလေ၏။ ထို့အတူ၊ ကျောက်ခဲနှင့် ပစ်ခြင်း၊ ထို့အတူ၊ ဖမ်းဆီး၍ ခိုင်မာသောကြိုးများဖြင့် ချည်နှောင်ခြင်း၊ ထို့အတူ၊ ထောင်ထဲ၌ လှောင်ထားခြင်းတို့ကို ငါတို့ခံရလေ၏။ ဘုရားသခင်၏ တန်ခိုးတော်နှင့် ဉာဏ်ပညာတို့အားဖြင့် တစ်ဖန်ကယ်လွှတ်တော်မူခြင်းကိုလည်း ငါတို့ခံရလေ၏။
၃၀ ငါတို့သည် အမျိုးမျိုးသော ဆင်းရဲဒုက္ခများကို ခံစားရလေပြီး၊ ဤအမှုများသည်ကား၊ ငါတို့သည် အချို့သောစိတ်ဝိညာဉ်ကို ကယ်တင်ခြင်းအတွက် နည်းလမ်းများ ဖြစ်ကောင်းဖြစ်နိုင်စေခြင်းငှာပေတည်း။ ထို့အတူ၊ ငါတို့သည် အချို့သောသူများကို ကယ်တင်ခြင်းအတွက် နည်းလမ်းများဖြစ်ကောင်း ဖြစ်နိုင်ခဲ့လေလျှင်၊ ငါတို့၏ဝမ်းမြောက်ခြင်းပြည့်စုံလိမ့်မည်ဟု ထင်မှတ်ခဲ့ကြ၏။
၃၁ ယခုတွင်၊ ရှုလော့၊ ငါတို့အလုပ်၏ အသီးအပွင့်ကို ငါတို့မြင်နိုင်ကြပေပြီ။ ထိုအရာတို့မှာ၊ အနည်းငယ်သာ ဖြစ်လေသလော။ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။ ထိုအရာတို့သည် များလှပေ၏။ ထိုမှတစ်ပါး၊ သူတို့၏ညီအစ်ကိုများနှင့် ငါတို့ထံသို့လည်း ထားရှိသည့် သူတို့၏ချစ်ခြင်းမေတ္တာကြောင့် သူတို့၏ရိုးသားခြင်းကို ငါတို့သက်သေခံနိုင်ပေ၏။
၃၂ အကြောင်းမူကား၊ ရှုလော့၊ သူတို့သည် သူတို့ရန်သူ၏အသက်ကို နှုတ်ယူရန်ထက် သူတို့အသက်ကိုပို၍ စွန့်လွှတ်လိုကြလေ၏။ သူတို့ညီအစ်ကိုများသို့ ထားရှိသော သူတို့၏ချစ်ခြင်းမေတ္တာကြောင့် သူတို့၏စစ်တိုက်ရာ လက်နက်များကို မြေကြီးထဲ၌ နက်စွာ မြှုပ်ကြလေပြီ။
၃၃ ယခုမူကား၊ ရှုလော့၊ ခပ်သိမ်းသောပြည်တို့၌ ထိုကဲ့သို့ ကြီးစွာသော ချစ်ခြင်းရှိဖူးလေသလောဟု သင်တို့ကို ငါဆို၏။ ရှုလော့၊ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။ နီဖိုင်းအမျိုးသားတို့၌ပင် မရှိလေပြီ။
၃၄ အကြောင်းမူကား၊ ရှုလော့၊ သူတို့သည် သူတို့၏ညီအစ်ကိုတို့ကို ဆန့်ကျင်၍ လက်နက်စွဲကိုင်လိမ့်မည်။ သူတို့ကိုယ်သူတို့ ကွပ်မျက်ခံရရန် အခွင့်ပေးမည်မဟုတ်။ သို့ရာတွင်၊ ရှုလော့၊ သူတို့မှ များစွာသောသူတို့ အသက်ပေးကြလေပြီတကား။ သူတို့၏ချစ်ခြင်းကြောင့်လည်းကောင်း၊ အပြစ်နှင့်စပ်လျဉ်းသည့် သူတို့၏အမုန်းတရားကြောင့်လည်းကောင်း သူတို့၏ဘုရားသခင်ထံသို့ သူတို့သွားလေကြောင်း ငါတို့ သိပေ၏။
၃၅ ယခုတွင်၊ ငါတို့ ၌ ရွှင်လန်းဝမ်းမြောက်စရာ အကြောင်း မရှိလေသလော။ ဟုတ်ပေ၏ဟု သင်တို့ကို ငါဆို၏။ ငါတို့ကဲ့သို့ ထိုမျှလောက်ကြီးစွာသော ရွှင်လန်းဝမ်းမြောက်စရာအကြောင်းရှိသူ ကမ္ဘာဦးကတည်းက မရှိဖူးလေပြီတကား။ ထိုမှတစ်ပါး၊ ငါ၏ဝမ်းမြောက်ခြင်းသည် ငါ၏ဘုရားသခင်၌ ဝါကြွားခြင်းသို့တိုင်အောင်ပင် သာလွန်လေပြီ။ အကြောင်းမူကား၊ သူ့၌ အလုံးစုံသောတန်ခိုး၊ အလုံးစုံသောဉာဏ်ပညာနှင့် အလုံးစုံသောနားလည်းခြင်းတို့ ရှိတော်မူ၏။ သူသည် အရာခပ်သိမ်းတို့ကို သိနားလည်တော်မူ၏။ နောင်တရ၍ သူ၏နာမတော်ကို ယုံကြည်သောသူများအတွက် ကယ်တင်ခြင်းသို့တိုင်အောင်ပင် ကရုဏာကြီးတော်မူသော ဘုရားဖြစ်၏။
၃၆ ယခုတွင်၊ ဤအမှုသည် ဝါကြွားခြင်းဖြစ်လျှင်၊ ငါသည် ထိုကဲ့သို့ပင် ဝါကြွားမည်။ အကြောင်းမူကား၊ ဤအမှုသည် ငါ၏အသက်၊ ငါ၏အလင်း၊ ငါ၏ဝမ်းမြောက်ခြင်း၊ ငါ၏ကယ်တင်ခြင်း၊ ထာဝရတည်မြဲသောအမင်္ဂလာမှ ငါ၏ရွေးနှုတ်ခြင်းပေတည်း။ ထိုမှတစ်ပါး၊ ဣသရေလသစ်ပင်၏ အခက်ဖြစ်၍၊ အကျွမ်းမဝင်သောပြည်၌ ၎င်း၏ပင်စည်မှ ကွဲကွာခဲ့သည့် ဤလူမျိုးတို့ကို အောက်မေ့တော်မူသည့် ဘုရားသခင်၏နာမတော်သည် မင်္ဂလာရှိပါ၏။ ထိုမှတစ်ပါး၊ အကျွမ်းမဝင်သောပြည်၌ အရပ်ရပ်သို့လည်သည့်ငါတို့ကို အောက်မေ့တော်မူလေသည့် ဘုရားသခင်၏နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ငါဆို၏။
၃၇ ယခုတွင်၊ ငါ၏ညီအစ်ကိုတို့၊ ဘုရားသခင်သည် လူတိုင်းကို၊ သူတို့ အဘယ်ပြည်၌ ရှိသည်ဖြစ်စေ အောက်မေ့တော်မူကြောင်း ငါတို့သိမြင်ကြပေပြီ။ ထိုမှတစ်ပါး၊ သူသည် မိမိလူမျိုးတို့ကို ရေတွက်တော်မူ၍ သူ၏ကရုဏာတော်ဝမ်းသည် မြေကြီးတစ်ခုလုံးအပေါ်၌ ရှိ၏။ ယခုတွင်၊ ဤအမှုသည်ကား ငါ၏ဝမ်းမြောက်ခြင်းနှင့် ငါ၏ကြီးစွာသော ကျေးဇူးတော်ချီးမွမ်းခြင်းပေတည်း။ ထိုမှတစ်ပါး၊ ငါ၏ဘုရားသခင်ကို ငါကာလအစဉ်အဆက် ကျေးဇူးတော်ချီးမွမ်းပေမည်။ အာမင်။